စာညွှန်း /

စာပေအင်တာဗျူး (ပေါင်းချုပ်) ၊ ဟိန်းလတ် ။

Audio Book

စာပေအင်တာဗျူးများကတော့ ကြာခဲ့ပါပြီ။ ၂၀၀၀ ခုနှစ် မတိုင်မီကတည်းက တွေ့ဆုံမေးမြန်းခန်းများဖြစ်သည်။ ဟိန်းလတ်၏ အင်တာဗျူးများ မတိုင်မီက၊ ဝင်းငြိမ်းက ပေဖူးလွှာမှာ စာရေးဆရာများကို အင်တာဗျူး ပင်တိုင် လုပ်ပြီး ထည့်သည်။ တချို့ကို တစ်ယောက်တည်းနှင့် ၂ လ၊ ၃ လ ဆက်တိုက် ဖော်ပြခဲ့သည်။ အခု ဟိန်းလတ် အင်တာဗျူးများက ဝင်းငြိမ်း အင်တာဗျူးများနောက်မှ လိုက်လာသည် ထင်ပါသည်။ ဝင်းငြိမ်းက စာရေးဆရာ ကြီးများကို ဗျူးသည်။ ဟိန်းလတ်က စာရေးဆရာလက်သစ်များကို ဗျူးသည်။ လက်သစ်များ ဟူသည်မှာ၊ ဝင်းငြိမ်းဗျူးသော စာရေးဆရာများလောက် ကလောင်သက် မရင့်သေးသော သူများဟု မှတ်ချက်ပြု၍ ပြောခြင်း ဖြစ်ပါသည်။ ထိုစဉ်က အချိန်နှင့် နှိုင်း၍ ပြောခြင်းဖြစ်သည်။ (ဤကား၊ ကျနော့် ထင်မြင်ချက်)

အမှာစာမှာတော့ ဆရာဟိန်းလတ်က အခုလိုဝန်ခံထားသည်။

“ကျွန်တော် အင်တာဗျူးလုပ်ရန် လူရွေးချယ်ရာတွင် မူတစ်ခုရှိပါသည်။ နာမည်ကျော်ခြင်း၊ မကျော်ခြင်း၊ ရောင်း အားကောင်းခြင်း၊ မကောင်းခြင်းကို မကြည့်ပါ။ စာပေလက်ရာသန့်ခြင်း၊ စာပေအရ တစ်စုံတစ်ရာ အကျိုးရှိသော ရိုက်ခတ်မှုကို ပြုနိုင်ခြင်း၊ ကိုယ်တိုင် စာရေးသူဖြစ်ခြင်း (ရှဲဒိုးမဟုတ်ခြင်း) တို့အပေါ်တွင်သာ အခြေခံပါသည်။ ခေတ်ပြိုင်စာရေးဆရာလူငယ်များကို ဦးစားပေးတာများ၍ အချို့ဝေဖန်ရေးဆရာများကပင် ဘုစုခရု အင်တာဗျူး ဟု ချစ်ခင်စွာ စ,နောက် ကျီစယ်ရေးသားခြင်းကို ခံရပါသည်။”

ကြည်မင်း အင်တာဗျူးမှာ၊ ဆရာဟိန်းလတ်က ဝင်းငြိမ်းအင်တာဗျူးများနှင့် သူ့၏ အင်တာဗျူးများကို ဝေဖန်ဖို့ မေးတဲ့အခါ….၊

“အင်တာဗျူးလုပ်ကြရာမှာကို ဝင်းငြိမ်းက ရှေ့က ဆွဲခေါ်သွားလေ့ ရှိတယ်။ ခင်ဗျားကတော့ ဖွင့်ပေးတတ် တယ်…” လို့ မှတ်ချက်ပြုသည်။

