အသက်မှန်မှန် ရှုနေချင်တယ်

ကျွန်တော် အသက်ရှုသံတွေ မှန်ချင်နေတာ ကြာပြီ။ အသက်ရှုရတာ တစ်ခုခုကို တင်းထားသလို ခံစားရတယ်။ အရင်က၊ ပျောက်ခဲ့တဲ့ အကျင့်တစ်ခု ပြန်ပေါ်လာတယ်။ သက်ပြင်း ခဏ ခဏ ချတတ် တဲ့ အကျင့်က၊ ပြန် ပေါ်လာတယ်။ အသက်ရှုတာ သိပ်လွယ်ကူတဲ့ အရာ လို့ ထင်ခဲ့သမျှဟာ၊ ယခု အချိန်တွင် အင်မတန် အဖိုးတန် မှန်း ကျွန်တော် သိလိုက်ရသည်။ အသက်ကို ဖြည်းဖြည်း မှန်မှန်ရှုဖို့ လူဟာ သိပ်အရေးကြီးတယ်။ ဒါ့အပြင်၊ အသက်ရှုမှန်ကန်တယ်ဆိုတာ လွယ်လွယ်နဲ့ မရဘူးဆိုတာ ကျွန်တော် သိလိုက်ရတယ်။ ေဩာ်… ကျွန်တော့် အတွက် သင်ခန်းစာ တစ်ခု ရခဲ့တယ်။

အပြာစက်ကလေးထဲမှာ ငါ ရိုးသားမယ်

အလွမ်းဓာတ်ခံပြင်းပြသူအဖို့ သဘာဝရဲ့ အလှဟာ နဂိုထက် ပိုလှနေပါတယ်။ ဂီတတွေဟာလည်း နဂို ထက် ပိုချိုနေပါတယ်။ လူတွေထဲကို တိုးဝင်ရင်း၊ လူသားတွေရဲ့ မေတ္တာကို ခံယူတတ်တဲ့ အကျင့်ကို ကျွန်တော် ကောင်းစွာ မွေးမြူတယ်။ ရိုးသားတဲ့လူတွေဆီက ရတဲ့ ဘယ်အရာမဆို သိပ်တန်ဖိုးထားမိ ပါတယ်။ မရိုးသားမှု ကို တွေ့ရှိရလေလေ၊ ရိုးသားမှုရဲ့ တန်ဖိုးကို ပိုပြီး မြင့်မြင့်မားမား ထားရှိလေလေ ဖြစ်လာပါတယ်။ ကျွန်တော် ဟာ ရိုးသားသူ မဟုတ်ပါ။ ရိုးသားဖို့ ကြိုးစားနေသူသာ ဖြစ်ပါတယ်။

လူနဲ့ သဘာဝအပေါ်မှာ ရိုးသားစွာ နေထိုင်ဖို့ ကျွန်တော် ကိုယ့်ကိုယ်ကို အမြဲ သတိပေးလေ့ရှိတယ်။ လူသား ဘဝဆိုတာ စကြဝဠာကြီးနဲ့ ယှဉ်ရင်၊ အမှုန်အမွှား လောက်သာ ရှိတယ်လို့ ကျွန်တော် မကြာခဏ နှလုံးသွင်း တယ်။ အာကာသထဲက ပြန်လာတဲ့ အာကာသယာဉ်မှူးတစ်ယောက် ပြောတဲ့ စကားဟာ ကျွန်တော့် နားထဲ အခုထက်ထိ ရိုက်ခတ်နေဆဲ။ “တကယ်တော့ ကမ္ဘာကြီးဟာ အပြာစက် ကလေး တစ်စက်မျှသာ” ဆိုတဲ့ စကားဖြစ်ပါတယ်။ ကျွန်တော်ဟာ ပျောက်ပျက်သွားမယ့် အလွန်သေး ငယ်သော မြူမှုန်လေးမျှသာ ဖြစ်ပါတယ်။

ပျံ့လွင့်တဲ့စိတ်ဟာ ခံရသိပ်ခက်တယ်

ကျွန်တော်ဟာ လူရာဝင်ချင်လို့ သဲကြီးမဲကြီး ကြိုးစားလုံ့လထုတ်ခဲ့ဖူးတယ်။ တကယ်တော့ အားလုံး ဟာ အနှစ်အသားနဲ့ ဝေးကွာတယ် ဆိုတာ သိလိုက်ရတဲ့အခါ၊ ကျွန်တော့် စိတ်ဟာ ပြောင်းသွားတယ်။ သို့ပေမယ့် လုပ်ရပ်တွေကတော့၊ မပြောင်းသွားပါ။ သွားသည့် လားရာကို ကျွန်တော် ဆုပ်ကိုင်ထားဆဲ ဖြစ်ပါတယ်။ လားရာကို အရောက်လျှောက်တဲ့ ခြေလှမ်းတွေအပေါ် ခံယူထားတဲ့ စိတ်သာ အပြောင်း အလဲ လုပ်ပါတယ်။ ကျွန်တော် လုပ်ရပ်များ၊ ယခင်အတိုင်း ရှိနေဖို့ ကျွန်တော် သတိထားပါတယ်။ ကျွန် တော် တစ်ခုခုတော့ လုပ်နေမှ ဖြစ်ပါမယ်။ ကျွန်တော့် စိတ်ကို ကျွန်တော် အလုပ်ပေးထားတယ်။ ဒါမှ သူက ငြိမ်မှာ။ တကယ်တော့ လှုပ်ရမ်းလွန်းတယ်။ ခံရခက်ပါတယ်။ ပျံ့လွင့်တဲ့ ယောက်ယက်ခတ်တဲ့ စိတ်ဟာ အသိဓာတ်ရော၊ သမာဓိဓာတ် ကိုပါ ဖျက်တာ ကျွန်တော် ခံရခက်ပါတယ်။

