အင်္ဂါလေးပါးနဲ့ အရည်အသွေးကိစ္စ

• ကျနော့်ကို အချိန်ပေးပါ။

• ငွေပေးပါ။

• လူပေးပါ။

• လုပ်ပိုင်ခွင့်ပေးပါ။

• ကျနော် လုပ်နိုင်ပါတယ်။

မြန်မာ့လူ့အဖွဲ့အစည်းမှာ၊ ပြဿနာတော်တော်များများရှိပါတယ်။ ပြဿနာတွေထဲမှာ စွမ်းရည်ပြဿနာက အခြေခံကျနေတယ်။ နောက်တစ်ခုကတော့ အလုပ်ဖြစ်အောင်လုပ်တတ်မှုဖြစ်ပါတယ်။ သိမြင်မှု၊ ကျွမ်းကျင်မှုနဲ့ ပတ်သက်ရင် တစ်ဦးချင်းစီမှာ ပြဿနာရှိနေတယ်။ ဒါကတော့ တစ်ဦးချင်းကိစ္စ။

ဉာဏ်,အဟ

နောက်တစ်ခုကတော့ လူအချင်းချင်းကိစ္စဖြစ်ပါတယ်။ လူအချင်းချင်းကိစ္စမှာ နားလည်မှုပြဿနာရှိတယ်။ ဘယ်လိုနားလည်ရမလဲ ဆိုတာ ဆင်ခြင်ဉာဏ်ကိစ္စဖြစ်ပါတယ်။ အချင်းချင်းကြားမှာ intellectual gap ဖြစ်နေရင် နားမလည်နိုင်ဘူး။ ညှိလို့ မရဘူး။ ပူးပေါင်းအလုပ်လုပ်လို့ မရဘူး။ အဖွဲ့ဝင်တွေအကြားမှာ intellectual gap ရှိနေရင် ပူးပေါင်းလုပ်ဖို့ ခက်တယ်။ ပေါင်းစည်းလုပ်ဖို့ခက်တယ်။ ဆွေးနွေးဖို့ မခက်ပေမယ့် ဆုံးဖြတ်ချက်ချနိုင်ဖို့ ခက်တယ်။

ဒီမိုကရေစီ ကျင့်ထုံးတွေက တန်ဖိုးဖြစ်တယ်။ ဒီမိုကရေစီကျင့်ထုံးထဲမှာ အားလုံးတန်းတူညီမျှစွာ ပါဝင်ဖို့ ဆိုတာ ပါတယ်။ ဒါကို ကျနော် လက်ခံတယ်။ ဒါကို ကျနော် မငြင်းဘူး။ ဒါပေမယ့် အားလုံးတန်းတူညီမျှစွာ ပါဝင်နေတဲ့ အဝန်းအဝိုင်းမှာ တစ်ယောက်နဲ့ တစ်ယောက် intellectual gap နည်းဖို့လိုတယ်။ အဲသည်လိုမှ မဟုတ်ရင်၊ အလုပ်မဖြစ်ဘူး။ ရှေ့မရောက်ဘူး။ quality ကောင်းကို ရမှာ မဟုတ်ဘူး။ အကောင်းတွေထဲက အကောင်းဆုံး ကို ရွေးချယ်ဆုံးဖြတ်နိုင်မှာလည်း မဟုတ်ဘူး။

အစည်းအဝေးပွဲတွေမှာ ကြုံဖူးပါလိမ့်မယ်။ အားလုံးသဘောတူ ဆုံးဖြတ်ချက်ချဖို့ ခက်နေတဲ့အနေအထား။ အစည်းအဝေးထဲမှာ ဦးဆောင်ဆွေးနွေးတဲ့သူနဲ့ အဖွဲ့ဝင်တွေအကြားမှာ ဉာဏ်အဟကွာနေရင် အိုင်ဒီယာ ကောင်းတွေအတွက် နေရာမရတတ်ဘူး။ အိုင်ဒီယာကောင်းတွေက ရွေးချယ်မခံရဘူး။ အိုင်ဒီယာကောင်းတွေ၊ အကြံဉာဏ်ကောင်းတွေက ပေလျာလကန်ပြုခံရတယ်။ အတွေးအခေါ်ကောင်းတွေ၊ နည်းနာကောင်းတွေ အကြဉ်ခံရတတ်တယ်။ ဒါဆိုရင် သေချာတယ်။ ထွက်လာတဲ့ product တွေက အရည်အသွေးညံ့ဖျင်းမှာ ကြိမ်းသေပဲ။

