အီဂေါဗလာဇီဗစ်၏ မြန်မာ့နိုင်ငံရေးသုံးသပ်ချက်ကို ပြန်လည်ဆင်ခြင်ခြင်း။။

ဗွီအိုအေ (မြန်မာပိုင်း) က၊ လက်ရှိ မြန်မာ့အရေးနဲ့ပတ်သက်ပြီး Igor Blaževič {အီဂေါဗလာဇီဗစ်}နဲ့ အင်တာဗျူး တစ်ခုကို ပြီးခဲ့တဲ့ ရက်ပိုင်းက (၂၀၂၄ မေလ ၁၅ ရက်နေ့က) ဖော်ပြထားတာ တွေ့ရပါတယ်။ ဒီအင်တာဗျူး (ပထမပိုင်း) မှာ၊ Igor Blaževič သုံးသပ်တဲ့ မြန်မာ့အရေးကို ကျနော်က ထပ်ဆင့် ဆင်ခြင်ခြင်း ဖြစ်ပါတယ်။

Igor Blaževič ရဲ့ အင်တာဗျူး (ပထမပိုင်း) သုံးသပ်ချက်ကို ယေဘုယျကောက်ချက်ပြုရရင်၊ မြန်မာ့အရေးအပေါ် နိုင်ငံတကာနဲ့ ဒေသတွင်းနိုင်ငံတွေရဲ့ ရှုမြင်ချက်ကို အဓိက ဇောင်းပေး ညွှန်းဆို သုံးသပ်တာကို တွေ့ခဲ့ရပါတယ်။ နိုင်ငံတကာနဲ့ ဒေသတွင်းနိုင်ငံတွေရဲ့ မြန်မာ့အရေးနဲ့ပတ်သက်ပြီး ရပ်ခံချက်ကို သုံးသပ်ရာမှာ အီဂေါဗလာဇီဗစ်ဟာ “လက်တွေ့ ပကတိ အရှိတရားဒေါင့်” ကနေ ချည်းကပ်ခဲ့တယ်လို့ ပြောနိုင်ပါတယ်။

  • အိမ်နီးချင်းတွေတင်မကဘူး နိုင်ငံတကာ အသိုင်းအဝန်းက ထိုင်စောင့်ကြည့်ဖို့ ဆုံးဖြတ်ခဲ့ကြတယ်ထင်ပါတယ်။ မီးလောင်နေတာကို ပြည်တွင်းမှာပဲ သူ့ဘာသာ ငြှိမ်းပါစေဆိုတဲ့ သဘောပေါ့။ စစ်တပ်က ရက်စက်တဲ့ ဖိနှိပ်မှုတွေ လုပ်ပြီး သူတို့ရဲ့ ထိန်းချုပ်နိုင်မှုကို ခိုင်မာအောင် ပြန်တည်ဆောက်နိုင်တဲ့ အချိန်ကျမှ အရင်လို ထုံးစံ ပုံမှန် အတိုင်း ပြန်လုပ်ကြမယ်ပေါ့။ ပထဝီနိုင်ငံရေး အရ၊ စီးပွားရေးအရ၊ သံတမန်ရေးအရရောပေါ့။ [Igor Blaževič]

ဆွေးနွေးချက် [၁]

