မြန်မာ့နွေဦး ၂၀၂၅ ဖြစ်နိုင်ခြေ (၄) ရပ် ဆန်းစစ်ချက်

ဖြစ်နိုင်ခြေ [၁]

အချိုးမညီလွတ်မြောက်မှုနဲ့ အစွန်အဖျားနယ်များ။။

အချိုးမညီလွတ်မြောက်မှု အခြေအနေ။

  • နိုင်ငံတစ်ခုလုံးရဲ့ နယ်စပ်မျဉ်းနားတဝိုက် ဒေသတွေမှာ လက်လွှတ်ဆုံးရှုံးလိုက်ရတာတွေများလာပေမယ့် မြန်မာစစ်တပ်ဟာ အလယ်ပိုင်းနဲ့ ကမ်းရိုးတန်းဒေသတွေမှာ ခြေကုတ်ကို ခိုင်ခိုင်မာမာယူထားနိုင်ပြီး အာဏာကို အခိုင်အမာ ကာကွယ်ထားနိုင်တဲ့ အနေအထားမျိုးလည်းဖြစ်နိုင်ပါတယ်။ စကစဟာ EROs တွေရဲ့ လက်အောက်မှာ အနည်းနဲ့ အများရှိနေတဲ့ ပြည်နယ်တွေကို ခွာပြီး သူ့ရှိတဲ့အရင်းအမြစ်တွေကို စတုရန်းပုံ ပြည်မနယ်မြေကို ကာကွယ်ဖို့ ပုံအောတာမျိုးလည်းဖြစ်နိုင်ပါတယ်။[Igor Blaževič, 2024 May]

ယခုဆိုရင် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှု နောက်ဆက်တွဲအနေနဲ့၊ ဖြစ်ပေါ်လာတဲ့ ပြည်တွင်းစစ်ရဲ့ အရှိန်ဟာ အထွဋ်အထိပ်ကို ရောက်လာပြီလို့ ပြောနိုင်ပါတယ်။ နွေဦးတော်လှန်ရေးရဲ့ လက်နက်ကိုင်လမ်းစဉ်ဟာ (၃) နှစ်ကျော်၊ (၄) နှစ်အတွင်းကို ရောက်လာတဲ့ အချိန်လည်းဖြစ်ပါတယ်။ လက်နက်ကိုင်လမ်းစဉ်ဟာ မြန်မာနိုင်ငံအတွင်းမှာ မတူကွဲပြားတဲ့ ရေခံမြေခံရဲ့ အနေအထားတွေကြားထဲမှာ ရုန်းကန်နေရတာဖြစ်ပါတယ်။ ဒါ့ကြောင့်လည်း မတူညီတဲ့ ခုခံတော်လှန်စစ်ရလဒ်တွေနဲ့ မတူညီတဲ့ လူမျိုးစုလွတ်မြောက်ရေးတိုက်ပွဲ သဏ္ဍာန်တွေကို လူမျိုးစုနယ်အသီးသီးမှာ ပုံစံအမျိုးမျိုးနဲ့ တွေ့မြင်နေရတာဖြစ်ပါတယ်။ ကျနော်တို့ အနေနဲ့ ဗဟိုချက်မ, နယ်တွေနဲ့ အစွန်အဖျားနယ်တွေရယ်လို့ အကြမ်းဖျင်းအားဖြင့် ခွဲခြားကြည့်မြင်နိုင်ပါတယ်။ များသောအားဖြင့်တော့ ပြည်မနဲ့ တောင်တန်းဒေသကို အကြမ်းဖျင်း ခွဲခြမ်းကြည့်သလို ဖြစ်ပါတယ်။ လာမယ့် ၂၀၂၅ ခုနှစ်မှာ ဖြစ်ထွန်းမယ့် ပုံစံဟာ အချိုးမညီလွတ်မြောက်မှုတွေ ယခုထက် ပိုမိုပြီးတော့ ပီပြင်လာနိုင်ပါတယ်။ ဒီလို အချိုးမညီလွတ်မြောက်မှုတွေဟာ အစွန်အဖျားနယ်တွေ (တနည်း) တောင်တန်းနယ်တွေဘက်မှာ ရာခိုင်နှုန်း အချိုးအစားကြီးစွာနဲ့ ဖြစ်ထွန်းမယ့်ပုံစံ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ နယ်နိမိတ်ဧရိယာတစ်ခုလုံးဟာ အားလုံးတစ်ပြေးညီ ပုံစံတစ်မျိုးတည်း အပြိုင် တက်လာရိုးထုံးစံ မရှိပါဘူး။ မြန်မာစကားပုံ ဆိုရိုးတွေထဲမှာ “တစ်ကျောင်း တစ်ဂါထာ၊ တစ်ရွာ တစ်ပုဒ်ဆန်း” ဆိုတဲ့ စကား ရှိပါတယ်။ ဒါ့အပြင်၊ မြန်မာစကားမှာ “သူ့သဘော သူဆောင်တယ်” ဆိုတဲ့စကားလည်း ရှိနေပါတယ်။ မြန်မာနိုင်ငံနယ်နိမိတ်ဧရိယာထဲက လူမျိုးစုနယ်တွေနဲ့ ခုခံတော်လှန်ရေးနယ်မြေတွေဟာ အချိုးမညီစွာနဲ့ သူ့သဘော သူဆောင်ပြီး လွတ်မြောက်ရေးအတွက် မတူညီတဲ့ ရလဒ်တွေနဲ့ ဖြစ်ထွန်းလာနေတဲ့ အခြေအနေကို တွေ့လာရပါတယ်။ ရက္ခိုင်၊ ချင်း၊ ကချင်၊ တအာင်း၊ ကိုးကန့်၊ ဝ၊ ရှမ်း၊ ပအိုဝ်း၊ ကရင်နီ၊ ကရင်နဲ့ မွန်တို့မှာ သီးခြားမတူညီတဲ့ ရေခံမြေခံတွေ ရှိနေပါတယ်။ ဒီလိုလူမျိုးစုနယ်တွေဟာ မတူညီတဲ့ လွတ်မြောက်မှု ဒီဂရီတွေကို အသီးသီး ဖော်ညွှန်းပြသနေပါတယ်။ အားလုံးသော အခြေအနေတွေဟာ မတူညီသော ခုခံတော်လှန်ရေးရလဒ်တွေကို ပြသပါတယ်။ ကျနော်တို့ဟာ လာမယ့် ၂၀၂၅ ခုနှစ်အတွင်းမှာ မတူညီသော လွတ်မြောက်မှု ဒီဇိုင်း – ဒီဂရီတွေဟာ အသီးသီး ထင်ရှားလာမယ့်သဘောပါ။ ဒါပေမယ့် ဗဟိုချက်မ,နယ် (သို့မဟုတ်) ပြည်မနယ်တွေကတော့ မြန်မာစစ်တပ်ရဲ့ ထိန်းချုပ်မှုအောက်မှာ တဖြည်းဖြည်း ဝက်အူရစ်တင်းပြီး ခံလာရမယ့်သဘောကို တွေ့ရပါတယ်။ ပြည်မနယ်တွေထဲမှာ မြန်မာစစ်တပ် ထိန်းချုပ်နိုင်တဲ့ နေရာတွေ ရှိသလို၊ မြန်မာစစ်တပ် ဒုက္ခပေးနိုင်တဲ့ နေရာ အနှံ့အပြား ရှိနေဆဲပါ။ ပြည်မဒေသဟာ အလုံးစုံသော လွတ်မြောက်ရေးကို လာမယ့် ၂၀၂၅ ခုနှစ်အတွင်းမှာ ကြံဆောင်နိုင်မယ့် အနေအထားမှာ မရှိပါဘူး။ လာမယ့် ၂၀၂၅ ခုနှစ်မှာ ပြည်မဒေသဟာ ပုန်ကန်နိုင်စွမ်းနဲ့ ခုခံတော်လှန်နိုင်စွမ်းကို ဆွဲဆန့်နိုင်သမျှ ဆွဲဆန့်နိုင်အောင် ကြိုးစားရတဲ့အနေအထားမှာပဲ ရှိနေအုံးမယ်လို့ ယူဆနိုင်ပါတယ်။ တတ်နိုင်သမျှ လက်နက်အားဖြင့် ခုခံတော်လှန်ရေးကိုယ်ခံအားကို တောင့်ခံထားရတဲ့အနေအထားမှာပဲ ဆက်ပြီး ရှိနေပါလိမ့်မယ်။ အကြောင်းကတော့ မြန်မာစစ်တပ်ဟာ သူ မနိုင်,နိုင်တော့ဘူးလို့ ယူဆရတဲ့ တောင်တန်းနယ်တွေနဲ့ အစွန်အဖျားနယ်တွေကို လက်လွှတ်လိုက်ပြီး ဗဟိုချက်နဲ့ ပြည်မဒေသကို သူ့ရဲ့ အရင်းအမြစ်အားလုံးကို ပုံအောပြီး ခံစစ် (တနည်း) ခံတပ်နယ်တွေအဖြစ် ပြောင်းလဲပစ်လိုက်ဖို့ အလားအလာ ရှိပါတယ်။ အီဂေါဗလာဇီဗစ်ရဲ့ အလိုအရ၊ [ဒီမြန်မာနိုင်ငံအလယ်ပိုင်းက မုံရွာ၊ မန္တလေး၊ ပြင်ဦးလွင်၊ တောင်ကြီးကနေ စလို့ ပုဂံ၊ မိတ္ထီလာ၊ မကွေး၊ နေပြည်တော်အလယ်၊ တောင်ဘက်ကို ဆင်းရင် ပြည်၊ ပဲခူး၊ ပုသိမ်၊ ရန်ကုန်နဲ့ မော်လမြိုင်တို့အထိလောက်အထိ] လို့ ပြောနိုင်ပါလိမ့်မယ်။