ဆရာဟိန်းလတ်ဗျူးသော စာရေးဆရာများမှာ အခုတော့ ကလောင်ဘိုးအေကြီးများဖြစ်သွားကြပြီ။ တချို့လည်း စာပေလောက,ကနေ ငုပ်လျှိုးသွားကြသည်။ အဲသည့်ထဲက၊ စာရေးဆရာ တချို့ကို ကျနော် အခုထိ သိနေ သည်။ တချို့ကိုကား မသိတော့။ မကြားဖူးတော့။ သူတို့လက်ရာများလည်း မတွေ့တော့။ ကျနော် လက်လှမ်း မမှီသေးတာလည်းဖြစ်ကောင်းဖြစ်မည်။

ဂျူး၊ ဖေမြင့်၊ သိုက်ထွန်းသက်၊ နေဝင်းမြင့်၊ နိုင်ဇော်၊ တင်မောင်သန်း၊ မောင်ကိုကို (အမရပူရ)၊ တာရာမင်းဝေ၊ မင်းခိုက်စိုးစန်၊ ပိုင်စိုးဝေ၊ လင်း (ဆေး-၁)၊ ကြည်မင်း၊ ကိုရိုးကွန့်၊ မောင်သွေးသစ်၊ မောင်သင်းခိုင်၊ မောင်ခိုင်မာ၊ မြင့်သန်း၊ သစ္စာနီ၊ နေသွေးနီ၊ မောင်ကြည်သစ်၊ မြတ်ခိုင်၊ ညီပုလေး၊ သာဂဒိုး…. စသူတို့ကို ကျနော် သိသည်။ တခြားသူများကို ကျနော် မသိ။ အဲသည့်ထဲက ကျနော် စွဲစွဲမြဲမြဲ ဖတ်သည့် စာရေးဆရာ တချို့ပါသည်။ ဆရာ ဟိန်းလတ်ဗျူးကိုလည်း မင်းသစ်ဗျူးထားတာ ဖတ်ရသည်။ မေးသူက သိပ်မစွံ။ ကျနော့် ဟာဒယနှင့် ခံတွင်း မတွေ့တာဖြစ်ကောင်းဖြစ်နိုင်ပါမည်။ တကယ်တော့ ပို၍ ပြင်ဆင်ပြီး ဗျူးသင့်သည်။ ဗျူးသူ ဟိန်းလတ်ကို၊ ပြန်ဗျူးသည့် ဗျူးချက်များက ပို၍ ကောင်းသင့်သည် မဟုတ်လား။ ဤကား ကျနော့်မျှော်လင့်ချက်။

ဂျူး၊ ဖေမြင့်၊ တင်မောင်သန်း နှင့် မောင်ကြည်သစ်တို့က ကျနော် စွဲစွဲလမ်းလမ်း ဖတ်ရသည့် စာရေးဆရာများ။ မြင့်သန်း၊ ကြည်မင်းတို့ကို ရံဖန်ရံခါ။ တခြားသူများကိုတော့ စွဲစွဲမြဲမြဲ မဖတ်ဖူးပေသိ၊ ကျနော် လေးစားသည့် စာရေးဆရာများ စာရင်းတွေ ပါဝင်သူ။ နေဝင်းမြင့်၊ တာရာမင်းဝေ စသဖြင့်။


ဗျူးချက်များသည် သရုပ်မှန်၊ မော်ဒန်နှင့် ပို့စ်မော်ဒန် မေးခွန်းများ များပြားနေသည်။ အဲသည့်တုန်းက ဟော့နေ သော စာပေရေးရာဖြစ်ပါလိမ့်မည်။ ဗျူးသည့် ခေါင်းစဉ်ကိုက စာပေအင်တာဗျူးများဖြစ်၍ အဲသည်တုန်းက အခြေအနေကို ထင်ဟပ်ဖို့ ဇောင်းပေးမေးခွန်းထုတ်၊ ပြောကြသည်ဖြစ်မည်။ တချို့ ဖြေကြားချက်များက ကျနော့် အတွက် အတော်ခံတွင်းလိုက်သည်။ ထို့ကြောင့် လိုင်းများ တားထားသည်။ ကွန်ပြူတာထဲမှာ မှတ်စုထုတ်ထား လိုက်သည်။ ဥပမာ – မောင်မောင်ဇေယျ၏ ဖြေကြားချက်များ။

