ဘဝမှာ ဒဏ်ရာတွေ ရခဲ့ဖူးပါတယ်။ ဒဏ်ရာတွေကတော့ အမျိုးမျိုးအဖုံဖုံပါပဲ။ ဒဏ်ရာတွေရခဲ့တုန်းကတော့၊ ငါ့မှ အဖြစ်ဆိုးရလေခြင်းလို့ တွေးပြီး စိတ်ဓာတ်ကျခဲ့ဖူးပါတယ်။ ဒါပေမယ့် ဒီအတိုင်းတစ်သက်လုံး တွေးပူနေလို့မှ မရတာ။ လုပ်သင့်လုပ်ထိုက်တာတွေကို အသက်မသေခင် လုပ်ကို လုပ်သွားရမယ် ဆိုတဲ့စိတ်နဲ့ လဲရင် ပြန်ထ တယ်။ ဒဏ်ရာတွေ ရရင်၊ အနာကျက်အောင် လုပ်တယ်။

• ဒဏ်ရာတွေကနေ အနာတွေဖြစ်လာတယ်။
• အနာတွေကနေ အမာရွတ်တွေထင်လာတယ်။
• အမာရွတ်တွေကနေ အသားမာတွေတက်လာတယ်။
• အသားမာတွေကနေ အရေထူလာတယ်။

အရေထူမှုဟာ ခံနိုင်ရည်ရှိမှုကို ကျေးဇူးပြုထောက်ပံ့ကြောင်း နောက် များကျမှ တဖြည်းဖြည်း သိလာရတယ်။ ဘဝဒဏ်ရာတွေကို ကျေးဇူးတင်လိုက်တာ။

ဒဏ်ရာတွေကို မတောင်းဆိုဖူးဘဲနဲ့လည်း ရခဲ့ဖူးတယ်။ ဒဏ်ရာတွေကို မထင်မှတ်ဘဲလည်း ရခဲ့ဖူးတယ်။ လိုလိုချင်ချင်ယူခဲ့ဖူးတဲ့ ဒဏ်ရာတွေလည်း ရှိပါတယ်။ ဒဏ်ရာရချင်လွန်းလို့ ဒဏ်ရာဖြစ်ကြောင်းတွေကိုလည်း ရှာဖွေခဲ့ဖူးတယ်။ ေဩာ်…. ပိုးဖလံမျိုး မီးကိုတိုး။

ဒဏ်ရာတွေ အများကြီးကို အမျိုးမျိုးအဖုံဖုံရခဲ့ဖူးလို့၊ ဘယ်လို နာကျင်မှုမှ မဖြစ်တော့တာ မဟုတ်ပါဘူး။ ဒဏ်ရာ တွေ ပရပွနဲ့ ဘယ်လောက်ပဲ ဒဏ်ရာတွေ ထူခဲ့ထူခဲ့ ပြင်ပဒဏ်ရာကသာ အနာရွတ်ကြောင့် အရေထူလိမ့်မယ်။ ကိုယ်တွင်းဒဏ်ရာဟာ အနာရွတ်မထင်ဘဲ အနာရင်းလာတတ်တာမျိုးပါ။ စိတ်ဒဏ်ရာတွေဟာ “ထရော်မာ” တွေ အဖြစ် စိတ်အနာတွေဖြစ်လာတယ်။ ဒီလိုနဲ့ လူဟာ အယဉ်စိတ်ကနေ အရိုင်းဆန်ချင်လာတယ်။ ကျနော် ကိုယ်တိုင် အရိုင်းဆန်ခဲ့ဖူးတယ်။ ကျနော့် ဦးနှောက်က သိသိနဲ့ အရိုင်းဆန်ခဲ့ဖူးတယ်။ ဒီလိုအမှားတွေကိုလည်း မျက်ကန်း တစ္ဆေမကြောက်သလို တိုးဝင်ခဲ့ဖူးတယ်။ ဘဝဒဏ်ရာတွေကို ဆင်ခြင်ကြည့်ရင်း တဖြည်းဖြည်းနဲ့ ဘဝ ဒဏ်ရာတွေကို ကျေးဇူးတင်တတ်လာတယ်။ ဒဏ်ရာပေးခဲ့ဖူးသူတွေကို ကျေးဇူးတင်တတ်လာတယ်။
ကျနော့် ဘဝမှာ ရခဲ့တဲ့ ဒဏ်ရာတွေကို ပြေပျောက် ဖြေဖျောက်ပေးနိုင်ခဲ့တဲ့ အလေ့အထ တချို့ရှိခဲ့ပါတယ်။ ဒါတွေကို ရခဲ့လို့ ၊ လဲကျတိုင်း ပြန်ထနိုင်ခဲ့တယ်။ မှားမိတိုင်း ပြန်ပြင်ဆင်နိုင်ခဲ့တယ်။ ဦးတည်ချက်တွေကို ပြန်တည့်နိုင်ခဲ့တယ်။ အဲသည့်အရာတချို့ပြောပြချင်ပါတယ်။