မြန်မာနိုင်ငံဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ (၁) ရက်နေ့မှာ၊ စစ်အာဏာသိမ်းမှု ထပ်မံ ပေါ်ပေါက်ခဲ့ပါတယ်။ ၎င်းစစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ လူထုဆန့်ကျင်ရေးသပိတ်တွေဟာ မြန်မာ့နိုင်ငံရေးသမိုင်းမှာ အကျယ်ပြန့်ဆုံးသော ပြည်တွင်းစစ်အခြေအနေအထိ တိုးတက်ရောက်ရှိသွားပါတယ်။ မြန်မာနိုင်ငံအတွင်းမှာ ဖြစ်ပျက်ခဲ့တဲ့ စစ်အာဏာသိမ်းမှုနဲ့ စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးလှုပ်ရှားမှုတွေဟာ၊ ပြည်တွင်းမှာတော့ အရေးပေါ်အခြေအနေဖြစ်ခဲ့ပြီး နိုင်ငံတကာနဲ့ ဒေသတွင်းနိုင်ငံတွေအတွက်ကတော့ ဖြစ်ရိုးဖြစ်စဉ်ကိစ္စတစ်ခုလို မှတ်ယူခြင်း ခံခဲ့ရပါတယ်။ ပြည်ပရောက် မြန်မာ့အရေးလှုပ်ရှားသူတွေဟာ၊ မြန်မာ့အရေးကို နိုင်ငံတကာအရေးသဖွယ်၊ ကမ္ဘာ့အရေးကိစ္စသဖွယ် ဖြစ်လာစေဖို့ နိုင်ငံတကာအသိုင်းအဝန်းမှာ agenda setting လုပ်ကြပေမယ့်၊ လက်တွေ့မှာတော့ အဲသည့်လို မဖြစ်ခဲ့ပါဘူး။ မြန်မာ့အရေးဟာ မြန်မာတို့ရဲ့ ပြည်တွင်းရေးသက်သက်သာ ဖြစ်တယ်လို့ မှတ်ယူခံခဲ့ရပါတယ်။ မြန်မာ့အရေးကို ထပ်ဆင့် မှေးမှိန်စေတဲ့ကိစ္စရပ်တွေလည်း ပေါ်ပေါက်ခဲ့ပါသေးတယ်။ အဲဒါတွေကတော့ ရုရှား – ယူကရိန်း စစ်ပွဲနဲ့၊ အစ္စရေးနဲ့ ပါလက်စတိုင်းတို့ရဲ့ တစ်ကျော့ပြန် စစ်ပွဲတွေပဲ ဖြစ်ပါတယ်။ မြန်မာစစ်တပ်ရဲ့ စစ်ရာဇဝတ်မှု ကျူးလွန်မှုတွေနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေဟာ နိုင်ငံတကာမျက်နှာစာမှာ ထမင်းစားရေသောက်ကိစ္စလို ယဉ်ပါးနေတာ ကြာညောင်းနေပါပြီ။ မြန်မာစစ်တပ်က ကျူးလွန်တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့၊ စစ်ရာဇဝတ်မှုတွေဟာ ဟိုးလွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းက မှတ်တမ်းမှတ်ရာ ခိုင်ခိုင်မာမာနဲ့ ဖော်ထုတ်ခံထားရပြီးသားပါ။ ဒါပေမယ့် ၂၀၂၁ ခုနှစ်နောက်ပိုင်း ဖြစ်ပျက်လာတဲ့ မြန်မာ့အရေးဖြစ်ရပ်တွေမှာ၊ မြန်မာစစ်တပ်ဟာ ယခင်က ကြုံတွေ့ခဲ့ဖူးတဲ့ အကျပ်အတည်းတွေကိုပဲ အလားတူ ထပ်မံ ကြုံတွေ့ခဲ့ရပါတယ်။ မြန်မာစစ်တပ်ဟာ နိုင်ငံတကာရဲ့ ဖိအားကို ဘယ်လိုနည်းနဲ့ တန်ပြန် တုံ့ပြန်ရမလဲဆိုတာကို အတွေ့အကြုံအရ သိနားလည်ခဲ့ပြီးသားဖြစ်ဟန်တူပါတယ်။ ဒါ့ကြောင့် ယခင်က နည်းဟောင်းအတိုင်းပဲ ကျင့်ကြံခဲ့တာတွေ့ရပါတယ်။ အဲသည့် နည်းဟောင်းကတော့ ဒေသတွင်းနိုင်ငံတွေနဲ့ မိတ်ဝတ်မပျက် သမားရိုးကျ သံတမန်ဆက်ဆံရေးကို ဆက်လက် ထိန်းသိမ်းထားပြီး၊ ကမ္ဘာ့အင်အားကြီး နိုင်ငံတစ်နိုင်ငံရဲ့ အခိုင်အမာ backing ကို ယူဖို့ ကြိုးစားအားထုတ်ခြင်းပဲဖြစ်ပါတယ်။ အဲသည့်နေရာမှာ၊ မြန်မာစစ်တပ်ခေါင်းဆောင်တွေရဲ့ ရွေးချယ်မှုကတော့ ပထမဦးစားပေးအနေနဲ့ ရုရှား၊ ဒုတိယဦးစားပေးအနေနဲ့ တရုတ်ဖြစ်ပြီး၊ တတိယဦးစားပေးအနေနဲ့ အိန္ဒိယတို့ကို ရွေးချယ်ပြီး၊ မြန်မာ့အရေးမှာ ထိပ်တန်းက အရေးပါတဲ့ အိမ်နီးချင်းနိုင်ငံ ဖြစ်တဲ့ ထိုင်းနိုင်ငံနဲ့ ဆက်ဆံရေး မပျက်ယွင်းအောင် ဆက်လက်ထိန်းထားခြင်းပဲ ဖြစ်ပါတယ်။ မြန်မာစစ်တပ်ခေါင်းဆောင်တွေဟာ နိုင်ငံတကာ အနောက်နိုင်ငံတွေရဲ့ အရေးယူဒဏ်ခတ် ပိတ်ဆို့မှုတွေကို ထည့်တွက်ထားပြီးသားဖြစ်ပါတယ်။ ဒါပေမယ့် သူ့အတွက် အရေးတကြီးလိုအပ်တာက တရုတ်နိုင်ငံရဲ့ ထောက်ခံမှုနဲ့ ပံ့ပိုးကူညီမှုဖြစ်ပါတယ်။ မြန်မာစစ်တပ်ဟာ တရုတ်ရဲ့ အငြိုအငြင်ကို အတော်ကြီး ခံလိုက်ရပါတယ်။ ဒါဟာ မြန်မာစစ်တပ်အတွက် သံခင်းတမန်ခင်းအရ အကြီးအကျယ် ရှုံးနိမ့်မှုလို့ ပြောနိုင်ပါတယ်။ အထူးသဖြင့် တရုတ်ဟာ မြန်မာစစ်တပ်ကို ဗမာတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (တနည်း) ဗမာ EAO အဖွဲ့ကြီးတစ်ခုအဆင့်လောက်သာ သတ်မှတ်ဆက်ဆံခြင်းခံရတာ တွေ့ရပါတယ်။ ဒါ့အပြင် တရုတ်နိုင်ငံရဲ့ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြားရေးအမြင်မှာ လောလောဆယ်အားဖြင့် “ကြက်လည်း ပန်းစေ၊ ယာလည်း ညက်စေ”ဆိုတဲ့ နည်းနာနဲ့ ကသောင်းကနင်းဖြစ်တဲ့ တစ်နှစ်၊ နှစ်နှစ်လောက်ကို အသာ စောင့်ကြည့်နေလိုက်ခြင်းဖြစ်ပါတယ်။ မြန်မာ့အရေး (၃) နှစ်တာကာလကို ရောက်လာချိန်မှာတော့၊ တရုတ်ရဲ့ ပါဝင်စွက်ဖက်မှုတွေဟာ ခြေတံလက်တံ အင်မတန် ရှည်လျားကြီးမားလာတာကို တွေ့ရပါတယ်။ အခုဆိုရင် မြန်မာ့အရေးဟာ (၄) နှစ်တာကာလကို ချည်းနင်းဝင်ရောက်လာပြီဖြစ်ပါတယ်။ ဒီအချိန်မှာတော့၊ တရုတ်ဟာ ပန်းနေတဲ့ ကြက်တွေကို ခြင်းထဲ အသာကောက်ထည့်လိုက်ပါတော့တယ်။ ယခု အခြေအနေဟာ တရုတ်ရဲ့ ခြင်းတောင်းထဲမှာ မြန်မာစစ်တပ်ဟာ ခြေကုန်လက်ပန်းကျနေတဲ့ ပိဿချိန်စီး ကြက်ဖကြီးတစ်ကောင် ဖြစ်နေပါပြီ။

