[Political Faultline of Arakan]

ဝေါဟာရ အနက်ဖွင့်

နိုင်ငံရေးပြတ်ရွေ့ဆိုတဲ့ ဝေါဟာရကို အရင်ဦးဆုံး ရှင်းလင်းခန်းထုတ်ဖို့ လိုတယ်လို့ ယူဆပါတယ်။ နိုင်ငံရေးပြတ်ရွေ့ဆိုတာ ဘာလဲ။ အင်္ဂလိပ်လိုတော့ [Political Faultline] ဆိုတဲ့ စကားလုံးကို ရည်ညွှန်းပါတယ်။ [Faultline] ဆိုတာဟာ ပထဝီနဲ့ ဘူမိဗေဒကနေ လာတဲ့ စကားလုံးပါ။ မကြင်ဌေးရဲ့ လူမှုပထဝီဝင်အဘိဓာန်မှာ Political Faultline ဆိုတာကို အခုလို အဓိပ္ပာယ်ဖွင့်ပါတယ်။ [ရူပပထဝီဝင်တွင် ကျောက်လွှာ၌ အက်ကြောင်း ဖြစ်လာပြီး တစ်ဖက်က နိမ့်ကျသွားသည့်အခါ အမျိုးအစားမတူသည့် ကျောက်လွှာများ ဆုံတွေ့ရာ တစ်လျှောက်ကို ပြတ်ရွေ့ဟု ခေါ်သည်။ နိုင်ငံရေးပြတ်ရွေ့ဆိုသည်မှာ အခြေခံပထဝီဝင် အချက်အလက်များ မတူညီသော‌ကြောင့် ဖြစ်စေ၊ အခြားအကြောင်းကြောင့် ဖြစ်စေ၊ လူမျိုး၊ ယဉ်ကျေးမှု၊ ဘာသာစကား၊ အယူဝါဒ စသည်တို့တွင် မတူညီသည့် လူမျိုးစုများ ဆုံဆည်းရာဒေသ တစ်လျှောက်ကို ခေါ်ခြင်း ဖြစ်သည်။ ထိုဒေသမျိုးသည် ဆန့်ကျင်ဘက် အင်အားကြီးနိုင်ငံများ သို့မဟုတ် အုပ်စုများ၏ တွန်းအားကိုလည်း ခံရသည်။ ပြတ်ရွေ့ကြောင်း တစ်လျှောက်တွင် ငလျင်မကြာခဏ လှုပ်တတ်သလို နိုင်ငံရေးပြတ်ရွေ့တွင်လည်း နိုင်ငံရေး တည်ငြိမ်မှု မရှိတတ်ပေ။]

မြန်မာ့အရေးနဲ့ ညီမျှခြင်း ချခံရ

မြန်မာနိုင်ငံရဲ့ မြေပုံဇယားကို ကောက်ဖွင့်လိုက်ရင်၊ နိုင်ငံရေးပြတ်ရွေ့ကြော အတော်များများကို တွေ့ရပါတယ်။ ဒါပေမယ့် အဲသည့်ထဲမှာ ရက္ခိုင်ပြည်နယ်အတွင်းက ရိုဟင်ဂျာ (ဘင်္ဂါလီ) အရေးဟာ မြန်မာနိုင်ငံရဲ့ အကြီးကျယ်ဆုံးသော နိုင်ငံရေးပြတ်ရွေ့ တစ်ခုလို့ ပြောနိုင်ပါတယ်။ နိုင်ငံရေးပြတ်ရွေ့ကြောင်းတစ်လျှောက်မှာ နိုင်ငံရေးငလျင်တွေ မကြာခဏ လှုပ်တတ်ပြီး တည်ငြိမ်မှု မရှိတတ်တာဟာ သဘာဝဖြစ်ပါတယ်။ နိုင်ငံရေးပြတ်ရွေ့ကြောအပေါ်  ဖင်ခုထိုင်ထားတဲ့ ရက္ခိုင့်တပ်တော် [အာရက္ခတပ်တော်] အဖို့၊ ရိုဟင်ဂျာ (ဘင်္ဂါလီ) အရေးကို ကိုင်တွယ်ရတာမှာ စိန်ခေါ်ချက်တွေ ရှိနေဆဲပါ။ အထူးသဖြင့် ရိုဟင်ဂျာ (ဘင်္ဂါလီ) အရေးဟာ ယခင်ကလို ဒေသတွင်း ပထဝီနိုင်ငံရေးပြဿနာအဆင့်အနေနဲ့ မဟုတ်တော့ဘဲ ပြီးခဲ့တဲ့ ဆယ်စုနှစ်တစ်ခုအတွင်းမှာ နိုင်ငံတကာက အရေးတယူ အမြဲမပြတ်စောင့်ကြည့်ခံထားရတဲ့ နိုင်ငံတကာအရေးကိစ္စလို ဖြစ်လာပါတယ်။ အနောက်နိုင်ငံကြီး တချို့ရဲ့ နိုင်ငံရေးရှုဒေါင့်အရဆိုရင် မြန်မာ့အရေး ညီမျှခြင်း ရိုဟင်ဂျာအရေးရယ်လို့ ထပ်တူထပ်မျှ ချပြီး ရှုမြင်လုပ်ဆောင်နေတာကို တွေ့ရပါတယ်။ ရိုဟင်ဂျာ (ဘင်္ဂါလီ) အရေးဟာ မြန်မာ့အရေးအတွက်ရော၊ ရက္ခိုင့်အရေးအတွက်ပါ အမြဲမပြတ် ဖုတ်ပူမီးတိုက် ဖြစ်နေတဲ့ကိစ္စဖြစ်သလို သခွပ်ပင်က မီးတကျည်ကျည် ဖြစ်နေတဲ့ကိစ္စလို့လည်း ပြောနိုင်ပါတယ်။