သီချင်းတွေ

ကျနော်ဟာ အနုပညာကို ဖန်တီးတတ်တဲ့လူ မဟုတ်ပါဘူး။ ဒါပေမယ့် ကျနော်ဟာ ပန်းချီတွေကို သဘောကျ တယ်။ သဘာဝရှုခင်းဓာတ်ပုံတွေကို သဘောကျတယ်။ ကဗျာတချို့ကို သဘောကျတယ်။ သီချင်းတွေကို ကြိုက်နှစ်သက်တယ်။ အထူးသဖြင့် သီချင်းတွေ။
သီချင်းတွေနဲ့ ကျနော် အမြဲတမ်းလိုလို ထိတွေ့ပါတယ်။ နေ့စဉ်နေ့တိုင်းလိုလို နားထောင်ပါတယ်။ ကျနော် စာဖတ်နေရင်း၊ နဘေးနားမှာ သီချင်းကို တိုးတိုးလေးလည်း ဖွင့်တတ်သလို၊ ခပ်ကျယ်ကျယ်လည်း ဖွင့်တတ်ပါ တယ်။ ကျနော် ကြိုက်တဲ့ ဘယ်သီချင်းမဆို ဘယ်လောက်ကျယ်ကျယ်ဖွင့်ထားပါစေ ကျနော် စာဖတ်လို့ရတယ်။ ဖတ်နေတဲ့စာအုပ်ကို အာရုံစိုက်လို့ရတယ်။ အဲဒါ ကျနော့် အကျင့်။

သီချင်းတွေလို့ ပြောရင် ၊ မြန်မာသီချင်းအပြင် အင်္ဂလိပ်သီချင်း၊ စပိန်သီချင်း၊ ထိုင်းသီချင်း၊ တရုတ်သီချင်း၊ ရှမ်းသီချင်း၊ ပအိုဝ်း သီချင်း…. အမျိုးမျိုး ကျနော် နားထောင်တယ်။ ကျနော် ကြိုက်တဲ့သီချင်းတွေဆိုရင် ထပ်ခါ ထပ်ခါ နားထောင်တယ်။ တခါတရံ နှစ်ရက်သုံးရက်လောက်အထိ သီချင်းတစ်ပုဒ်ကို ကျနော် ထပ်ခါထပ်ခါ အကြိမ်ကြိမ် ဖွင့်ပြီး နားထောင်နေတတ်တယ်။ ကျနော့်မှာ သီချင်းတွေကို ခံစားတတ်တဲ့ နားတစ်စုံပါလာတာ သိပ်ကံကောင်းတာပဲ။

သီချင်းတွေက ကျနော့်ဘဝဒဏ်ရာတွေကို ကုသပေးခဲ့ပါတယ်။ သီချင်းတွေဆိုရင် ကျနော်က ရှေးဟောင်း ဂန္တဝင်ကစလို့၊ အကြမ်းစား ရော့ခ်သီချင်းတွေအထိ အမျိုးမျိုးနားထောင်တတ်ပါတယ်။ ဘုရားသီချင်း၊ ဘဂဝါဂီတ၊ ဓမ္မတေး၊ ကြည်နူးဖွယ်…. စတဲ့ တေးတွေကိုလည်း နားထောင်တတ်ပါတယ်။ ယုတ်စွအဆုံး တရားပွဲ အပြီးမှာ ဖွင့်တဲ့ “တရားပွဲကြီး ပြီးပါပြီ….၊ တရားနာလို့ ပြီးပါပြီ…. အလှူတော်ကြီးလည်း အောင်ပါပြီ…” ဆိုတဲ့ သီချင်းကိုတောင် ကျနော် အရသာခံတတ်ပါတယ်။ ဂီတကို ခံစားတတ်တဲ့နားတစ်စုံကို သဘာဝက ကျနော့်ဆီ မှာ ဖန်ဆင်းပေးလိုက်တာ သိပ်ကျေးဇူးတင်တာပဲ။