  • တရုတ်နိုင်ငံကတော့ အတက်ကြွဆုံးနဲ့ မြန်မာနိုင်ငံက ဖြစ်ထွန်းမှုတွေမှာ လွှမ်းမိုးနိုင်ဖို့ အကြိုးစားဆုံးပေါ့။ ထိုင်းနိုင်ငံကတော့ အပြောက ပိုများပါတယ်။ သူတို့ ဘာတွေလုပ်ဖို့ ကြိုးစားနေလဲဆိုတော့ စစ်တပ်ကို တဦးတည်းသော အင်အားကြီး ထိန်းချုပ်နိုင်သူ အဖြစ် အနိုင်ရဖို့ကို မလိုလားပါဘူး။ ပထမ အချက် ဒါက ဆုံးရှုံးပျက်စီးမှုတွေ များပြားမယ် ဆိုတာ နားလည်လို့ပါ။ နောက် ဒုတိယအချက်ကတော့ ဒါက မဖြစ်နိုင်တော့ဘူးဆိုတာ သူတို့ သိလာလို့ ဖြစ်ကောင်း ဖြစ်ပါမယ်။ တဖက်မှာလည်း စစ်တပ်ကို သူတို့ မရှုံးစေချင်ပါဘူး။ သူတို့ ဒီကစားပွဲကို ကစားနေကြတာပါ။ မြန်မာစစ်တပ်ကို အကျိုးအကြောင်း ဖျောင်းဖြနားချနိုင်ဖို့ ညှိနှိုင်းမှုတွေ လုပ်နိုင်ဖို့ စစ်တပ်ရဲ့ အားနည်းချက်ကို တနည်းအားဖြင့် အသုံးချဖို့ အခွင့်အရေးပဲလို့ သူတို့ မြင်ပါတယ်။ [Igor Blaževič]