ကျနော်တို့ မြန်မာ့လူ့အဖွဲ့အစည်းမှာ အဖွဲ့အစည်းတွေ များစွာ ရှိတယ်။ အုပ်စုတွေ များစွာ ရှိတယ်။ အသင်းအဖွဲ့တွေ များစွာ ရှိတယ်။ လူ့အဖွဲ့အစည်းက ထုတ်လုပ်လိုက်တဲ့၊ ဒါမှမဟုတ် အဖွဲ့အစည်းတစ်ခုက ထုတ်လုပ်လိုက်တဲ့ လုပ်ရပ်ဟာ ဘယ်လောက်အရည်အသွေးရှိသလဲ။ ဒါက အရည်အသွေးကိစ္စဖြစ်တယ်။ စွမ်းရည်ကိစ္စဖြစ်တယ်။ နားလည်နိုင်မှုကိစ္စဖြစ်တယ်။


တစ်ဦးချင်းစွမ်းရည် နိမ့်ရင်၊ အရည်အသွေးညံ့တဲ့ ထုတ်ကုန်ကိုပဲ ရမယ်။ တစ်ဦးချင်းက မညံ့ပေမယ့် ခေါင်းဆောင်ညံ့ရင်လည်း အရည်အသွေးညံ့တဲ့ ရလဒ်ကိုပဲ ရမယ်။ ခေါင်းဆောင်နဲ့ တစ်ဦးချင်းကတော့ မညံ့ဘူး။ ဒါပေမယ့် နားလည်မှုလွဲနေတယ်။ နားလည်မှု အဟကွာနေတယ်။ ဒါဆိုရင်လည်း နည်းနာကောင်းနဲ့ အချိတ် အဆက်လွဲနိုင်တာကြောင့် သာမန်ရွက်ကြမ်းရေကျို အဆင့်လောက်ပဲရမယ်။ အချင်းချင်းအကြားမှာ တော်သူနဲ့ ညံ့သူ ရောနေပြီး intellectual gap ဖြစ်နေရင်တော့ အဟောသိကံဖြစ်ကုန်တာတွေက များလိမ့်မယ်။ အလုပ် မဖြစ်ဘူး။ အဖြစ်လုပ်တာတွေနဲ့ပဲ ကြုံမယ်။

အသက်နံပါတ်နဲ့ မဆိုင်ဘူး

လူ့အဖွဲ့အစည်းမှာ လူကြီး လူငယ် ပြဿနာရှိတယ်။ ထိုနည်းလည်းကောင်းပဲ အဖွဲ့အစည်းတွေမှာ စီနီယာ၊ ဂျူနီယာ ပြဿနာရှိနေပြန်တယ်။ ဒီလိုပဲ အဖွဲ့အစည်း၊ အသင်းအဖွဲ့တွေမှာ လူကြီးလူငယ် ပြဿနာရှိနေပြန် တယ်။ ကုမ္ပဏီတွေမှာလည်း ထိုနည်းလည်းကောင်းပဲ။