သီချင်းတွေကို ဖွဲ့သီကုံးပေးခဲ့ကြတဲ့ တေးရေး၊ စာဆိုတွေကို သိပ်ကျေးဇူးတင်ပါတယ်။ သူတို့ကိုလည်း လေးစား တယ်။ သဘောကျတယ်။ သီချင်းတွေကို ခံစားချက်ထိမိအောင်၊ တက်ကြွအောင်၊ လွမ်းဆွေးအောင်၊ ပျော်အောင်၊ ရွှင်အောင်၊ တည်ငြိမ်အောင် အမျိုးမျိုး သီဆိုနိုင်တဲ့ တေးသံရှင် အနုပညာ အလွှာအသီးသီးကို လည်း လေးစားရတယ်။ သဘောကျတယ်။ သူတို့ဟာ လူတွေရဲ့စိတ်ကို ညှို့ယူဆွဲငင်နိုင်စွမ်း ရှိကြလွန်းလို့ အံ့ဩချီးကျူးရတယ်။

ကျနော်ဟာ အချိန်အားနေရင် ပါးစပ်ဆိုင်းတီးနေတတ်တယ်။ သီချင်းတပုဒ်ကို ဆိုညည်းနေတတ်တယ်။ တခါ တရံ သီချင်းတပုဒ်ကို အကျယ်ကြီး ဖွင့်ထားပြီး၊ ခန္ဓာကိုယ်က လှုပ်ရွနေတတ်တယ်။ တခါတရံလည်း အိမ်ယာထဲ မှာ မှိန်းပြီး သီချင်းတပုဒ်ကို တိုးတီးစွာ ဖွင့်ထားတတ်တယ်။ စိတ်လိုလက်ရရှိရင် အိမ်မှာ သီချင်းကို အကျယ်ကြီး အော်ဆိုနေတတ်တယ်။ ဒါ့ကြောင့်လည်း ကျနော်စာသင်ရင် အာကျယ်အာကျယ် သင်နိုင်တာ ထင်ပါရဲ့ (ဤကား စကားချပ်)

တရားတော်တွေ

ဟိုးရှေ့အဆက်ဆက်ဗုဒ္ဓသွန်သင်၊ လမ်းညွှန်ခဲ့တဲ့ ဓမ္မသစ္စာတွေကို နှုတ်ဂုံအာဂုံဆောင်ပြီး လက်ဆင့်ကမ်းခဲ့ကြ တဲ့ သံဃာတော်တွေ။ ပါဠိအဌကထာတွေကို လူပုဂ္ဂိုလ်တွေ နားလည်အောင် ရှင်းလင်း ရေးသား ဟောပြော ပို့ချ ခဲ့တဲ့ သံဃာတော်တွေ။ လူတွေ ဖတ်ချင့်စဖွယ်ဖြစ်အောင် ၊ လူတွေ စိတ်ဝင်စားအောင် တရားဓမ္မတွေကို Presentation ပုံစံအမျိုးမျိုးနဲ့ ရေးသားတင်ပြခဲ့တဲ့ စာရေးဆရာတွေ၊ ရဟန်းပညာရှိ၊ လူပညာရှိတွေကို ကျေးဇူး တင်ပါတယ်။

ဒီလို ရဟန်းပုဂ္ဂိုလ်၊ လူပုဂ္ဂိုလ်ပညာရှိတွေ ဟောကြားခဲ့တဲ့ တရားတော်တွေကို ပြန်လည် နာကြားတယ်။ အထူးသဖြင့် ရဟန်းသံဃာတော်တွေ ဖြစ်ပါတယ်။ ကလေးဘဝမှာလည်း ကလေးဘဝအလျောက် ကလေးနားနဲ့ ကိုက်တဲ့ တရားတွေကို နာခဲ့ဖူးပါတယ်။ လူငယ်ဘဝ၊ ဆယ်ကျော်သက်ဘဝမှာလည်း ဆယ်ကျော်သက် လူငယ် တစ်ယောက် နားလည်နိုင်တဲ့ စကားလုံးတွေ၊ ဥပမာ၊ ဥပမေယျတွေနဲ့ ရှင်းလင်းဟောပြောခဲ့တဲ့ တရားဓမ္မတွေ အများကြီး နာကြားခဲ့ဖူးပါတယ်။ ဒီလို နာကြားခဲ့တဲ့ အထုံအလေ့ဟာ အခု အသက်ကြီးတဲ့အထိ စွဲစွဲမြဲမြဲ ပါလာ ပါတယ်။ ဒီအထုံဓလေ့ကို ငယ်ငယ်ရွယ်ရွယ်မှာ စွဲမြဲအောင် တွန်းပို့ပေးခဲ့တဲ့ ဝန်းကျင်ကို ကျေးဇူးတင်တယ်။ ကလေးဘဝမှာ တရားတွေကို နားထောင်ကောင်းအောင် ရယ်စရာ မောစရာ ဟာသတွေ နှောပြီး ဟောကြားခဲ့ တဲ့ ဆရာတော်တွေကိုလည်း အခုအချိန်ထိ သတိရနေတယ်။ ကျေးဇူးတင်တယ်။