မောင်မောင်ဇေယျ အဖြေတချို့

မောင်မောင်ဇေယျကို ကျနော် မသိပါ။ အဲသည့်တုန်းက စာရေးဆရာ တစ်ယောက်ဟု သာ မှတ်ထားလိုက်ပါ သည်။ မြင့်သန်းနှင့် ဖီလော်ဆော်ဖီ တစ်တန်းတည်းသားဖြစ်သည်ဟု မှတ်မိထားသည်။ သူ့စာပေကို ကျနော် မဖတ်ဖူးပေမယ့်၊ သူ့ဖြေကြားချက်တချို့က ရှင်းလင်း၍ လိုရင်းရောက်သည်။ သေချာဖတ်ပစ်လိုက်သည်။

ဥပမာ ယန်းပေါ့လ်ဆော့၏ ဖြစ်တည်မှုပဓာနဝါဒကို ရှင်းပြသည်ကို ကြည့်ပါ။ ဤသို့။

“ဖြစ်တည်မှုပဓာနဝါဒကို စကားလုံးတစ်လုံးတည်းနဲ့ ဖြေစမ်းပါလို့ ပြောလာရင် လွတ်လပ်မှု လို့ ပြောနိုင်ပါတယ်။ ဖြစ်တည်မှုပဓာနဝါဒဟာ လူသားတစ်ဦးချင်းစီရဲ့ လွတ်လပ်မှု ကိုအလေးအနက်ထားတဲ့ အယူအဆဖြစ်ပါတယ်။ လူဟ လွတ်လပ်တယ်။ လွတ်လပ်တဲ့လူသားဟာ ကိုယ့်လုပ်ဆောင်မှုအတွက် ကိုယ်တာဝန်ယူရမယ်။ ဖြစ်တည်မှု ပဓာနဝါဒ ကိုယ့်ကျင့်တရားဟာ ကိုယ့်ဘာသာ တာဝန်ယူမှု နဲ့ လွတ်လပ်ခွင့် ကို တည်ဆောက်ထား တာဖြစ်လို့ ဘာပဲလုပ်လုပ် အကောင်းအဆိုးဟာ မိမိပေါ်မှာ မူတည်တယ်။ ကြိုက်တဲ့လမ်းကို ရွေးချယ်နိုင်တယ်။ ကြိုက်တဲ့ လမ်းကို လျှောက်လှမ်းနိုင်တယ်။ အကောင်း၊ အဆိုးကတော့ ကောင်းတာဖြစ်ရင် စံ၊ မကောင်းတာ ဖြစ်ရင် ခံ။ ကိုယ့်လမ်းကိုလျှောက်၊ ကိုယ်ဖြစ်ကိုယ်ခံ။”

မောင်မောင်ဇေယျ၏ ဖြေကြားချက် တချို့ကို ထပ်ကြည့်ပါအုံး။

• ကျွန်တော်တို့ တွေ့နေရတဲ့ အနုပညာနဲ့ ပတ်သက်တဲ့ ဝါဒ (ism) တွေဟာ ပန်းချီက စတင်လာတာကို တွေ့ရပါ တယ်။ ပန်းချီဝါဒ တစ်ရပ်ကနေမှ တခြား အနုပညာတွေ ဖြစ်တဲ့ စာပေ၊ ပြဇာတ်၊ ရုပ်ရှင်တွေ ဆီ ကူးစက်ပျံ့နှံ့ ရေပန်းစားသွားလေ့ရှိပါတယ်။ အထူးသဖြင့်၊ ပန်းချီဝါဒတွေကနေပြီး စာပေဝါဒ ဆီ ကူးစက်သွားတော့ ပိုပြီး ခိုင်မာ၊ ပိုပြီး လူသိများလာတော့တာပေါ့။

