စာရေးတာက လွယ်ပါတယ်။ ဘောပင်နဲ့ စက္ကူရှိဖို့ပါပဲ။ စက္ကူပေါ်မှာ ဘောပင်နဲ့ ချရေးလိုက်ရင် ပြီးတာပါပဲ။ စာရေးတာက လွယ်ပါတယ်။ ဒါပေမယ့် ဘယ်လိုရေးရမလဲလို့ နားလည်ဖို့ ခက်တယ်။ ဘာရေးရမလဲလို့ သိဖို့ ခက်တယ်။ စာရေးစရာ အကြောင်းအရာ ရှိရင်တောင် mood ဝင်ဖို့ခက်တယ်။ ဘယ်လိုရေးရမယ်လို့ သိတယ် ဆိုရင်တောင် ချက်ချင်းလက်ငင်းချရေးရလောက်အောင် mood ရဖို့ ခက်ပါတယ်။ ဒါ့ကြောင့်ပဲ စာရေးရတာကို ခက်တယ်လို့ ပြောကြတာဖြစ်မယ်။

လက်ရဲဇက်ရဲရှိသူတွေ ကျတော့လည်း စာကို ရေးရဲလိုက်တာ။ အသော့ကို နှင်လို့။ သွက်လို့ လက်လို့။ ဒါပေမယ့် စာရေးသူဟာ တာဝန်ယူမှု တာဝန်ခံမှုရှိရတယ်။ စာရေးတယ်ဆိုတာ အဖြူပေါ် အမည်းတင်ရတာဖြစ်လို့ အထင်း သား မြင်နေရတယ်။ ဒီတော့ စာရေးခြင်းအလုပ်ဟာ လေးလေးနက်နက် တွေးကြည့်ရင် သိပ်တာဝန်ကြီးတယ်။ ပေါ့တီးပေါ့ဆ တွေးရင်တော့ သိပ်လွယ်လွန်းပါတယ်။

ဒါပေမယ့် စာရေးခြင်းမှာတော့ အကြမ်းဖျင်း နှစ်ပိုင်းခွဲလို့ရတယ်။ ကိုယ့်စိတ်ကူး၊ ကိုယ့်အတွေးကို ရေးတာက တော့ လွတ်လွတ်လပ်လပ်ရေးလို့ရတယ်။ အများနဲ့သက်ဆိုင်တဲ့ကိစ္စတွေကို ရေးရင်တော့ အဲသည့်လောက် မလွယ်တော့ဘူး။ အများနဲ့ ပတ်သက်တာကို ရေးတဲ့အတွက်၊ ထင်မြင်ချက် ယူဆချက်ဆိုတာကို ဇွတ်အတင်း ကောက်ချလို့ မရဘူး။ သေချာ ဂဃနဏ လေ့လာပြီး၊ စူးစမ်းပြီးမှ မှတ်ချက်ချဖို့ လိုတယ်။ ကောက်ချက်ချဖို့ လိုတယ်။


ထင်မြင်ချက်နဲ့ တွေ့ရှိချက်ဟာ မတူပါဘူး။ ထင်မြင်ချက် (opinion) ဆိုတာထက် တွေ့ရှိချက် (finding) ကို ရေးတာက ပိုပြီး အဖိုးတန်နိုင်ပါတယ်။ ထင်မြင်ယူဆချက်ကို ရေးမယ်ဆိုရင်တောင်၊ တွေ့ရှိချက်တွေကို တင်ပြ ပြီးမှ ရေးတာဖြစ်သင့်တယ်။ အဲသည့်လိုမှ မဟုတ်ရင်၊ ငါ့စကား နွားရ ပြောတာနဲ့ တူတူပဲဖြစ်လိမ့်မယ်။

စာရေးချင်သူအတွက် လက်ဆင့်ကမ်းချင်တာ ရှိတယ်။ စာရေးချင်တွေဟာ အခု ကျနော် ပြောတဲ့ အချက် တချို့ကို ဆင်ခြင်ကြည့်ပါ။

(၁) မှတ်စုထုတ်ဖို့

စာရေးမယ့်သူဟာ မှတ်စုထုတ်တာကို ပျင်းနေလို့မရဘူး။ တကယ့်စာရေးဆရာတွေ ဖြစ်သွားတဲ့သူတိုင်းက စာကို သာမန်မျက်စိနဲ့ပဲ ရှပ်ဖတ်သွားတာ မဟုတ်ဘူး။ လက်နဲ့ စာဖတ်တာဖြစ်တယ်။ မှတ်စုထုတ်ပြီး စာဖတ် တယ်ဆိုတာ surface reading မဟုတ်ဘူး။ deep reading ဖြစ်တယ်။ စာရေးချင်သူဟာ လက်နဲ့ စာကို deep reading ဖတ်တတ်တဲ့အကျင့်ကို မမွေးရင် ရေးတဲ့စာရဲ့ quality မြင့်ဖို့ ခက်တယ်။ မှတ်စုထုတ်ပြီး စာဖတ်ခြင်း ဟာ စာရေးမယ့်သူအဖို့ မရှိမဖြစ် လိုအပ်တဲ့ စာဖတ်ခြင်းဓလေ့ ဖြစ်တယ်လို့ ကျနော် ယုံကြည်တယ်။