မြန်မာ့နိုင်ငံရေးပြတ်ရွေ့

နိုင်ငံရေးပြတ်ရွေ့ဆိုတဲ့ ဝေါဟာရအတွက် နိုင်ငံတကာဖြစ်ရပ်တွေကို ဥပမာပေးရရင်၊ မြောက်ကိုရီးယားနဲ့ တောင်ကိုရီးယားအကြား ထိစပ်နယ်မြေ၊ အိန္ဒိယနဲ့ ပါကစ္စတန်နယ်စပ်ကိစ္စ (အထူးသဖြင့် ကက်ရှ်မီးယားအရေး)၊ အရှေ့အလယ်ပိုင်းဒေသက ဆွန်နီနဲ့ ရှီရိုက်တို့အကြား ပဋိပက္ခ၊ စတဲ့ကိစ္စတွေကို ရည်ညွှန်းပြီး ဥပမာပေးကြတာတွေ့ရပါတယ်။ ယခု အာရှဒေသမှာ ဒေသတွင်းနဲ့ နိုင်ငံတကာအရေးအထိ ပေါက်လာတဲ့ နိုင်ငံရေးပြတ်ရွေ့ကတော့ ရက္ခိုင် – ရိုဟင်ဂျာ (ဘင်္ဂါလီ) အရေးကိစ္စပဲဖြစ်ပါတယ်။ ဒါကို တချို့က အနောက်တံခါးပြဿနာလို့လည်း ရည်ညွှန်းခေါ်ဆိုတာ တွေ့ရပါတယ်။ မြန်မာစစ်အစိုးရအဆက်ဆက် ရက္ခိုင်ပြည်နယ်တွင်းက ဘင်္ဂါလီပြဿနာကို ဖိဖိစီးစီး မကိုင်တွယ်နိုင်ခဲ့တဲ့ ဘေးထွက်ဆိုးကျိုးအဆက်ဆက်ဟာ မြန်မာနိုင်ငံ ဒီမိုကရေစီအသွင်ကူးပြောင်းရေးကာလ ၂၀၁၁ – ၂၀၂၁ အတွင်းမှာ ရက္ခိုင်ပြည်နယ်အရေးဟာ ကမ္ဘာ့ထိပ်တန်းခေါင်းစဉ်ထဲကို တဖြည်းဖြည်း အသွင်ပြောင်း ရောက်ရှိလာခြင်းဖြစ်ပါတယ်။ အသွင်ကူးပြောင်းရေးကာလ အရပ်သား ဒီမိုကရေစီအစိုးရခေါင်းဆောင်အဖြစ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် အိုင်စီဂျေမှာ တရားရင်ဆိုင်ရတဲ့အထိ ဟိုးလေးတစ်ကျော်ဖြစ်ခဲ့တဲ့ကိစ္စပါ။ ရက္ခိုင်ပြည်နယ်တွင်းက ရိုဟင်ဂျာ (ဘင်္ဂါလီ) အရေးကို ရှုဒေါင့်အမျိုးမျိုးနဲ့ ချည်းကပ်ကြတာတွေ့ရပါတယ်။

