စာညွှန်း / အနောက်တိုင်းဒဿနကို မြန်မာမျက်စိဖြင့် ကြည့်ခြင်း (၂)
ဒေါက်တာခင်မောင်ဝင်း (ဒဿနဗေဒ)

စာအုပ္အညႊန္း
Audio Book

ဒဿနဓာတ်ခံ အခြေခိုင်ခိုင်ရရှိလိုသူတို့ ဖတ်သင့်သည်ဟု မြင်သည်။ ဒေါက်တာခင်မောင်ဝင်းကိုယ်တိုင်က ဒဿနိကဗေဒ ပါမောက္ခ။ သူ့တပည့်တွေက အခုဆို နိုင်ငံရေးနယ်၊ ပညာရပ်ဆိုင်ရာနယ်တွေမှာ ပေါက်မြောက် အောင်မြင်နေသူတွေ။ ကျနော့် အသိမိတ်ဆွေ လူကြီးများထဲတွင် ဒေါက်တာခင်မောင်ဝင်း တပည့်တွေ ရှိသည်။ ကျနော်က ဒေါက်တာခင်မောင်ဝင်း အကြောင်း အညွှန်းရေးသည်ကို မြင်လျှင်၊ ဒါ တို့ဆရာ… ဆိုပြီး ပြောတတ် ကြသည်။ ဒေါက်တာအောင်ခင်တို့ ကိုယ်တိုင်က ဒေါက်တာခင်မောင်ဝင်း တပည့်။

ဆရာ တော်လို့လည်း၊ သူ့တပည့်တွေ ဤသို့ ပေါက်မြောက်ကြတာပဲ….ဟု တွေးမိသည်။ ကျနော်တို့ မြန်မာ ပြည်တွင် အနောက်တိုင်း ဒဿနများကို အတောင့်လိုက် ချပြသူတွေ ရှိသည်။ မြန်မာ့နည်း မြန်မာ့ဟန်နှင့် တင်ပြ သူတွေ ရှိသည်။ အနောက်တိုင်းဒဿနကို မြန်မာလေသံဖြင့် တင်ပြသူများ ရှိသည်။ နိုင်ငံရေးဘက်၊ ဒဿနဘက်နှင့် အိုင်ဒီယော်လိုဂျီဘက်တို့တွင် တွေ့ရသည်။

ဒေါက်တာခင်မောင်ဝင်း စာအုပ်က မြန်မာမျက်စိဖြင့် ကြည့်သည့်စာအုပ်။ သူကိုယ်တိုင် ဒဿနပိုင်းကို ကောင်း ကောင်းမွှေနှောက်ပြီး ရေးထားသည်။ ဖတ်ရလွယ်သည်။ အဓိက အချက်များကို ကောက်နုတ်ပြသည်။ ပြီးတော့ မှတ်ချက်ပြုသည်။ ဒဿနနယ်ကို လေ့လာသူတို့နှင့် ကိုက်ညီသည်။
အရေးအသားကလည်း ရှင်းသည်။ လင်းသည်။ သူ့အမြင်ကလည်း ရှင်းလို့ ဖြစ်မည်။ ရှုပ်ထွေးသော ဒဿန နယ်ကို ရိုးရှင်းသော ဝါကျများဖြင့် ရှင်းပြသည်ကို တွေ့ရသည်။ မြန်မာတစ်ယောက်က အခုလို မြင်တယ်၊ မှတ်ချက်ပြုတယ်ဆိုတဲ့ အချက်များကို အထင်သားတွေ့ရသည်။ ရန်ကုန်တက္ကသိုလ်မှာ ဒီလို ဒဿနိက ပါမောက္ခ တစ်ယောက် ရှိခဲ့တာပဲဟု တွေးမိပြီး ပီတိဖြစ်မိသည်။ အခုခေတ်မှာ သည်လိုဆရာမျိုး တွေ့လိုက်ချင် စမ်းပါဘိ။

ဟေဂယ်၊ ကားလ်းမတ်၊ ဘထရန် ရပ်ဆယ်… နောက်တော့ ဖြစ်တည်မှုပဓာနဝါဒရဲ့ ဖခင်ကြီး ယန်းပေါလ်ဆာ့။ ဒေါက်တာခင်မောင်ဝင်းက ကျနော်တို့ သိသော ကားလ်မတ်ကို ဤသို့ ရေးသည်။

