• နတ္ထိလောကေ အနိန္ဒိတော 
  • လောကမှာ အပြစ်တင် မခံရတဲ့သူ မရှိပါဘူး။ 

လုပ်သင့်လုပ်ထိုက်တာတွေကို၊ မဖဲ့မစောင်း လုပ်နေဖို့ လုပ်နိုင်ဖို့ “မြေကြီးကဲ့သို့” ကျင့်ရမယ် လို့ နားလည်ပါ တယ်။ မဟာပထဝီမြေကြီးဟာ သူ့အပေါ်မှာ ပန်းတွေ ပွင့်လို့ မာန မတက်ပါဘူး။ သူ့အပေါ် မစင်တွေ ယိုချလို့ လည်း ဒေါသမထွက်ပါဘူး။ ချီးမွမ်းခြင်းတွေကို မာန မတက်သလို၊ ကဲ့ရဲ့ခြင်းတွေအပေါ်မှာလည်း ဒေါသမထွက် ပါဘူး။ ဒီဒဿနကို ဘယ်က ရပါသလဲ။ ဗုဒ္ဓရဲ့သွန်သင်ချက် အဆုံးအမတွေကနေ ကျနော် ရပါတယ်။ ထို့နောက်…။ 

ဆရာတော် ဦးဇောတိက ထံမှ …

ဘုရားသားတော် ရဟန်းပညာရှိတွေဆီကနေ ရပါတယ်။ ကျနော်နဲ့ အနီးစပ်ဆုံး ရဟန်းပညာရှိလို့ ပြောရရင်တော့ မဟာမြိုင်တောရ ဆရာတော် ဦးဇောတိကပါပဲ။ “တွေးမိတိုင်းပျော်တယ်” စာအုပ်ရဲ့ “ချီးမွမ်းခြင်း၊ ကဲ့ရဲ့ခြင်း” အပိုင်းမှာ ဆရာတော် ဦးဇောတိကရဲ့ ဒဿနအမြင်တွေကို အခုလို တွေ့ရတယ်။ 

  • ချီးမွမ်းတာ၊ ကဲ့ရဲ့တာကို ဘယ်လိုမှ သဘောမထားဘဲနဲ့ ကိုယ့်ဟာကိုယ် စိတ်တည်တည်ငြိမ်ငြိမ်၊ အေးအေးချမ်းချမ်းနဲ့ ကိုယ်လုပ်သင့်တဲ့အလုပ်ကို ဖြောင့်ဖြောင့်တန်းတန်း လုပ်နိုင်မှသာ စိတ်ဓာတ် ရင့်ကျက်တဲ့သူလို့ ခေါ်နိုင်ပါတယ်။ 
  • လူတွေဟာ သူတို့အတွေးနဲ့ သူတို့ ချီးမွမ်းချင် ချီးမွမ်းမယ်။ ကဲ့ရဲ့ချင် ကဲ့ရဲ့မယ်။ တစ်ခါတလေ ချီးမွမ်းစရာ မဟုတ်တာကို ချီးမွမ်းတတ်တယ်။ ကဲ့ရဲ့စရာ မဟုတ်တာကို ကဲ့ရဲ့တတ်တယ်။ တစ်ခါတလေ စိတ်ထဲက မပါဘဲ ပါးစပ်ဖျားက ချီးမွမ်းတတ်တယ်။ အဲဒါတွေကြောင့် ကိုယ်က လိုက်ပြီး စိတ်လှုပ်ရှား နေရင် ကိုယ်ဟာ တော်တော် စိတ်ဓာတ်မခိုင်မာတဲ့သူ ဖြစ်နေမှာပေါ့။ 
  • ဘဝဟာ အင်မတန် တိုတောင်းပါတယ်။ သူများ မကောင်းကြောင်းတွေ ထိုင်တွေးနေဖို့ အချိန် မရှိပါဘူး။ 
  • သူများအပြစ်ကို များများတွေးလေ ကိုယ့်ဘဝ မတိုးတက်လေပဲ။ မနာလိုတဲ့စိတ်နဲ့ သူများအကြောင်း များများတွေး၊ သူများအပြစ်ကိုပဲ စိတ်ဝင်စားနေရင် ကိုယ်လုပ်သင့်တာကို ကိုယ် မလုပ်ဖြစ်တော့ဘူး။ 
  • သူများမှာ ရှိတဲ့ ကောင်းတဲ့ ဂုဏ်ကို ကိုယ်က တန်ဖိုးမထားနိုင်ရင်၊ အသိအမှတ်မပြုနိုင်ရင် အဲဒီလို ဂုဏ်မျိုး အဲဒီလို အရည်အချင်းမျိုး ကိုယ့်မှာ မရနိုင်တော့ဘူး။ ကိုယ့်လမ်းကိုယ်ပိတ်လိုက်တာပဲ။ 
  • ကောင်းတဲ့အလုပ်၊ အရေးကြီးတဲ့အလုပ်၊ တန်ဖိုးရှိတဲ့အလုပ်‌တွေကို သဘောထားကြီးကြီး ရည်မှန်းချက် ကြီးကြီးနဲ့ လုပ်နေတဲ့သူဟာ သူများ ကိုယ့်အကြောင်း ချီးမွမ်းတာကိုလည်း ခေါင်းထဲမှာ ကြာကြာ မထားနိုင်ဘူး။ ကဲ့ရဲ့တာကိုလည်း ခေါင်းထဲမှာ ကြာကြာ မထားနိုင်ဘူး။ 
  • ကိုယ့်ကို ချီးမွမ်းနေတဲ့ကြားမှာ ပြုံးပြုံးလေးနေရတာ ဘာမှ အခက်အခဲ မရှိဘူး။ အဲဒါ ရင့်ကျက်မှု မဟုတ်ဘူး။ 