ရှုဒေါင့် မှန်ကူကွက်များ

များသောအားဖြင့်တော့ လူ့အခွင့်အရေးရှုဒေါင့်ကနေ ကျယ်ကျယ်လောင်လောင် ပြောဆိုတာတွေ့ရပါတယ်။ ဒါ့အပြင် ရိုဟင်ဂျာ (ဘင်္ဂါလီ) အရေးဟာ မြန်မာနိုင်ငံရဲ့ ပထဝီနိုင်ငံရေးပြဿနာဖြစ်တယ်လို့ ရှုမြင်ကြတဲ့ ယူဆချက်တွေလည်း ရှိပါတယ်။ ဒါ့အပြင် တချို့ကတော့ လူဦးရေနိုင်ငံရေးအရ ဒီမိုဂရပ်ဖီပြဿနာလို့ ယူဆထားကြတာတွေလည်း ရှိပြန်ပါတယ်။ တချို့ကတော့ သမိုင်းဆိုင်ရာ ဇာတ်ကြောင်းတွေကို ပြန်ပြောင်း ပြောပြပြီး ကိုလိုနီစနစ်ရဲ့ ဆိုးမွေကို ဆက်ခံရတာလို့လည်း ဆိုကြပါတယ်။ အဲသည့်ထဲမှာ လူမျိုးရေးနဲ့ ဘာသာရေးပဋိပက္ခရယ်လို့ မီးမောင်းထိုးပြတဲ့ကိစ္စတွေကိုလည်း တွေ့ရပါတယ်။ ကိန်းဂဏန်းအားဖြင့် ကြောင်းကျိုးဆက်စပ်ပြီး ညွှန်းပြတဲ့အချက်တွေထဲကတော့ ဘင်္ဂလားဒေ့ရှ်ဘက်ကနေ အလွန်အကျွံ ပေါက်ပွားလာတဲ့ လူဦးရေ ပေါက်ကွဲမှုဟာ မြန်မာနိုင်ငံ ရက္ခိုင်ပြည်နယ်ဘက်အခြမ်းကို လျှံကျလာတယ်လို့လည်း ဆိုကြပါတယ်။ သမိုင်းဆိုင်ရာ အထောက်အထားတချို့ကတော့ ရက္ခိုင် ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာ ရက္ခိုင်ယဉ်ကျေးမှုနဲ့ ဒွေးရောယှက်တင်ဖြစ်နေတဲ့ ဘင်္ဂါလီတွေရဲ့ သမိုင်းဆိုင်ရာ အထောက်အထားတွေလည်း ရှိနေဆဲပါ။

Ownership အလွှဲအပြောင်း

ဒါပေမယ့် ဘယ်လို ရှုဒေါင့်ကနေ ချည်းကပ်သည်ပဲ ဖြစ်စေ၊ နောက်ကွယ်ကနေ နိုင်ငံရေးနဲ့ လူမျိုးရေး အာဂျင်ဒါတွေဟာ တိမ်မြုပ်ပြီးတော့ ကိန်းဝပ်နေဆဲ ဖြစ်တယ်ဆိုတာ တွေ့ရပါတယ်။ ဒီမိုကရေစီအသွင်ကူးပြောင်းရေးကာလ တစ်လျှောက်မှာ သမ္မတဦးသိန်းစိန် အစိုးရလက်ထက်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရလက်ထက်တွေမှာ ရိုဟင်ဂျာ (ဘင်္ဂါလီ) အရေးဟာ ဗဟိုအစိုးရရဲ့ မူလလက်ဝယ် ownership ကို ရထားပြီးဖြစ်လို့ ဗဟိုအစိုးရအနေနဲ့ အဓိက ကိုင်တွယ်ဖြေရှင်းရတဲ့ ပြဿနာဖြစ်တာတွေ့ရပါတယ်။ ဒါပေမယ့် ယခု ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် အောက်တိုဘာလကုန်ပိုင်းမှာ ရှမ်းပြည်နယ်မြောက်ပိုင်းကနေ စတင်အခြေပြုပြီး ပျံ့နှံ့ကြီးမားလာတဲ့ ၁၀၂၇ စစ်ဆင်ရေးဟာ အခုဆိုရင် ရက္ခိုင်ဒေသ [အာရက္ခဒေသ] တစ်ခွင်လုံးကို အကြီးကျယ်ဆုံး သက်ရောက်လာခဲ့ပြီ ဖြစ်ပါတယ်။ ရက္ခိုင်ပြည်နယ် [အာရက္ခဒေသ] တစ်ခုလုံးလိုလိုမှာ ရက္ခိုင့်တပ်တော် [အာရက္ခတပ်တော်] ရဲ့ စစ်ရေးအောင်နိုင်မှုတွေ တဖြည်းဖြည်း မြင့်မားလာတာနဲ့ အမျှ၊ ယခင်က ရိုဟင်ဂျာ (ဘင်္ဂါလီ) အရေးဟာ ဗဟိုအစိုးရရဲ့ ownership ရထားမှုကနေ တဖြည်းဖြည်း လျော့ကျလာပြီး ရက္ခိုင့်တပ်တော်ရဲ့ လက်ဝယ်ကို တဖြည်းဖြည်း ownership ရလာသလို ဖြစ်လာပါတယ်။ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှု ဖြစ်ပြီးနောက်ပိုင်းမှာ စစ်အာဏာသိမ်း မြန်မာစစ်တပ်ခေါင်းဆောင်တွေရဲ့ စစ်ကောင်စီ လက်ဝယ်ကနေ ရက္ခိုင့်တပ်တော်ရဲ့ လက်ဝယ်ဆီသို့ တဖြည်းဖြည်းနဲ့ ရိုဟင်ဂျာ (ဘင်္ဂါလီ)အရေးက ကူးပြောင်းရောက်ရှိလာတယ်ဆိုတာ တွေ့ရပါတယ်။