ဒီတော့ လူငယ်တွေမှာ ဘာပြဿနာရှိသလဲ။ လူငယ်တွေမှာ အတွေ့အကြုံပြဿနာ ရှိနိုင်ပါတယ်။ ဘာလို့လဲ ဆိုတော့ အတွေ့အကြုံဆိုတာ အချိန်အပေါ်မှာ အမှီသဟဲ ပြုနေတာကြောင့်ဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် လူငယ်မှာ အသိဉာဏ်ပြဿနာရှိတယ်လို့ တစ်ထစ်ချ ပုံသေ ပြောလို့ မရဘူး။ အသိဉာဏ်ပြဿနာဆိုတာ အသက်နံပါတ်နဲ့ မဆိုင်ဘူး။ အသက်ကြီးပြီး အသိဉာဏ်ပြဿနာကြုံနေရတဲ့သူတွေ ဒုနဲ့ဒေး ရှိတယ်။ အသက်ကြီးတိုင်း အသိဉာဏ်ကြီးတယ်လို့ တစ်ထစ်ချ ပုံသေမှတ်လို့ မရဘူး။ အသက်ကြီးပြီး ဦးနှောက် အလေးချိန်မစီးနဲ့ လူကြီးတွေ တစ်ပုံကြီးရှိပါတယ်။ ဒါ့ကြောင့် ကျနော်က လူငယ်ကိစ္စပြောတဲ့အခါမှာ လူငယ်မှာ အတွေ့အကြုံပြဿနာရှိနိုင်တယ်ဆိုတာပဲ လက်ခံတယ်။ အသက်ငယ်ရင် အသိဉာဏ်ပြဿနာရှိကို ရှိတယ်လို့ ပုံသေ မမှတ်ဘူး။

အစိုးရအလုပ်ဌာနတွေမှာ၊ ကုမ္ပဏီတွေမှာ ၊ အဖွဲ့အစည်း ၊ အသင်းအဖွဲ့တွေမှာ၊ နိုင်ငံရေးပါတီတွေမှာ၊ တက္ကသိုလ်ကျောင်းတွေမှာ လူကြီးနဲ့ လူငယ် ပြဿနာရှိနေပါတယ်။ လူကြီးဖြစ်သူတွေဟာ လူငယ်တွေကို တစ်ခုခု တာဝန်ပေးဖို့ တွန့်ဆုတ်နေတယ်။ တာဝန်ပေးရင်လည်း စိုးရိမ်နေတယ်။ စိုးထိတ်နေတယ်။ မယုံသင်္ကာ ဖြစ်နေတယ်။ မဝံ့မရဲဖြစ်နေတယ်။ စိတ်ချလက်ချ ဖြစ်မနေဘူး။ ဒီလိုအဖြစ်တွေကို လူငယ်တွေ တော်တော်များ များကြုံနေရပါတယ်။ ဒီတော့ လူငယ်တွေ ကိုယ်စား ကျနော်က စကားတစ်ခွန်းပြောချင်ပါတယ်။

• ကျနော့်ကို အချိန်ပေးပါ။
• ငွေပေးပါ။
• လူပေးပါ။
• လုပ်ပိုင်ခွင့်ပေးပါ။
• ကျနော် လုပ်နိုင်ပါတယ်။

လူငယ်တွေကိုယ်တိုင်ကလည်း သင်ပေးမှတတ်တယ်၊ ခိုင်းမှ လုပ်တတ်တယ်ဆိုတာမျိုး မဖြစ်စေဘဲနဲ့ အချိန်ရယ်၊ ငွေရယ်၊ လူရယ်၊ လုပ်ပိုင်ခွင့်ရယ် လုံလုံလောက်လောက်ပေးရင် အကောင်းဆုံး လုပ်နိုင်စွမ်းရှိအောင် ကိုယ့်ကိုယ်ကို လေ့ကျင့်တည်ဆောက်ထားဖို့ တိုက်တွန်းချင်တယ်။

အင်္ဂါ လေးပါး ညီညွှတ်မှ

ဒီနေရာမှာ ၊ အချိန်ရယ် ၊ ငွေရယ်၊ လူရယ်၊ လုပ်ပိုင်ခွင့်ရယ်ဆိုတာကို လုံလုံလောက်လောက်ပေးဖို့ ကျနော် ပြောတာ အကြောင်းရှိတယ်။ အလုပ်မပြီးစီးတာ၊ အလုပ်အရည်အသွေးမမှီဘူးဆိုတာ ဒီလေးချက် တစ်ခုခု ချို့တဲ့နေရင် မဖြစ်ဘူး။ ဒါ့ကြောင့် ကျနော် ထပ်ပြောချင်တယ်။
နံပါတ်တစ် အလုပ်တစ်ခု အကောင်းဆုံးပြီးမြောက်ဖို့ လုံလောက်တဲ့အချိန်လိုတယ်။ အချိန်ကို နီးမှကပ်ပေးပြီး တော့ အလုပ်ပြီးအောင် မလုပ်နိုင်ဘူးဆိုတာ အပြစ်တင်လို့ မရဘူး။ အလုပ်တစ်ခုမှာ လိုအပ်တဲ့အချိန်ပမာဏ တစ်ခုရှိတယ်ဆိုတာ လူကြီးလုပ်သူတွေ နားလည်ထားဖို့လိုတယ်။