• အနုပညာဆိုတာ တစ်ခေတ်က တစ်ခေတ်၊ နည်းတစ်ခုက နောက်တစ်ခု၊ အဆင့်တစ်ခုနောက်ထပ် အဆင့် တစ်ခု… အမြဲတမ်း ကူးပြောင်းသက်ဆိုးရှည်နေတာပါ။ ရပ်တန့် နေတာ မဟုတ်ပါဘူး။ အမြဲတမ်းလှုပ်ရှား ပြောင်းလဲနေတာပါ။

• အနုပညာ ဟာ ဆင်ခြင်တုံတရား ထက် ကိုယ်တိုင် ခံစားချက် ကို အဓိကထား လုပ်ရတဲ့ လုပ်ငန်း ဖြစ်ပါတယ်။ ကိုယ့်ခံစားချက်မှာ အဲဒီ ဆင်ခြင်တုံတရားကို ဇွတ်အတင်း သွတ်သွင်းလိုက်ရင် အနုပညာ ဟာ ပုံပျက်ပန်းပျက် ဖြစ်သွားလေ့ရှိပါတယ်။

ကျနော့် ဟာဒယက ဖီလိုဆိုဖီ ဘက်မှာ အာရုံကျနေလို့လား မပြောတတ်။ ပြီးတော့ မောင်မောင်ဇေယျက၊ မာ့က်စ်ဝါဒနှင့် ဖြစ်တည်မှုပဓာနဝါဒကို နှိုင်းယှဉ်ပြီး ပြောသည်။ ဖီလိုဆိုဖီ မဟာတန်း ကျောင်းသား ပီသပါ ပေတယ်လို့ ကျနော် မှတ်ချက်ချမိသည်။ ထားတော့။ သည်မှာကြည့်လိုက်အုံးစို့။

တကယ်တော့ ရုပ်ဝါဒ လို့ခေါ်တဲ့ လက်ဝဲဝါဒလို့ ခေါ်တဲ့၊ မာ့က်စ်ဝါဒနဲ့ ဖြစ်တည်မှုပဓာနဝါဒ ဟာ အခြေခံချင်း တူ တယ်လို့ ပြောရင်ရနိုင်ပါတယ်။ ရုပ်ဝါဒ၊ လက်ဝဲဝါဒ၊ မာ့က်စ်ဝါဒ ဟာ လူသားဝါဒကို အခြေခံထားသလို ဖြစ်တည်မှု ပဓာနဝါဒ ဟာလည်း လူသားဝါဒကို အခြေခံထားတာဖြစ်ပါတယ်။ အခြေခံချင်းတူပင် တူသော်ငြားလည်းပဲ နည်းစနစ် ကျင့်သုံးပုံ လုံးဝမတူသလို လူဆိုတဲ့ သတ္တဝါကို ချဉ်းကပ်ပုံလည်း မတူတာကို တွေ့ရပါတယ်။ မာ့က်စ်ဝါဒဟာ အရင်းရှင်စနစ်က ထုထောင်းလို့ ပိပြားနေတဲ့လူ့အဖွဲ့အစည်းကို ခေါင်းထောင်လာအောင် ပြုစု ပျိုးထောင်ပေးဖို့ ရည်ရွယ်သလို၊ ဖြစ်တည်မှုပဓာနဝါဒကတော့ တစ်စစီ ကြွေမွပျက်ပြုန်းနေတဲ့ လူတစ်ယောက်ကို တစ်စစီလိုက်ရှာပြီး ကောက်တပ်ပေးလိုက်ရင် လူပုံပေါ်လာမယ်လို့ ယုံကြည်ပြီး လုပ်ဆောင်တာဖြစ်ပါတယ်။ ဒီမှာ ဘာကွာခြားသွားသလဲဆိုတော့ မာ့က်စ်ဝါဒ က လူ့အဖွဲ့အစည်းကို နေရာပေးတာ။ ဖြစ်တည်မှုပဓာနဝါဒကတော့ တစ်သီးပုဂ္ဂလ လူတစ်ယောက်ချင်းကို နေရာပေးတာ။ တစ်ခုကတော့ လူ့အဖွဲ့အစည်းရဲ့ လွတ်လပ်ခွင့်ကို အလေးအနက်ထားတာ။ တစ်ခုက တစ်သီးပုဂ္ဂလ လူတစ်ယောက်ချင်းရဲ့ လွတ်လပ်ခွင့်ကို အလေးအနက် ထားတာ။ အဲဒီမှာ တော်တော်ကွာခြားသွားပြီ။ တစ်ခုက လူ့အဖွဲ့အစည်းရဲ့ အခန်းကဏ္ဍကို ဦးစားပေးတာနဲ့ တစ်ခုက တစ်ယောက်ချင်းရဲ့ အခန်းကဏ္ဍကို ဦးစားပေးတာ။