ဆွေးနွေးချက် [၂]

၂၀၂၁ ခုနှစ် မတိုင်ခင်အချိန်တွေတုန်းကတော့၊ မြန်မာနိုင်ငံအတွင်းက လက်နက်ကိုင်အာဏာဝင်ရိုးတွေဟာ ဗဟိုဝင်ရိုးကြီးတစ်ချောင်းနဲ့ ဝင်ရိုးငယ်ပေါင်းများစွာ ဝန်းရံပြီး လည်ပတ်နေတဲ့ပုံစံပါ။ ဒါပေမယ့် အခု ၂၀၂၄ ခုနှစ်မှာတော့၊ မတိမ်းမယိမ်းရှိတဲ့ ဝင်ရိုးပေါင်းစုံနဲ့ လည်နေတဲ့ ပါဝါအမာ ဝင်ရိုးတွေတွေဖြစ်လာတယ်လို့ ပြောနိုင်ပါတယ်။ အထူးသဖြင့် ယခင်က ဝင်ရိုးငယ်အဆင့်အတန်းမှာ ရှိနေတဲ့ လက်နက်ကိုင်အဖွဲ့တွေဟာ အဆင့်မြင့်တက်လာပြီး၊ ယခင်က ဗဟိုဝင်ရိုးလို့ ခေါ်တဲ့ အလယ်ဝင်ရိုးက ချိနဲ့ အဆင့်နိမ့်သွားပြီး အချင်းချင်း ပုခုံးချင်းယှဉ်လာနိုင်တဲ့အနေအထားပါ။ မြန်မာစစ်တပ်ဟာ ပြည်မဒေသမှာပဲ ခြေကုတ်ယူစိုးမိုးနိုင်တဲ့ EAO အဖွဲ့ကြီးတစ်ဖွဲ့သာသာ ဖြစ်တယ်လို့ တရုတ်က မြင်လာပါတယ်။ မြန်မာစစ်တပ်ကို အနောက်ဘက်ကနေ ရက္ခိုင်တပ်နဲ့၊ မြောက်ဘက်မှာ ကချင်တပ်နဲ့၊ အရှေ့ဘက်မှာ ဝတပ်နဲ့၊ တောင်ဘက်မှာ ကရင်တပ်နဲ့ ပူးညှပ်ပိတ်ညှပ်လုပ်လိုက်ရင် မြန်မာစစ်တပ်ကို အသာအယာ ချိန်ခွင်လျှာထိန်းနိုင်လာတဲ့ အနေအထားပါ။ ဒါပေမယ့် တရုတ်က မြန်မာစစ်တပ်ကို လက်နက်ကိုင် EAO အဖွဲ့ကြီးတွေရဲ့ အကိုကြီးအဖြစ် သတ်မှတ်ပြီး၊ ဆက်ဆံနေတာကို တွေ့ရပါတယ်။ ဒါကလည်း တရုတ်အတွက် လုပ်ရကိုင်ရ လွယ်စေတဲ့ အနေအထားမို့၊ ခေါင်သူကြီးတစ်ယောက်ကို ရွေးလိုက်ခြင်းဖြစ်တယ်လို့ ပြောနိုင်ပါတယ်။ ၂၀၂၄ ခုနှစ်အတွင်းမှာတော့၊ တရုတ်ဟာ မြန်မာစစ်တပ်ရဲ့ အာဏာတရားဝင်မှုကို မသိမသာပြသလာတာတွေ့ရပါတယ်။ လက်နက်ကိုင်အကျပ်အတည်းကို (၃) နှစ်အတွင်း အပြင်းထန်ဆုံးဖိအားဒဏ်ခံပြီး ရုန်းထွက်လာတဲ့ မြန်မာစစ်တပ်ကို နှစ်သိမ့်ဆုနဲ့ ဇွဲဆုပေးလိုက်ခြင်းဖြစ်တယ်လို့ ပြောနိုင်ပါတယ်။ ရလဒ်ကို ကြည့်ရင်တော့ မြန်မာစစ်တပ်ဟာ တရုတ်ရဲ့ နိုင်ငံခြားရေးစမတ်ပါဝါ လုပ်ထုံးအကြားမှာ လူးလိမ့်ပညာပေး သိမ်းသွင်းခြင်း ခံလာရတာပါ။ စမတ်ပါဝါရဲ့ နည်းနာဆိုတာဟာ မုန့်ရယ်၊ တုတ်ရယ်ကို တစ်လှည့်စီ အသုံးပြုခြင်း မဟုတ်လား။ ဒီနည်းနဲ့ မြန်မာ့အရေးဟာ တရုတ်ခြေ တရုတ်လက်ထဲကို ပိုမိုဝင်ရောက်လာပြီး တရုတ်ရဲ့ အကျိုးစီးပွား အမြင့်မားဆုံး ချဲ့ထွင်နိုင်တဲ့အခြေအနေကို ရောက်လာတာတွေ့ရပါတယ်။ တရုတ်နဲ့ ဒေသတွင်းနိုင်ငံတွေရဲ့ ရှုမြင်ချည်းကပ်ပုံတွေဟာ မြန်မာ့ပြည်သူလူထုရဲ့ ဘေးဒုက္ခသံသရာကို ဆွဲဆန့်ပြီး၊ မြန်မာစစ်တပ်ကို အသက်ရှုပေါက်ချောင်စေတယ်လို့ မြင်နိုင်စရာ ရှိပေမယ့်၊ တရုတ်နဲ့ ဒေသတွင်းနိုင်ငံတွေအဖို့တော့ သူတို့ရဲ့ အကျိုးစီးပွား အခြေခံဒေါင့်ကနေ ကြည့်မြင်တာကြောင့် လက်တွေ့ကျကျ လုပ်ဆောင်တယ်လို့ ပြောနိုင်ပါတယ်။

