မြန်မာနိုင်ငံအတွက် ဒေါ်အောင်ဆန်းစုကြည် လိုတယ်လို့၊ သိမ်းကြုံးပြီး မပြောချင်ပါ။ ပြောချင်တဲ့သူတွေ ပြောနိုင်ပါတယ်။ ဒါပေမယ့် ကျနော့် အနေနဲ့ကတော့၊ ဗမာ့လူ့အဖွဲ့အစည်းအတွက် ဒေါ်အောင်ဆန်းစုကြည် လိုတယ်။ ဗမာပြည်မအတွက် ဒေါ်အောင်ဆန်းစုကြည် လိုပါတယ်။ တိုင်းရင်းသားနယ်တွေ (တနည်း) တောင်တန်းနယ်တွေဟာ သူ့နည်းသူ့ဟန်နဲ့ သူ့သဘော သူဆောင်ပြီး တိုင်းရင်းသားလွတ်မြောက်ရေးအတွက် အစဉ်တစိုက် ကြိုးပမ်းခဲ့တဲ့ အတိတ်ဖြတ်သန်းမှု ရှိပါတယ်။ ယခု နွေဦးတော်လှန်ရေးအတွင်းမှာ၊ တိုင်းရင်းသားလွတ်မြောက်ရေး တိုက်ပွဲတွေဟာ နွေဦးတော်လှန်ရေးလှိုင်းကို ကောင်းစွာ စီးနင်းနိုင်လို့ လက်တွေ့ ကာယကံမြောက် ခုခံတော်လှန်စစ်အောင်ပွဲတွေ ရနေတာကို မုဒိတာ ပွားပါတယ်။ ဝမ်းသာတယ်။ ဂုဏ်ယူတယ်။ ဆက်လက်ပြီးတော့လည်း ဆထက်တံပိုး တော်လှန်ရေးမှသည် တည်ဆောက်ရေးအထိ အောင်မြင်စွာ တက်လှမ်းနိုင်ဖို့ အားပေးနေပါတယ်။ ဒါပေမယ့် တိုင်းရင်းသားလွတ်မြောက်ရေး တိုက်ပွဲတွေနဲ့ တောင်တန်းဒေသ စစ်ဆင်ရေးတွေ ဘယ်လိုပဲ အောင်မြင်သည် ဖြစ်စေ၊ ဗမာပြည်မကတော့ အခုအချိန်အထိ ဖရိုဖရဲပါပဲ။ ဗမာ့လူ့အဖွဲ့အစည်းဟာ အခုအချိန်အထိ ကသောင်းကနင်းပါပဲ။ တောင်တန်းနဲ့ ပြည်မက ဖရိုဖရဲဖြစ်တာချင်း တူရင်တောင်၊ ပြည်မက ဖရိုဖရဲဖြစ်မှုဟာ အင်မတန် စိတ်ကုန်စရာ ကောင်းတဲ့ ဖရိုဖရဲဖြစ်မှုပါ။ အင်မတန် စိတ်ပျက်စရာကောင်းတဲ့ ဖရိုဖရဲဖြစ်မှုပါ။ ဗမာနဲ့ တိုင်းရင်းသားတွေက ကသောင်းကနင်းဖြစ်တာချင်းတူရင်တောင် ဗမာတွေရဲ့ ကသောင်းကနင်းဖြစ်မှုဟာ အထိန်းအကွပ်မဲ့၊ စည်းဘောင်မဲ့၊ ကလနားမဲ့၊ အကန့်အသတ်မဲ့ ကသောင်းကနင်းဖြစ်မှု ဖြစ်တယ်။ ဒါဟာ နိုင်ငံရေးမှာရော စစ်ရေးမှာရော အားလုံးအတူတူပဲ ဖြစ်နေတာပါ။ တောင်တန်းနယ်တွေမှာ လက်နက်ကိုင်အစုအဖွဲ့ငယ်တွေအချင်းချင်း၊ ကတောက်ကဆ ဖြစ်တယ်ဆိုပေမယ့် အကြီးရှိပါသေးတယ်။ အကြီးရှိတော့ အဟန့်ရှိတယ်။ ဒီတော့ အကန့်အသတ်နဲ့သာ ဖြစ်တယ်။ ဗမာပြည်မမှာ ဖြစ်နေတဲ့ ကိစ္စတွေဟာ အဟန့်မရှိပါဘူး။ အကြီးလည်း မရှိပါဘူး။ အားလုံးဟာ အကြီးတွေလို့ ကိုယ့်ကိုယ်ကို ထင်နေကြပါတယ်။ ဒါကို ဗမာပြည်မနဲ့ အညာဒေသ တစ်ခုလုံးက သိမ်းကြုံးခံစားကြရတာပါ။ တစ်နယ်နဲ့ တစ်နယ် ဖြစ်ပုံသာဓက အားဖြင့် မတူဘူး။ အားလုံးကို ခြုံငုံကြည့်ရင်၊ ဗမာတွေဟာ မိုင်းနပ်စ် (-) ထွက်ပါတယ်။ ဗမာတွေ ရှုံးတယ်ဆိုတာ ဒါကို ပြောတာပါ။ ဗမာတွေဟာ အကုန်ရှုံးပါတယ်။ ဗမာနီတွေလည်း ရှုံးတယ်၊ ဗမာစိမ်းတွေလည်း ရှုံးတယ်၊ ဗမာလူထုက ပိုပြီး ရှုံးပါတယ်။ မြို့ပေါ်ဗမာတွေလည်း