(၂) ဖင်မြဲဖို့

ဖင်မြဲဖို့ ဆိုတာ ရေးလိုက်ရင် ရိုင်းတယ်လို့ ထင်ကြမယ်။ ယဉ်ယဉ်ကျေးကျေး ပြောရင်တော့၊ တင်ပါးကို ကော် သုတ် ထားဖို့ ဖြစ်ပါတယ်။ တကယ်စာရေးချင်တဲ့သူက စာရေးစားပွဲနဲ့ စာကြည့်စားပွဲကို စိမ်းလို့ မရဘူး။ စားပွဲခုံနဲ့ မိတ်ဆွေဖြစ်နေရမယ်။ စားပွဲခုံနဲ့ လင်မယားဖြစ်နေရမယ်။ စာကြည့်စားပွဲ၊ စာရေးခုံဟာ ကိုယ့်ချစ်သူလိုဖြစ်နေရ မယ်။ စားပွဲကနေ မခွာချင်အောင် ဖြစ်နေရမယ်။ ဒီလိုပြင်းပြတဲ့ ဆန္ဒနဲ့ စွဲမြဲတဲ့စိတ်ရှိမှပဲ စာကို တစိုက်မတ်မတ် ကောင်းကောင်းမွန်မွန်ရေးနိုင်တဲ့သူဖြစ်လိမ့်မယ်။

စာကို အပျင်းပြေ ထရေးတဲ့သူ အဖို့တော့ ဒါတွေဟာ လိုချင်မှ လိုမယ်။ လိုကောင်းမှ လိုမယ်။ စာကို မရေးရ မနေနိုင်တဲ့ စာရေးသူဖြစ်ဖို့ ဆိုရင်တော့ တော်ရုံလေ့ကျင့်မှုနဲ့ မရနိုင်ဘူး။ တော်ရုံရူးသွပ်မှုနဲ့ မရနိုင်ဘူး။ တော်ရုံ စွဲလမ်းမှုနဲ့လည်း မရနိုင်ဘူး။ ရူးသွပ်နေဖို့ လိုတယ်။ အိပ်ရင်တောင် အိပ်မက်ထဲအထိ စာတွေရေးနေတဲ့လူ ဖြစ်တဲ့အထိ စိတ်ဆန္ဒဇောပြင်းပြနေဖို့ ကောင်းတယ်။ ဒီစကားကတော့ ၊ စာရေးဆရာအဖြစ် အရူးအမူးဖြစ်ချင် စိတ်ပေါက်နေတဲ့သူတွေအတွက် ရေးလိုက်တာဖြစ်ပါတယ်။

(၃) ရေးနေဖို့

စာ တကယ်ရေးတတ်ချင်သူဟာ စာရေးခြင်းကို မပြတ်လေ့ကျင့်နေဖို့ လိုတယ်။ လူတော်တော်များများဟာ စိတ် ပါဘူး ဆိုပြီး ကောက်မလုပ်တတ်ကြဘူး။ တကယ် စာရေးတတ်ချင်ရင် စာကို ရေးနေဖို့ ကြိုးစားရမယ်။ စာဆို တာ တဖြည်းဖြည်း ရေးရေးကြည့်ရင်းနဲ့သာ တဖြည်းဖြည်း ကောင်းလာတတ်တာ။ မရေးဖြစ်ရင် လေ့ကျင့်မှု မကျေညက်လို့၊ အရေးအသား ပရိယာယ်မှာ ချို့တဲ့တတ်တယ်။ စာဆိုတာ နာနာရေးပြီး လေ့ကျင့်ထားလေလေ ကလောင်ကို လိုသလို ကွန့်မြူးနိုင်လေလေဖြစ်ပါတယ်။ ဒါဟာ နည်းနာပိုင်းဖြစ်ပါတယ်။ နည်းနာပိုင်းမှာ ကျေ လည်ဖို့ ရေးချင်စိတ်ကို မွေးပေးနေဖို့ လိုတယ်။ သူ့အလိုလို ရေးချင်စိတ်ပေါက်မှ ထရေးတာကတော့ အိပဲ့အိပဲ့ နဲ့ပဲ ဖြစ်လာမယ်။ လျင်လျင်မြန်မြန် အရေးအသားကျွမ်းကျင်သူ ဖြစ်ဖို့ ခက်ပါလိမ့်မယ်။

