စာညွှန်း /

ဇော်ဂျီ၊ ကျွန်တော်နှင့် သီရိပစ္စယာအလွမ်း ၊ မြသန်းတင့်

စာအုပ္အညႊန္း
Audio Book

ဆရာမြနှင့် ပတ်သက်လျှင် သူ့၏ ဘာသာပြန်ချက်များသာ အဖတ်ရများသည်။ ဆရာမြတွင် ပင်ကိုယ်ရေး ဝတ္ထု အချို့ရှိပါသည်။ မဟာဂန္တဝင် ဘာသာပြန်ချက်များလည်း အများအပြား ရှိပါသည်။ နိုင်ငံတကာ ဘာသာပြန် သတင်းဆောင်းပါးများလည်း ဖတ်ရသည်။ ဆရာမြနှင့် ပတ်သက်လျှင် စာပေါင်းစုံအထွေထွေကို များများစားစား၊ ထူထူထဲထဲ ဖတ်ရသည့် စာရေးဆရာဟု မှတ်ချက်ချလိုက်ပါသည်။ ဆရာမြရေးသာ စာအုပ်ပေါင်းမှာ ထုတ်ဝေ ပြီးစီးထားသည်ကိုကပင် ၁၀၀ ကျော်ရှိနေပါလိမ့်မည်။

ဇော်ဂျီ၊ ကျွန်တော်နှင့် သီရိပစ္စယာအလွမ်း စာအုပ်ကို ရွေး၍ ညွှန်းလိုက်ရခြင်း အကြောင်း ရှိသည်။ ဆရာမြ၏ ဘဝဖြတ်သန်းပုံနှင့် သူ့ပတ်ဝန်းကျင်၏ မြင်ကွင်းတချို့ကို မြင်လိုက်ရ၍ဖြစ်သည်။ ရေးထားသည့် စာများက၊ အခန်းဆက် ဆောင်းပါးရှည် ပုံစံဖြစ်သည်။ ဆရာဇော်ဂျီ အကြောင်း၊ ဂျာနယ်ကျော်မမလေးအကြောင်း၊ လူထုဦးလှအကြောင်း၊ အဆိုတော် ရုပ်ရှင်မင်းသား စာရေးဆရာ ဒါရိုက်တာ ထုတ်လုပ်သူ ဝင်းဦးအကြောင်း၊ ဗန်းမော်တင်အောင်အကြောင်း၊ ပီမိုးနင်းအကြောင်း၊ မလေးလုံအကြောင်း၊ လမ်းလျှောက်ခြင်းအကြောင်း၊ စကားဝိုင်းများအကြောင်း…၊ အကြောင်း အကြောင်း အကြောင်း။

ဇော်ဂျီကို ကျနော် စိတ်ဝင်စားသည်။ ဂျာနယ်ကျော်မမလေးကို သဘောကျသည်။ ဦးလှကို လေးစားကြည်ညို သည်။ ဝင်းဦးကို ကြိုက်သည်။ ဗန်းမော်တင်အောင်ကို အားကျသည်။ ပီမိုးနင်းကို စိတ်ဝင်စားသည်။ မလေးလုံ အကြောင်း သိချင်သည်။ ထို့ကြောင့် သည်စာအုပ်ကို ဖတ်ဖြစ်သည်။ ဖတ်ရင်း ဖတ်ရင်း အဲသည့်ခေတ်က ပုံရိပ် မြင်ကွင်းများ မျက်လုံးထဲ ကွက်ကွက်ကွင်းကွင်းမြင်လာသည်။ ဆရာမြက ဆောင်းပါးရှည်များ ရေးခြင်းကြောင့်၊ တချို့အကြောင်းအရာများသည် စာမျက်နှာအတော်များသည်။ ဖတ်ရသူပင် စွဲ၍ စွဲ၍ လာသည်။ ရုပ်လုံးပေါ်၍ ပေါ်၍ လာသည်။ မျက်လုံးထဲ ကွက်ကွက်ကွင်းကွင်း မြင်လာသည်။ စကားလုံးများဖြင့် ရုပ်ရှင်ရိုက်ပြနေသလို ထင်ရသည်။

