အခုတလော စိတ်ထဲ ရှိနေတာက ကိုမင်းသေ့စာတွေ စကားတွေ နဲ့ ကိုတေဇာဆန်း တို့စကားတွေ စာတွေပဲ။
စာငတ်နေတဲ့ ကာလမို့ အင်တာနက် သုံးခွင့်ရရင် ရသလို စာအုပ်တွေ လိုက်တောင်းရ၊ စာအုပ်တွေရှာရ နဲ့ ကို သတင်းတွေကို ကူး ပြီး စတည်းချတဲ့နေရာရောက်မှာဖတ်ရတယ်၊ အင်တာနက်တစ်ခါခါ သုံးရဖို့ မလွယ်ကူတဲ့ အခြေနေမျိုးမှာ နေရတော့ အင်းလေ လွယ်တဲ့အခါ ရှိလာလိမ့်မပေါ့။


ရသမျှစာအုပ်တွေကိုပို့ပေးတဲ့ ကိုမင်းသေ့ ကိုလည်းကျေးဇူးတင်မဆုံး ဖြစ်ရတယ်၊ ကိုမင်းသေ့ ပို့ပေးတဲ့ စာတွေအားလုံးအတွက် တကယ်ကျေးဇူးတင်ပါတယ်၊ လေးမျက်နာ စကားဝိုင်း လို စာတွေစကားတွေ အများကြီးဖန်တီးစေချင်တယ်၊ လေးမျက်နာစကားဝိုင်း က စကားတွေကိုလည်းပို့ပေးကြပါလို့ ပါဝင်သူတွေအားလုံးကိုလေးလေးစားစားမေတ္တာရပ်ခံပါတယ်။
အစပြန်ကောက်ရရင် ကိုမင်းသေ့ရဲ့ ‘ တရား အတုတွေ ဟောတဲ့ တိုင်းပြည် ‘ ဆိုတဲ့စကားက ကျနော့်ရင်ဖတ်ထဲ တန်းတန်းမှတ်မှတ် ထိထိရှရှ ဖြစ်သွားတဲ့စကားပဲ။

ကျနော်အထင် ကျနော့် အမြင်က စကား အတုတွေ ပြောတဲ့ တိုင်းပြည်လို့ ပြောချင်တယ်ဗျ၊ မဖြစ်နိုင်တာတွေ ပြောများတယ်၊ အပြောနဲ့အလုပ် တထပ်တည်းကျတာ နည်းတယ်၊ ပြောတော့ ညီညွှတ်ရေး လုပ်တော့ သူ့လူ ကိုယ့်လူ ခွဲကြတာများတယ်၊ ကျနော်တို့က နိုင်ငံရေးသမားလို့ ကျနော်ကိုယ်ကျနော်မယူဘူး၊ မတရားတာကြီးကို မတရားဘူး လို့ပြောရမယ် ဆိုတာကို အသေချာပြောရမယ် ဆိုတာကို ဆုပ်ကိုင်ရင်းနေလာ ပြောလာတာ၊ ဟိုအဖွဲ့ ဒီအဖွဲ့ဆိုတာထက်၊ ပြီးတော့ ဟိုလူ ဒီလူ ဆိုတာထက် ဓမ္မ နဲ့ အဓမ္မ ဆိုကို ပဲ ယုံတယ်၊ ယုံတဲ့ အတိုင်းလည်း လုပ်တယ်၊ လူကြိုက်နည်းတယ်ပေါ့။

အခုလောလောဆယ် တော့ အားမရတာများ တယ်၊ ခင်ဗျား ဘာလုပ်လဲ မေးရင် ၊ ဒီမတရားမှုကြီးကို ဖီဆန်ဖို့ ကျနော် နိုင်တဲ့ဟာ မှန်သမျှ အကုန်လုပ်တယ်၊ ရေးသမျှ ပြောသမျှတိုင်းမှာ ရိုးသားကြပါလို့ အမြဲတိုက်တွန်းတယ်၊ မရိုးသားမှုတွေကြောင့် တိုင်းပြည်က ကမောက်ကမ ဖြစ်ရတာများတယ်။