အကျပ်အတည်းတွင်း ခေါင်းဆောင်မှု

ရက္ခိုင်ပြည်နယ်ကို အုပ်စိုးလိုတဲ့သူတွေဟာ ကြိုက်သော်ရှိ မကြိုက်သော်ရှိ ရိုဟင်ဂျာ (ဘင်္ဂါလီ) အရေးကို ownership ယူပြီး ကိုင်တွယ်ရမှာ မလွဲမသွေပဲ ဖြစ်ပါတယ်။ ဒါဟာ ငြင်းလို့ မရပါဘူး။ ဒါကို အကောင်းဆုံးနည်းနဲ့ ဘယ်လို ကိုင်တွယ်မလဲဆိုတာကို ပညာရှင်အသီးသီးက လက်တွေ့အခင်းအကျင်းနဲ့ သင့်တော်တဲ့ အော်တာနေးတစ်အိုင်ဒီယာတွေကို ပေးသွင်းကြဖို့ ဖြစ်ပါတယ်။ ရိုဟင်ဂျာ (ဘင်္ဂါလီ) အရေးနဲ့ဟာ နိုင်ငံတကာ စောင့်ကြည့်လေ့လာခံ အရေးကိစ္စဖြစ်လာလို့၊ ယခင်ကလို နယ်စပ်ရေးအဖြစ် ကြိတ်ပြီး ဖြေရှင်းဖို့ ခက်ခဲတာလည်း တွေ့ရပါတယ်။ ဒါ့အပြင် နိုင်ငံတကာအဖွဲ့အစည်းအမြောက်မြားနဲ့ အရှေ့အလယ်ပိုင်း နိုင်ငံတွေ၊ အနောက်နိုင်ငံတွေရဲ့ နောက်ကွယ်က hidden agenda တွေကိုလည်း လက်တွေ့ကျကျ သိမြင်နားလည်ဖို့ ခက်လှပါတယ်။ ပိုပြီးဆိုးတာက ယခု အခြေအနေဟာ အရေးပေါ် အခြေအနေကာလဖြစ်ပါတယ်။ အရေးပေါ် အခြေအနေ၊ အကျပ်အတည်းကာလဖြစ်တာကြောင့် crisis management လို့ခေါ်တဲ့ အကျပ်အတည်းကို စီမံခန့်ခွဲခြင်းနဲ့ crisis response ဆိုတာတွေကို လုပ်နေရချိန်ဖြစ်ပါတယ်။ တည်ငြိမ်တဲ့အခြေအနေမျိုးမှာ စဉ်းစားသလို၊ သမားရိုးကျ နည်းလမ်းနဲ့ စဉ်းစားဖြေရှင်းဖို့ ခက်လှပါတယ်။ ဒါ့အပြင် ရက္ခိုင့်တပ်တော် ခေါင်းဆောင်တွေအနေနဲ့လည်း crisis leadership ကို ပီပီပြင်ပြင် ပြသနေရမယ့် အချိန်လို့နားလည်ပါတယ်။ [Crisis Leadership] လို့ခေါ်တဲ့ အကျပ်အတည်းတွင်းခေါင်းဆောင်မှုဆိုတာကို အခုလို အနက်ဖော်တာ တွေ့ရပါတယ်။ [Crisis leadership involves making critical decisions under pressure, coordinating resources, communicating effectively, and inspiring confidence in others during times of uncertainty, adversity, or disaster.]