ဆရာမြက ပခုက္ကူနယ်သား။ စာပေလောကထဲရောက်တော့ ရန်ကုန်မှာ အခြေချ။ ရန်ကုန်ရဲ့ မြင်ကွင်းကို ပုံဖော် ပုံများ နှာခေါင်းထဲတွင် မုန့်ဟင်းခါးနံ့သင်းသည် အထိ။ လမ်းလျှောက်ခြင်းအကြောင်း ပြောရင်း၊ ဖိနပ်၏ ဒဿနကို ရောက်သွားသည်။ ဖတ်ရင်း မြသန်းတင့်၏ ကလောင်မှော်ကို စမ်းမိသည်။ တကယ့် စာရေးဆရာဆို တာ မြေစာမြက်ပင်အကြောင်း ရေးတာတောင် ကောင်းနေပါ့လား ဆိုတာ သတိထားမိလိုက်သည်။ ဆရာမြ၏ စာပေဖြတ်သန်းမှု တချို့ကိုလည်း ဖမ်းမိလိုက်သည်။ စာပေထုတ်ဝေရေး၊ စာပေရေးရာ ကိစ္စတွေမှာ ထားသည့် ဆရာမြ သဘောထားကို နှိုက်ထုတ်မိသည်။ ခေတ်ပြိုင် စာရေးဆရာ၊ နိုင်ငံရေးသမားများ၏ သရုပ်သကန်ကို လည်း နားလည်လိုက်သည်။

ဗန်းမော်တင်အောင်အကြောင်းကို ဆရာမြက ရေးသည်။ ဗန်းမော်တင်အောင်လို လူစားမျိုးကို၊ မျက်စိရှေ့မှာ အတောင့်လိုက် မြင်လိုက်ရသလို ဆရာမြက ရေးသည်။

“ကျွန်တော် ပထမဆုံး တွေ့ဖူးသော ကိုတင်အောင်၏ ရုပ်ပုံလွှာကို မြင်ယောင်နေသည်။ အရပ်က ငါးပေဆယ် လက်မ၊ ကာယဗလကောင်းကောင်း၊ ရုပ်ကလည်း ရုပ်ချော။ အမေရိကန် ဇာတ်လိုက်မင်းသား ရော့ခ်ဟတ်ဆန် နှင့် တူသလိုလို။ နံ့သာနုရောင် ပိုးပျော့စပို့ရှပ်အင်္ကျ ီ၊ နက်ပြာရောင် သက္ကလတ် ဘောင်းဘီတို၊ အနောက် ရောင် ဂျွန်ဝှိုက် ရှူး ဖိနပ် တို့ဖြင့် သားနားနေသည်။ ပါးစပ်တွင် အင်္ဂလိပ်လုပ် ဒန်းဟီးလ်ဆေးတံကို ခဲလျက်။ အင်္ဂလိပ်တွေ ဆောင်းသည့် တော်ပီခေါ် ကာကီရောင် ဖော့ဦးထုပ်ကို လက်က ကိုင်ထားတတ်သည်။ အင်္ဂလိပ် စကားကို လှပသွက်လက်စွာ ပြောနိုင်သည်။ နောက်မှ သိရသည်မှာ၊ သူသည် စစ်မဖြစ်ခင်က မီလီရှားကိုး ခေါ်သည့် အင်္ဂလိပ်တပ်ထဲသို့ ခဏဝင်ဖူးသူ။ စတီးဘရားသား သစ်လုပ်ငန်းတွင် လုပ်ဖူးသူ။ ခရစ်ယာန်ဘာသာ အဆုံးအမအောက်တွင် ကြီးပြင်းလာခဲ့သူ…”