  • အာဆီယံရဲ့ လုပ်ခဲ့တဲ့ ပြီးခဲ့တဲ့ သုံးနှစ်ကို ကြည့်ရင် အာဆီယံမှာ လုပ်နိုင်စွမ်း ရှိမယ်လို့ မထင်ပါဘူး။ အာဆီယံက မြန်မာ့ အကျပ်အတည်းကို ဖြေရှင်းဖို့ ကြိုးပမ်းတာ မဟုတ်ပါဘူး။ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး အာဆီယံကို ဗဟိုပြုထားတော့ သူ့ရဲ့ ပုံရိပ်ကို ကာကွယ်နိုင်ဖို့သာ ကြိုးစားနေတာပါ။ မြန်မာနိုင်ငံမှာ ဒုက္ခတွေရောက်၊ ဆုံးရှုံးပျက်စီးမှုတွေ ကြီးစွာ ကြုံတွေ့နေတာထက် အာဆီယံ အတွက်က သူ့ပုံရိပ်က အပိုအရေးကြီးနေပါတယ်။ အာဆီယံဟာ ဒီအလုပ်မဖြစ်နိုင်တဲ့ လုပ်ငန်းစဉ်ကိုပဲ ဆက်ပြီး တိုက်တွန်းနေမှာပါ။ [Igor Blaževič]

ဆွေးနွေးချက် [၃]

အီဂေါဗလာဇီဗစ်ဟာ မြန်မာ့အရေးမှာ အာဆီယံရဲ့ အလုပ်မဖြစ်မှုနဲ့ အရေးမပါမှု၊ မတွင်ကျယ်မှုကို မီးမောင်းထိုးပြသွားတာတွေ့ရပါတယ်။ တကယ်တော့ အာဆီယံကိုယ်၌က၊ အကန့်အသတ်တွေ အများကြီး ရှိနေသလို လုပ်နိုင်စွမ်း (စွမ်းဆောင်ရည်) အားဖြင့်လည်း ရုပ်ပြသဘောလောက်သာ ရှိပါတယ်။ အာဆီယံအဖွဲ့ဝင်နိုင်ငံအချင်းချင်း စည်းနှောင်အားကောင်းတဲ့ ပဋိညာဉ်ကျင့်ထုံးတွေ မရှိပါဘူး။ များသောအားဖြင့် [Non-interference principle] (တစ်နိုင်ငံရဲ့ ပြည်တွင်းရေးကို တစ်နိုင်ငံက ဝင်ရောက်မစွက်ဖက်ရေးမူ) အပေါ်မှာ အခြေခံရပ်ခံထားတာကြောင့်၊ မြန်မာ့ပြည်တွင်းရေးအပေါ် အာဆီယံရဲ့ လုပ်နိုင်စွမ်းက မျှော်လင့်နိုင်ဖွယ် မရှိပါဘူး။ အာဆီယံအနေနဲ့ ဒေသတွင်းမှာ၊ မြန်မာ့အရေးနဲ့ပတ်သက်ပြီး သိက္ခာမကျဖို့၊ အရိပ်မည်း မစွန်းထင်စေဖို့လောက်သာ ထိန်းထိန်းသိမ်းသိမ်း ပါဝင်တာမျိုး ရှိပါတယ်။ မြန်မာပြည်သူလူထုရဲ့ ဘေးဒုက္ခတွေဟာ အာဆီယံရဲ့ လုပ်ရပ်တွေကို “လျှာထုတ်ပြောင်ပြနေပါတယ်” ။ မြန်မာပြည်သူလူထုရဲ့ ဘေးဒုက္ခတွေဟာ အာဆီယံရဲ့ မူဝါဒတွေကို ဟားတိုက်ရယ်မောနေပါတယ်။ အာဆီယံရဲ့ မူနဲ့ လုပ်ရပ်တွေဟာ မြန်မာလူထုရဲ့ ဘေးဒုက္ခနဲ့ ယှဉ်ရင် မလောက်လေးမလောက်စား ဖြစ်နေပါတယ်။