  • ဒီစတုရန်းနယ်မြေမှာ မြို့တော်ကြီးတွေနဲ့ နိုင်ငံရေးအရ အချက်အချာ(နေပြည်တော်)နဲ့ စီးပွားရေး အချက်အချာ (ရန်ကုန်)၊ အဓိက လေယာဉ်ကွင်းကြီးတွေနဲ့ ဆိပ်ကမ်းတွေ၊ နိုင်ငံတော်ရဲ့ အဆောင်အယောင်တွေဖြစ်တဲ့ ဗဟိုဘဏ်၊ ဆက်သွယ်ရေး လမ်းကြောင်းတွေကို ထိန်းနိုင်တဲ့ ဗဟိုချက်တွေ၊ နိုင်ငံကူးလက်မှတ်နဲ့ ဗီဇာထုတ်ပေးရတဲ့ လုပ်ငန်းတွေ၊ နိုင်ငံခြားသံရုံးတွေ ရှိနေကြဦးမှာပဲ။ [Igor Blaževič, 2024 May]

လာမယ့် ၂၀၂၅ ခုနှစ်အတွင်းမှာ ဖြစ်ထွန်းလာမယ့် အလားအလာတွေထဲမှာ၊ အဖြစ်နိုင်ဆုံးသော အလားအလာလို့ ပြောနိုင်ပါတယ်။ အချိုးမညီလွတ်မြောက်မှုတွေနဲ့ လူမျိုးစုဒေသအသီးသီးမှာ မတူညီတဲ့ မိုဒယ်တွေနဲ့ ဗဟိုအာဏာစက်ကနေ ကင်းလွတ်တဲ့ မတူကွဲပြားတဲ့ ကိုယ့်မင်းကိုယ်ချင်းစနစ်တွေ ပေါ်ပေါက်လာခြင်းဖြစ်ပါတယ်။ အဲသည့်ထဲမှာ ဝနယ်ဟာစနစ်အကျဆုံးနဲ့ အင်အားအတောင့်တင်းဆုံး ကိုယ့်မင်းကိုယ်ချင်းစနစ်နဲ့ ရှိနေလိမ့်မယ်။ ရက္ခိုင်ကတော့ ရရှိထားတဲ့ ရက္ခိုင်လွတ်မြောက်ရေးနယ်မြေတွေမှာ ကိုယ့်မင်းကိုယ်ချင်းစနစ်ကို ထူထောင်ပြီး မတူညီတဲ့ မိုဒယ်တစ်မျိုးနဲ့ အာရက္ခဒေသကို ပုံဖော်တည်ဆောက်နေလိမ့်မယ်။ ချင်းကတော့ ခုခံတော်လှန်စစ်ရလဒ်ကောင်းတွေ အမြင့်ဆုံးဖန်တီးနိုင်ပေမယ့် နိုင်ငံရေးအရ အမျိုးသားရေးအရ စုစည်းနိုင်မှုမှာ အကန့်အသတ်တွေ အကွဲအပြဲတွေနဲ့ ကြုံပြီး တစ်စုတစ်စည်းတည်း၊ တစ်ဖွဲ့တည်းက ဦးစီးပြီး မလုပ်နိုင်သေးမယ့်သဘောကို တွေ့နေရပါတယ်။ ကချင်ကတော့ နဂိုမူလထက် စီရင်ခွင့်ဧရိယာကျယ်ဝန်းတဲ့ နယ်မြေကို ပိုင်ဆိုင်ထားပြီး ဗမာနယ်စပ်နဲ့ ရှမ်းနယ်စပ်တွေမှာ buffer zone တွေ ခံထားပြီး သူတို့ရဲ့ ကချင်အမျိုးသားအာဏာကို အောက်ခြေအထိ မာကျောအောင် တည်ဆောက်ဖို့ အချိန်တစ်ခု ယူနေလိမ့်မယ်။ တအာင်းကတော့ ရရှိထားတဲ့ မြို့ (၇) မြို့မှာ တည်ငြိမ်ရေးကို ထိန်းထားပြီး အုပ်ချုပ်ရေးကို စနစ်ကျအောင် အသားကျအောင် တည်ဆောက်ဖို့ အချိန်အတိုင်းအတာ တစ်ခုအထိ ယူလာမယ့် ဒေသဖြစ်လာလိမ့်မယ်။ ကိုးကန့်ကတော့ တည်ငြိမ်ရေးနဲ့ အုပ်ချုပ်ရေးကို ထိန်းထားပြီး ကုန်သွယ် စီးပွား ကူးလူးလို့ကောင်းမယ် နယ်စပ်ဧရိယာအဖြစ် ရှိနေပြီး ရလာတဲ့ ဘဏ္ဍာငွေနဲ့ သူတို့ စစ်အင်အားကို မာသထက်မာအောင် တည်ဆောက်ဖို့ ကြိုးစားနေလိမ့်မယ်။ ရှမ်းနယ်တွေကတော့ တည်ဆဲအနေအထားအတိုင်း ပိုနေမြဲ ကျားနေမြဲ နေရင်းနဲ့ ရှမ်းပြည်အတွင်းက အားကောင်းလာတဲ့ လူမျိုးစုငယ်တွေရဲ့ စစ်ရေးအင်အားကို ထိတ်လန့်စွာ စောင့်ကြည့်ရင်း ရှမ်းအမျိုးသားရေးမာန်တွေကို ထက်အောင် သွေးနေရအုံးမယ် ကာလ ဖြစ်ပါလိမ့်မယ်။ တော်လှန်ပအိုဝ်းတွေကတော့ ဦးအောင်ခမ်းထီ ဦးဆောင်တဲ့ ပအိုဝ်း (မဘသ) အင်အားစုနဲ့ ဆက်လက်အားပြိုင်နေအုံးမယ့်သဘောကို တွေ့နေရပါတယ်။ ကရင်နီတွေကတော့ စစ်နိုင်ဒေသတွေကို ချဲ့ထွင်ထားနိုင်ပေမယ့် အုပ်ချုပ်ရေးကို အသားကျအောင် မတည်ဆောက်နိုင်သေးဘဲ တော်လှန်ပုန်ကန်နယ်တွေကို လူများများနဲ့ ဖြန့်ထားနိုင်တဲ့အခြေအနေမှာပဲ ရှိနေအုံးမယ်လို့ ယူဆရပါတယ်။ ကရင်နယ်တွေကတော့ ကရင်မိုဒယ်အတိုင်းပဲ ဆက်ပြီး ဖြစ်နေပါလိမ့်မယ်။ ကရင်မိုဒယ်ဆိုတာကတော့ အပြုသဘောဆောင်တဲ့စကားလုံးနဲ့ ပြောရင် decentralization ဖြစ်တယ်လို့ ပြောတယ်။ နည်းနည်း အပျက်သဘောပြောမယ်ဆိုရင်တော့ အဖွဲ့တွေက ဗြုတ်စဗျင်းတောင်းနဲ့ ဖြစ်နေတဲ့ပုံစံလို့ ပြောလို့ရပါတယ်။ မွန်တွေကတော့ ယခင်ကတည်းက ယဉ်ကျေးမှုအစဉ်အလာသမိုင်း ကြီးမြင့်ခဲ့တာကြောင့် aggressive ဖြစ်တဲ့စစ်ရေးရန်လိုမှုတွေကို မွန်လူ့အဖွဲ့အစည်းထဲမှာ ထိန်းထားပြီး တစ်ဖက်မှာလည်း စစ်ရေးလှုပ်ရှားဒေသ တချို့ ရှိနေမယ့်အနေအထားပါ။ အဲသည့်ထဲမှာ ဗမာပြည်မနဲ့ အညာဒေသကတော့ မြန်မာစစ်တပ်ရဲ့ ထိန်းချုပ်လက်အောက်ထဲ ရောက်မသွားဘဲ၊ မြန်မာစစ်တပ်က ဆက်လက် ဒုက္ခပေးနေမယ့် နယ်တွေအဖြစ်သာ မြင်လာရဖို့ ရှိပါတယ်။ အဖွဲ့ပေါင်းများစွာနဲ့ သောင်းပြောင်း ရောထွေးနေတဲ့ ပြည်မနယ်ထဲက အဖွဲ့ငယ်တွေဟာ ပတ်တုပ်စီမံလို့ မရအောင် ဆက်လက် ဖြစ်ပေါ်နေပြီး ကိုယ့်နည်းကိုယ့်ဟန်နဲ့ အာခံ ဖီဆန် တော်လှန်ခြင်းကို ဆက်လက်လုပ်ဆောင်နေလိမ့်အုံးမယ်လို့ ယူဆရပါတယ်။