ဆိုလိုချင်တာက ရက္ခိုင်ခေါင်းဆောင်တွေအနေနဲ့ ဖိအားတွေ အောက်မှာ ခေါင်းဆောင်မှုကို ပြသနေရခြင်းဖြစ်ပါတယ်။ စစ်အာဏာသိမ်းမှု နောက်ဆက်တွဲအနေနဲ့ ပြည်တွင်းစစ်ပြဿနာကို အကြီးအကျယ် ကြုံတွေ့နေချိန်ဖြစ်သလို၊ မြန်မာ့အရေးဟာ ရိုဟင်ဂျာ (ဘင်္ဂါလီ) အရေးနဲ့ ထပ်တူချထားခြင်း ခံထားရတဲ့ အနောက်နိုင်ငံကြီးတွေရဲ့ နိုင်ငံတကာအမြင်အောက်မှာ ကျင်လည် လှုပ်ရှားနေရတာဖြစ်ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံဟာ လက်ရှိမှာ ပထဝီနိုင်ငံရေးအကျပ်အတည်း [Geopolitical Dilemma] နဲ့ ကြုံနေရချိန်ဖြစ်ပါတယ်။ အနောက်နိုင်ငံကြီးတွေနဲ့ တရုတ်နိုင်ငံအကြား ဆူပါပါဝါ အားပြိုင်မှုကို သိသိသာသာရော မသိမသာရော ကြုံနေရချိန်ဖြစ်ပါတယ်။ ဒါ့အပြင် နိုင်ငံတကာအထောက်အပံ့ခံ တတိယနိုင်ငံတွေအနေနဲ့ မြန်မာနိုင်ငံလို တတိယနိုင်ငံငယ်လေးဟာ Aid Dependency နဲ့ ကြုံနေရချိန် ဖြစ်ပါတယ်။ နိုင်ငံတကာအထောက်အပံ့ မရှိရင် မြန်မာ့အရေးဟာ ပြည်တွင်းက အင်အားစုတွေရဲ့ လှုပ်ရှားခွင်ကို သေးလာ ကြုံ့လာစေသလို၊ တစ်ဖက်မှာလည်း အထောက်အပံ့တွေရဲ့ နောက်ကွယ်က အာဂျင်ဒါကို ဖော်ပေးရတဲ့ ပယောဂလည်း ပူးဝင်နေပါတယ်။ ဒါတွေဟာ မြင်သာထင်သာ ရှိသလိုလိုနဲ့ ပညာတတ်အလွှာအကြားမှာ ရဲရဲဝံ့ဝံ့ ဖော်ပြောကြဖို့ တွန့်ဆုတ်နေတဲ့ အကြောင်းအရာတွေဖြစ်ပါတယ်။ ရက္ခိုင့်တပ်တော်အနေနဲ့ တစ်ဖက်မှာ ရက္ခိုင်အမျိုးသားလွတ်မြောက်ရေးကို တာဝန်ယူဦးဆောင်နေရသလို၊ နိုင်ငံတကာအရေးဖြစ်လာတဲ့ ရိုဟင်ဂျာ (ဘင်္ဂါလီ) အရေးမှာလည်း နာမည်ပျက် မရှိရအောင် ကြံဆောင် ကြိုးပမ်းနေကြရတဲ့ကာလဖြစ်ပါတယ်။ တစ်ဖက်မှာ မသေချာ မရေရာမှုတွေနဲ့ ကြုံရတာလည်း ရှိသလို၊ အခက်အခဲတွေ ဘေးအန္တရာယ်တွေအနေနဲ့လည်း ကြုံနေရချိန် ဖြစ်ပါတယ်။ ရိုဟင်ဂျာ (ဘင်္ဂါလီ) အရေးဟာ မြန်မာစစ်တပ်က ownership ယူပြီး ဦးဆောင် ကိုင်တွယ်တဲ့ အရေးကိစ္စအဖြစ်ကနေ ရက္ခိုင့်တပ်တော်က ownership ယူပြီး ဦးဆောင် ကိုင်တွယ်ရမယ့် အရေးကိစ္စအဖြစ် တဖြည်းဖြည်း အသွင်ကူးပြောင်းလာတာကို တွေ့မြင်ရပါတယ်။

