ကျနော်တို့ မြန်မာ့လူ့အဖွဲ့အစည်းကို ကြည့်ပါ။ ကျနော်တို့ ပညာအသိုက်အဝန်းကို ကြည့်ပါ။ ကျနော်တို့ရဲ့ ပြုမူ လုပ်ကိုင်ပုံတွေကို ကြည့်ပါ။ ကျနော်တို့ တွေးခေါ်ချည်းကပ်ပုံတွေကို ကြည့်ပါ။
ကျနော်တို့ ဘယ်လောက် စနစ်တကျ လုပ်ကိုင်တတ်ပြီလဲ။ ကျနော်တို့ဟာ အချက်အလက်အပေါ်မှာ အခြေခံပြီး အလုပ်လုပ်တတ်ပြီလား။ သို့မဟုတ် စိတ်ထဲမှာ ကောင်းနိုးရာရာ ထင်တာကို လုပ်နေဆဲပဲလား။ တကယ့်ပြဿနာဆိုတာ ဘာမှန်းမသိဘဲ၊ အခြေခံယေဘုယျ ထင်မြင်ချက်နဲ့ လုပ်ကိုင်နေတဲ့သူဖြစ်သလား။ ဒါဟာ ကျနော်တို့ကို ကျနော်တို့ ဆန်းစစ်ဖို့ ဖြစ်ပါတယ်။ ကျနော်တို့ လူ့အသိုင်းအဝိုင်းကို ဆန်းစစ်ဖို့ဖြစ်ပါတယ်။

ဗြိတိသျှအမွေ

မြန်မာနိုင်ငံရဲ့ အုပ်ချုပ်မှု ပုံစံက၊ ဗြိတိသျှမိုဒယ်နဲ့ လာတယ်။ ဥပဒေတွေ၊ လုပ်ထုံးလုပ်နည်းတွေကလည်း ဗြိတိသျှမူဘောင်တွေအတိုင်းသွားတယ်။ အင်္ဂလိပ် ဗြိတိသျှကို ပုံစံယူပြီး အုပ်ချုပ်မှု ဒီဇိုင်းတွေ၊ စည်းမျဉ်းတွေ ချ တယ်။ အင်္ဂလိပ်က အင်မတန် စနစ်ကျတယ်။ ဒါပေမယ့် အခုအချိန်ထိ ကျနော်တို့ရဲ့ နေ့စဉ် သွားလာ၊ လုပ်ကိုင်နေရတာတွေက အမြဲတမ်းလိုလို ဝရုန်းသုဉ်းကား။ အမြဲတမ်းလိုလို ပြေးပြေးလွှားလွှား။ တချို့လုပ်ကိုင်ပုံတွေဟာ ဖရိုဖရဲ။ တချို့အရာတွေက ပရမ်းပတာ။

မြန်မာပြည်ဟာ အင်္ဂလိပ် ကိုလိုနီတော့ ဖြစ်ခဲ့တယ်။ ဒါပေမယ့် အင်္ဂလိပ်ရဲ့အမွေကို မရခဲ့ဘူး။ မရခဲ့ဘူးဆိုတာ ထက် မယူခဲ့ဘူးလို့ ဆိုရမယ်။ အကြောင်းက ဝံသာနုစိတ်နဲ့ ပညာကို မယှဉ်တွဲနိုင်လို့ဖြစ်ပါတယ်။

မြန်မာ့လူ့အဖွဲ့အစည်းက အထက်ပိုင်းကနေ အောက်ခြေအဆင့်ထိ အမြဲလိုလို မီးစင်ကြည့်,က နေရတဲ့ အခြေအနေကနေ မလွတ်တတ်သေးဘူး။ ဒါဟာ ကျနော်တို့ရဲ့ နည်းစနစ်မကျမှုကို ပြနေတယ်။ ကျနော်တို့ လူ့အသိုင်းအဝန်းရဲ့ ညံ့ဖျင်းမှုကို ပြနေတယ်။

ကြည့်ကြည့်

ဆန်းစစ်ကြည့်သင့်တာတွေက ကိုယ့်လက်တစ်ကမ်းမှာ ရှိနေပါတယ်။ ကိုယ့်နဘေးက လုပ်ကိုင်ဆောင်ရွက်နေမှု တွေကို သတိလေးတစ်ချက်လောက်ထားပြီး ငဲ့ကြည့်လိုက်ပါ။ ကျနော်တို့ဟာ ဘယ်လောက် စည်းစနစ်တကျ လုပ်ကိုင်တတ်နေပြီလဲ။ ဘယ်လောက် အချက်အလက်ကို အဓိကထား စိစစ်ထားမှုကို ပြုနေသလဲ။

ကျနော်ထင်တယ်။ ကျနော်တို့ဟာ စိတ်ထဲက ထင်မြင်ချက်တွေနဲ့ပဲ အလုပ်လုပ်နေကြတယ်။ စိတ်ထဲက ထင်မြင် ချက်တွေနဲ့ပဲ ပြောနေကြတယ်။ စိတ်ထဲက ထင်မြင်ချက်တွေနဲ့ပဲ တုန့်ပြန်နေကြတယ်။ ဒါဟာ နေ့စဉ်လိုလို ထိတွေ့နေတဲ့ လူမှုကွန်ယက်ပေါ်တွေမှာလည်း အထင်းသားတွေ့နေရတယ်။