ဖြစ်နိုင်ခြေ [၂]

မြန်မာ့အရေး တည်ငြိမ်ရေး ဘက်ပေါင်းစုံက အပြိုင် ကြားဝင်စေ့စပ်ခြင်း ရလဒ် ပေါ်ပေါက်လာခြင်း။

အချိုးမညီတည်ငြိမ်ရေး အရွေ့ – အခြေအနေ။

  • အောက်တိုဘာ ၂၀၂၃ ကနေ စလို့ အပြင်းအထန်ရင်ဆိုင်တိုက်ခဲ့ရတဲ့ စစ်ကာလဟာလည်း နည်းနည်း ကြာလာပြီမို့ လူတိုင်းဟာ ခြေကုန်လက်ပန်းကျလာနိုင်တဲ့ အခြေအနေလည်း ဖြစ်လာနိုင်ပါတယ်။ တိုက်နေတဲ့ အစုအဖွဲ့တွေအားလုံးကလည်း မိမိတို့ရသလောက် ရပြီးပြီဖြစ်တာမို့ စစ်ဆင်ရေးတွေ အပူတပြင်း မလုပ်တော့ဘဲ လျှော့ချလိုက်ဖို့ ပြင်လာနိုင်ကြပါတယ်။ ဒီလိုစစ်ပွဲတွေဘက်ကနေ တခြားဘက်ကို လည်သွားဖို့ အင်အားကြီးတစ်စုတစ်ဖွဲ့က စလုပ်လိုက်ပြီဆိုတာနဲ့ တခြားတစ်ဖွဲ့ကလည်း သူ့အနောက်ကို လိုက်ဖို့ မခက်တော့ပါဘူး။ တခြားလူတွေကလည်း ဒီအတိုင်း လိုက်လုပ် လာနိုင်ကြပါတယ်။ [Igor Blaževič, 2024 May]

အခု ၂၀၂၄ ခုနှစ်မှာ၊ မြန်မာ့ပြည်တွင်းစစ် ဇာတ်ရှိန်ကို ဇက်ပိုးသပ်နိုင်ဖို့ ဒေသတွင်းနိုင်ငံတွေက ပုံစံအမျိုးမျိုးနဲ့ ကြိုးစားနေခြင်းဖြစ်ပါတယ်။ အဲသည့်ထဲမှာ တရုတ်ရဲ့ ကြားဝင်မှုကတော့ လက်တွေ့လည်း ကျသလို ထိရောက်မှုလည်း ရှိတာတွေ့ရပါတယ်။ ဒါပေမယ့် တစ်နိုင်ငံလုံးမှာ မတူညီတဲ့ အုပ်စုမျိုးကွဲ‌တွေ အပြိုင်ဖြစ်ထွန်းနေပြီး သူ့သဘော သူဆောင် လှုပ်ရှားနေကြတဲ့ ဖြစ်စဉ်တစ်ခုလုံးကို တရုတ်အနေနဲ့ ပိုင်ပိုင်စီးစီး လုပ်ကိုင်နိုင်ဖို့အတွက် အကန့်အသတ် ရှိပါတယ်။ ကြားဝင်စေ့စပ်ရေးအတွက် လောဆော်လာသူတွေကတော့ ထိုင်း၊ အာဆီယံနဲ့ ဂျပန်တို့ ဖြစ်ပါတယ်။ မြန်မာ့အရေးကို တည်ငြိမ်အောင် ဒေသတွင်းနိုင်ငံတွေရဲ့ ကြားဝင်မှုနဲ့ မဟာဗျူဟာ ရွေးချယ်မှုတွေက မတူညီကြပါဘူး။ အဲသည့်ထဲမှာ အာဆီယံမိုဒယ်၊ တရုတ်မိုဒယ်နဲ့ ထိုင်းရဲ့ ဒီဇိုင်းတွေက မတူကွဲပြားတာကို တွေ့ရပါတယ်။ လာအိုကတော့ သူကိုယ်တိုင်က ချိနဲ့အားပျော့နိုင်ငံတစ်ခုဖြစ်တာကြောင့် မြန်မာ့အရေးနဲ့ပတ်သက်ပြီး တွန်းတွန်းတိုက်တိုက် ကြားဝင်ကူညီဖို့ဆိုတာ မမျှော်လင့်နိုင်ပါဘူး။ ဘင်္ဂလားဒေ့ရှ်နိုင်ငံကတော့ ဗဟိုအစိုးရနဲ့ သံတမန် မပြတ် ဆက်ဆံရေးကို လုပ်ဆောင်နေပြီး၊ ရိုဟင်ဂျာ (ဘင်္ဂါလီ) အရေးနဲ့ပတ်သက်ရင်တော့ Local politics အရ ရက္ခိုင့်တပ်တော် (အာရက္ခတပ်တော်) နဲ့ ပြောဆိုရတာတွေ ရှိနိုင်ပါတယ်။ အဲသည့်ထဲမှာ ထူးခြားတာကတော့ အိန္ဒိယဖြစ်ပါတယ်။ မြန်မာ့အရေးနဲ့ပတ်သက်ပြီး အိန္ဒိယကို လေ့လာကြည့်ရင် အခြေခံအားဖြင့် အကြမ်းဖျင်း (၂) မျိုးတွေ့နိုင်ပါတယ်။ တစ်ခုကတော့ အိန္ဒိယနဲ့ မြန်မာအကြား [G to G] (Government to Government) နိုင်ငံတော်အဆင့်မှာ ဆက်ဆံရေးကိစ္စပါ။ အဲသည့်ထဲမှာ အိန္ဒိယစစ်တပ်နဲ့ မြန်မာစစ်တပ်အကြား စစ်ရေးပူးပေါင်းမှုတွေလည်း ပါဝင်ပါတယ်။ ဒါပေမယ့် local level မှာတော့ ပြည်နယ်အစိုးရတွေရဲ့ ကူညီဆောင်မ,မှု ဖြစ်ပါတယ်။ မြန်မာဘက်အခြမ်းက လျှံကျလာတဲ့ စစ်ဘေးဒုက္ခသည်တွေနဲ့ မြန်မာ့အရေး လှုပ်ရှားသူ‌တွေကို အိန္ဒိယဘက်က ပြည်နယ်အစိုးရတွေရဲ့ ကူညီဆောင်မ,မှု ဖြစ်ပါတယ်။ ဒါကလည်း အသွင်တစ်မျိုးဖြစ်ပေမယ့် မြန်မာ့အရေးနဲ့ပတ်သက်ပြီး အိန္ဒိယရဲ့ သဘောထားကလည်း တည်ငြိမ်ရေးကို ရှေ့ရှုစေလိုတဲ့သဘောပါ။  မြန်မာ့အရေးနဲ့ပတ်သက်ပြီး အိမ်နီးချင်းနိုင်ငံတွေ မတူကွဲပြားတဲ့ ချည်းကပ်လုပ်ဆောင်မှုတွေ ရှိပေမယ့် သူတို့အားလုံး လိုလို၊ ဆန္ဒရှိတာကတော့ မြန်မာ့ပြည်တွင်းစစ်ကို ဇက်ပိုးသပ်နိုင်ရေးနဲ့ တည်ငြိမ်ရေးပဲဖြစ်ပါတယ်။ ပြည်တွင်းစစ်ကို ဇက်ပိုးသပ်နိုင်ဖို့ဟာ လောလောဆယ်အားဖြင့် အပစ်အခတ် ရပ်စဲကြဖို့ဖြစ်ပါတယ်။ ထို့နောက် စေ့စပ်ညှိနှိုင်းရေးဖိုရမ်တစ်ခု ပေါ်လာပြီး နိုင်ငံရေးစကား ပြောဆိုပြီး နိုင်ငံရေးနည်းနဲ့ ဆွေးနွေးအဖြေရှာဖို့ဖြစ်ပါတယ်။ စစ်ဘောင်ကို ကျုံ့စေပြီး နိုင်ငံရေးဘောင်ကို ပြန်လည် ပွင့်လန်းစေခြင်းအားဖြင့် မြန်မာ့အရေးမှာ လက်နက်ကိုင်ပဋိပက္ခရဲ့ တန်ပိုကိုလျော့ချဖို့ဖြစ်ပါတယ်။ လက်နက်ကိုင်ပဋိပက္ခရဲ့ တန်ပိုကို လျော့ချနိုင်ခြင်းအားဖြင့် ဒေသတွင်းနိုင်ငံတွေက ဝန်ပိုထမ်းထားရတဲ့ ဒုက္ခသည်ဦးရေ အရွှေ့အပြောင်း ပမာဏကို လျော့ချနိုင်ပါလိမ့်မယ်။ ဒါဆိုရင် အိမ်နီးချင်းနိုင်ငံတွေရဲ့ မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ ဒုက္ခပိုတွေကို လျော့ချနိုင်မယ်။