လွပ်လပ်ရေး ရပြီးစကတည်းက ဗိုလ်ချုပ်အောင်ဆန်း လို ရိုးသားတဲ့ ခေါင်းဆောင် မရှိတော့တာ၊ နိုင်ငံရေးသမား မရိုးသားရင် တိုင်းပြည်ပျက်တယ် လို့ ဆရာမောင်ဝံသ ပြောတာ မှတ်မိသလို၊ ဆရာမောင်ဝံသ ရေးတဲ့ သခင်ဝတင် လိုနိုင်ငံရေးသမားကိုလည်း သိပ်လေးစားတယ်၊ ဒီဘက်ခေတ်မှာတော့ အမေစု၊ ဘဘ ဦးဝင်းတင် တို့ လိုနိုင်ငံရေးသမား၊ ကိုပေါ်တို့လိုနိုင်ငံရေးသမားတွေကို လေးစားတယ်၊ ပုလောက ဆုံးပါးသွားပြီဖြစ်တဲ့ ဘဘ ဦးကြည်စိန်တို့ကိုလေးစားတယ်၊ ရိုးဂုဏ်ကို လေးစားတာကပိုတယ်။ တရားအတုတွေ ဟောတာမရှိသလောက်နည်းတယ်၊ မလုပ်နိုင်တာကို မလုပ်နိုင်ဘူးလို့ရိုးရိုးသားသားပြောတယ်။

နိုင်ငံတော်သမ္မတကြီးနဲ့ ဆုံတော့ သူပြောတာမှတ်မိတယ်’ ကျနော်တို့ နိုင်သလောက် ဝိုင်းလုပ်ကြမယ် ကိုအောင်နိုင်ဦးရေ ‘တဲ့၊ ကျနော်ကလည်း တရားအတု တွေ ဟောတာ မကြိုက်တဲ့သူဆိုတော့’ အဘရေ ဒါတွေ ဒါတွေကျတော့ လုပ်ရတာခက်တယ် ၊ ပြီးတော့ အစီရင်ရင်ခံစာ တွေ ဖတ်ပြီး ထမလုပ်ရင်၊ ရှက်စရာ လို့ ၊ ဒဲ့ ပြောတော့ ကျနော့်ဆီတင်ဗျာ ကျနော် လုပ်မယ်’ ရိုးရိုးကြီးပြောတယ် ကျနော်လည်း ဒီရိုးဂုဏ်ကို ထိုင်ကန်တော့ပြီး ပြန်တယ်၊

အခုရေးနေတာ ကြွားဝါချင်လို့ ရေးနေတာမဟုတ်ပါတရားတုတွေ မဟောခဲ့သူတွေ ကိုလေးစားလို့ပါ။
အခုလည်း ဖဆပလ တပ်ပေါင်းစုလို တပ်ပေါင်းစုလိုနေတယ်၊ အထက်မှာစု နေတယ်၊ အောက်မှာ ထင်သလောက်မလွယ်ပါ၊ အခုဒီစာကိုဖတ်မိတဲ့ တာဝန်ရှိသူတွေ အောက်ခြေစုပါ လို့ မေတ္တာရပ်ခံခြင်ပါတယ်။

အခု မင်းက ဘာတာဝန်ယူထားလဲမေးရင်၊ တော်လှန်ရေးကာလမှာ တော်လှန်ရေး လုပ်ရမှာ လူတိုင်းတာဝန်ပါ၊ ဘယ်သူကမှ ပေးစရာမလိုပါ။ ယူစရာလည်းမလိုပါ၊ မလွဲမသွေထမ်းဆောင်ရမဲ့ လောကဝန် ဓမ္မဝန် လို့မှတ်ပါတယ်။
လူမသိသူမသိ တော်လှန်ရေးလုပ်နေတဲ့ ဘာနေရာမှ မယူပဲတော်လှန်ရေး လုပ်နေသူတွေ အပုံကြီးရှိပါတယ်။

ကိုတေဇာဆန်း စကားနဲ့ စကားချုပ်ချင်တယ်။
‘ဒီတော်လှန်ရေးမှာ ပြည်သူဘက်က အားလုံးတာဝန်ကျေတယ်၊ ဒီတော်လှန်ရေး မအောင်ရင်တော့ ဒီတော်လှန်ရေးကို ဦးဆောင်နေတဲ့ ဒို့ အသုံးမကျလို့ ပဲ ‘ ဆိုတဲ့စကားကို ရင်ထဲမှတ်မှတ်ထင်ထင် ရှိနေတယ်။
အသုံးကျတဲ့ ဦးဆောင်သူတွေ ဖြစ်ကြပါမည်ဟု ယုံကြည်နေမိပါတယ်။

ပြည်သူ့အားဖြင့် အရေးတော်ပုံ ေအာင်ရမည်။

နန္ဒာငြိမ်းချမ်း ၉ ၊ ဧပြီ ၊ ၂၀၂၂ ။

Previous post ရက္ခိုင်နိုင်ငံတော်စာတမ်း
Next post မနုဿဗေဒ