စီမံကိုင်တွယ်ဖို့ ငြင်းဆန်ခွင့် မရှိ

မြန်မာနိုင်ငံရဲ့ ဗဟိုအစိုးရဟာ ရိုဟင်ဂျာ (ဘင်္ဂါလီ) အရေးကို ကိုင်တွယ်တဲ့အခါမှာ၊ အားလုံးယိုတဲ့ချေး ပုဇွန်ဆိတ်ခေါင်း ပုံချခံရတဲ့ အဖြစ်ကိုလည်း ကြုံခဲ့ရပါသေးတယ်။ အထူးသဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရ လက်ထက်မှာ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် အိုင်စီဂျေ အထိ လူရှေ့ထွက် တက်ရှင်းရတဲ့ကိစ္စမျိုးဟာ ဥပမာကောင်းဖြစ်ပါတယ်။ အစိုးရ လုပ်ချင်တဲ့သူတွေဟာ ဒီလို အရေးကိစ္စ‌တွေကို ကိုင်တွယ်ဖြေရှင်းဖို့ ငြင်းဆန်ခွင့် မရှိပါဘူး။ လက်ရှောင်လို့ မရပါဘူး။ အတိုက်အခံနိုင်ငံရေးပါတီဘဝတုန်းက မြန်မာစစ်အစိုးရတွေရဲ့ လုပ်ရပ်တွေကို အကန့်သတ်မဲ့ ဝေဖန်စောကြောခွင့် ရှိပေမယ့် မိမိတို့ ကိုယ်တိုင် အတိုက်အခံနိုင်ငံရေးပါတီ [opposition party] ဘဝကနေ အုပ်ချုပ်တဲ့ [ruling party] ဘဝကို ပြောင်းလဲလာချိန်မှာတော့ အစိုးရအလုပ်ဟာ ငါးသေးသေးလေး တစ်ကောင်တည်းတဲ့ ဟင်းဖြစ်အောင် ချက်ရတဲ့အလုပ်လို့ နားလည်သဘောပေါက်လာကြတာတွေ့ရပါတယ်။ အခုလည်း ယခင်က ရက္ခိုင်ပြည်နယ်ရဲ့ အုပ်ချုပ်စီရင်ခွင့်ကို နိုင်ငံတကာမျက်နှာစာမှာ မြန်မာဗဟိုအစိုးရ (သို့မဟုတ်) စစ်ကောင်စီရဲ့ လက်ဝယ်ထဲကို ရှိနေချိန်မှာ၊ ရိုဟင်ဂျာ (ဘင်္ဂါလီ) အရေးနဲ့ပတ်သက်ပြီး ရက္ခိုင့်တပ်တော်ရဲ့ မူဝါဒသဘောထား လောက်နဲ့ လုံလောက်ကောင်း လုံလောက်ပေမယ့်၊ ရက္ခိုင်ပြည်နယ် [အာရက္ခဒေသ] ကို အုပ်ချုပ်စီမံခွင့် ရလာတော့မယ့်အချိန်မှာတော့ မလွှဲမရှောင်သာ ကိုင်တွယ်ဖြေရှင်းရမှာတွေ ရှိလာပါတယ်။ အဲသည့်အထဲမှာ အာရက္ခအစိုးရအနေနဲ့ ငြင်းဆန်ခွင့် မရှိတာကတော့ ရိုဟင်ဂျာ (ဘင်္ဂါလီ) အရေးပဲ ဖြစ်ပါတယ်။

လောလောဆယ်အားဖြင့် ရက္ခိုင့်တပ်တော် ခေါင်းဆောင်ပိုင်းက ရိုဟင်ဂျာ (ဘင်္ဂါလီ) နဲ့ပတ်သက်တဲ့အရေးကို ဘယ်လို ရှုမြင်သလဲဆိုတာကို ဘီဘီစီ မြန်မာပိုင်းက ဗိုလ်ချုပ်ထွန်းမြတ်နိုင်တဲ့ အင်တာဗျူးထားတဲ့ ကောက်နုတ်ချက် တချို့ကို ကြည့်ရအောင်ပါ။

ကောက်နုတ်ချက်။။

ဘီဘီစီ -မြန်မာပိုင်း

ရက္ခိုင့်တပ်တော် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင် နှင့် အင်တာဗျူး