  • ပဋိပက္ခ လျော့ကျလာတဲ့အခြေအနေကို နိုင်ငံတကာနဲ့ ဒေသတွင်းနိုင်ငံတွေက အပစ်အခတ် ရပ်စဲရေးအတွက် ညှိနှိုင်းမှုတွေ ပေါ်လာအောင်ဆက်ပြီး တွန်းကြပါလိမ့်မယ်။ တချို့ကတော့ အာဏာကို မျှပြီး ခွဲဝေသုံးစွဲရေး သဘောတူညီချက်အသစ်တွေ ထွက်အောင်လုပ်ဖို့ တွန်းကြမှာဖြစ်ပါတယ်။ [Igor Blaževič, 2024 May]

မြန်မာ့ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခဟာ ဒေသတွင်းနိုင်ငံတွေရဲ့ အမျိုးသားလုံခြုံရေးကို တိုက်ရိုက်ထိပါးလာခြင်းဟာ ပြည်တွင်းရေးအတွက် တကယ့် အချိုးအကွေ့ဖြစ်စေဖို့ အကြောင်းတရားတစ်ခု ဖြစ်နိုင်ပါတယ်။ အထူးသဖြင့် တရုတ်နိုင်ငံ၊ ထိုင်းနဲ့ အိန္ဒိယနိုင်ငံတို့ဟာ သူတို့ရဲ့ အမျိုးသားလုံခြုံရေးကို ထိပါးလာတဲ့ အခြေအနေအထိ ခံစားလာကြရပါတယ်။ အဲသည့်အထဲမှာ မြန်မာ့အရေးနဲ့ပတ်သက်ပြီး proactive အဖြစ်ဆုံးကတော့ တရုတ်ဖြစ်ပါတယ်။ ဒီနိုင်ငံတွေမှာ၊ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး မတူညီတဲ့ အကျိုးစီးပွားကွင်းဆက်တွေ ရှိနေပေမယ့် မြန်မာ့အရေးဟာ အပျက်ပျက်နဲ့ နှာခေါင်းသွေးထွက်ရမယ့်အဖြစ်ဆိုတာကို နားလည်နေကြလို့၊ မြန်မြန်ဆန်ဆန် ကလနားသပ်နိုင်ရေးကို ဦးစားပေး လုပ်ဆောင်နေကြတာဖြစ်ပါတယ်။ သည့်ထက်ဆိုးလာရင်၊ တရုတ်ဟာ စစ်ရေးအင်အားနဲ့ ကြားဝင်ဖို့လည်း ဝန်မလေးဘူးဆိုတာကို အရိပ်အယောင်အားဖြင့် ပြသနေတာတွေ့ရပါတယ်။ ဒါဟာ အလွန်အကဲဆတ်တဲ့ပွိုင့်ဖြစ်ပါတယ်။ ဒါ့ကြောင့် မြန်မာစစ်တပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းကြီးတွေကို စေ့စပ်ညှိနှိုင်းရေးလမ်းကြောင်းပေါ် တင်နိုင်ဖို့ အပြိုင် ကြိုးစားလာခြင်းဖြစ်ပါတယ်။ စစ်ရေးလှုပ်ရှားမှုနောက်ဆက်တွဲအနေနဲ့ နယ်မြေဝေခြမ်းပြီး အပစ်အခတ်ရပ် – စေ့စပ်ကြပြီး တည်ငြိမ်ရေးကို ထိန်းသိမ်းဖို့ ဖြစ်ပါတယ်။ အဲသည့်ချည်းကပ်မှုဟာ လောလောဆယ်အားဖြင့် ရှမ်းပြည်နယ်မြောက်ပိုင်းက တအာင်း၊ ကိုးကန့် နဲ့ ရက္ခိုင်ပြည်နယ်က ရက္ခိုင့်တပ်တော် တို့က နမူနာကောင်း ဖြစ်လာနေပါတယ်။ အဖွဲ့တွေ ကသောင်းကနင်းနဲ့ ဗြုတ်စဗျင်းတောင်းဖြစ်နေတဲ့ ကော်သူးလေဧရိယာအပါအဝင် ဆက်စပ်အဖွဲ့တွေကတော့ ဒီလို နမူနာကောင်းဖြစ်လာနိုင်ဖို့ သိပ်မမျှော်လင့်နိုင်ပါဘူး။ ဒါပေမယ့် ဘယ်လိုပဲ မတူညီတဲ့အခင်းအကျင်းတွေ ရှိသည်ဖြစ်စေ၊ ဒေသတွင်းနိုင်ငံတွေကတော့ တည်ငြိမ်ရေးကို ရှေ့ရှုစေဖို့ လိုလားကြပါတယ်။ ဒါ့ကြောင့်လည်း မြန်မာ့အရေးနဲ့ပတ်သက်ပြီး အဓိက ကျတဲ့ အစုအဖွဲ့တွေကို အပြိုင် ဘက်ပေါင်းစုံကနေ ချည်းကပ်ပြီး ကြိုးစားနေကြတာတွေ့ရပါတယ်။ ဒီလို ကြိုးစားမှုတွေဟာ ၂၀၂၅ ခုနှစ်မှာတော့ အတော်အတန် ရလဒ်ပေါ်လာနိုင်စရာ ရှိပါတယ်။ မြန်မာ့ပြည်တွင်းရေးဟာ ဒီမိုကရေစီလည်း အခရာ မဟုတ်၊ ဖက်ဒရယ်ဆိုတာကတော့ သူ့နည်းသူ့ဟန်နဲ့ ပုံစံမကျ ပေါ်ပေါက်လာမယ့် အခြေအနေဖြစ်ပါတယ်။ အဲသည့်ထဲမှာ တည်ငြိမ်ရေးနဲ့ သူ့နည်းသူ့ဟန် ဖက်ဒရယ်ပုံစံက ယှဉ်တွဲပြီးလာနိုင်တဲ့ ပုံစံပါ။ ဖြစ်နိုင်ခြေ နံပါတ် (၁) မှာ ဖော်ပြထားတဲ့ အချိုးမညီလွတ်မြောက်မှု ရလဒ်တွေဟာ မတူညီတဲ့ ဒီဇိုင်းတွေနဲ့ အပြိုင်းအရိုင်းပေါ်လာမယ့် သူ့နည်းသူ့ဟန် ဖက်ဒရယ်ပုံစံ အာဏာခွဲဝေမှုတွေပါ။ ဒီလိုအခြေအနေမျိုးကိုဟာ တည်ငြိမ်ရေးကို တစ်စုံတစ်ရာ ရအောင် ညှိယူပြီး ဖန်တီးကြရမယ့်ပုံစံဖြစ်ပါတယ်။ ဒါပေမယ့် လိုလားချက်နဲ့ ပြင်းပြမှု မတူညီတဲ့ လူမျိုးစုလက်နက်ကိုင်အဖွဲ့တွေဖြစ်တာကြောင့် အချိန်အားဖြင့် တစ်ပြိုင်နက်တည်း အတူဖြစ်ထွန်းဖို့ ခက်ပါလိမ့်မယ်။ လောလောဆယ်အားဖြင့် ပြောနိုင်တာကတော့ ရက္ခိုင်၊ ကချင်၊ တအာင်း၊ ကိုးကန့်နဲ့ ရှမ်းတို့ကတော့ ဖြစ်တန်ခြေ မျှော်လင့်နိုင်မယ်လို့ ပြောနိုင်ပါတယ်။ ကရင်နီ၊ ကရင်နယ်တွေနဲ့ မွန်ဒေသ တချို့ကတော့ ၂၀၂၅ ခုနှစ်မှာလည်း တည်ငြိမ်ရေးကို ထိန်းမထားနိုင်သေးဘဲနဲ့ ဆက်လက်ပြီး ကသောင်းကနင်း နှစ်နဲ့ ကြုံရနိုင်ဖွယ် ရှိပါတယ်။ ၎င်းနယ်တွေကတော့ ၂၀၂၅ အလွန်ကျမှ အခြေအနေမှန်ကို နားလည်ပြီး တဖြည်းဖြည်းနဲ့ တည်ငြိမ်ရေးဘက်ကို ရွေ့လာနိုင်မယ့် အခြေအနေရှိနေပါတယ်။ အချိုးမညီတည်ငြိမ်မှုဆိုတဲ့နေရာမှာ၊ ကွက်ကြားတည်ငြိမ်မှုကို ထိန်းထားနိုင်တဲ့ အခြေအနေတွေလည်း တွေ့နိုင်ပါတယ်။ အဲဒါကတော့ လွတ်မြောက်ဒေသဖြစ်လို့ တည်ငြိမ်တာ မဟုတ်ဘဲနဲ့ မြန်မာစစ်တပ်ရဲ့ ထိန်းချုပ်ဒေသဖြစ်လို့ ငြိမ်ဝပ်ပိပြားအောင် ထိန်းထားနိုင်ခြင်းကြောင့် တည်ငြိမ်နေတဲ့ အခြေအနေပါ။ အဲသည့်ထဲမှာ မြန်မာနိုင်ငံအတွင်းက မြို့ကြီးတွေလည်း ပါဝင်နေတယ်လို့ ပြောနိုင်ပါတယ်။ နေပြည်တော်အစ ရန်ကုန်၊ မန္တလေး၊ မြိတ် – ထားဝယ်၊ ဟားခါး၊ မြစ်ကြီးနား၊ လားရှိုး – တောင်ကြီး၊ မုံရွာ၊ မကွေး၊ ပဲခူး – တောင်ငူ၊ ဧရာဝတီ စတဲ့ ဗဟိုအချက်အချာ မြို့ကြီးတွေကို မြန်မာစစ်တပ်က ထိန်းချုပ်ကွပ်ကဲထားနိုင်ခြင်းဖြစ်ပါတယ်။ ဒီလို နေရာမျိုးတွေဟာ ငြိမ်ဝပ်ပိပြားအောင် ထိန်းပြီး ကွက်ကြားတည်ငြိမ်မှုကို ထိန်းထားနိုင်တဲ့အခြေအနေပါ။ ဒီလို ကွက်ကြားတည်ငြိမ်မှုနဲ့ အချိုးမညီ တည်ငြိမ်မှုကို ထိန်းပြီး ရွေ့နေမယ့် အခြေအနေဟာ ဒီမိုကရေစီအတွက် မျှော်လင့်ချက် ရှိမှာတော့ မဟုတ်ပါဘူး။ လောလောဆယ်အားဖြင့် ပဋိပက္ခကို ဇက်ပိုးသပ်ပြီး အရှိန်လျော့အောင်လုပ်ခြင်းသာဖြစ်ပါတယ်။ ဒါ့ကြောင့် ဒီအခြေအနေကို သာမန်ကာလျှံကာ တည်ငြိမ်မှု (သို့မဟုတ်) အာမခံချက် မရှိသော တည်ငြိမ်မှုနဲ့ ရှေ့မတိုးသာ နောက်မဆုတ်သာ အခြေအနေ [Deadlock with asymmetric stability] လို့ပြောနိုင်ပါလိမ့်မယ်။

ဖြစ်နိုင်ခြေ [၃]