ရှုံးတယ်၊ ကျေးလက်ဗမာတွေလည်း ရှုံးတယ်၊ လက်နက်ကိုင်တဲ့ ဗမာတွေလည်း ရှုံးတယ်၊ နိုင်ငံရေးနည်းဆွဲကိုင်တဲ့ ဗမာတွေလည်း ရှုံးပါတယ်။ အားလုံးဟာ အရှုံးချင်း တူရင်တောင်၊ ဗမာတွေက အနာဂတ်ပါ ရှုံးပါတယ်။ တိုင်းရင်းသားတွေကတော့ အနာဂတ်ပါ ရှုံးမယ့် အလားအလာ မမြင်ရပါဘူး။ ဗမာတွေမှာတော့ အနာဂတ်ပါ ရှုံးမယ့်အလားအလာဟာ အထင်းသားမြင်နေရပါတယ်။ ဗမာ့အသိုင်းအဝိုင်းမှာဖြစ်နေတဲ့၊ ဗမာနယ်တွေမှာဖြစ်နေတဲ့ ဒီအခြေအနေတွေကို ဘယ်သူမှ မထိန်းနိုင်ပါဘူး။ ဗမာတွေဟာ ဒီလို အဖြစ်အပျက်နဲ့ ကြုံနေတာပါ။ ဗမာတွေမှာ အဟန့် မရှိတော့ဘူး၊ အထိန်းအကွပ် မရှိတော့ဘူး၊ အကန့်အသတ် မရှိတော့ဘူး။ အားလုံးက မျောနေကြပြီ။ အားလုံးက မျောကုန်ကြပြီ။ ဗမာ့အသိုင်းအဝိုင်းကို ကြည့်ရင်၊ အားလုံးဟာ “ဦးနင်း ပဲ့ထောင်၊ ပဲ့နင်း ဦးထောင်” ဖြစ်ကုန်ကြပြီ။ ဒါတွေကို ထိန်းဖို့ ၊ ဗမာတွေအတွက် ဒေါ်အောင်ဆန်းစုကြည် လိုတယ်။ ဗမာတွေအတွက် ဒေါ်အောင်ဆန်းစုကြည်လိုတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ဘုရား မဟုတ်ဘူး။ ဒေါ်အောင်ဆန်းစုကြည်ဟာ တိုင်းရင်းသားနယ်တွေအတွက် စွမ်းနိုင်မှု အကန့်အသတ် ရှိပေမယ့် ဗမာတွေအတွက်တော့ အစွမ်းနိုင်ဆုံးလူသာ ဖြစ်တယ်။ အခုအချိန်အထိ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိနေသေးတာဟာ ဗမာတွေအတွက် မျှော်လင့်ချက်ပဲ။ အဲသည့်လိုပြောလို့ ဒေါ်အောင်ဆန်းစုကြည်ကို အလုံးစုံ မှီခိုနေတာတော့ မဟုတ်ဘူး။ ဒါပေမယ့် လက်ရှိ ဖြစ်ပျက်နေတဲ့ ဗမာ့အသိုင်းအဝိုင်းတစ်ခုလုံးရဲ့ အခြေအနေတွေအတွက် ဒေါ်အောင်ဆန်းစုကြည်ဟာ ကောက်ရိုးတစ်မျှင်ပဲ။ ဗမာတွေ ရေနစ်နေပြီ။ ရေနစ်တာမှ အစုံ နစ်နေတာပါ။ ဗမာတွေဟာ ရေတိမ်မှာလည်း နစ်နေတယ်၊ ရေနက်နက်မှာလည်း နစ်နေကြတယ်။ ဗမာတွေ နစ်နေကြတဲ့ ပုံစံက အမျိုးမျိုးပါ။ ဗမာတွေဟာ ဝဲထဲမှာလည်း လည်နေကြပြီ။ ဝဲက စုပ်လို့ မြှုပ်သွားကြတာတွေလည်း အမြောက်အမြား ရှိကုန်ကြပါပြီ။ တချို့ဟာ မနစ်သေးဘူးဆိုပေမယ့် မျောနေကြတယ်။ အဘက်ဘက်က အားလုံးကို ခြုံပြီး ကြည့်ရင်၊ ဗမာတွေဟာ အဘက်ဘက်မှာ ရှုံးနေတယ်။ အရှုံးတကာ့ အရှုံးထဲမှာ ဗမာလူထုရဲ့ အရှုံးက အကြီးကြီးပါပဲ။ ဒါဟာ ရှုံးသင့်လို့ ရှုံးတယ်၊ တိုင်းရင်းသားတွေက အဲသည့်လို ရှုံးတာ များပြီ။ ဒီတော့ အခုတော့ ဗမာတွေ ခံလိုက်တော့လို့ ပြောရင်လည်း လက်ခံပါတယ်။ ဟုတ်ပါတယ်။ ဗမာတွေ ဒီလို အရှုံးမျိုးနဲ့ ကြုံသင့်ပါတယ်။ ဒါပေမယ့် ဒီအတွေ့အကြုံကို ဘယ်လောက်အထိ ယူကြမှာလဲ။ ဒီသင်ခန်းစာကို ရပ်ဖို့ လိုတယ်။