ကောက်နုတ်ချက် / စာ – ၂၇၃

ထို့နောက် ဗန်းမော်တင်အောင်အကြောင်း ကောက်ကြောင်းများ ဆွဲခြစ်လိုက်သေးသည်။

“သူသည် အမေရိကန် စာရေးဆရာ ဂျက်လန်ဒန်လို ဘဝစုံသူ။ စစ်သား ၊ သစ်ကန်ထရိုက် ၊ စာရေးဆရာ၊ သတင်းစာဆရာ၊ ထောင်အကြိမ်ကြိမ်ကျသူ၊ သမိုင်းကျမ်းပြုဆရာ၊ သဘာဝသိပ္ပံကျမ်းများကို ပြုစုသူ၊ နိုင်ငံရေး ကျမ်းများကို ရေးသူ။ သူ့စကားပြေသည် အစတုန်းက နုနုလှလှ။ နောက်တော့ သမ္မာကျမ်းစာ စကားပြေမျိုး။ နောက် မြန်မာရာဇဝင်ကျမ်းကြီးများ၏ ရေးဟန်။ အဆင့်ဆင့်ပြောင်းလာသည်။ ကြီးလာသည့်အခါတွင် ငယ်ငယ် တုန်းကလို နုနုလှလှ ရေးဟန်တွေကို ကြိုက်ပုံမရတော့။ ငယ်ငယ်တုန်းက ရေးဟန်များကို ကြည့်၍ ပြုံးမိပေ သည်ဟု နောက်တစ်ကြိမ်ထုတ်သည့် ဘုန်းမောင်တစ်ယောက်တည်းရယ် ဝတ္ထုနိဒါန်းတွင် ဖတ်လိုက်ရသည်…”

ကောက်နုတ်ချက် / စာ – ၂၇၉

ဆရာဇော်ဂျီနှင့် ဆုံပုံ၊ တွေ့ပုံ၊ ဘီယာသောက်ကြပုံ။ ဂျာနယ်ကျော်မမလေး၏ ဘဝသရုပ်။ သူလိုလူထဲတွင် ဦးချစ်မောင်အကြောင်း သိနိုင်သည်။ ဆရာမြ၏ စာ၌ မမလေးအကြောင်း ကောင်းကောင်း သိနိုင်သည်။ ဂျာနယ် ကျော်မမလေး၏ အဇ္ဈတ္တနှင့် အမူအကျင့်၊ အပြုအမူများကို အနုစိတ် ချယ်မှုန်းထားသည့် ဆောင်းပါးရှည်ကြီးကို ဖတ်ရသည်။ မိန်းမသားပေမယ့် ထုသားပေသားကျအောင် ကြံ့ကြံ့ခံရင်ဆိုင်ပုံကို တွေ့ရသည်။ ထူးခြားသော ရုပ်ပုံလွှာတစ်ချို့ကိုလည်း တွေ့လိုက်သည်။ ဂျာနယ်ကျော်မမလေး၏ အဝတ်အစား မက်မောပုံ၊ အိမ်ကြီးရခိုင် မှာ ကြီးကြီးကျယ်ကျယ် ခမ်းခမ်းနားနားနေတတ်ပုံ၊ တိုင်းရင်းဆေးကုထုံးအပေါ် ဥပါဒါန် အစွဲကြီးပုံ စသဖြင့် မျက်နှာစာ ပေါင်းစုံကို တွေ့ရသည်။ ဆရာမြစာ၌ ဂျာနယ်ကျော်မမလေး၏ လူသားဆန်သော မိန်းမသားတစ် ယောက်ဘဝကို ဘွင်းဘွင်းကြီးတွေ့လိုက်ရသည်။ အင်မတန်ရင်းနှီးသော မိတ်ဆွေအမျိုးသမီးတစ်ယောက်ကို ဖွဲ့ပုံများ သမားရိုးကျ ချီးမွှမ်းခံသက်သက်ကို ဖတ်ရသည်နှင့် မတူ။ သဘာဝကျသော လူသားဘဝကို တွေ့လိုက် ရသည်။ ဆရာမြက ဂျာနယ်ကျော်မမလေးနှင့် ပုဂ္ဂိုလ်ရေးအတော်ရင်းနှီးသည်။ ဂျာနယ်ကျော်မမလေးအိမ်က ဆရာမြ၏ စားအိမ်သောက်အိမ်ဖြစ်သည်။ ထို့ကြောင့် ဂျာနယ်ကျော်မမလေးအကြောင်းကို ငယ်ပေါင်း သူငယ်ချင်း တစ်ယောက်သဖွယ် မငဲ့မကွက်ရေးသည်ကို တွေ့ရသည်။ သဘောကျစရာတွေ့လျှင်၊ နှစ်လိုဖွယ် ရှိသော အရေးကို ရေးသည်။ သဘောမတွေ့တာ ရှိလျှင်လည်း ပွင့်ပွင့်လင်းလင်း ရေးသည်။ ကျနော် ထင်မထား သော ဂျာနယ်ကျော်မမလေး၏ ရုပ်ပုံလွှာကို တွေ့လိုက်ရသည်။ စာရေးဆရာ ဟူသည် လွတ်လပ်ပါဘိ။ ဤသို့ ဖြစ်အောင်ပင် ဆရာမြက သူ့ဘဝကို ဤသို့ သေချာ ရွေးချယ်ထားသည်ဟု စာအုပ်မှာ ရေးသည်။