  • ပိတ်ဆို့အရေးယူမှုတွေဟာ စစ်ပွဲတွေကို မရပ်တန့်နိုင်ပါဘူး။ အာဏာရှင်တွေကို ဖြုတ်ချမှာ မဟုတ်ပါဘူး။ ဒဏ်ခတ်ပိတ်ဆို့မှုတွေက နိုင်ငံရေးသတင်းစကား ပို့နေတာပါ။ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်နေတဲ့ နိုင်ငံတွေက ဘယ်သူ့ကို လက်ခံတယ်၊ ဘယ်သူကိုတော့ လက်မခံဘူးလို့ ပြောနေတာပါ။ ဒါက တချက်ပါ။ ဒုတိယအချက်မှာ ပိတ်ဆို့အရေးယူမှုတွေက အတိုင်းအတာတခုနဲ့ အာဏာရှင်စနစ်ရဲ့ စွမ်းဆောင်ရည်ကို ကန့်သတ်နိုင်ပါတယ်။ စစ်ပွဲ ဒါမှမဟုတ် ဖိနှိပ်မှုတွေကို ဆက်လက်လုပ်ဆောင်တာတွေကို ကန့်သတ်နိုင်ပါတယ်၊ ဒါပေမယ့် အာဏာရှင်ကို မဖယ်ရှားနိုင်ပါဘူး။ သူတို့ကို ကန့်သတ်မှုတော့ လုပ်နိုင်ပါတယ်။ ဒါပေမယ့် ဒဏ်ခတ်အရေးမှုတွေက ကစားပွဲကို ပြောင်းလဲစေတဲ့ Game Changer မဟုတ်ပါဘူး ။ ဥပမာအနေနဲ့ ကြည့်မယ်ဆိုရင်၊ အနောက်နိုင်ငံတွေက ရုရှားအပေါ် ချမှတ်ထားတဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေထက်၊ အီရန်အပေါ် အနောက်က ချမှတ်ထားတာတွေထက် ပိုပြင်းထန်တဲ့ ဒဏ်ခတ်ပိတ်ဆို့မှုဆိုတာ မရှိပါဘူး။ ဒါပေမယ့် ယူကရိန်းစစ်ပွဲကို ရပ်တန့်နိုင်လား။ အီရန်အစိုးရကို ဖြုတ်ချနိုင်လား။ မလုပ်နိုင်ပါဘူး။ ဒါက ပိတ်ဆို့မှု အရေးယူမှုမှာ ရှိတဲ့ အကန့်အသတ်တွေပါ။ [Igor Blaževič]

ဆွေးနွေးချက် [၄]