ပြည်မ မြေပြန့်ဧရိယာတစ်ခုလုံး လုံးပါးပါးပြီး လူးလွန့်ရမယ့် အခြေအနေ။

တောင်တန်းဒေသတွေနဲ့ လူမျိုးစုနယ်တချို့က အသာအယာ စစ်ငြိမ်လိုက်ကြပြီး (သို့မဟုတ်) ဟန်ပြစစ်ပြုချင်ယောင်ဆောင်ပြီး ပြည်မဖြစ်တဲ့ မကွေးနဲ့ စစ်ကိုင်းနယ်တွေက မြန်မာစစ်တပ် အဖိခံရပြီး သူပြိုင် ကိုယ်ပြိုင် – ဦးသူ ချ ပုံစံနဲ့ ဗမာတွေ ချိနဲ့ဆုတ်ယုတ်သွားမယ့် အခြေအနေပါ။ အထူးသဖြင့် ပြည်မနယ်က ကျယ်ဝန်းလွန်းပြီး၊ အုပ်စုမျိုးကွဲတွေ များပြားလွန်းတာကြောင့် အခြေအနေတစ်ခုလုံးကို ခြုံငုံ မကြည့်နိုင်ဘဲနဲ့ ကိုယ့်အရပ်မှာ ကိုယ့်ဇာတ်နဲ့ စခန်းသွားရင်း အပြန်အလှန် အံတု ဖက်ပြိုင်ပြီး အပျက်ပျက်နဲ့ နှာခေါင်းသွေးထွက်ဖြစ်ရတဲ့ပုံစံပါ။ ထန်းလျက်ခဲ ခွေးလျက်ခံရသလို၊ လုံးပါး,ပါးပြီး ဗမာနယ်တွေမှာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအားလုံးဟာ စစ်ရေးပဋိပက္ခတွေကြားမှာ တိမ်မြုပ်နှစ်မွမ်းသွားကြရမယ့်ပုံစံပါ။ တောင်တန်းနယ်တွေကတော့ သူ့နည်းသူ့ဟန်နဲ့ အသက်ရှုပေါက်ချောင်အောင် လုပ်နိုင်ပြီး၊ မြေပြန့်နယ်တွေကတော့ ပြေးစရာ ပုန်းစရာ မရှိဘဲ လက်နက်ကိုင်အဖွဲ့အစည်းငယ်တွေကြားထဲမှာ ပုံစံအမျိုးမျိုးနဲ့ လူးလွန့်ရှင်သန်ဖို့ ကြိုးစားရင်း လူ့အဖွဲ့အစည်းပျက်ကြီးဆီကို ဦးတည်မယ့်ပုံစံပါ။ ဒီပုံစံဟာ ၂၀၂၅ ခုနှစ်ထဲမှာ တစ်ချိန်တည်း တစ်ပြိုင်နက်တည်း ဖြစ်တည်တာမျိုး မဟုတ်ဘဲနဲ့ ရေစီးနဲ့အတူ မျောပါပြီး တဖြည်းဖြည်း အဲသည့်လို ပုံစံကို ဆောင်ကြဉ်းလာမယ့်သဘောကို ဆိုလိုတာဖြစ်ပါတယ်။ ဒီပုံစံဟာ ပြည်မနယ်တွေနဲ့ မြေပြန့်နယ်တွေအပေါ် လူမျိုးစုလက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ ထည့်ဝင်မှု အခြေအနေနဲ့ ၎င်းတို့ရဲ့ သဘောထားချည်းကပ်ပုံ အတိမ်းအညွှတ်နဲ့ တိုက်ရိုက်သက်ဆိုင်နေပါတယ်။ မြေပြန့် ပြည်မနယ်တွေကတော့ တစ်ရွာ တစ်ပုဒ်ဆန်း၊ တစ်ကျောင်း တစ်ဂါထာ၊ တစ်တော တစ်ကြက်ဖ၊ နယ်တစ်နယ် ဓားတစ်စင်း၊ တစ်ဗိုလ် တစ်မင်း နဲ့ သူ့သဘော သူဆောင်ပြီး ဗဟိုထိန်းချုပ်ချက် ပျောက်နေတဲ့ ကသောင်းကနင်း အခြေအနေပါ။ ဒါတွေဟာ မြန်မာစစ်တပ်အတွက်လည်း အခက်ကြုံစရာဖြစ်သလို၊ ပြည်မနယ်တွင်းက ဗမာလူထုတွေအတွက်လည်း ဒုက္ခကြီး – ဒုက္ခငယ်တွေရဲ့ ဖိစီးမှုကို တစိမ့်စိမ့် ကြုံလာရမယ့် အခြေအနေပါ။ ဒါဟာ လာမယ့် ၂၀၂၅ အတွင်းမှာ ဗြုန်းခနဲ ပေါ်လာတာမျိုး မဟုတ်ဘဲနဲ့ မသိမသာ အခြေအနေနဲ့ ရေစီးတစ်ခုလို trend ဖြစ်လာမယ့် အနေအထားပါ။ ဒီအလားအလာဟာ ဖြစ်နိုင်ချေ နံပါတ် (၃) အနေနဲ့ ထည့်သွင်းစဉ်းစားရမယ့် အခြေအနေဖြစ်ပါတယ်။

  • စစ်တပ်ဟာ မြေပြန့်ရဲ့ ကြီးမားတဲ့ အစိတ်အပိုင်းနဲ့ ကမ်းရိုးတန်းကို ဆက်လက်ချုပ်ကိုင်ထားနိုင်ဆဲဖြစ်ပြီး တိုင်းပြည်တစ်ခုလုံးကို တစ်စုတစ်စည်းတည်း ထိန်းထားဖို့အတွက်တော့ ဗိုလ်ကျစိုးမိုးနိုင်တဲ့ အနေအထားမှာ မရှိတော့ပါဘူး။ စစ်တပ်ဟာ တခြားလက်နက်ကိုင်တပ်တွေထဲက တစ်ခုအနေနဲ့ပဲ ရှိနေတဲ့ ပုံစံပါ။ မြန်မာပြည်ရဲ့ နယ်စပ်ဒေသတွေနဲ့  အထက်မြန်မာနိုင်ငံရဲ့ နေရာအတော်များများကို အခြား လက်နက်ကိုင်တပ်တွေက စိုးမိုး အုပ်ချုပ်တဲ့ အခြေအနေပါ။ ပဋိပက္ခနည်းပါးလာနိုင်ပြီး လက်နက်ကိုင်တပ်ဖွဲ့တိုင်းဟာ မိမိတို့နယ်မြေကို ထိန်းချုပ်နိုင်ဖို့ အခွန်ဘဏ္ဍာနဲ့ ဝင်ငွေရရှိနိုင်အောင် ဆောင်ရွက်ဖို့ လုပ်ငန်းမျိုးစုံ ဆောင်ရွက်နေကြဖို့များပြီး မိမိတို့အုပ်ချုပ်နေတဲ့ ပြည်သူကို ဝင်ငွေရစေပြီး နယ်မြေအုပ်ချုပ်မှုပီပြင်လာအောင် ဆောင်ရွက်ကြမယ့် အနေအထား ဖြစ်ပါတယ်။မြန်မာနိုင်ငံဟာ တိုင်းပြည်အနေနဲ့ တစ်ခုတည်းဖြစ်နေသေးသော်လည်း de factoအားဖြင့်  အစိတ်စိတ် အမွှာမွှာဖြစ်နေပြီး တစ်နေရာနဲ့ တစ်နေရာ မတူဘဲ ကိုယ့်ဒေသကိုယ် အုပ်ချုပ်တဲ့ သဘော ဖြစ်နိုင်ပါတယ်။[Igor Blaževič, 2024 May]

အီဂေါဗလာဇီဗစ်ရဲ့ ဖြစ်တန်ခြေဆန်းစစ်ချက်ဆောင်းပါးမှာလည်း၊ ပြည်မနဲ့ မြေပြန့်ရဲ့ ကြီးမားတဲ့အစိတ်အပိုင်းဟာ မြန်မာစစ်တပ်ရဲ့ ထိန်းချုပ်လက်အောက်ကို ကျရောက်ပြီး၊ တခြားသော အစွန်အဖျားနယ်တွေနဲ့ တောင်တန်းနယ်တွေကို မြန်မာစစ်တပ်က လက်လွှတ်လိုက်ရတဲ့ အခြေအနေပါ။ လက်လွှတ်လိုက်ရတဲ့ နယ်တွေမှာ လက်နက်ကိုင်အဖွဲ့အသီးသီးဟာ လက်နက်ကိုင်တိုက်ပွဲကို လျော့ပြီး စီးပွားရေးအင်အားတည်ဆောက်ပြီး ဘဏ္ဍာငွေ အင်အား ဖြည့်တင်းဖို့ လုပ်လာတဲ့ အခြေအနေပါ။ ဒါပေမယ့် အဲသည့်ထဲမှာ ကျားကြီး ခြေရာကြီး ဆိုတဲ့ သဘောမျိုးကို တွေ့ရမှာဖြစ်ပါတယ်။ အကြောင်းကတော့ နယ်စပ်ကုန်သွယ်ရေးဂိတ်ကို စိုးမိုးထိန်းချုပ်ထားနိုင်တဲ့ လူမျိုးစုလက်နက်ကိုင်အဖွဲ့အစည်းကြီးတွေနဲ့ သယံဇာတအလုံးအရင်း ထွက်ရှိရာ ဒေသတွေကို စိုးမိုးထားနိုင်တဲ့ လက်နက်ကိုင်အဖွဲ့တွေကတော့ ဘဏ္ဍာငွေ ရွှင်လာမှာဖြစ်ပြီး၊ စိုက်ပျိုးရေးနဲ့ မွေးမြူရေးကို အဓိက အားထားရတဲ့ ပြည်မနဲ့ မြေပြန့်နယ်တွေကတော့ လက်နက်ကိုင်အဖွဲ့ငယ်တွေရဲ့ အခွန် နဲ့ ဆက်ကြေးတွေကနေ တစ်ဆင့် ဘဏ္ဍာငွေကို ဖြည့်တင်းပေးနေရမယ့် အနေအထားဖြစ်ပါတယ်။ ဒါတွေဟာ စစ်အခြေပြု စီးပွားရေးကွင်းပြင်ကို ကျယ်ပြောစေမှာ ဖြစ်သလို၊ တော်လှန်ရေးသကာဖုံးပြီး ပေါ်လာမယ့် လက်နက်ကိုင်ပဋိပက္ခသက်ဆိုးရှည်ခြင်းရဲ့ အဓိက ဇာတ်ညွှန်းလည်းဖြစ်လာနိုင်ပါတယ်။ ဒီဇာတ်ညွှန်းသာ တဖြည်းဖြည်းနဲ့ ပီပြင်လာခဲ့မယ်ဆိုရင်၊ ပြည်မနယ်တစ်ခုလုံးနဲ့ ဗမာ့လူ့အဖွဲ့အစည်းတစ်ခုလုံးဟာ ထန်းလျက်ခဲ ခွေးလျက်သလို လက်နက်ကိုင်ခွေးများ ဝိုင်းလျက်ပြီး လုံးပါးပါးကြရမယ့် အခြေအနေဖြစ်ပါတယ်။

