ရင်းနှီးမြုပ်နှံမှုကို မြူဆွယ်ခြင်းနှင့် ခရမ်းပျိုးချိန်အလွန်

လက်ဝဲရှုထောင့်ဖြင့်ကြည့်လျှင်၊ နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုမှာ သွေးစုပ်အမြတ်ထုတ်ခြင်းဟု ပညတ်သည်။ ၂၀၀၀ ခုနှစ်နောက်ပိုင်း နိုင်ငံခြားရင်းနှီးမြုပ်နှံမှုအပေါ် အမြင်ပြောင်းသွားသည်။ သွေးစုပ်ခံချင်လွန်းလို့ လက်ယက်ခေါ် နေရသည့် အဖြစ်မျိုးရောက်လာသည်။ ကိုယ့်ကို သွေးမစုပ်,စုပ်အောင် မြူဆွယ်နေရသော အနေအထားမျိုး ရောက်လာသည်။ ယခုမူ ပြောင်းပြန်ဖြစ်သွားပြီ။ သွေးစုပ်ရမည့်သူက လူကို ရွေးလာသည်။ လူတိုင်း၏ သွေးကို မစုပ်။ သူလိုချင်သည့် လူကို စိတ်ကြိုက်ရွေးနေရသည့်သဘော။

တတိယနိုင်ငံများက နိုင်ငံခြားရင်းနှီးမြုပ်နှံမှုကို ငမ်းငမ်းတက်ဖိတ်ခေါ်နေရသည်။ သွေးစုပ်မည့်သူ လာလျှင်ပင်၊ ပျော်နေရသည်။ ခေတ်သည် ပြောင်းသွားပြီ။ တစ်ကိုယ်တည်း၊ အထီးကျန် စီးပွားရေးလုပ်နေလို့ မဖြစ်တော့။ ကူးလူးဆက်သွယ်နိုင်မှ ချမ်းသာမည့်အဖြစ်။ တိန်ရှောက်ဖိန်ကြီး၏ စကား…. “ချမ်းသာတာ မင်္ဂလာ” ဆိုတာ၊ အတော်ယုံကြည်လက်ခံလာကြဟန်တူသည်။

ရင်းနှီးမြုပ်နှံမည့်သူများက ဖိတ်ခေါ်တိုင်း မလာ။ သူတို့ မြုပ်နှံရမည့် နိုင်ငံကို ကြည့်သည်။ ရွေးသည်။ ယခုဆိုလျှင် ပို၍ နှိုက်နှိုက်ချွတ်ချွတ် ရွေးလာသည်။ မိန့်ခွန်းတစ်ခု၊ လက်ဆွဲနှုတ်ဆက်မှု တစ်ခုတည်းဖြင့် သူတို့ အရင်းအနှီးကို အထုပ်ပိုက် ဝင်လာကြသည် မဟုတ်။ ဆန်းစစ်မှုများဖြင့်၊ အသေးစိတ် တွက်ချက်ပြီးမှ ဝင်လာ သည်။ ဝင်လာသင့်မှ ဝင်လာသည်။ အမြတ်အစွန်းရဖို့ မသေချာလျှင် ဝင်မလာတော့။ လုပ်ငန်း၏ သဘာဝက အဆင်မပြေလျှင် ချက်ချင်းအထုပ်ပိုက် ပြန်ဖို့ လွယ်သော အမျိုးအစားများလည်း မဟုတ်။ ထို့ကြောင့် တွက်ချက် မှုများဖြင့် လာသည်။

အိုင်အာအိုင်

ယခင်က စွန့်စား၍ ဝင်လာသည်။ ယခု မစွန့်စားတော့။ စွန့်စားမှုကြောင့် ပျက်စီးသွားသော ဓနများက ဒုနဲ့ ဒေး။ ထို့ကြောင့် စွန့်စားမှုညွှန်းကိန်းများကို အကြေအလည်တွက်ထုတ်သည်။ ထိုညွှန်းကိန်းကို အိုင်အာအိုင်ဟု ခေါ် သည်။ investment risk indicators ဟုခေါ်သည်။
အိုင်အာအိုင်တွင်၊ စီးပွားရေးစံ နှင့် နိုင်ငံရေးစံကို ပေါင်း၍ တွက်ထုတ်သည်။ စုစုပေါင်း (၁၀) ချက်ရှိသည်။

(၁) ငွေကြေးဖောင်းပွမှုနှုန်း
(၂) အတိုးနှုန်း
(၃) ဖွံ့ဖြိုးတိုးတက်မှုနှုန်း
(၄) အခြေခံအဆောက်အအုံများ
(၅) ကျွမ်းကျင်အလုပ်သမား
(၆) ဗြူရိုကရေစီအဟန့်အတား
(၇) စီးပွားရေးလွတ်လပ်ခွင့်
(၈) ပြည်တွင်း/ ပြည်ပလက်နက်ကိုင်ပဋိပက္ခ
(၉) နိုင်ငံရေးတည်ငြိမ်မှု
(၁၀) စီးပွားရေးလောက၏ ယုံကြည်မှုအခြေအနေ (Bussiness Confidence Level) တို့ ဖြစ်သည်။