မြန်မာနိုင်ငံမှာ ဖြစ်နေတာက “ပြည်တွင်းစစ်” ပါ။ ဒါပေမယ့် ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကျင့်သုံးတဲ့ အနောက်နိုင်ငံကြီးတွေရဲ့ မြန်မာ့အရေးအပေါ် တုံ့ပြန်ပံ့ပိုးမှုက “မြန်မာစစ်တပ်ကို ဒဏ်ခတ်ပိတ်စို့အရေးယူတာ” နဲ့ “ဒုက္ခရောက်တဲ့ ပြည်သူလူထုကို လူသားခြင်းစာနာထောက်ထားမှု အကူအညီပေးတာ” တွေပဲဖြစ်ပါတယ်။ တစ်ဖက်မှာတော့ ပြည်သူလူထုရဲ့ သဘောထားအမြင်ကို မီဒီယာတွေ၊ အစိုးမရမဟုတ်တဲ့ အန်ဂျီအို အဖွဲ့အစည်းတွေရဲ့ သက်ရောက်မှုနဲ့ အရှေ့လေကို ဆန့်ကျင်နိုင်အောင် ကြိုးစားနေဆဲပါ။ ဒါတွေက အနောက်နိုင်ငံတွေအနေနဲ့ ၂၀၂၁ ခုနှစ်မတိုင်ခင်ကတည်းက လုပ်လာတဲ့ကိစ္စတွေပါ။ သိပ်ပြီး အသစ် မပါပါဘူး။ ယူကရိန်းနဲ့ အစ္စရေးကိစ္စဟာ အနောက်နိုင်ငံကြီးတွေနဲ့ ဥရောပနိုင်ငံတွေအတွက် တကယ့် ဖုတ်ပူမီးတိုက်အရေးပါ။ မြန်မာ့အရေးကိုတော့ အာဆီယံအပါအဝင် ထိုင်းနဲ့ တရုတ်၊ အိန္ဒိယတို့က ဒေသတွင်းအရေးအဖြစ် အချင်းချင်း ထိန်းကျောင်းကြလိမ့်မယ်လို့ လွှတ်ထားလိုက်ခြင်းဖြစ်ပါတယ်။ တကယ်တော့ အနောက်နိုင်ငံတွေရဲ့ အာဂျင်ဒါထဲမှာ မြန်မာ့အရေးတစ်ခုလုံးထက် ရိုဟင်ဂျာအရေးဟာ ပိုပြီး အရေးပါနေတာကို မီဒီယာတွေက မီးမောင်းထိုးပြတာတော့ မတွေ့ရပါဘူး။ လက်တွေ့မှာ မြန်မာပြည်သူလူထု အများစုက မြန်မာစစ်တပ်ကို ပြိုလဲစေချင်နေတာပါ။ ဒါပေမယ့် အနောက်နိုင်ငံတွေရဲ့ မြန်မာ့အရေး ပေါ်လစီကတော့ မြန်မာစစ်တပ်ကို ထိန်းချုပ်ကန့်သတ်ဖို့လောက်သာ ဖြစ်ပါတယ်။ မြန်မာစစ်အာဏာရှင်စနစ် ပြိုလဲရေးဟာ ပြည်ပက အနောက်နိုင်ငံတွေရဲ့ ပါဝင်ကူညီမှုကြောင့် ဖြစ်လာနိုင်တယ်ဆိုတာထက် ပြည်တွင်းက ပြည်သူလူထုရဲ့ လုပ်ရပ်နဲ့သာ တိုက်ရိုက်သက်ဆိုင်တယ်လို့ ပြောနိုင်ပါတယ်။ လက်ရှိ မြန်မာ့အရေးအပေါ် အနောက်နိုင်ငံတွေရဲ့ ကူညီပံ့ပိုးမှုတွေဟာ မြန်မာစစ်တပ်ကို တော်လှန်ရေးအင်အားစုတွေက လုံးဝ အနိုင်ပိုင်းနိုင်ဖို့အတွက် အထောက်အကူ ဖြစ်မနေပါဘူး။

  • ရုရှားက စစ်အာဏာရှင်တွေကို စစ်ရေးစွမ်းရည်မြှင့်တင်ဖို့ ကူညီပေးနေပါတယ်။ အိန္ဒိယဟာ စစ်ကောင်စီရဲ့ စစ်ရေး၊ စီးပွားရေးနဲ့ အုပ်ချုပ်မှု စွမ်းရည်ကို မြှင့်တင်ဖို့ ကြိုးစားနေပါတယ်။ ဆိုတော့ ရုရှားနဲ့ အိန္ဒိယက စစ်အစိုးရကိုသာ လောင်းကြေးထပ်ထားကြပါတယ်။ တရုတ်နိုင်ငံကတော့ မြန်မာနိုင်ငံကို တခြားနိုင်ငံတွေ မပါဘဲ သူ့ရဲ့ သြဇာလွှမ်းမိုးမှုနယ်ပယ်ထဲ ရှိစေချင်ပါတယ်။ ဒီလို ဖြစ်ဖို့ကို တရုတ်က စစ်တပ်ကို ဗဟိုအစိုးရအဖြစ် ဆက်လက်ရှင်သန် ရပ်တည်စေချင်ပါတယ်။ ဒါပေမယ့် အားနည်းတဲ့ ဗဟိုအစိုးရ အဖြစ်ပဲ ရှိစေချင်တာပါ။ တချိန်တည်းမှာပဲ နိုင်ငံထဲက တခြား နေရာ (အင်အားစုတွေမှာ) လည်း သြဇာလွှမ်းမိုးမှု ရယူထားပြီး အထိန်းအကွပ်နဲ့ မတည်မငြိမ် ဖြစ်နေအောင် လုပ်ဖို့ ကြိုးစားပါတယ်။ အဲဒါက တရုတ်ကစားနေတဲ့ ကစားပွဲပါ။ အာဆီယံကတော့ ဘာမှကို လုပ်မနေပါဘူး။ အမေရိကန်က လုပ်နေတာကတော့ အရပ်ဘက်အဖွဲ့အစည်းတွေကို ထောက်ပံ့ပြီး လူသားချင်းစာနာတဲ့ အကူအညီတွေ ပေးနေပါတယ်။ အဲဒါက အမေရိကန်နဲ့ ဥရောပသမဂ္ဂ နိုင်ငံတွေ လုပ်နေပါတယ်။ အဲဒါက ကောင်းပါတယ်။ ဒါပေမယ့် အဲဒါနဲ့တင် မလုံလောက်သေးပါဘူး။ [Igor Blaževič]