ဖြစ်နိုင်ခြေ [၄]

မြန်မာစစ်တပ်ရဲ့ အသက်ရှုပေါက်ကျယ်လာပြီး ဂယ်ပေါက်များရရှိလာခြင်း။

မြန်မာစစ်တပ် သက်ဆိုးရှည်လာမယ့် အခြေအနေ။

မြန်မာစစ်တပ် သက်ဆိုးရှည်လာနိုင်ခြေ ရှိတဲ့အလားအလာတွေကို မြင်တွေ့နေရပါတယ်။ အဲသည့်အလားအလာဖြစ်လာအောင် ပံ့ပိုးပေးနေတဲ့ အချက်အလက်တွေကလည်း တစ်ခုမက ရှိနေပါတယ်။ အဲသည့်လို တစ်ခုမကသော အချက်အလက်တွေကို စိစစ် စစ်ထုတ်ပြီး၊ လေ့လာဆန်းစစ်ဖို့ လိုပါတယ်။ အဲသည့်ထဲက ပထမဆုံးအချက်ကတော့ – ဒေသတွင်းနိုင်ငံတွေနဲ့ အိမ်နီးချင်းနိုင်ငံတွေရဲ့ မြန်မာစစ်တပ်အပေါ် သဘောထားအမြင်ဖြစ်ပါတယ်။ အထူးသဖြင့် ပထဝီနိုင်ငံရေး၊ သံခင်းတမန်ခင်းနဲ့ နိုင်ငံတကာဆက်ဆံရေးကိစ္စရပ်တွေမှာ ရုရှားနဲ့ အိန္ဒိယတို့ဟာ မြန်မာစစ်တပ်အပေါ်မှာလောင်းကြေးထပ်လိုက်တဲ့ကိစ္စဖြစ်ပါတယ်။ တရုတ်ကတော့ မြန်မာစစ်တပ်ကို တစ်ဆင့်နိမ့်ဆက်ဆံပြီး သူ့အကျိုးစီးပွားအတွက် မြန်မာ့အရေးမှာ မြန်မာစစ်တပ်ကို‌ ခေါင်သူကြီးနေရာမှာ ဆက်လက် ထားရှိလိုက်တာ တွေ့ရပါတယ်။ ထိုင်းကလည်း မြန်မာစစ်တပ်နဲ့ အစဉ်အလာမပြတ် မိတ်ဝတ်မပျက် ဆက်ဆံရေးကို ထိန်းသိမ်းထားတာတွေ့ရပါတယ်။ ဒါ့အပြင် နိုင်ငံတကာမှာလည်း ယူကရိန်းနဲ့ အစ္စရေးကိစ္စတွေဟာ မြန်မာ့အရေးကို အနောက်နိုင်ငံတွေနဲ့ ဥရောပနိုင်ငံတွေရဲ့ လျစ်လျှူရှုခံဖြစ်အောင် တွန်းအားပေးလိုက်ပါတယ်။ အနောက်နိုင်ငံတွေအဖို့၊ မြန်မာနိုင်ငံမှာ တရုတ်ဆန့်ကျင်ရေး လေသံကို ထိန်းထားနိုင်ရုံလောက်နဲ့ ကျေနပ်တင်းတိမ်နေတာတွေ့ရပါတယ်။ ဒါ့အပြင် အလုပ်မဖြစ်တဲ့ အာဆီယံကို မြန်မာ့အရေးထဲ တွန်းတွန်းတိုက်တိုက်ပါဝင်ဖို့သာ လိုလားနေပါတယ်။ လူသားချင်းစာနာထောက်ထားမှု အကူအညီနဲ့ အစိုးရမဟုတ်တဲ့ အန်ဂျီအိုအဖွဲ့အစည်းတွေကနေတစ်ဆင့် မြန်မာ့အရေးမှာ အနောက်နိုင်ငံရဲ့ အာဘော်တွေကို ထိန်းထားဖို့သာ ကြိုးစားနေပါတယ်။ မြန်မာစစ်တပ်ကို ကန့်သတ်နိုင်မယ့် အရေးယူ ဒဏ်ခတ်ပိတ်ဆို့မှုတွေ လုပ်ပေမယ့် ဒါဟာ ပြိုလဲစေလောက်အောင် စွမ်းနိုင်တဲ့အရာ မဟုတ်မှန်း သူတို့ သိကြပါတယ်။ ဒါ့ကြောင့် ဒီအရေးတွေဟာ မြန်မာစစ်တပ်ကို အသက်ရှုပေါက် ချောင်အောင်အခွင့်ပေးသလို ဖြစ်နေပါတယ်။ ဒါ့အပြင် ဒေသတွင်းနိုင်ငံတွေရဲ့ မြန်မာ့အရေး ရှုမြင်ချက်တွေဟာ မြန်မာစစ်တပ်အတွက် ဂယ်ပေါက်များများ ရစေတဲ့ အကြောင်းတွေလည်းဖြစ်နေပါတယ်။ အဲသည့်ထဲမှာ အားနည်းချက်အနေနဲ့ တွေ့မြင်နေရတာကတော့ မြန်မာစစ်တပ်ကို ဆန့်ကျင် တော်လှန်နေတဲ့ အင်အားစုတွေရဲ့ မဟာမိတ်စုဖွဲ့မှု ကျစ်လစ်ရေးကိစ္စပါ။ ဒါဟာ ထင်သလောက် မဟုတ်ပါဘူး။ အပေါ်ယံအားဖြင့် စစ်အာဏာရှင်ဆန့်ကျင်ရေးအထိုင်အပေါ်မှာ ရပ်ခံနေကြပေမယ့် တော်လှန်ရေးအင်အားစုကြီးတွေထဲမှာ စည်းနှောင်အားကောင်းတဲ့ နိုင်ငံရေးသဘောတူညီမှုတွေကို မတည်ဆောက်နိုင်ကြပါဘူး။ ဒါ့အပြင် မျိုးကွဲအုပ်စုပေါင်းများစွာ ကွဲထွက်ပြီး ဆယ်ယောက်တစ်ပိုင်း စုဖွဲ့ထားတဲ့ လက်နက်ကိုင်အစုအဖွဲ့ငယ်ပေါင်းများစွာ ပြန့်ကျဲနေခြင်းဟာ၊ မြန်မာစစ်တပ်ကို အသက်ရှုပေါက်ချောင်လည်အောင် ကျေးဇူးပြုနေခြင်းဖြစ်သလို၊ ဂယ်ပေါက်များများနဲ့ ကစားကွက်ထွင်နိုင်အောင် လုပ်လာနိုင်ခြင်း အခွင့်ကို ပေးတာတွေ့ရပါတယ်။ ဒါ့အပြင် နိုင်ငံတကာမျက်နှာစာမှာ၊ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ ပြည်တွင်းရေးမှာ ruling government အနေနဲ့ မဟုတ်ဘဲ revolutionary government အနေနဲ့ပဲ ရှုမြင်ခံရခြင်းဟာ အကြောင်းတစ်ပါးဖြစ်နိုင်ပါတယ်။ လာမယ့် ၂၀၂၅ ခုနှစ်ဟာ မြန်မာစစ်တပ်အတွက် အကောင်းနဲ့ အဆိုးတွေ ဒွန်တွဲလာမယ့် နှစ်လို့ ပြောနိုင်ပါတယ်။ အဲသည့်ထဲမှာ အဆိုးကတော့ တောင်တန်းနယ်တွေနဲ့ အစွန်အဖျား ထိန်းချုပ်ဧရိယာတွေမှာ မရှုမလှ ဆက်လက် ကျရှုံးပြီး လက်လွှတ်လိုက်ရတာဖြစ်ပါတယ်။ အဲသည့်ထဲက အကောင်းဆိုတာကတော့ အိမ်နီးချင်းနိုင်ငံတွေနဲ့ ဒေသတွင်းနိုင်ငံတွေရဲ့ ချည်းကပ်မှု အချွတ်အချော်တွေကြောင့် မြန်မာစစ်တပ်အနေနဲ့ လောင်းကြေးပုံအပ်ခံလိုက်ရတဲ့ ပုံစံဖြစ်ပါတယ်။ သူတို့တတွေအနေနဲ့ မြန်မာစစ်တပ်ကို မကြိုက်သော်လည်း အခြေအနေနဲ့ သူတို့ရဲ့ အကျိုးစီးပွားအရ လောင်းကြေးများများနဲ့ ထပ်ပြီး မြန်မာစစ်တပ်က သူတို့ ရွေးချယ်ခံလိုက်ရတာပါ။ ဒါဟာ မြန်မာစစ်တပ်အတွက်ကတော့ ကောင်းသောအခြင်းအရာဖြစ်နိုင်ပါတယ်။ ဒါကို အသုံးချပြီးတော့ state symbolism ကို ကိုင်ပြီး၊ မြန်မာစစ်တပ်က သူ့ရဲ့ ခံစစ်အင်အားကို ပြင်လိုက်ခြင်းဖြစ်ပါတယ်။ သူ့ရဲ့ ခံစစ်အင်အားကို ပြင်တဲ့နေရာမှာလည်း ဗဟိုနှလုံးသားနယ်မြေလို့ခေါ်တဲ့ ပြည်မ မြေပြန့် ဗဟိုချက်မှာ ခံစစ်ထိုင်ထားလိုက်ပြီး သူ့ရဲ့ အရင်းအမြစ်အားလုံးကို ဗဟိုချက်နဲ့ အဓိက မြို့ကြီးတွေ၊ လမ်းကြောင်းတွေအပေါ်မှာ ထိုင်ထားလိုက်ခြင်းဖြစ်ပါတယ်။ ဒါဟာ မြန်မာစစ်တပ်ကို အသက်ရှုပေါက် ကျယ်အောင် လုပ်ပေးနိုင်တဲ့ ဗျူဟာလို့ ပြောနိုင်ပါတယ်။ ဒါပေမယ့် မြန်မာစစ်တပ်အနေနဲ့ နယ်စပ်ကုန်သွယ်ရေး ဖြစ်ထွန်းရာ အူလမ်းကြောင်းတွေကိုတော့ အလွတ်မပေးဘဲ ထိန်းချုပ်နိုင်ရင် ၊ ထိန်းချုပ်။ ဒုက္ခပေးနိုင်ရင် ဒုက္ခပေး ဆိုတဲ့နည်းနဲ့ သူ့အင်အားကို တည်ဆောက်နေအုံးမှာ ဖြစ်ပါတယ်။ အဲသည့်ထဲမှာ စဉ်းစားနိုင်စရာ အချက်ကတော့၊ မြန်မာစစ်တပ် ရဲ့ တပ်တွင်းပြိုကွဲမှုဟာ တပ်တွင်းချိနဲ့မှုလောက်သာ ဖြစ်ထွန်းပြီး စစ်ဗိုလ်ချုပ်တွေအချင်းချည်း မျောက်များ တစ်ကောင်အမြီး တစ်ကောင် စုချည်ခံရသလို၊ အကျိုးစီးပွားနဲ့ လုံခြုံရေး၊ ရှင်သန်နိုင်ရေးအတွက် အချင်းချင်း ကျောချင်းကပ်သွားနိုင်တဲ့ အခြေအနေပါ။ ဒီအခြေအနေဟာ ယခု ၂၀၂၄ ခုနှစ်အတွင်းမှာလည်း တစ်စွန်းတစ်စ ပုံပေါ်နေတာကို တွေ့ရပါတယ်။