ထင်မြင်ချက်တွေဟာ သုတေသနနဲ့ မအပ်စပ်ပါဘူး။ ထင်မြင်ချက်တွေနဲ့ အလုပ်လုပ်တယ်ဆိုတာထက်၊ တွေ့ရှိချက်တွေနဲ့ အလုပ်လုပ်တာ ပိုကောင်းပါတယ်။ ထင်မြင်ချက်တွေဆိုတာ တွေ့ရှိချက်တွေ မဟုတ်ပါဘူး။ တွေ့ရှိချက်တွေဆိုတာ ထင်မြင်ချက်တွေထက် ပိုပြီး ခိုင်တယ်။ မာတယ်။ အထောက်အထားပိုပြည့်စုံတယ်။ ထင်မြင်ချက်ဆိုတာက အထောက်အထားမဟုတ်ဘူး။ စိတ်ထဲမှာ ထင်နေတဲ့အရာ။ တကယ်ဖြစ်/ မဖြစ်၊ တကယ် မဟုတ် / မဟုတ်ဆိုတာကို သက်သေမပြနိုင်သေးတဲ့ အခြေအနေ။ ဒီလိုအခြေအနေတွေမှာ ကျနော်တို့ နေ့စဉ် ကြုံတွေ့နေရပါတယ်။
ကျနော်တို့ဟာ သုတေသနပေါ်မှာ အခြေပြုသင့်ပြီ။

မြန်မာပြည်ရဲ့ နေ့စဉ် စီးပွားရေးလုပ်ကိုင်မှုတွေကို ကြည့်လိုက်ပါ။ ကိုယ်အတွက် ရောင်းရေးဝယ်တာလောက်ကို ပဲ လုပ်နေပါတယ်။ ဒါကိုလည်း တစ်နိုင်တစ်ပိုင်အဆင့်သာ လုပ်ကိုင်နေကြတယ်။ သည့်ထက် ပိုတဲ့ ကြီးကြီးမား မားကုန်ရောင်း၊ ကုန်ဝယ် ကို မလုပ်နိုင်ကြဘူး။ ကုန်သွယ်ရေးအဆင့်ကို မတတ်နိုင်ကြဘူး။ ရောင်းဝယ်ရေး အဆင့်မှာတင် တစ်,နေကြတယ်။ ဒေသအဆင့် ကုန်သွယ်ရေးကို ကျနော်တို့ မလုပ်နိုင်ကြသေးဘူး။ နိုင်ငံတကာကုန်သွယ်ရေးအဆင့်ကို ကျနော်တို့ မတက်နိုင်ကြသေးဘူး။

ဒီအချက်ကိုကြည့်ရင် ၊ ကျနော်တို့က အပျော်တမ်းအဆင့်လောက်မှာသာ ရှိနေတယ်။ တကယ့် ပရော်ဖက်ရှင်နယ်အဆင့်ကို ရောက်မလာဘူး။ တက်မလာဘူး။ အကြောင်းကတော့ ပညာအပေါ်မှာ အခြေမခံလို့၊ သုတေသနအပေါ်မှာ အခြေမခံလို့ ဖြစ်ပါတယ်။

နေ့စဉ် သွားလာနေထိုင်ရေးကိုလည်း ကြည့်လိုက်ပါ။ ဥပမာ – မြို့ကြီးပြကြီးဖြစ်တဲ့ ရန်ကုန်မြို့ရဲ့ မြို့ပြစနစ်ကို ကြည့်လိုက်ပါ။ ဘယ်လောက် ဖရိုဖရဲဖြစ်နေသလဲ။ ဘယ်လောက် ဝရုန်းသုဉ်းကားဖြစ်နေသလဲ။ ဘယ်လောက် စည်းစနစ် မဲ့နေသလဲ။

• ဘတ်(စ)ကား စီးရတာကို ကြည့်ပါ။
• မြို့ပတ်ရထား စီးရတာကို ကြည့်ပါ။
• နေ့စဉ် အမှိုက် စွန့်ပစ်မှုစနစ်ကို ကြည့်ပါ။
• နေ့စဉ် ရေသုံးစွဲရေးစနစ်ကို ကြည့်ပါ။
• နေ့စဉ် အညစ်အကြေးစွန့်ပစ်မှု ပုံစံကို ကြည့်ပါ။
• နေ့စဉ် ရောင်းရေးဝယ်တာ ကိစ္စရပ်များကို ကြည့်ပါ။
• နေ့စဉ် သွားရေးလာရေးကို ကြည့်ပါ။
• နေ့စဉ် ဆက်သွယ်ရေးပုံစံတွေကို ကြည့်ပါ။
• နေ့စဉ် ပြည်သူ့ဝန်ဆောင်မှုစနစ်ကို ကြည့်ပါ။