ဤဆယ်ချက်ဖြင့်၊ မိမိရင်းနှီးမြုပ်နှံမည့် နိုင်ငံကို တိုင်းသည်။ ယခုမြန်မာနိုင်ငံ၏ အခြေအနေမှာ ရမှတ်ကောင်း မည်ဟု ထင်ပါသလား။ ဆန်းစစ်ကြည့်ရန် လိုသည်။

ပီဆဲဗင်း

• People
• Power
• Port
• Park
• Performance
• Potential နှင့်
• Political Will တို့ဖြစ်သည်။

နိုင်ငံခြားရင်းနှီးမြုပ်နှံမှုအတွက်၊ ပီခုနှစ်လုံးဖြစ်သည်။ ပီခုနှစ်လုံးကို အနက်ဖွင့်အုံးမည်။
ပထမပီမှာ လူထုဖြစ်သည်။ ရင်းနှီးမြုပ်နှံမှုလုပ်ငန်းများအတွက် ကျွမ်းကျင်လုပ်သားအရေအတွက်နှင့် အရည် အသွေးကို အဓိက တိုင်းတာခြင်းဖြစ်သည်။ ပြည်တွင်း၌ လူ့စွမ်းအားအရင်းအမြစ် ရေခံမြေခံကောင်း/ မကောင်းကို ကြည့် သည်။ မတတ်သေးတာ အကြောင်းမဟုတ်။ သင်၍ တတ်မည့်သူ ရှိ/ မရှိကို အဓိက ကြည့်သည်။ မတတ်သေးလျှင် သင်ပေးလို့ ရသည်။ သင်ပေးလည်း မတတ်လျှင်၊ ရေခံမြေခံ အညံ့ဟု ပညတ်သည်။ ကျောက်စရစ်မြေမှာ၊ မည်သူ အပင်လာစိုက်ပါမည်နည်း။

ဒုတိယပီမှာ ပါဝါဖြစ်သည်။ လျှပ်စစ်စွမ်းအားဖြစ်သည်။ အခြေခံ အဆောက်အအုံတွင် ရေမီးပါဝင်သည်။ စက်မှု လုပ်ငန်း၊ ဝန်ဆောင်မှုလုပ်ငန်းများအတွက် လျှပ်စစ်သည် အခြေခံလိုအပ်ချက်ဖြစ်သည်။ အဓိကလိုအပ်ချက် လည်းဖြစ်သည်။ ဓာတ်ကြိုးသွယ်၊ ဓာတ်တိုင်စိုက်၊ ထရန်စဖာအိုး ထိုင်ပေးရုံဖြင့်မရ။ စစ်မှုယန္တရားလည်ပတ်ရန် လုံလောက်သော ဗို့အား လုံလောက်မှု ရှိ / မရှိကိုပါ ကြည့်သည်။ မီးအလင်းရောင်က ခရမ်းချဉ်သီး ဆီသုတ်ထားသည့် အရောင်လောက်ဖြင့် မရ။

တတိယပီမှာ ဆိပ်ကမ်းများဖြစ်သည်။ ကုန်သွင်း၊ ကုန်ထုတ် လုပ်ငန်းများအတွက် ဆက်သွယ်ရေးလမ်းကြောင်း များကောင်းရန် လိုသည်။ ဆိပ်ကမ်းအရေအတွက်ကို ကြည့်သည်။ ဆိပ်ကမ်းအရည်အသွေးကို ကြည့်သည်။ နိုင်ငံပေါင်းစုံဖြင့် ချိတ်ဆက်လည်ပတ်နိုင်သော စွမ်းရည် ရှိ/ မရှိ ကြည့်သည်။

စတုတ္ထပီမှာ ပန်းခြံဖြစ်သည်။ စက်မှုဇုန်များ၊ ကုန်သွယ်ရေးဇုန်များကို ညွှန်းသည်။ ထုတ်လုပ်မှု၊ ဝန်ဆောင်မှု အတွက် အလုပ်ဖြစ်သော ကုန်ထုတ်စွမ်းအားရှိ / မရှိ။ ကုန်စည်စီးဆင်းမှု အခင်းအကျင်း လွယ် / မလွယ်… စသည်ဖြင့်။

ပဉ္စမပီမှာ လုပ်ဆောင်ချက်ဖြစ်သည်။ အထိုင်နိုင်ငံက နိုင်ငံခြားရင်းနှီးမြုပ်နှံမှုအပေါ် ဘယ်လောက်ဝန်ဆောင်မှု ပေးနိုင်မလဲ ဆိုသည့်အချက်ဖြစ်သည်။ လုပ်ထုံးလုပ်နည်းများ ရှုပ်ထွေး၍၊ စားပွဲများစွာကို ဖြတ်ရလျှင် အဆင် မပြေ။ ရင်းနှီးမြုပ်နှံဖို့ လွယ်သော လုပ်နည်းလုပ်ဟန်များဖြစ် / မဖြစ် ကြည့်သည်။