နိဂုံး စကားချပ်။။

မြန်မာ့နွေဦး ၂၀၂၅ ဖြစ်နိုင်ချေ (၄) ရပ် ဆန်းစစ်ချက်ဆောင်းပါးဟာ ၂၀၂၄ မေလ အတွင်းက ဖော်ပြထားတဲ့ မြန်မာ့အရေး ကျွမ်းကျင်သူ ချက်နိုင်ငံသား အီဂေါဗလာဇီဗစ်ရဲ့ “မြန်မာပြည်အနာဂတ် မှန်းဆက်ချက် လေးရပ် နှင့် ဖြစ်နိုင်ခြေများ” ဆိုတဲ့ ဆောင်းပါးသုံးသပ်ချက်ကို ပြန်လည် ဆွေးနွေးရင်း မိမိရဲ့ အမြင်ကို ပြန်လည် တင်ပြဆွေးနွေးထားခြင်းဖြစ်ပါတယ်။ ဒါ့အပြင် မြန်မာ့အရေးနဲ့ပတ်သက်ပြီးလာမယ့် ၂၀၂၅ ခုနှစ်မှာ ဖြစ်လာနိုင်ခြေရှိတဲ့ ဖြစ်တန်ခြေ (၄) ရပ်ကို တင်ပြထားတာဖြစ်ပါတယ်။ ဒီဆောင်းပါးနဲ့အတူ မိမိရေးသားထားသော ၂၀၂၂ ခုနှစ် မေလအတွင်း “မြန်မာ့နွေဦး ဖြစ်နိုင်ခြေ (၇) ရပ် လေ့လာဆန်းစစ်ချက်” ဆောင်းပါးကိုလည်း ပူးတွဲဖတ်ရှုစေချင်ပါတယ်။ လွန်ခဲ့သော (၂) နှစ်က ရေးသားထားတဲ့ ၎င်းဆောင်းပါးပါ ဖြစ်နိုင်ခြေ (၇) ရပ်မှာ အချိုးမညီလွတ်မြောက်မှု [Asymmetric Liberation] ဆိုတဲ့ သုံးသပ်ချက်ကို ယခု ဆောင်းပါးမှာ ဆက်စပ် ဖတ်ရှုပြီး ဦးနှောက်မုန်တိုင်းဆင်နိုင်ကြဖို့မျှော်လင့်ပါတယ်။

မင်းသေ့

နေ့လယ် ၁၂း၃၉

၁၈ ၊ မေ ၂၀၂၄

Previous post ဒေါ်အောင်ဆန်းစုကြည် လိုတယ်
Next post အီဂေါဗလာဇီဗစ်၏ မြန်မာ့နိုင်ငံရေးသုံးသပ်ချက်ကို ပြန်လည်ဆင်ခြင်ခြင်း။။