@@@

သူ့အမြင် ၊ ကိုယ့်အမြင်

ဆရာ ဟိန်းလတ်၏ စာပေအင်တာဗျူးများကို ဖတ်ရတော့၊ စာရေးဆရာများ၏ ဘဝ တချို့ကိုလည်း တွေ့ရ၊ သူတို့ရဲ့ အမြင်၊ အယူအဆများကိုလည်း ကြားနာရ…. တန်းဖိုးရှိလှသည်။
စာပေရေအလျင်မှာ နှစ်မြုပ်စီးမျောလာသည့် စာရေးဆရာတစ်ယောက်အဖို့၊ သူ့၏ စာပေအမြင်က ဘယ်သို့ ရှိလာပါသနည်း။ စာပေဝေဖန်ရေးများ ကျဆုံးနေသည့် ယခုအခါတွင်၊ ဝေဖန်ရေးမှာ ခေတ်ထလာလျှင် ကောင်း ပေစွ။ ခေတ်သည် ဆဲခြင်းနှင့် ဝေဖန်ခြင်းကို ပိုင်းခြား နားမလည်သည့် ခေတ်ကို ရောက်နေပြီ။

ဗျူးသည့် မေးခွန်း တစ်ချို့ကို ဖတ်ရင်း၊ ကျနော် ကိုယ်တိုင်လည်း ကိုယ့်ဘာသာ ပြန်ဖြေကြည့်နေမိသည်။ ဥပမာ – အဲသည့်အချိန်က ခေတ်စားနေသည့် မေးခွန်း။ အနုပညာသည် ပြည်သူ့အတွက်လား၊ အနုပညာသည် အနုပညာ အတွက်လား။

စာရေးဆရာများက သူတို့ အမြင်ကို လွတ်လွတ်လပ်လပ် ဖြေကြပါသည်။ သည်အထဲတွင် ကျနော် ဆိုရင်ရော ဘယ်လို ဖြေပါမည်နည်း။ အနုပညာကို ကျနော် သိပ်မသိပါ။ စာပေဘက်မှာတော့ စာတိုပေစ ရေးသူဖြစ်၍ နည်းနည်း ဖြေကြည့်လိုက်သည်။