(၄) စိတ်နဲ့ရေး

တချို့လူတွေကတော့ သိပ်ကံကောင်းတတ်ကြတယ်။ စာရေးခြင်းကို အသားသေအောင် လေ့ကျင့်မထားဘဲ၊ စိတ်ကို ဖမ်းပြီး ရေးဖွဲ့တတ်လို့ စာရေးကောင်းသူတွေ ဖြစ်လာကြတယ်။ ဒါဟာ ပါရမီလို့လည်း ပြောလို့ရသလို၊ ရှေ့က ဆည်းပူးခဲ့တဲ့ အထုံဓလေ့များခဲ့ခြင်းလို့လည်း ဆိုနိုင်တယ်။ ကိုယ့်စိတ်ထဲမှာ ဖြစ်တည်ချက်အတိုင်း ရေးနိုင်တာ ကောင်းတယ်။ ဒါပေမယ့် အဲသည့်အထဲမှာ အရေးအသားပိုင်းအရ ကျေကျေလည်လည် လေ့ကျင့် ထားရင် ပိုကောင်းတဲ့ စာပေတွေ ထွက်လာနိုင်တယ်။ တစ်ဖက်မှာလည်း လေ့လာဆည်းပူးမှု ဝမ်းစာဖြည့်တင်း ထားတာ များပြားရင် ပိုကောင်းတဲ့စာတွေ ထွက်လာနိုင်တယ်။

ဘာဝမ်းစာမှ မရှိဘဲ၊ ဘာမှ ဖတ်ထားမှတ်ထားတာ မရှိဘဲ စိတ်နဲ့ရေးတယ်ဆိုလို့ကတော့ တစ်ခဏပဲရမယ်။ တစ်ပွဲတစ်လှမ်းလောက်ပဲရမယ်။ ရေရှည်အတွက်ကတော့ ဝမ်းစာဖြည့်တင်းမှုနဲ့ အရေးအသားပိုင်းမှာ ကျေညက် အောင် လေ့ကျင့်ထားမှုက ပိုပြီး စကားပြောသွားမယ်။

နိဂုံး

စာရေးခြင်းဝါသနာ ဆိုတာ သူ့အလိုလို ပါလာတာ မဟုတ်ပါဘူး။ မျိုးစေ့ရှိရင်တောင် ပျိုးထောင် ပေါင်းသင်ရ တာဖြစ်ပါတယ်။ ဒီတော့ စာရေးခြင်းဝါသနာကို မမွေးလို့ မရဘူး။ မွေးယူမှ ရမယ်။ သူ့လိုလို ဝါသနာပါတယ်ဆို တာ ရှားပါတယ်။ ရှိတယ်ဆိုရင်တောင် ဝါသနာကို မွေးမယူဘူး ဆိုရင် ကြီးထွားမလာဘူး။ သန်မာမလာဘူး။ သာမန်ပဲဖြစ်မယ်။ မည်ကာမတ္တရေးတတ်တယ်ဆိုတဲ့အဆင့်ပဲဖြစ်မယ်။ သာမန်ထက် အရေးအသားပိုင်းမှာ တတ်ကျွမ်းဖို့ ဆိုရင်တော့ ကိုယ့်မှာပါလာတဲ့ ဝါသနာကို ပိုပြီး ကြီးသထက် ကြီးအောင် မွေးယူဖို့ လိုတယ်။

ဝါသနာဆိုတာ မွေးယူမှရတယ်။ သူ့အလိုလို စွဲမြဲလာတယ်ဆိုတာ လေ့ကျင့်မှု၊ လေ့လာမှု အထုံကပ်ပါမလာရင် ပျောက်ဆုံးသွားမှာပါ။ ဒီတော့ ဝါသနာကို မွေးပါ။ ဝါသနာဆိုတာ မွေးယူမှ ရပါတယ်။ နောက်ဆုံးအနေနဲ့ ဒေါက်တာသန်းထွန်း ပြောခဲ့ဖူးတဲ့စကားတစ်ခွန်းပဲ ပြန်ပြောချင်ပါတယ်။

ဝါသနာ မပါဘူး၊ ဝါသနာ မပါဘူး လို့ ပြောရလောက်အောင် မင်းက ဘယ်တုန်းက မွေးယူခဲ့ဖူးလို့လဲ။ ဝါသနာဆိုတာ သူ့အလိုလိုပါလာတာ မဟုတ်ဘူး။ မွေးယူရတာ….

မင်းသေ့
ည ၈ း ၀၁
၁ ၊ မတ်လ ၊ ၂၀၂၀
ဟုမ္မလင်းမြို့။

Previous post ကျနော် စာသမား
Next post အင်္ဂါလေးပါးနဲ့ အရည်အသွေးကိစ္စ