ဘဝမှာ – ရင့်ကျက်မှုကို ရဖို့ ချီးမွမ်းမှုတွေကို ခံနိုင်ဖို့နဲ့ ကဲ့ရဲ့မှုတွေကို ခံနိုင်ဖို့ဟာ သိပ်အရေးကြီးကြောင်း ကျနော် တဖြည်းဖြည်း သိလာရပါတယ်။ လူ့လောကထဲ တိုးဝင်လေလေ၊ ကဲ့ရဲ့ခြင်းရဲ့ ဒဏ်တွေကို ပိုပိုခံရလာလေလေ ပါပဲ။ အထူးသဖြင့် လူမြင်ကွင်းရှေ့မှာ ထင်ထင်ပေါ်ပေါ် ရောက်လာရင် ပိုပြီး အာရုံစိုက်ခံရတယ်။ လူအတော်များ များဟာ ကဲ့ရဲ့မှုဒဏ်ကို ခံနိုင်ဖို့သာ အာရုံစိုက်ကြတာများတယ်။ တကယ်တော့ ချီးမွမ်းမှုဒဏ်ကိုလည်း ခံနိုင်ဖို့ဟာ သိပ်အရေးကြီးတယ်။ 

ဖြစ်စဉ် သဘော

ကဲ့ရဲ့တဲ့သူတွေအတော်များများဟာ မုဒိတာ မပွားနိုင်ဘဲ၊ ဣဿာ ၊ မစ္ဆရိယစိတ် သိပ်များတဲ့သူတွေ လုပ်တတ် ကြတယ်။ ကိုယ်ကိုယ်၌ကလည်း ဣဿာ ၊ မစ္ဆရိယစိတ် လွန်ကဲရင် ကဲ့ရဲ့တာကို အလွယ်တကူ ကျူးလွန်မိတတ် တတ်တာပါပဲ။ ချီးမွမ်းခြင်းကို ခံနိုင်ရည်ရှိဖို့ကတော့ သတိနဲ့ ထိန်းမှ ကိုယ်ရတယ်။ ချီးမွမ်းခြင်းဟာ အလွန် သိမ်မွေ့တယ်။ သတိနဲ့ ဥပေက္ခာစိတ် မမွေးနိုင်ရင် အဲသည့်ချီးမွမ်းခြင်းအပေါ် တပ်မက်တွယ်ငြိတော့တာပဲ။ လူ အတော်များများဟာ လူအသိအမှတ်ပြုခံချင်စိတ်နဲ့ ဟုတ်တာတွေရော မဟုတ်တာတွေရော စွတ်လုပ်လေ့ရှိတတ် တယ်။ ဒီနေ့ခေတ်ဆို ပိုဆိုးတာပေါ့။ ကောင်းခြင်း မကောင်းခြင်း၊ မှားခြင်း မှန်ခြင်းဆိုတဲ့ကိစ္စတွေကို ပိုင်းဖြတ်ရာ မှာ လူများများ ဘယ်လောက်ထောက်ခံသလဲဆိုတာနဲ့ တိုင်းတာကြတယ်။ အထူးသဖြင့် ဒီနေ့ခေတ်လို လူမှုကွန်ယက်မီဒီယာအပျံ့ကျယ်လာတဲ့အချိန်မှာ ပိုလို့ဆိုးတယ်။ 