တရားတော်လို့ ပြောရင် ၊ စာအုပ်စာပေ အရလည်း ကျေးဇူးရှိတယ်။ ဟောခြင်းပြောခြင်းကနေ ရတဲ့ ကျေးဇူးပြု မှုတွေလည်း ရရှိခဲ့ပါတယ်။ မြန်မာပြည်မှာ ဘယ်လိုပဲ သာသနာ ဆုတ်ယုတ်နေတယ် ပြောပြော၊ ဘယ်လိုပဲ သံဃာအတုအယောင်တွေ များပြားနေတယ်လို့ပဲ ပြောပြော…. ရှေးယခင်ကရော၊ ယခုရော…. အားထုတ် ဟော ပြောနေတဲ့ ရဟန်းသံဃာတော် ပညာရှိတွေရဲ့ ဟောကြားချက်တွေကို စာအုပ်နဲ့ တစ်မျိုး၊ အသံထွက် တိတ်ခွေ နဲ့ တစ်ဖုံ လေ့လာခွင့်၊ နာကြားခွင့်ရတာ သိပ်ကံကောင်းတာပဲ လို့ တွေးမိတယ်။ ဒါတွေဟာ ဘဝဒဏ်ရာတွေကို ဖာထေး ကူမ ခဲ့တဲ့ အရာတွေ ဖြစ်ခဲ့ပါတယ်။

စာအုပ်တွေ

စာအုပ်တွေကို ကျနော် ဆယ်ကျော်သက်ဘဝမှာပဲ အငမ်းမရ ဖတ်မိလာခဲ့တယ်။ စာအုပ်စာပေအပေါ်မှာ အငမ်း မရဖတ်ချင်စိတ် ဖြစ်ခဲ့တဲ့ ကိုယ့်စိတ်ကို ပြန်တွေးပြီး ငါ ကံကောင်းလိုက်တာလို့ တွေးမိတယ်။ စာအုပ်တွေကို နယ်ပယ်ပေါင်းစုံမှာ၊ ရသပေါင်းစုံနဲ့၊ အရေးအသားပုံစံမျိုးစုံနဲ့ တစိုက်မတ်မတ် ရေးသားခဲ့တဲ့ စာရေးဆရာတွေ၊ ပညာရှင်တွေ ရှိခဲ့လို့သာ ကျနော်ဟာ ဘဝဒဏ်ရာတွေနဲ့ပတ်သက်ပြီး အဖြေရှာဖို့ နည်းလမ်းတွေ ရခဲ့ဟန်တူပါ တယ်။ စာအုပ်တွေဟာ ကျနော့် စိတ်တွေကို လွှမ်းမိုးခဲ့တယ်။ ကျနော့်ရဲ့ စိတ်သဘောထားကို လမ်းကြောင်းပြ ပေးခဲ့တယ်။ တခါတရံ စာအုပ်တွေဟာ ကျနော်နဲ့အတူ စိတ်ဓာတ်ကျဖော်ကျဖက်အဖြစ် အဖော်လုပ်ပေးခဲ့တယ်။ တခါတရံလည်း စာအုပ်တွေဟာ ကျနော်နဲ့အတူ ကြိုးစားဖော် ကြိုးစားဖက်အဖြစ် နေထိုင်ပေးခဲ့တယ်။ တခါတရံ လည်း စာအုပ်တွေဟာ ကျနော့်ရှေ့မှာ ဦးဆောင်ပြီး လမ်းညွှန်ပြသပေးခဲ့တယ်။