မုဆိုးမဘဝ ဂျာနယ်ကျော်မမလေး၏ အဖြစ်ကို ဤသို့ ရေးသည်။

“ဂျာနယ်ကျော်မမလေးသည် တစ်ဖက်တွင် စီးပွားရေးလုပ်ငန်းကို လုပ်နေသော်လည်း တစ်ဖက်က ပုံနှိပ်တိုက် ထောင်ကာ ဂျာနယ်တစ်စောင်ထုတ်ရန် ကြိုးပမ်းနေသည်။ သူ့မှာ အားချိန်၊ နားချိန်ဟူ၍ မရှိ။ မနက်လင်းသည် နှင့် ရေမိုးချိုးပြီး ပန်းဆိုးတန်းရှိ အလုပ်တိုက်ကို ပြေးရသည်။ နေ့လယ် နာရီပြန်တစ်ချက်လောက်တွင် အနော်ရထာလမ်းမပေါ်ရှိ ပုံနှိပ်တိုက်သို့ လာရသည်။ ပုံနှိပ်တိုက်တွင် သူ့သားကြီး မောင်သိန်းတန်နှင့် သူ့မောင် ငယ် ကိုတင်ဝင်းရှိသည်။ သို့ရာတွင် သူတို့ နှစ်ယောက်လုံးက စိတ်ချ၍ မဖြစ်။ မောင်သိန်းတန်ကလည်း ခပ်ပေပေ။ ကိုတင်ဝင်းကလည်း ခပ်ပေပေ။ ပုံနှိပ်တိုက်ကို လက်ထဲမှာ ပုံအပ်ထား၍ မရ။ ထို့ကြောင့် ဂျာနယ်ကျော်မမလေးသည် ပန်းဆိုးတန်း အလုပ်တိုက်မှ ပြန်လာပြီး ပုံနှိပ်တိုက်ကို ဦးစီးရသေးသည်။”

ကောက်နုတ်ချက် / စာ – ၁၄၆

ဤရေးသားချက်သည် ဂျာနယ်ကျော်မမလေး၏ မုဆိုးမဘဝကို အနည်းငယ်ဖော်ပြနေသည်။ ခင်ပွန်းယောက်ျား ကွယ်လွန်သွားသော်လည်း စာပေလုပ်ငန်းကို ဆက်လက်လုပ်ကိုင်ပုံ၊ ခပ်ပေပေ သားသမီးများကို ထိန်းကျောင်း ရ၍ ကသီနေပုံ၊ ဦးချစ်မောင် မလုပ်ခဲ့ရသော အလုပ်တွေအတွက် ထပ်ဆင့်လုပ်နေရပုံတွေကို ဖတ်ရသည်။ တခြားတစ်ဖက်မှာလည်း ချမ်းသာသော မိသားစု အသိုက်အဝိုင်းမှ ဆင်းသက်လာသူဖြစ်၍ ဝါသနာအထုံဉာဉ် ကလေးကို ဖြည့်ဆည်းရန် ကြိုးစားနေပုံ… စသည့် လူသားဆန်သော စာရေးဆရာမကြီးတစ်ယောက်အကြောင်း ကို အနီးကြည့် ကြည့်လိုက်ရသည်။

“ဦးချစ်မောင်က စာဖတ်သလောက် ဂျာနယ်ကျော်မမလေး စာဖတ်သည်ကို ကျွန်တော် သိပ်မတွေ့ရဖူးပါ။ အချို့ သူများသည် စာကို အတွေ့အကြုံဖြင့် ရေးသော်လည်း ဂျာနယ်ကျော်မမလေးသည် စာကို စိတ်ဖြင့်ရေးခြင်း ဖြစ်ပါသည်။ အချို့က အသိဉာဏ်ဖြင့် ရေးသော်လည်း ဂျာနယ်ကျော်မမလေးသည် စာကို ခံစားချက်ဖြင့် ရေးသူ ဖြစ်ပါသည်။ ကျွန်တော်က စာဖတ်ရန် ပြောသည့်အခါတိုင်း ဂျာနယ်ကျော်မမလေးသည် အင်းမလှုပ် အဲမလှုပ် လုပ်နေတတ်သည်…”