၂၀၂၄ ဖေဖော်ဝါရီ ၇

  • ဒီအရေးကြီးက တော်တော်လေးကို သတိထားပြီး ကိုင်တွယ်ရမယ်၊တော်တော်အရေးကြီးပါတယ်။ အရမ်းအရေးကြီးတဲ့ ကိစ္စကြီးတစ်ခု ဖြစ်တယ်။ ဆိုတော့ ဒီရိုဟင်ဂျာဆိုတဲ့ နာမည်ကအစပေါ့လေ ကျွန်တော်တို့ ရခိုင်နဲ့မြန်မာလူ့အဖွဲ့အစည်းထဲမှာ တော်တော်ကို Sensitive (ထိလွယ်ရှလွယ်) ဖြစ်ကြတယ်။ အဲဒီရိုဟင်ဂျာဆိုတဲ့ နာမည်ကတော့ အပြင်ဘက်က လူတွေက လူ့အခွင့်အရေးရှုထောင့်ကနေပြီးမှ လူမျိုးတစ်မျိုးဟာ ကိုယ်ကြိုက်တဲ့ နာမည်ကို ခံယူလို့ရပါတယ် ဆိုပြီးမှ လက်ခံထားကြတယ်။ ကျွန်တော်တို့လည်း ရှင်းရှင်းလင်းလင်းဆိုရင်တော့ လူ့အခွင့်အရေးနဲ့အညီ ခေါ်တာကို ငြင်းစရာတော့ မရှိပါဘူး။ သို့သော်လည်းပဲ ဒီနာမည်ကို သုံးစွဲလာပြီးမှ ဒီသမိုင်းဆိုင်ရာ Narrative (ဇာတ်ကြောင်း) တွေကို ပုံဖော်တဲ့အချိန်မှာကျတော့ ကျွန်တော်တို့ရခိုင်ဒေသရဲ့ သမိုင်းဆိုင်ရာမှန်ကန်မှုတွေကို ဖုံးကွယ်မယ့် အားထုတ်မှုတွေနဲ့ ပြောဆိုမှုတွေ ပါလာတယ်။ အဲဒီမှာ ကျွန်တော်တို့ဘက်က၊ ဒီရခိုင်တွေဘက်ကလည်း စိုးရိမ်မှုတွေအများကြီး ဖြစ်လာတာပေါ့။ ကျွန်တော်က ဒီကိစ္စကို တစ်ဖက်နဲ့တစ်ဖက်နားလည်မှုလွဲ၊ အမျိုးမျိုးထင်ပြီးမှ အကျယ်အကျယ်နဲ့ ငြင်းခုံစရာတွေဖြစ်အောင်တော့ မပြောလိုဘူး။
  • သို့သော်ကျွန်တော်တို့ပြောတာက နိုင်ငံရေးအရဆိုရင် ရိုဟင်ဂျာလို့ပဲခေါ် ခေါ်၊ ဘင်္ဂါလီလို့ပဲခေါ်ခေါ် Chittagonian (စစ်တကောင်းနယ်သား)လို့ပဲခေါ် ခေါ် ရခိုင်ဒေသကိုရောက်လာတဲ့ ရခိုင်ပြည်သားတစ်ယောက်ဆိုရင် ရခိုင်ပြည်သားတစ်ယောက်ရဲ့ နိုင်ငံသားအခွင့်အရေးက ရရမှာပဲ။ အဓိကအရေးကြီးတာက ကျွန်တော်တို့ လူ့အဖွဲ့အစည်းနှစ်ခု ငြိမ်းချမ်းစွာ သဟဇာတရှိရှိ နေထိုင်ဖို့ဆိုရင် ကျွန်တော်တို့ဘက်ကလည်း ဥပဒေနဲ့အညီ အသိအမှတ်ပြုမှုတွေကို တာဝန်ယူမှု တာဝန်ခံမှုနဲ့ လက်ခံဖို့အတွက်၊ တစ်ဖက်ကလည်း ရိုးသားစွာနဲ့ သမိုင်းဆိုင်ရာ ဖန်တီးမှုတွေ ပြောဆိုမှုတွေကို acknowledge (အသိအမှတ်ပြု၀န်ခံဖို့) လုပ်ဖို့တော့ လိုအပ်တယ်။
  • အဲလိုမျိုးမဟုတ်ဘဲနဲ့ ရခိုင်တွေက ဝေသာလီခေတ်မှာ ဘယ်လိုဖြစ်တယ်ဆိုတော့၊ ငါတို့က မင်းတို့ထက်စောပြီးမှ ဝေသာလီခေတ်မတိုင်ခင်ကတည်းကရောက်နေတာ၊ ဒီလောက် အိန္ဒိယသမုဒ္ဒရာနဲ့ Bay of Bengal (ဘင်္ဂလားပင်လယ်အော်)မှာ လူဦးရေ သန်း ၄၀၀ကျော်နေပြီးမှ မြစ်ကလေးတစ်ဖက် ဒီဘက်ကို ကူးလိုက်တာနဲ့ ဘင်္ဂါလီဆိုတာ တစ်ယောက်မှ မရှိတော့ဘူး၊ အဲလိုမျိုးအနေအထားတွေပေါ့လေ၊ ငါတို့က ၈ ရာစုကနေ ရောက်လာတဲ့ အာရပ်လူမျိုးတွေ ဖြစ်ပါတယ်ဆိုတဲ့ ဒီ Logical (ကျိုးကြောင်းဆီလျှော်မှု) လည်း မရှိဘူး။ သမိုင်း အထောက်အထားလည်း မရှိဘူး။ ဒါပေမဲ့ ကျွန်တော်တို့ ရခိုင်တွေက ကိုယ့်ဟာကိုယ် မကာကွယ်နိုင်ဘဲနဲ့ နိုင်ငံရေးအရလည်း ပြိုလဲနေတဲ့အချိန်မှာ ကျွန်တော်တို့ကို၊ နှစ်ပေါင်းထောင်ချီပြီးမှ နိုင်ငံအနေနဲ့နေလာတဲ့ လူမျိုးတွေကို Identity (ပင်ကိုယ်သွင်ပြင်လက္ခဏာ) အရရော နယ်မြေအရရော စိန်ခေါ် ပြီးမှ ပြိုင်ဆိုင်တိုးဝင်လာတဲ့ပုံစံမျိုးတွေကိုတော့ မလုပ်မိဖို့လိုတာပေါ့။ အဲလိုမျိုးလုပ်နေမယ်ဆိုရင်ကျွန်တော်တို့ အခု ကြိုးစားနေတဲ့ နှစ်ဖက် လူ့အသိုင်းအဝိုင်း အဖွဲ့အစည်းကြားမှာ Harmony (သဟဇာတ) ဖြစ်မယ့်စည်းစည်းလုံးလုံးနဲ့ တည်ငြိမ်တဲ့အနာဂတ်ကို တည်ဆောက်နိုင်မယ့် လုပ်ငန်းတွေကို အဲဒီပြောဆိုမှုတွေ တောင်းဆိုမှုတွေက အထောက်အကူပြုမှာ မဟုတ်ဘူး။ ကျွန်တော်တို့ဘက်ကလည်း သဘောထားကြီးပြီးမှ သင့်မြတ်ချစ်ခင်အောင် စည်းလုံးဖို့ လိုသလို တစ်ဖက်ကလည်း ရိုးသားပြီးမှ တည်ငြိမ်တဲ့ အနာဂတ်ကို ရှာဖွေဖို့ ပူးပေါင်းဆောင်ရွက်ဖို့တော့ လိုတာပေါ့။ ဒါက ဒီထက်ပိုပြီး ရှင်းပြဖို့လည်း လိုပါဦးမယ်။