ဆဌမပီမှာ အလားအလာဖြစ်သည်။ ရင်းနှီးမြုပ်နှံမည့် ကုမ္ပဏီအနေဖြင့် အမြတ်အစွန်း ရနိုင်ချေ ရှိ / မရှိ။ ရင်းနှီး မြုပ်နှံမှု ရာခိုင်နှုန်း ဘယ်၍ ဘယ်မျှ ရှိနိုင်သနည်းဆိုသည့် တွက်ချက်မှု… စသည်တို့ဖြင့် တိုင်းသည်။ ဓနဥစ္စာပိုင် ဆိုင်ခွင့်ကို ဘယ်၍ အာမခံချက်ပေးထားသနည်း… ဆိုတာလည်း ပါဝင်သည်။

သတ္တမပီမှာ နိုင်ငံရေးပြဌာန်းချက်ဖြစ်သည်။ အထိုင်နိုင်ငံက အစိုးရသည် ခေတ်မီသော ပြုပြင်ပြောင်းလဲရေး အတွက် ဆန္ဒ ရှိ / မရှိ။ အလုပ်ဖြစ်သော ပြုပြင်ပြောင်းလဲမှုများအတွက် ချမှတ်ထားသော သံန္နိဋ္ဌာန်ကို အကဲ ခတ်သည်။
မြန်မာနိုင်ငံအတွက် ပီတစ်လုံးချင်းစီကို ဘယ်နှမှတ်ပေးမည်နည်း။ ဆန်းစစ်ကြဖို့ ဖြစ်ပါသည်။

ခရမ်းပျိုးချိန်လွန်သင့်ပြီ

ရင်းနှီးမြုပ်နှံမှုဟူသော စကား၌ မျက်နှာစာ နှစ်ဖက်ရှိသည်။ ကိုယ်က ရင်းနှီးမြုပ်နှံမှာလား။ အရင်းနှီးအမြုပ်နှံခံ မှာလား ဆိုတာဖြစ်သည်။ မြုပ်မလား၊ အမြုပ်ခံမလားဆိုတာ ဖြစ်သည်။ မြုပ်၍ စိုက်ပြီးလျှင် အပင်ပေါက်ဖို့ လိုသည်။ လာမြုပ်သည့် မျိုးစေ့သည်လည်း မျိုးစေ့ မှန်/ မမှန် ဆန်းစစ်ရအုံးမည်။

အက်ဖ်ဒီအိုင်ဟု ပြောလျှင်၊ ကိုယ့်ဆီ လာရောက် ရင်းနှီးမြုပ်နှံကြဖို့ ဖိတ်ခေါ်ခြင်းဟု နားလည်ရသည်။ အမြုပ်နှံခံ ရမည့် ကိုယ့်ရေခံမြေခံကို ချင့်တွက်ကြည့်သင့်သည်။ ဘူမိဗေဒသဘောဖြင့် ပြောလျှင် မြေစမ်းခြင်းဖြစ်သည်။ soil test လုပ်ခြင်းဖြစ်သည်။ မြန်မာစကားပုံ၌ မြေစမ်း ခရမ်းပျိုးဟူသော စကားရှိသည်။ မြန်မာအနေဖြင့် ခရမ်းပျိုးချိန် လွန်သင့်ပြီ။

ဖြစ်နိုင်ချေကစ

အရှိတရားကို ဆန်းစစ်၍၊ လက်တွေ့ကျသော စီးပွားရေးကဏ္ဍများက စသင့်သည်ဟု မြင်သည်။ “ငယ်သော် လှ၏။” “နောက်ကျတာကောင်းတယ်” ဆိုသည့် စကားများကို ဘေးဖယ် မထားသင့်။ စဖြစ်ပြီဆိုလျှင် ပီပီပြင်ပြင် စသင့်ပြီ။ စလျှင် ဖြစ်နိုင်တာက, စ။ “ဖြစ်နိုင်ချေရှိတာကို လုပ်တာ နိုင်ငံရေး” မဟုတ်လား။ The art of possible။ နိုင်ငံတည်ဆောက်ခြင်းသည် နိုင်ငံ့စီးပွားရေးကို တည်ဆောက်ခြင်းဖြစ်သည်။

စာညွှန်း
၁) မောင်စူးစမ်း / အညွှန်းသုံးပါးကိုလက်စွဲထား၍… ဆောင်းပါး (၁၉၉၄ ဓနမဂ္ဂဇင်း၊ အတွဲ /၄ ၊ အမှတ် /၁၀)
၂) မောင်စူးစမ်း / ပီခုနှစ်လုံး… ဆောင်းပါး (၂၀၁၁ ၊ စက်တင်ဘာ ၊ စီအီးအိုမဂ္ဂဇင်း)

မင်းသေ့
ညနေ ၅ း ၀၄
၁၃ နိုဝင်ဘာ ၂၀၁၈ ။

Previous post သုတေသနဓာတ်ခံ
Next post ဆရာမြနှင့်သူတို့