လူ အနည်း – အများပေါ် မူတည်၍ 

ဒီနေ့ခေတ် လူတွေဟာ မှားခြင်း – မှန်ခြင်း၊ ကောင်းခြင်း – ဆိုးခြင်း ဆိုတာကို ဓမ္မရယ် – အဓမ္မရယ်လို့ ခွဲခြား မကြည့်မြင်တော့ဘူး။ ကုသိုလ် – အကုသိုလ်နဲ့ ခွဲခြား မပိုင်းဖြတ်နိုင်ကြတော့ဘူး။ ကိုယ့်လုပ်ရပ်ကို လူဘယ်လောက်များများ ထောက်ခံသလဲဆိုတဲ့အပေါ်မှာ မူတည်ပြီး ပိုင်းဖြတ်တယ်။ လူများများက ကိုယ့်လုပ်ရပ်ကို ထောက်ခံရင်၊ ချီးကျူးရင် ကိုယ့်လုပ်ရပ်က မှန်တယ်။ လူအများက ကိုယ့်လုပ်ရပ်ကို ကန့်ကွက် ရင် ၊ ရှုတ်ချရင် ကိုယ့်လုပ်ရပ်က မှားတယ်။ လုပ်ရပ်တစ်ခု မှားခြင်း – မှန်ခြင်းဟာ ကြောင်းကျိုးဆင်ခြင်မှု အပေါ်မှာ မတည်တော့ဘူး။ လူဘယ်လောက် ထောက်ခံသလဲ၊ လူဘယ်လောက် ချီးမွမ်းသလဲဆိုတဲ့ အပေါ်မှာ မူတည်ပြီး သတ်မှတ်လိုက်ကြတော့တယ်။ ဒါဟာ လက်ရှိ မြန်မာ့လူ့အဖွဲ့အစည်းက ဖြစ်နေတဲ့အရာပါ။ 

ချစ် – မုန်း ခြင်း ကင်း လွတ် တဲ့ 

ဗုဒ္ဓသွန်သင်ချက်ကနေ ထွက်ပေါ်လာတဲ့ ဘဝဒဿနတွေဟာ ကျနော့်အတွက် အလွန် အထောက်အကူပြုခဲ့တယ်။ ကိုယ်လုပ်ရမယ့်အရာတွေကို မဖဲ့မစောင်း လမ်းကြောင်းမှန်မှန် ဆက်လုပ်နိုင်ဖို့ ခွန်အားရပါတယ်။ လုပ်သင့်လုပ် ထိုက်တာတွေကို ချီးမွမ်းခြင်းတွေ ရှိသော်လည်း သာယာမိန်းမောမသွားဘဲ လုပ်နိုင်အောင်၊ ကဲ့ရဲ့ခြင်း‌တွေ ရှိရင် လည်း နောက်တွန့်မသွားဘဲ လုပ်နိုင်အောင် စိတ်ဓာတ်ခွန်အားကို ပေးစွမ်းပါတယ်။ 

ဆရာ မြို့မငြိမ်း ရေးတဲ့ “ပါရမီတော်” သီချင်းထဲကလို ဖြစ်ရလိမ့်မယ် ထင်ပါတယ်။ အဲသည့် သီချင်းထဲမှာ ဆရာ မြို့မငြိမ်းက “ချစ် မုန်း ခြင်း ကင်း တဲ့ ဥပေက္ခာ တရား ပါရမီ” လို့ သီချင်းကို အဆုံးသတ်လိုက်တယ်။ 

  • ချီးမွမ်းခြင်းကို တွယ်ငြိမြတ်နိုးတဲ့ ချစ်ခြင်းလည်း မရှိပါဘူး။ 
  • ကဲ့ရဲ့ခြင်းကို ခါးသီးနာကျည်းတဲ့ မုန်းခြင်းလည်း မရှိပါဘူး။ 
  • ချစ်ခြင်း – မုန်းခြင်း ကင်းတဲ့ ဥပေက္ခာတရားဟာ ချီးမွမ်းခြင်း ကဲ့ရဲ့ခြင်းတွေကို အစဉ်တစိုက် ခံနိုင်ရည်ရှိတဲ့ မဟာပထဝီမြေကြီးကဲ့သို့သော ကျင့်စဉ်မျိုး ဖြစ်မယ်လို့ ယုံကြည်ပါတယ်။ 

မင်းသေ့ 

နံနက် ၁း၃၁ 

၃၁၊ ဇူလိုင်၊ ၂၀၂၂။

Previous post ဆရာ – ဒကာ စီမံချက်ဖြင့် သိမ်းသွင်းခံလိုက်ရသော ဘုန်းကြီးများ
Next post စစ်အာဏာသိမ်းမှုနောက်ဆက်တွဲ ပဋိပက္ခ