စာအုပ်တွေဟာ အသိအမြင်ကျယ်ပြန့်စေအောင်လည်း လုပ်ပေးခဲ့တယ်။ အရှိန်တစ်ခုကိုလည်း တင်ပေးသလို၊ အရှိန်များရင်လည်း အရှိန်သပ်ပေးဖို့ သတိပေးခဲ့ပါတယ်။ စာအုပ်တွေသာ မရှိရင် ဘဝမှာ ကြုံရတဲ့ အခက်အခဲ၊ ဘဝမှာ ကြုံရတဲ့ဒဏ်ရာတွေကို ဖောက်ထွက်စရာ လမ်းကြောင်း အတော်ရှားပါးသွားလိမ့်မယ် ထင်တယ်။

စာအုပ်တွေကြောင့် အဖော်မဲ့ အထီးကျန်မှုတွေကို ဖျောက်နိုင်ခဲ့တယ်။ စာအုပ်တွေနဲ့ စိတ်လွင့်ပါးမှုတွေ၊ စိတ်လေလွင့်မှုတွေကို စုစည်းနိုင်ခဲ့တယ်။ ပျံ့ကျဲနေတဲ့စိတ်တွေကို အလုပ်ပေးနိုင်ခဲ့တယ်။ စာအုပ်တွေနဲ့ လူတောတိုးအောင် လုပ်နိုင်ခဲ့တယ်။ စာအုပ်တွေနဲ့ ကိုယ့်စိတ်ကျေနပ်မှု ကွင်းပြင်ကို တည်ဆောက်နိုင်ခဲ့တယ်။ စာအုပ်တွေသာ မရှိရင် ဘဝဒဏ်ရာအတွက် ဘယ်မှာလဲ ဖြေစရာ။ အတော်ရှားသွားလိမ့်မယ် ထင်ပါတယ်။

အလုပ်တွေ

ကျနော် အလုပ်မှာ ပျော်တတ်တဲ့ အကျင့်ကို မွေးမြူခဲ့တာ ကြာပြီ။ အလုပ်မှာ ပျော်တတ်အောင် လေ့ကျင့်သလို၊ ပျော်တဲ့အလုပ်ကိုပဲ လုပ်နိုင်အောင်လည်း ကြိုးစားခဲ့တယ်။ ဒါ့ကြောင့် အလုပ်တွေဟာ ကျနော့်အတွက် အတွေ့ အကြုံကောင်းတွေကို ပေးခဲ့တယ်။ အလုပ်တွေမှာ စိတ်ညစ်စရာတွေ၊ အခက်အခဲတွေ၊ ပြဿနာတွေ၊ စိတ်ပျက် တာတွေ၊ စိုးရိမ်ကြောင့်ကြခဲ့တာတွေ ကြုံခဲ့ပေမယ့် ဒီလိုတွေ ကြုံခဲ့လို့ ကျနော် ကျေးဇူးတင်ပါတယ်။ ဒီလိုသာ မကြုံခဲ့ရင် အတွေ့အကြုံတွေဆိုတာကို ငယ်ငယ်ရွယ်ရွယ်နဲ့ ရလာမှာ မဟုတ်ဘူး။ အတွေ့အကြုံဆိုတာကို အခက်အခဲတွေနဲ့ ပြဿနာတွေနဲ့သာ မဖြတ်သန်းခဲ့ဖူးရင်၊ အသက်ကြီးပြီး အချိန်မစီးတဲ့ လူတစ်ယောက် ဖြစ်လာမယ် ထင်တယ်။

အလုပ်တွေဟာ ကျနော့်ရဲ့စိတ်အလုပ်လည်း ဖြစ်ပါတယ်။ အလုပ်တွေဟာ စိတ်အာရုံ အပြောင်းအလဲကိုလည်း ဖြစ်စေခဲ့တယ်။ ဒါ့ကြောင့်ပဲ ညစ်ညူးတဲ့ အာရုံတွေနဲ့ စိတ်တွေ လေလွင့်နေတဲ့အခါ အလုပ်တွေကို တရပ်စပ် ဖိ လုပ်ရင်း ဘဝဒဏ်ရာတွေကို ကုစားနိုင်ခဲ့တယ်။ ကုသနိုင်ခဲ့တယ်။ အလုပ်တွေဟာ စိတ်ထွက်ပေါက်လည်း ဖြစ်တယ်။ စိတ်ကျရောဂါ မဖြစ်အောင်လည်း ကုစားနိုင်စေခဲ့တယ်။ အလုပ်တွေကို တရပ်စပ် ဖိလုပ်နိုင်တဲ့ အလေ့အကျင့် ရလာတာ ပျော်လိုက်တာ။