“ကားလ်မတ်သည် ဉာဏ်ပညာ ထက်မြက်သော ပုဂ္ဂိုလ်တစ်ဦးဖြစ်သော်လည်း ပုဂ္ဂိုလ်ရေးအရ စီးပွားရေးကို လက်တွေ့ လုပ်ကိုင်တတ်သော ပုဂ္ဂိုလ် မဟုတ်ပေ။ ထို့ကြောင့် သူသည် သူ့မိသားစုကိုပင် ငွေကြေး ထောက်ပံ့ နိုင်သော အခြေအနေ၌ မရှိပေ။ မိတ်ဆွေများ၏ ထောက်ပံ့ကြေးဖြင့်၊ သူ၏ မိသားစုမှာ ဂျာမနီနိုင်ငံ၏ ပြင်ပနိုင်ငံ အသီးသီး၌ နေထိုင်ခဲ့ရ၏။”

ကောက်နုတ်ချက် / စာ – ၅၇

ကားလ်မတ်သည် ဟေဂယ်ဝါဒီတစ်ဦးဖြစ်ခဲ့သည်။ လူငယ်လူရွယ်ဘဝတွင် ကားလ်မတ်သည် ဤသို့ရေးခဲ့သည်။

“ဝေဖန်ခြင်းဆိုသည်မှာ လူကို ခွဲစိတ်ရာတွင် အသုံးပြုသော ဓားမဟုတ်၊ ဝေဖန်ခြင်း၏ ပစ်မှတ်မှာ မိမိ၏ ရန်သူ ဖြစ်၍ မိမိ၏ ရန်သူကို ပြန်လည်ချေပရန်သာ မဟုတ်၊ မိမိ၏ ရန်သူအား အပြတ်ရှင်းပစ်ရန် ဖြစ်သည်” ဟု ရေးသည်။ ကားလ်မတ်သည် လူငယ်ဘဝမှာတင် ပြင်းထန်သော တော်လှန်ရေးမျိုးစေ့ကို ပျိုးထောင်ပြီးစီးခဲ့သူဟု နားလည်လိုက်ရသည်။

ဒဿနသည် ကျယ်၏။ ရှုပ်ထွေးသည်။ ကျယ်ပြောသော၊ ရှုပ်ထွေးသော ဒဿနနယ်ကို လိုရင်း ထိမိအောင် ဒေါက်တာခင်မောင်ဝင်းက ရေးသည်။ ဝိဇ္ဇာဘာသာရပ်များဖြင့် မရင်းနှီးခဲ့သော ကျနော့်အဖို့၊ ရှင်းလင်းသော လေ့လာချက် တချို့ရခဲ့သည်။

ဒေါက်တာခင်မောင်ဝင်းက အနောက်တိုင်း ဒဿနကို လေ့လာဖို့ ခက်ခဲသူများကို လူပိန်းနားလည်အောင် ရေးတတ်တာပဲ…ဟု ကျနော် မှတ်ချက်ချမိသည်။ ရေးသားချက်များ၌၊ ဒဿနမေးခွန်းများကို တွေ့ရသည်။ ဥပမာ- ပြင်သစ်တော်လှန်ရေးက အဘယ့်ကြောင့် မအောင်မြင်ခဲ့ပါသနည်း။ ဤမေးခွန်းသည် ကားလ်မတ် မေး ခဲ့သော မေးခွန်းဖြစ်သည်။

ကားလ်မတ်သည် ပြဿနာများကို ရှင်းပြဖို့ ကြိုးစားခဲ့သည်။ သူ့ကြိုးပမ်းချက်ကြောင့် ကွန်မြူနစ်ဝါဒ ပေါ်လာ သည်။ လူမှုပြဿနာများသည် စီးပွားရေးအဆောက်အအုံနှင့် နိုင်ငံရေးအဆောက်အအုံများအကြား ကူးလူးနေ သည်။ ဒဿန၏ မမြင်ရသော စွမ်းအားကို ဖတ်မိသည်။ ဒဿနတစ်ရပ်၏ တွန်းအားသည် ဘယ်၍ ဘယ်မျှ ပေါက်မြောက်ကြောင်း လေ့လာရပေမည်။