ကောက်နုတ်ချက် / စာ – ၁၆၀

ဆရာမြက သူမှီလိုက်သူ၊ သူနှင့် ခေတ်ပြိုင် (သို့မဟုတ်) သူ့ရှေ့စီနီယာကျသော စာပေမိတ်ဆွေများကို ဤသို့ ရေးသည်ဖြင့် မပြီးသေး၊ ဆရာဇော်ဂျီလို ဆရာကြီးမျိုးထံမှ တွေ့ရင်းဆုံရင်း ဆည်းပူးလေ့လာရ၊ လေ့လာသင်ယူ ရသည့် အဖြစ်သနစ်များကို ရေးသည်။ ဆရာဇော်ဂျီနှင့် တွေ့ရင်းဆုံရင်း စာပေရေးရာ ဆွေးနွေးချက်များ ကိုရေးတာ ဖတ်ရသည်။ ဆရာမြ၏ စာပေရေးရာ အမြင်ယူဆချက်များကို ဖတ်ရသည်။ အလုပ်က နှစ်လုပ်ပြီးပြီ။ အကြောင်းအရာများကိုလည်း သိရ၊ အဖြစ်သနစ်များကိုလည်း လေ့လာရ၊ ဖတ်ရ မှတ်ရ၊ အမြင်ယူဆချက်များ ကိုလည်း နည်းမှီးရ။ ေဩာ်… စာဖတ်တယ်ဆိုတာ ဟင်းမျိုးပေါင်းစုံကို တစ်စားပွဲထဲ တင်စားရသလိုပါပဲလား… ဟု မှတ်ချက်ချမိသည်။

“ဆင်းရဲငတ်ပြတ်ခြင်းသည် ပီမိုးနင်း၏ သင်္ကေတဖြစ်နေသည်။ စာရေးဆရာဆိုလျှင် ဆင်းရဲရမည်၊ ငတ်ရမည်၊ ဖြစ်သလိုနေတတ်ရမည်ဟူသော အမြင်သည် ပီမိုးနင်းကို ကြည့်၍ ပေါ်လာသော အမြင်ဖြစ်လိမ့်မည်ဟု ထင်သည်။ ပီမိုးနင်းလို နာမည်ကျော် စာရေးဆရာကြီးတစ်ယောက် ငတ်ပြတ်နေသည်ကို မြင်ရသည့်အခါ၌ ဆင်းရဲခြင်းနှင့် ငတ်ပြတ်ခြင်းသည် စာရေးဆရာများ၏ ပုဂ္ဂလိက ပစ္စည်းဟု သဘောထားလိုက်ကြပုံရသည်။”

ပီမိုးနင်းကို ဆရာမြ မမှီလိုက်ပါ။ သို့သော် ပီမိုးနင်းအကြောင်းကိုလည်း ဆရာမြရေးတာ ဖတ်ရသည်။ ဆရာမြက ပီမိုးနင်းကို အခုလို ရေးသည်။

“ပီမိုးနင်းသည် ၁၉ ရာစုနှစ်ကုန်ခါနီးတွင် မွေးဖွားခဲ့သည်။ ၁၉ ရာစုနှစ်ကြီးကုန်၍ ၂၀ ရာစုနှစ်ကြီး ကူးပြောင်း သည်ကို သူမြင်လိုက်ရသည်။ သူသည် အိမ်မှ ထွက်ပြေးသည်။ ဘုံဆိုင်တွင် အလုပ်လုပ်သည်။ စာရေးလုပ် သည်။ ဗရင်ဂျီဘာသာသို့ ဝင်သည်။ ဘုန်းကြီးတစ်ပါး၏ မွေးစားသားအဖြစ် စင်ကာပူသို့ သွား၍ လက်တင်ဘာ သာ သင်သည်။ ခရစ်ယာန် တရားဟောဆရာ လုပ်သည်။ ကျောင်းဆရာ၊ စာပြင်ဆရာ၊ စာရေးဆရာ လုပ်သည်။”

ကောက်နုတ်ချက် / စာ – ၃၁၄

ဆရာမြက ပီမိုးနင်းအကြောင်းကို ခပ်တိုတိုသာ ရေးသည်။ သို့သော် ပီမိုးနင်းအကြောင်းကို ခြုံမိငုံမိလိုက်သည်။ နိဂုံးသတ်မှာ ပီမိုးနင်းအကြောင်း ထပ်၍ ခြယ်သသေးသည်။