ဌာနဆိုင်ရာ တစ်ခုခုကို ကြည့်ပါ။ ကိုယ့်မှာ အဖွဲ့အစည်းရှိရင် ကိုယ့်အဖွဲ့အစည်းကို ကိုယ်ကြည့်ပါ။ ကိုယ့်မှာ လုပ်ငန်းစု တစ်ခုရှိရင် အဲသည်လုပ်ငန်းစုကို ကြည့်ပါ။ ကျနော်တို့ဟာ တွေ့ရှိချက်တွေနဲ့ အလုပ်လုပ်တာ ဘယ်လောက်ရှိသလဲ။ ကျနော်တို့ဟာ ထင်မြင်မှုတွေနဲ့ ပြောနေ၊ ဆိုနေ၊ လုပ်နေတာ ဘယ်လောက်များ သလဲ။ ထင်ရာ မြင်ရာကို လုပ်နေကြတာ စည်းစနစ်ကျတာ မဟုတ်ပါဘူး။ ကိုယ့်ရဲ့ ဆုံးဖြတ်ချက်ဟာ ဘယ်က လာသလဲ။ သေချာလေ့လာဆန်းစစ်ပြီးမှ အစီအစဉ်တကျ ရေးဆွဲပြီး၊ ဦးစားပေးတွေ သတ်မှတ်ပြီး သေချာ လုပ်ကိုင်တာ ဘယ်လောက်ရှိသလဲ။

သုတေသနဘယ်လောက်အရေးကြီးသလဲ

သေချာတာကတော့ ဒီလို အပြုအမူတွေ ကောင်းမွန်ဖို့ သုတေသနဓာတ်ခံရှိသင့်တယ်။ သုတေသဆိုတာ အချက်အလက်အပေါ်မှာ အခြေခံတယ်။ တွေ့ရှိမှုအပေါ်မှာ အခြေခံတယ်။ ထင်မြင်ချက်တွေပေါ်မှာ ဝဲလည် လိုက်မနေဘူး။ သူ့ရဲ့ အချက်အလက်တွေကလည်း အရှိတရားနဲ့ ဘယ်လောက်နီးစပ်သလဲဆိုတာ ဆန်းစစ် တယ်။ မသေချာ မရေရာမှုနဲ့ ကောက်ချက်ချတာ မဟုတ်ဘူး။ ကောင်းနိုးရာရာ ထင်မြင်ချက်နဲ့ အလုပ်လုပ် တာမဟုတ်ဘူး။ ဆုံးဖြတ်တာ မဟုတ်ဘူး။
နေ့စဉ်လိုလို ကိုယ့်ရဲ့တွေးပုံခေါ်ပုံ၊ လုပ်ပုံကိုင်ပုံတွေဟာ သုတေသန အခြေခံသဘောကို သုံးပြီး လုပ်ရင်၊ ဆုံးဖြတ်ရင် ကျနော်တို့ဟာ ပိုပြီး စမတ်ကျတဲ့ လူ့အဖွဲ့အစည်းကို တည်ဆောက်နိုင်ပါလိမ့်မယ်။

မြန်မာပြည်ရဲ့ လူ့အဖွဲ့အစည်းဟာ ကောင်းနိုးရာရာ၊ ထင်မြင်ရာလုပ်တတ်တဲ့အကျင့်ကို ဖျောက်သင့်ပြီ။ သေချာ လေ့လာဆန်းစစ်ပြီးမှ စနစ်တကျအစီအစဉ်ချပြီး လုပ်တတ်တဲ့ အလေ့ကို မွေးသင့်ပြီ။ ဒါဟာ သုတေသနဓာတ်ခံ က လာပါတယ်။

• ဘာကိုလုပ်လုပ် မှတ်တမ်းမှတ်ရာနဲ့ လုပ်တတ်တာ
• ပြဿနာက ဘာလဲဆိုတာကို သေချာဆန်းစစ်တာ
• အကြောင်းအကျိုးကို အချက်အလက်ပေါ်မူတည်ပြီး တွက်ချက်တာ
• ကုထုံးကိုသေချာတွက်ထုတ်တာ
• အချက်အလက်ကို ကျယ်ကျယ်ပြန့်ပြန်ရယူတာ

ဒါတွေက သုတေသနနည်းနာတွေဖြစ်ပါတယ်။ ဒီလိုသဘောတရားတွေ လူထုဦးနှောက်ထဲမှာ နစ်ဝင်ပြီး၊ လုပ်နေ ကိုင်နေကြရင် မြန်မာပြည်ဟာ ပိုကောင်းတဲ့ လူမှုအဆင့်အတန်းကို ရောက်လာမယ်လို့ ယုံကြည်ပါတယ်။

မင်းသေ့
နေ့လည် ၁း ၃၆
၃၁၊ အောက်တိုဘာ ၊ ၂၀၁၈

Previous post ယောနသံ
Next post ရင်းနှီးမြုပ်နှံမှုကို မြူဆွယ်ခြင်းနှင့် ခရမ်းပျိုးချိန်အလွန်