ဒဿနသမားကို မိတ်ဆက်ခြင်းနှင့် ဒဿနကျမ်းကို မိတ်ဆက်ခြင်း၊ ဒဿနများကို မိတ်ဆက်ခြင်း….. စာအုပ်မှာ ဤသို့ ပါဝင်နေသည်ကို တွေ့ရသည်။

ကားလ်မတ်ရေးသော အရင်းကျမ်းမှာ ဤသို့။

အရင်းကျမ်းသည် မည်သို့သော အချက်အလက်များကို ဖော်ပြပါသနည်း။ အရင်းကျမ်းသည် အရင်းရှင်တို့၏ ကုန်ထုတ်လုပ်မှုနှင့် ယင်း၏ အရင်းအမြစ်ကို ဖော်ထုတ်ရုံသာမက အလုပ်နှင့် တန်ဖိုး၊ အစွန်းထွက်တန်ဖိုး၊ ခေါင်းပုံဖြတ်မှု၊ လူတန်းစား ကွဲပြားခြားနားလာမှုတို့ကိုပါ ဖော်ပြထား၏။

ကောက်နုတ်ချက် / စာ – ၅၉

ဒေါက်တာခင်မောင်ဝင်းက ဖြစ်တည်မှု ပဓာနဝါဒကို ထိထိမိမိ အနက်ပြန်ဆိုထားသည်။

“ဖြစ်တည်မှုပဓာနဝါဒ အလိုအားဖြင့် ဖြစ်တည်မှုသည် သတ်မှတ်မှုထက် အခြေခံကျ၏။ လူသားသည် အသိဉာဏ်ရှိသော သတ္တဝါဖြစ်၏။ ထို့ကြောင့် လူသားနှင့် ပတ်သက်လျှင် ကြိုတင်ပြောရန် ခက်ခဲ၏။ (သက်မဲ့ ပစ္စည်းကဲ့သို့ မဟုတ်) ကိုင်တွယ်ရန် ခက်ခဲ၏။ ထို့ကြောင့် အသိဉာဏ်ရှိသော လူသားနှင့် ပတ်သက်လာလျှင် သူသည် မည်သို့ဖြစ်ရမည်ဟု သတ်မှတ်ပေးရန် ခက်၏။ သူနှင့် ပတ်သက်လာလျှင် ယေဘုယျ ပြုရန်ပင် မလွယ်ကူ။ သူ့ကို စနစ်တစ်ခုအတွင်း သွတ်သွင်းရန်မှာမူ မဖြစ်နိုင်သလောက်ဖြစ်၏။ စင်စစ် လူသားတိုင်းသည် သူ့အသိဉာဏ် ကိုယ်စီဖြင့် သူ ဖြစ်တည်နေကြသူများ ဖြစ်သည်။”

ကောက်နုတ်ချက် /စာ – ၁၇၄

ဒဿနရေးသားချက်များသည် လိုရင်းကို ပြနိုင်၍ ကျနော့်အဖို့ ကောင်းသည်။ ဒဿနနယ်ကို ဆုပ်မိကိုင်မိပါမှ၊ လောက အနှစ်သာရနှင့် လူမှုဖြစ်စဉ်အကြောင်းကို ကောင်းကောင်းနားလည်သဘောပေါက်နိုင်သည်ဟု ကျနော် မြင်သည်။
သေချာ ဂဃနဏ နားလည်ထားသော ဒဿနလေ့လာချက်ကို၊ လူပိန်းနားလည်အောင် ရေးသားထားလို့ ကျေကျေနပ်နပ် ဖတ်မိပါသည်။

မင်းသေ့
ည ရး ၅၉
၁၉ ဒီဇင်ဘာ ၂၀၁၈

ဒေါက်တာခင်မောင်ဝင်း (ဒဿနဗေဒ) ၊ အနောက်တိုင်းဒဿနကို မြန်မာမျက်စိဖြင့် ကြည့်ခြင်း (၂)
Previous post အဝေးကြည့်
Next post မူဝါဒရေးရာဆွေးနွေးခန်း အပိုင်း (၁) ၊ (၂) ၊ (၃)