“ဆင်းရဲငတ်ပြတ်ခြင်းသည် ပီမိုးနင်း၏ သင်္ကေတဖြစ်နေသည်။ စာရေးဆရာဆိုလျှင် ဆင်းရဲရမည်၊ ငတ်ရမည်၊ ဖြစ်သလိုနေတတ်ရမည်ဟူသော အမြင်သည် ပီမိုးနင်းကို ကြည့်၍ ပေါ်လာသော အမြင်ဖြစ်လိမ့်မည်ဟု ထင်သည်။ ပီမိုးနင်းလို နာမည်ကျော် စာရေးဆရာကြီးတစ်ယောက် ငတ်ပြတ်နေသည်ကို မြင်ရသည့်အခါ၌ ဆင်းရဲခြင်းနှင့် ငတ်ပြတ်ခြင်းသည် စာရေးဆရာများ၏ ပုဂ္ဂလိက ပစ္စည်းဟု သဘောထားလိုက်ကြပုံရသည်။”

“ပီမိုးနင်းသည် သတင်းစာကော်လံဆောင်းပါးလည်း ရေးသည်။ မဂ္ဂဇင်းဆောင်းပါးလည်း ရေးသည်။ ဓာတ်ကျမ်း များကိုလည်း ရေးသည်။ စိတ်ပညာကျမ်းများကိုလည်းရေးသည်။ ဝတ္ထုတို၊ ဝတ္ထုရှည်များကိုလည်း ရေးသည်။ ရောက်ရာနေရာတွင် စာမျိုးစုံရေးနိုင်သူဖြစ်သည်။ တွေ့သမျှ မြင်သမျှသည် သူ့ကြိတ်ဆုံအတွက် ကြိတ်ဝါးရာ ပစ္စည်းတွေချည်းဖြစ်နေသည်။ သူ့စာရေးဆရာ ဦးနှောက်အတွက် ရေးစရာ ကုန်ကြမ်းတွေချည်း ဖြစ်နေသည်။ ပီမိုးနင်းသည် မြန်မာနိုင်ငံတွင် စာမျိုးစုံ ရေးနိုင်သူ၊ စာအများဆုံးရေးနိုင်သူ ဖြစ်သည် မပြောတတ်….၊ ပီမိုးနင်း သည် နိုင်ငံရေးကိုလည်း ရေးလိုက်သေးသည်…”

“ပီမိုးနင်းသည် မြန်မာစကားပြေ အရေးအသား၌ ရှေ့ဆောင်သူဖြစ်သည်။ လမ်းသစ်ကို ထွင်သူဖြစ်သည်။ အဟောင်းမှ လမ်းခွဲထွက်သူ ဖြစ်သည်။ ဝတ္ထုတို၌ ပီမိုးနင်းသည် ကျွန်တော်တို့ လမ်းပြဖြစ်သည်။ ခေတ်သစ် ဝတ္ထုတိုရေးနည်းကို ပီမိုးနင်းက စခဲ့သည်ဟု ဆိုနိုင်သည်။ ဝတ္ထုရှည်၌လည်း ပီမိုးနင်းသည် ကျွန်တော်တို့ ရှေ့ဆောင် ဖြစ်သည်။ ထိုမျှမက ပီမိုးနင်းသည် မြန်မာစာပေလောကတွင် ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိကို ပထမဆုံး ရေးသူ ဖြစ်မလား မပြောတတ်။ ပီမိုးနင်းက သူ၏ အတ္ထုပ္ပတ္တိတွင် အဆိုးအကောင်းကို အကုန်ရေး သည်။ သူအိမ်က ထွက်ပြေးပုံ၊ မိန်းမနှင့် ကွဲပုံ၊ ဘိန်းဆိုင်စာရေး၊ ဘုံဆိုင်စာရေး လုပ်ပုံက အစ အကုန်ပါသည်။ ရှေးလူကြီး တစ်ဦးက ပီမိုးနင်း၏ပီမိုးနင်း ကို ဖတ်ပြီး နှာခေါင်းရှုံ့သည်။ ထေရုပ္ပတ္တိများကိုသာ ရေးကောင်းသည်ဟု ရှေးလူကြီးများက ယူဆသည်။ ထေရုပ္ပတ္တိများလောက်ကိုသာ ရေးကောင်းသည်…ဟု ထင်နေ သည့် အချိန်တွင် ပီမိုးနင်းသည် သူ့အတ္ထုပ္ပတ္တိကို ရေးချလိုကသည်။ လမ်းသစ်ကို ထွင်လိုက်သည်။ သို့ရာတွင် လမ်းသစ်ထွင်သူ ဆိုသည် ချုံနွယ်ပိတ်ပေါင်းတို့ကို တိုးရစမြဲဖြစ်သည်။ ဆူးခြစ်ခံရမြဲဖြစ်သည်။ အခက် အခဲကို တွေ့ရမြဲဖြစ်သည်။ လမ်းသစ်ကို နောက်လူတို့ လျှောက်လာကြသည့်အခါမှ ထိုလမ်းသည် ဖြောင့်ဖြူး လာရခြင်း ဖြစ်သည်။ ပြေပြစ်လာရခြင်းဖြစ်သည်….”