ဆွေးနွေးချက် [၅]

မြန်မာ့အရေးမှာ တရုတ်ဟာ King Maker ဆိုတဲ့ အခန်းကဏ္ဍကို ရောက်လာပြီး၊ ရုရှားနဲ့ အိန္ဒိယကတော့ မြန်မာစစ်တပ်ရဲ့ မိတ်ဖက်အဖြစ် ရှိနေတာကို တွေ့ရပါတယ်။ မြန်မာ့အရေးဟာ ၂၀၂၄ ခုနှစ်မှာ တရုတ်လက်တရုတ်ခြေ ဖြစ်လာတယ်လို့ ပြောနိုင်ပါတယ်။ မြန်မာ့ကံကြမ္မာဟာ တရုတ်ရဲ့ အစေစားခံဘဝကို တဖြည်းဖြည်း ရောက်ရှိလာခြင်းပါ။ ဒါဟာ အရှိပကတိဖြစ်ပါတယ်။ မြန်မာပြည်သူလူထုဟာ တရုတ်ရဲ့ ပေါ်လစီတွေအကြားမှာ ထုံးလိုချေ ရေလိုနှောက် ခံလာရမယ့်သဘောပါ။ တရုတ်ရဲ့ ဒဏ်ကိုလည်း မြန်မာပြည်က ပုံစံအမျိုးမျိုးနဲ့ ငုံ့ခံနေကြရမယ့်အနေအထားပါ။ အနောက်နိုင်ငံတွေရဲ့ အထောက်အပံ့ကို ရတဲ့ မီဒီယာတွေနဲ့ အန်ဂျီအိုတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေက မြန်မာ့အရေးမှာ အနောက်လေတိုက်နိုင်ဖို့ ကူညီအားထုတ်ပေးရတဲ့ သားကောင်းလေးတွေအဖြစ် ဆက်ပြီး ရှိနေပါလိမ့်မယ်။ ဒါပေမယ့် မြန်မာပြည်သူတွေကတော့ မြန်မာစစ်တပ်နဲ့ ပြည်တွင်းစစ်ရဲ့ ဘေးထွက်ဆိုးကျိုးဒဏ်တွေထဲမှာ အဖေခေါ်စရာ မရှိဖြစ်နေတဲ့ အနေအထားပါ။ အဲသည့်ထဲမှာ ကံကောင်းတာ တစ်ခုကတော့ မြန်မာစစ်တပ်ကို ဆန့်ကျင်တော်လှန်ပြီး လူမျိုးစုလွတ်မြောက်ရေးကို ဆောင်ကြဉ်းနိုင်တဲ့ လူမျိုးစုနယ်တွေထဲက ပြည်သူတွေကတော့ ကိုယ့်မင်းကိုယ့်ချင်းအုပ်ချုပ်မှု လက်အောက်ထဲမှာ ဒဏ်ရာအနာတရ သက်သာစရာ အကြောင်း ရှိနိုင်ပါတယ် ခင်ဗျား….။

မင်းသေ့

ညနေ ၆း၅၈

၁၆ ၊ မေလ ၊ ၂၀၂၄။

Previous post မြန်မာ့နွေဦး ၂၀၂၅ ဖြစ်နိုင်ခြေ (၄) ရပ် ဆန်းစစ်ချက်