ဗိုလ်ချုပ်ထွန်းမြတ်နိုင် ဖြေကြားချက်ကို အနက်ဖော်ချက်။ ။

ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ အင်တာဗျူးပါ ပြောကြားချက်တွေအရ အနှစ်ချုပ်အားဖြင့် ပြောလို့ ရတာကတော့ –

  • (၁) အာရက္ခဒေသ [ရက္ခိုင်နိုင်ငံတော်] ထဲမှာ ရှိနေတဲ့ ဘယ်လို ရက္ခိုင်ပြည်သားမဆို ရသင့်ရထိုက်တဲ့ နိုင်ငံသားအခွင့်အရေးကို အပြည့်အဝရရှိစေဖို့ ရည်ညွှန်းတာတွေ့ရတယ်။
  • (၂) ရက္ခိုင့်တပ်တော်ဟာ လူ့အခွင့်အရေးအရ ခေါ်ဝေါ်တဲ့ အခေါ်အဝေါ် အသုံးအနှုန်းကို မငြင်းပယ်ပေမယ့် အဲသည့် အမည်နာမရဲ့ နောက်ကွယ်က ဖန်တီးလာတဲ့ သမိုင်းဇာတ်ကြောင်းတွေရဲ့ အန္တရာယ်ကို အထူး သတိထားတယ်။
  • (၃) အဓိကကတော့ တစ်ဖက်နဲ့ တစ်ဖက် အပြန်အလှန် လေးစားမှု ၊ အသိအမှတ်ပြုမှုနဲ့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူ [peaceful coexistence principle] ကို ကိုင်ဆွဲမယ်ဆိုတာ တွေ့ရတယ်။
  • (၄) လောလောဆယ်အားဖြင့် ရက္ခိုင်ပြည်နယ်ဟာ အာဏာလေဟာနယ်ဖြစ်ပြီး နယ်မြေအားဖြင့် မတည်မငြိမ် ရှိနေသေးတဲ့အခြေအနေမို့၊ ဒါကို အခွင့်ကောင်းယူပြီး တစ်ဖက်ကနေ နယ်မြေအပြိုင်လုတဲ့သဘောမျိုး အားထုတ်မှုမျိုး ရှိလာတာတွေအတွက် ရိုးသားဖို့ တိုက်တွန်းထားတယ်။ ဒီအချက်ဟာ ရက္ခိုင့်တပ်တော်အတွက် ရိုဟင်ဂျာ (ဘင်္ဂါလီ) အရေးနဲ့ပတ်သက်ပြီး သံသယထားစရာတစ်ခုလည်းဖြစ်ကောင်းဖြစ်နိုင်တယ်လို့ ပြောနိုင်ပါတယ်။

[“At present, the leadership of the Arakan Army (AA) is significantly elevating the momentum of the Arakanese National Liberation Movement. During this critical juncture, the manner in which they address the Rakhine political fault line to prevent it from escalating into a substantial political upheaval is of utmost interest.”]

လောလောဆယ်အားဖြင့် ရက္ခိုင့်တပ်တော်ခေါင်းဆောင်တွေအနေနဲ့ ရက္ခိုင်အမျိုးသားလွတ်မြောက်ရေးလှုပ်ရှားမှု ဒီရေကို အမြင့်မားဆုံးအထိ မြှင့်တင်နေချိန်ဖြစ်ပါတယ်။ ဒီလိုအချိန်မျိုးမှာ ရက္ခိုင်နိုင်ငံရေးပြတ်ရွေ့ကိုလည်း ကြီးကျယ်သော နိုင်ငံရေးငလျင်ဘေး မသင့်အောင် ဘယ်လို ကိုင်တွယ်မလဲဆိုတာဟာ အင်မတန် စိတ်ဝင်စားစရာ ကောင်းလှပါတယ်။

မင်းသေ့

နေ့လယ် ၃း၂၃

၆ ၊ မေ ၂၀၂၄

Previous post မြန်မာစစ်တပ်ထဲက ပညာသည်တပ်တွေရဲ့ အကျပ်အတည်း
Next post မြန်မာ့အရေး ၂၀၂၄