နောက်တစ်ခုက ငွေ။ အချိန်တော့ ရှိတယ်။ လုပ်ပိုင်ခွင့်တော့ ရှိတယ်။ ငွေကို ချမပေးဘူး။ ဘတ်ဂျက်ကို ချမပေး ဘူး။ ဒါဆိုရင်လည်း အလုပ်ကို လေနဲ့ လုပ်နေလို့ မရဘူး။ သုံးစွဲသင့်သုံးစွဲထိုက်တဲ့ နေရာတွေမှာ လိုအပ်တဲ့ငွေ ကို သုံးဖို့ လုပ်ငန်းငွေ လိုတယ်။ အဲသည်လိုမှ မဟုတ်ရင် လေပဲရမယ်။ ဒါကို လူငယ်မှာ တာဝန်ရှိတယ်လို့ ပြောနေတဲ့ လူကြီးတွေ နားလည်သင့်တယ်။

နောက်တစ်ခုက လူဖြစ်ပါတယ်။ အလုပ်ပမာဏကြီးမားရင် ကြီးမားသလောက် လူလိုတယ်။ အလုပ်ပမာဏ ကျယ်ပြန့်ရင် ကျယ်ပြန့်သလောက် လူလိုတယ်။ တာဝန်ယူလုပ်တဲ့သူက လုပ်ငန်းအတွက် လိုတဲ့သူ လုံလုံ လောက်လောက် မရှိရင် လုပ်လို့မရဘူး။ တာဝန်ယူတဲ့သူက လူရှာဖွေခွင့်၊ လူသုံးပိုင်ခွင့်၊ လူခန့်ထားပိုင်ခွင့်၊ လူတာဝန်ပေးပိုင်ခွင့် မရှိရင် ဘာမှလုပ်လို့ မရဘူး။ တစ်ယောက်တည်း လုပ်လို့ မပြီးတဲ့ကိစ္စတွေအတွက် လူ လိုတယ်။ ဒါကို နားလည်ထားသင့်တယ်။

နောက်တစ်ခုက လုပ်ပိုင်ခွင့်။ လူကြီးတွေ တော်တော်များများ အတွန့်တိုဆုံးကတော့ လုပ်ပိုင်ခွင့်ဖြစ်ပါတယ်။ လုပ်ပိုင်ခွင့်နဲ့ပတ်သက်ရင် ကြိုးနီတွေ များနေတာ။ ဗဟိုဦးစီးစနစ်မှာပဲ အသားကျနေတဲ့ လူကြီးတွေ များတယ်။ လုပ်ပိုင်ခွင့်ကို ခွဲပေးတာ empowerment လုပ်တယ်လို့ ခေါ်တယ်။ လုပ်ပိုင်ခွင့် အပြီးတိုင်ပေးတာကို delegate လုပ်တာလို့ ခေါ်တယ်။ လူကြီးတွေက လုပ်ပိုင်ခွင့်ကို ခွဲမပေးဘူး။ အပြီးတိုင် တာဝန်ယူဖို့လည်း ယောင်လို့ တောင် မစဉ်းစားဘူး။ မြန်မာပြည်က ဒီလိုလူတွေကြောင့် ရှေ့မရောက်ဖြစ်နေရတယ်။

မင်းသေ့
ညနေ ၄ း ၂၁
၁ ၊ ဖေဖော်ဝါရီ ၊ ၂၀၂၀
ရန်ကုန်မြို့။

Previous post စာဂျပိုးလေးများအတွက်
Next post ဘဝဒဏ်ရာ