ကျွန်တော် အသက်ရှင်ချင်တယ်

ဒဂုန်တာရာက ပြောပါတယ်။ အချစ်ဆိုတာ အင်မတန် ကျယ်ပြန့်တယ်။ သဘာဝထဲမှာ ချစ်လို့ရတာ တွေ သိပ်များတာပဲ။ ဘာလို့ တစ်ခုတည်းမှာ နှစ်မြုပ်နေရမှာလဲ။ ဘာလို့ တစ်နေရာမှာပဲ ဗဟိုပြုနေမှာ လဲ။ ရေမြေ၊ တောတောင်၊ လူသား သတ္တဝါ သက်ရှိ သက်မဲ့ အရာအားလုံးဟာ အလှတရားကိုယ်စီနဲ့ ပါ။ ဒါကို မြင်အောင် ကြည့်တတ်အောင် ကျွန်တော် ကြိုးစားရမယ်လေ။ ကျယ်ပြန့်တဲ့ နှလုံးသားဟာ တစ်ခုတည်းမှာ ဗဟိုပြုနေဖို့ မသင့်ဘူးလေ။ နောက်ပြီး အတိတ်ကို အစွဲမထားဖို့၊ ကျွန်တော် လေ့ကျင့် တည်ဆောက်ရအုံးမယ်။ လုပ်နေကျ အလုပ်တွေ၊ တစ်စိုက်မတ်မတ်လုပ်ပြီး အကောင်းဆုံးဖြစ်အောင် ကြိုးစားဖို့ အရေးကြီးတယ်။ ဒဏ်ရာတွေ သက်သာသွားမှာပါလို့ ကိုယ့်ဘာသာ ကိုယ် အားပေးလိုက် တယ်။ အားတင်းထားတဲ့ စိတ်ကသာ ကျွန်တော့်ကို လူ့လောကမှာ ရှင်သန်လာစေမယ်လေ။ ကျွန်တော်မသေချင်သေးဘူး။ ကျွန်တော် တည်ငြိမ်စွာ ရှင်သန်ဖို့ ကိုယ်ကိုယ်တိုင်က လွဲပြီး ဘယ်သူက တတ်စွမ်းမှာလဲ။

အချိန်တွေ မရှုံးချင်ဘူး

နာရီသံ တစ်ချက်တစ်ချက်ဟာ ကျွန်တော့် နားထဲအမြဲ ရိုက်ခတ်နေပါတယ်။ ကုန်ဆုံးသွားတဲ့ အချိန် တွေကို ကျွန်တော် ဘယ်လို ကုန်ဆုံးခဲ့သလဲ။ နောက်ဆုံး၊ စကားလုံးတွေနဲ့ တစ်ကိုယ်တည်း စကား ပြောနေဖို့ ကျွန်တော် ကြိုးစားခဲ့တယ်။ စာတွေပဲ ဖိရေးနေမိတယ်။ စိတ်ထဲ ပေါ်လာတဲ့ အကြောင်း အရာတွေက အားလုံး ကစဉ်ကလျား။ ဆောက်တည်ရာမရတဲ့ စိတ်က ထွက်ပေါ်လာတဲ့ စာတွေက လည်း အားလုံး ဗလုံးဗထွေး။ ဘာအရာက၊ စိတ်ရဲ့ ငြိမ်းအေးရာ ဘာလိမ့်။ ကပ်ငြိမှုတွေ ကင်းဝေးရာ၊ အစွဲနှင့် မျှော်လင့်ခြင်းတွေ ပါးလျရာ၊ မာနနှင့်ဒေါသတရားတွေ၊ အာဃာတတရားတွေ ပြေပျောက်ရာ နေရာဟာ တည်ငြိမ်တဲ့ အသိုက်အအုံဖြစ်လိမ့် မယ်လို့ ကျွန်တော် ယုံကြည်လိုက်တယ်။ ဘဝဟာ သိပ် မောရတယ်။ ဒါဟာ လားရာ မကောင်းနိုင်ဘူး။ နာရီသံ တစ်ချက်ချင်းစီမှာ၊ ကျွန်တော် တည်ငြိမ်စွာ ဖြတ်သန်းချင်တယ်။ စည်းချက်မှန်စွာ အသက်ရှုချင်တယ်။

မင်းသေ့
၂၀၁၇

Previous post စာအုပ်အညွှန်းများ
Next post ကဗျာရှည်။