ကျနော့်အမြင် “အနုပညာသည် ပြည်သူ့အတွက်၊ အနုပညာသည် အနုပညာ အတွက်ဆိုတာကို တကယ့် အနုပညာသမား တစ်ယောက်က တကူးတက စဉ်းစားချိန်ပင် ရမည် မဟုတ်။ သူ အာရုံကျတာက သူ့အဇ္ဈတ္တ ဖြစ် သည်။ သူဈာန်ဝင်စားနေသည့် သူ့နှလုံးသားဖြစ်သည်။ သူ့ခံစားချက်ဖြစ်မည်။ သူ့ဦးနှောက်ဖြစ်မည်။ သူ့လက်ဆ ဖြစ်မည်။ သူဟာ စာပေသော်လည်းကောင်း၊ အနုပညာ တစ်ခုကိုသော်လည်းကောင်း အပီအပြင် ဈာန်ဝင်စားနေချိန်တွင် သူ့ခေါင်းထဲတွင် အနုပညာဆိုတာလည်း ရှိနေမည် မဟုတ်ပါ။ ပြည်သူဆိုတာလည်း ရှိနေပြီ မဟုတ်ပါ။ သူ့စိတ်အစဉ် ရေအလျင်မှာသာ စီးမျောလှိုက်မောနေရင်း သူ့လက်ရာများကို ပီပီပြင်ပြင် ထုဆစ်ပုံဖော်နေပါလိမ့်မည်။ သည်လိုနှင့် သူ့အနုပညာမှော်မှာ ဂန္တဝင်မြောက်လာခဲ့လိမ့်မည်။ ဖန်တီးချက်များ ပြီးစီးပြီးခါမှ သည်အနုပညာသည် ပြည်သူ့အတွက် အကျိုးဖြစ်ချင်လည်းဖြစ်မည်၊ အနုပညာအတွက် ကျေးဇူး ပြု ထောက်ပံ့ချက် တစ်ခုဖြစ်ချင်လည်းဖြစ်သွားမည်။ ဘယ်လိုပဲဖြစ်ဖြစ် တကယ့်အနုပညာသမား ဆိုတာ သည်လို အချက်တွေကို အာရုံစိုက်တော့မည် မဟုတ်တော့ပါ။ သူ့ဖန်တီးချက်ကို အသက်သွင်းဖို့သာ ဆက်လက် ကြိုးပမ်း အားထုတ်ပြီး အနုပညာဈာန်သမာပတ် ဝင်စားနေတော့မည် ဖြစ်သည်…” ဟု ယူဆသည်။

ကျနော့်ဆိုလိုချက်မှာ တကယ့်အနုပညာသမားကို ညွှန်းခြင်းဖြစ်ပါသည်။ အယောင်ဆောင် အနုပညာသမား၊ အတုအယောင် စာပေဝါဒီ တစ်ယောက် မဟုတ်ပါ။ စာပေနှင့် အနုပညာသည် လူ့အဖွဲ့အစည်း၏ နယ်ပယ်၊ ကဏ္ဍတစ်ခုဖြစ်၍ စာဖတ်သူများအဖို့ ထိုမေးခွန်းများအတွက် အဖြေများက လိုကောင်းလိုပါမည်။ တကယ့် အနုပညာသမားအဖို့တော့ တကူးတက စဉ်းစားချိန်ပင် ရမည် မဟုတ်ပါ။

သစ္စာနီက သည်လို…

အင်တာဗျူးများသည် အဗျူးခံ စာရေးဆရာ၏ အဇ္ဈတ္တများကို လှစ်ဟနိုင်ပါသည်။ ထို့ကြောင့်လည်း ကျနော် ပို၍ စိတ်ဝင်စားသည်။ မြန်မာစကားပုံ ရှိသည် မဟုတ်လား။ စကားထဲက ဇာတိပြ… ဆိုတာ။ ထိုသဘောပင် ဖြစ်ပါ လိမ့်မည်။

အဲ့သည့်အထဲမှာ ထူးထူးခြားခြား သစ္စာနီကို တွေ့ရသည်။ သစ္စာနီက အင်တာဗျူးဖို့ ငြင်းသည်။ သည်လူကြီးကို လူ့လောကနှင့် အံမဝင်သူဟု ကျနော် ကျောင်းသား ဘဝကတည်းက မှတ်ချက်ပြုထားလိုက်သည်။ သစ္စာနီ ဆိုသော ကလောင်နာမည်ကို ကြားလျှင် သူပြောသော စကားကို အခုထိ မှတ်မိနေသေးသည်။ သည်စကားကို သက်ဆိုင်သူများ ကြားလျှင် ကျနော့်ကို ဆဲလိမ့်အုံးမည်။

“မြန်မာပြည်မှာ ကဗျာဆရာတွေက ခွေးလေခွေးလွင့်ထက် ပေါတယ်…”