  • ဗမာတွေအတွက် ဒေါ်အောင်ဆန်းစုကြည် လိုတယ်။
  • ဗမာတွေအတွက် ဒေါ်အောင်ဆန်းစုကြည် လိုတယ်။
  • ဗမာတွေအတွက် ဒေါ်အောင်ဆန်းစုကြည် လိုတယ်။
  • ငါတို့ ဗမာတွေအတွက် ဒေါ်အောင်ဆန်းစုကြည် လိုတယ်။

ကျေးဇူးပြု၍ ပြန်ပေးပါ။

  • အကယ်၍ ‌ဒေါ်အောင်ဆန်းစုကြည် ပြန်လာနိုင်ခဲ့ရင်၊ ငါတို့ အားလုံး ကြိုဆိုနိုင်ကြစေ….
  • ဘာလို့လဲဆိုတော့ ပြန် မပေါ်မလာစေချင်တဲ့သူတွေ ရှိနေလို့။

မင်းသေ့

နေ့လယ် ၁၂း၃၀

၂၀၊ မတ် ၂၀၂၄

Previous post ရီယယ်ပိုလိုက်တစ်
Next post မြန်မာ့နွေဦး ၂၀၂၅ ဖြစ်နိုင်ခြေ (၄) ရပ် ဆန်းစစ်ချက်