ခရီးတွေ

ကျနော် ခရီးတွေ အမြဲတမ်းသွားဖြစ်တယ်။ တစ်လကို လေးကြိမ်လောက် သွားဖြစ်တယ်။ ကျနော် သွားတဲ့ ခရီးတာတွေဟာ အတော်များပါတယ်။ မြန်မာပြည်တွင်းမှာ အတော်နှံ့ပါတယ်။ မြို့ကြီးမြို့ပြတွေကို ရောက်သလို၊ တောကြိုအုံကြားတွေလည်း ရောက်ပါတယ်။ ရေမြေတောတောင် ထူထပ်တဲ့နေရာတွေ ရောက် သလို၊ လူနေထူပြောတဲ့ ဒေသတွေလည်း ရောက်ပါတယ်။ လူမျိုးစုအစုံစုံဒေသတွေကို ကျနော် ရောက်ဖြစ် တယ်။ ခရီးတာတွေကို အပျော်ခရီးနဲ့ မသွားဖြစ်ပါဘူး။ အလုပ်ကိစ္စနဲ့ သွားဖြစ်တယ်။

ခရီးတွေ သွားရင်း ကျနော်ဟာ စိတ်ထွက်ပေါက်တွေ ရခဲ့တယ်။ ရထားတဲ့ ဘဝဒဏ်ရာတွေကို အနည်းငယ် ပြေ လျော့အောင် ကုသနိုင်ခဲ့တယ်။ ခရီးတွေဟာ ကျနော့်စိတ်ကို လန်းဆန်းစေသလို၊ ကျနော့်စိတ်ထဲမှာ ကျုံ့ဝင်နေ တဲ့စိတ်နေစိတ်ထားတွေကိုလည်း အပြန့်ကျယ်အောင် လုပ်ပေးနိုင်ခဲ့တယ်။ ကျနော့် အာရုံကို ဖြန့်ကျက်နိုင်ခဲ့ တယ်။ လူတွေအကြောင်းကို စာအုပ်တွေထဲကနေ မဟုတ်ဘဲ အပြင်မှာ လက်တွေ့ သိမြင်နိုင်ခဲ့တယ်။ သတင်းစာ၊ ဂျာနယ်တွေကနေ တစ်ဆင့် ကိုယ့်တိုင်းပြည်၊ ကိုယ့်လူမျိုး ကိုယ့်ဒေသ အခြေအနေကို သိနားလည် တာ မဟုတ်ဘဲနဲ့ တကယ့်လက်တွေ့မှာ ဖြစ်ပျက်နေတာတွေကို နားလည်ခွင့်ရခဲ့တယ်။ ဒီလိုနဲ့ ကျနော့်စိတ်ထဲ မှာ အခဲမကျေတဲ့ ဘဝဒဏ်ရာတွေဟာလည်း ခရီးတာတွေနဲ့အတူ မျောပါ လွင့်စင်ကုန်တယ်။ ခရီးသွားခြင်းဟာ စိတ်ကို သိပ်လန်းဆန်းစေတယ်။ နေရာ အပြောင်းအလဲကြောင့် စိတ်ခံစားမှု အပြောင်းအလဲဖြစ်ပြီး ၊ ကျနော် စာတွေ အများကြီးရေးလာနိုင်ခဲ့တာလည်း ပါတယ်။

ဘဝဒဏ်ရာတွေကို ကျေးဇူးတင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ်၊ သီချင်းတွေ စာအုပ်တွေ တရားဓမ္မတွေ အလုပ်တွေ ခရီးထွက်ခြင်းတွေနဲ့ ကုစား ဖောက်ထွက်ရင်း တဖြည်းဖြည်း တည်ငြိမ်တဲ့လူတစ်ယောက်ဖြစ်လာမယ်လို့ ယုံကြည်ပါတယ်။

မင်းသေ့
ည ၉ း ၁၀
၂ ၊ မတ်လ ၊ ၂၀၂၀။
နောင်ပိုအောင်ရွာ။

Previous post အင်္ဂါလေးပါးနဲ့ အရည်အသွေးကိစ္စ
Next post စာရည်စာသွေး