ကျနော်ကလည်း သစ္စာနီ၏ စာကို များများ စားစား မဖတ်ဖူးပေသိ၊ သည်စကားကိုမှ ကွက်၍ မှတ်မိနေရသ လား။ ဒါ့ကြောင့်လည်း သည်လူကြီးက လူ့ဘုကန့်လန့်ကြီး ဖြစ်သည်ဟု ဆိုကြသည် ဖြစ်မည်။ သူကိုယ်တိုင် စာပေအသိုင်းအဝန်းနှင့် သီးသန့်နေဟန် တူပါသည်။ သို့ကြောင့် သစ္စာနီ၏ အင်တာဗျူးကို မဖတ်ရ။ သူ အင်တာဗျူးကိစ္စကို ဘာ့ကြောင့် ငြင်းဆန်ရသလဲ… ဆိုတာကိုသာ ဖတ်ရသည်။ အနှီလူကြီးက ဒါလည်း တတ်နိုင်သကိုး။ ဘာပဲပြောပြော မေးသူ မရှိဘဲ၊ သူ့ဘာသာ အကြောင်းများ ပြ၍ရေးသွားသည်။ အင်တာဗျူး သူက မေးခွန်း တစ်ခုမှ မမေးလိုက်ရ။ သို့သော် သစ္စာနီ ဆိုသည့် အပုဒ်က ပါလာသည်။ ကောင်းလေစွ။

ဗျူးဟောင်း ၊ ဗျူးသစ်

ယခု သည်စာအုပ်မှာ နှစ်ပေါင်း ၂၀ ပြည့်ပါတော့မည်။ ပြန်ပုံနှိပ်ဖြန့်ချိ၍ ကျနော် ပြန်ဖတ်ရပါသည်။ အခုခေတ်မှာ သည်လို အင်တာဗျူးများကို မတွေ့ရတော့။ ကျနော်ကိုယ်တိုင်က မဂ္ဂဇင်းများ မဖတ်ဖြစ်တော့လို့ မသိတော့ တာလား မပြောတတ်။ ဘာပဲပြောပြော ပြန်ရှိဖို့ ကောင်းပြီဟု ထင်သည်။ ခုကြည့်။ ဝင်းငြိမ်း၏ စာရေးဆရာများ အင်တာဗျူးမှာ အခု အသုံးဝင်နေပြီ။ အသုံးကျနေပြီ။ ဟိန်းလတ်၏ စာပေအင်တာဗျူးများက အခု ပြန်ဖတ်နေ ရပြီ။ အခုပြန်တိုက်ကြည့်လို့ ရနေပြီ။ ဘယ်သူ ဘယ်လို အယူအဆရှိခဲ့သလဲ ဆိုတာကို နှိုင်းယှဉ်လို့ ရနေပြီ။ သည်အထဲက စာရေးဆရာတော်တော်များများ က အခုထိ သက်ရှိထင်ရှား ရှိနေတုန်း။ တာရာမင်းဝေ လို၊ သာဂဒိုးလို စာရေးဆရာတချို့သာ ကွယ်လွန်သွားကြတာ။ အခုနေ စာရေးဆရာများကို ပြန်အင်တာဗျူးသင့် နေပြီ။ ကလောင်လက်သစ်များကိုလည်း ဗျူးထားသင့်နေပြီ။ တချိန်ချိန်မှာ စာပေလောကအတွက်၊ ဒါမှမဟုတ် တစ်ခုခုအတွက် အသုံးဝင်လာလိမ့်မည် ထင်သည်။ ယုတ်စွအဆုံး၊ သည်လို အင်တာဗျူးများက ဘယ်လို အကြောင်းကြောင်းနှင့်မှ အဟောသိကံ မဖြစ်ဟု ယုံကြည်သည်။ အင်တာဗျူးအတွက် အားစိုက်ခဲ့သော စာရေးဆရာကိုလည်း ကျေးဇူးတင်မိပါသည်။

ဆရာဟိန်းလတ်၏ အမှာစာကိုတော့ ဗျူးချက်များထက် ပို၍ ခံတွင်းလိုက်သည်။ ဤသို့ ဖတ်ကြည့်ရသည်။