ကောက်နုတ်ချက် ၊ (စာ / ၃၁၆ )

ဆရာမြ၏ စာများသည် ရော၍ ပြွမ်းနေသည်။ အဆာပလာ အစုံ နိုင်းချင်းထည့်ထားသည့် အစုံသုပ်ကို စားရသလို ဖတ်နေရသည်။ စာပေသမိုင်းစဉ်လည်း ပါသည်။ စာရေးဆရာများ၏ ဘဝသရုပ်ဖော်များလည်း ပါသည်။ စာပေသမားချင်း ပေါင်းသင်းဆက်ဆံသည် စာပေဝန်းကျင်ကိုလည်း အကဲခတ်ရသည်။ စာပေအယူ အဆ၊ မြန်မာပြည်၏ စာပေအတိတ်လမ်းကြောင်း…. စသည်ဖြင့် စုံလို့ စိနေသည်။

ကျနော် ဤစာညွှန်းကို ရေးခြင်း၌ ကောက်နုတ်ဖော်ပြသည်များ များသည်ဟု ထင်ကောင်းထင်ပါလိမ့်မည်။ ခွင့်လွှတ်နားလည်ကြပါကုန်။ ဆရာမြ စာအုပ်မှာ အပုဒ်ရေ ၂၀ ပင် မပြည့်ပါ။ သို့သော် ဆောင်းပါး ရှည်ကြီးများ ဖြစ်၍ ဖတ်ရင်း ပြောစရာများ၊ လက်တို့စရာများ များများလာ၍ ဖြစ်ပါသည်။ ကျနော့် ဟာဒယနှင့် ကိုက်သည်များ ကိုလည်း ကောက်နုတ်ချင်၍ ဖြစ်ပါသည်။

စာမျက်နှာ ၁၁၉ မှ စလိုက်သော ဂျာနယ်ကျော်မမလေး အကြောင်းသည် စာမျက်နှာ ၁၉၄ ရောက်မှ အဆုံးသတ်သည်ကို ကြည့်၍ မှန်းဆနိုင်ပါလိမ့်မည်။ စာအုပ်ဆိုဒ်မှာလည်း (၁၅ ခွဲ – ၁၃ ခွဲ စင်တီ) ဖြစ်၍ ဆိုဒ်ကြီး အမျိုးအစားဖြစ်သည်။ ဂျာနယ်ကျော်မမလေးအကြောင်းနှင့် ဆရာဇော်ဂျီ အကြောင်းသည်ပင် စာအုပ် ပါး နှစ်အုပ်စာ ဖြစ်နေသည်။

ဆရာမြ အကြောင်းနှင့် သူတို့အကြောင်း ဖတ်ချင်သူများအတွက် လက်တို့အညွှန်းပေးလိုက်ရပါသည်။

မင်းသေ့
ညနေ ၄ း ၁၈
၂၁ ဒီဇင်ဘာ ၂၀၁၈
မင်းကွန်းတောင်ရိုး၊ မဂ္ဂင်ချောင်။

ဆရာမြသန်းတင့်
Previous post ရင်းနှီးမြုပ်နှံမှုကို မြူဆွယ်ခြင်းနှင့် ခရမ်းပျိုးချိန်အလွန်
Next post ဆရာမြနှင့်သူတို့