“အင်တာဗျူးသည် မေးသူနှင့် ဖြေသူ ပညာပြိုင်ပွဲ မဟုတ်ပါ။ အင်တာဗျူးဆရာက ထောင်ချောက်ဆင်၊ မိုင်း ထောင်ခြင်း မလုပ်ရပါ။ တကယ်တော့ အင်တာဗျူးဆရာသည် တံတားအဖြစ် အနင်းခံ၊ ခုတုံးသဖွယ်ပြုပြီး စာဖတ်ပရိတ်သတ်တွေ သိချင်တာကို စာရေးဆရာ ပြောနိုင်အောင် မေးခွန်းဆင်ပေးသူသာဖြစ်ပါသည်။”

ဗျူးသူ ဆရာဟိန်းလတ် သုံးသော အင်တာဗျူးသမား တစ်ဦး၏ ကျင့်ဝတ်ကို ဖော်ပြထားသေးသည်။

• မိမိမေးမြန်းမည့်သူကို လေးစားရမည်။ (ချောက်မချရ၊ အရှက်မခွဲရ၊ ကန့်လန့် မတိုက်ရ၊ ကတ်သီး ကတ်ဖဲ့ မပြောရ။)
• အင်တာဗျူးသည် စကားစစ်ထိုးပွဲ မဟုတ်။ အခြေအတင် ငြင်းခုံပွဲမဟုတ်။
• အင်တာဗျူး အလုပ်ခံရသူ၏ အရည်အချင်းကို ပိုမိုတောက်ပြောင်အောင် မြှင့်တင်ပေးရမည်။
• အင်တာဗျူးဆရာနှင့် အင်တာဗျူး အလုပ်ခံရသူတို့ သဘောမတိုက်ဆိုင်မှု ရှိက အင်တာဗျူး စာမျက်နှာ ပေါ်တွင် ဆန့်ကျင်ဘက် မပြောရ။
• အင်တာဗျူး အမေးခံရသူ မဖြေချင်သော မေးခွန်းကို သိပ်ဖျစ်ညစ် မမေးရ။ သူပြောချင်တာကိုသာ ပြည့်ပြည့်ဝဝဖြေနိုင်အောင် အားပေးရမည်။
• ပရိတ်သတ် သိပ်သိချင်တာမျိုး၊ ဒါမျိုးဖြေမှ သူ့ဂုဏ်သိက္ခာ ပိုတောက်ပြောင်စေတာမျိုးကျလျှင်ကား သွယ်ဝိုက်၍ မေးပါ။
• မေးခွန်းတွေ ဖြေရင်းနျင့် သူ့အဇ္ဈတ္တကို ရိပ်ဖမ်းသံဖမ်းပေါ်လွင်လာအောင် လုပ်ပေးရမည်။
• မေးသူ၏ ပါးနပ်မှုနှင့် ဖြေသူ၏ အားပြိုင်ပွဲမျိုးလောက်တော့ ဖန်တီးနိုင်ရမည်။
• စာရေးဆရာ၏ ကျော်ကြားမှု အရှိန်ကို မျောမလိုက်ရ။

စာပေအင်တာဗျူး (၂၉) ပုဒ်၊ ၂၉ ယောက်။ စာမျက်နှာ (၆၀၀) ကျော်။ မဟေသီမဂ္ဂဇင်းတွင် ဖော်ပြခဲ့သည်များ။ ယခုဆိုလျှင် နှစ်ပေါင်း (၂၀) ပင် ပြည့်ပြီ ထင်သည်။ တချိန်က စာများ ဖြစ်၍ ခေတ်အရိပ် သမ်းနေပါသည်။

မင်းသေ့
ညနေ ၄ း ၁၂
၃၀ ၊ ဒီဇင်ဘာ ၊ ၂၀၁၈ ။
မင်းကွန်းတောင်ရိုး၊ မဂ္ဂင်ချောင် ။

ဟိန်းလတ် – စာပေ အင်တာဗျူး (ပေါင်းချုပ်)
Previous post အနာဂတ်ကို သွေးလန့်စေသူနှင့် အင်တာဗျူး
Next post ကျင့်ထုံး နှစ်ခု ၊ သံယောင်လိုက်မှု