• လူမိုက်တို့အလယ်မှာ အမိုက်ကန်းနိုင်ဆုံးသူက ပွဲလယ်တင့်မပေါ့။
• ဒါပေမယ့် လူကြီးလူကောင်းတို့ အသိုင်းအဝန်းမှာ လူမိုက်ကန်းဟာ ဘယ်လိုလုပ် ပွဲလယ်တင့်မလဲ။
• သူယုတ်တို့အလယ်မှာ အယုတ်မာနိုင်ဆုံးသူက လူရာဝင်မှာပေါ့၊ လူတောတိုးမှာပေါ့၊ လူယုတ်တို့ပွဲမှာ တင့်မပေါ့။
• လူကြီးလူကောင်းတို့ အလယ်မှာတော့ လူယုတ်မာက ဘယ်လိုလုပ် ပွဲလယ်တင့်မလဲ။ ချောင်ကုတ်နေရမှာပေါ့၊ ပထုတ်ခံရမှာပေါ့၊ လျစ်လျူရှုခံရမှာပေါ့။

…………..@ …….. @ ………@

• ကျနော်တို့ ဆယ်ကျော်သက်၊
• လူပျိုပေါက်ဘဝတုန်းက၊
• လူကြီးမိဘတွေက ပြောကြတယ်။
• စာကြိုးစား စာကြိုးစား။
• ပညာရဲရင့် ပွဲလယ်တင့်…သတဲ့။

ဒီတော့ ပညာတတ်ဖြစ်မှ ချို့တဲ့တဲ့ဘဝကနေ ရုန်းထွက်နိုင်မယ်။ ပညာရဲရင့် ပွဲလယ်တင့်မယ်။ သို့မဟုတ်ရင် လူပုံအလယ်မှာ ညှိုးညှိုးမှိန်မှိန်နဲ့ နေရမယ်။ ဘဝမှာလည်း ချို့ချို့တဲ့တဲ့ နွမ်းနွမ်းပါးပါးနေရမယ်ဆိုတာ သိလို့ စာကို ကြိုးစားခဲ့တယ်။ ဒါပေမယ့် နောက်တော့ စာကြိုးစားရုံနဲ့ မပြီးဘူး။ ပြင်ပစာတွေကိုပါ လေ့လာဖတ်ရှုရမယ်ဆိုတာ သိလာလို့ ပြင်ပစာတိုပေစတွေကို ဖတ်တယ်။ ဒီတော့ ငယ်ငယ်ရွယ်ရွယ်မှာ ဖတ်လေ့ရှိတဲ့ သုတေသီ ဘုန်းမြင့်သွေး တို့၊ ပီမိုးနင်းရဲ့ တက်ကျမ်းစာအုပ်လေးတွေ ဖတ်မိတယ်။

အဲသည့်မှာ ဆရာကြီး ပီမိုးနင်းက ပညာရဲရင့် ပွဲလယ်တင့် ဆိုတာ မမှန်ဘူး။ လူပေါင်းသင့်မှ ပွဲလယ်တင့်တယ်။ တချို့ဆိုရင် ပညာတတ်ပါလျက်၊ ဘွဲ့ထူးဂုဏ်ထူးကြီးရပါလျက် နဲ့ ပွဲလယ်မှာ ငေါင်စင်းစင်းကြီး အထီးကျန်နေတာ တွေ့ရတယ်။ ဒါလည်း ဟုတ်ပေသားပဲ။ ပညာရဲရင့်နေရုံနဲ့ မပြီးသေးဘူး။ လူပေါင်းလည်း တတ်ရမယ်။ လူမှုပေါင်းသင်းဆက်ဆံရေးကိုလည်း တတ်ကျွမ်းရမယ်ဆိုတာကို နားလည်လာလို့၊ စာအုပ်တွေ ထပ်ရှာဖတ်တဲ့အခါ၊ ဦးနုရဲ့ မိတ္တဗလဋီကာကျမ်းကို သွားတွေ့တယ်။

မူရင်းက ဒေးလ်ကာနက်ဂျီရေးတာ။ လူပေါ်လူဇော်လုပ်နည်း လို့ နာမည်တပ်ပြီး ဦးနုက ဘာသာပြန်တယ်။ နောက်ပိုင်းမှာမှ၊ မိတ္တဗလဋီကာလို့ ပြောင်းလိုက်တာ။ ဒီစာအုပ်က မူရင်းကလည်း သိပ်နာမည်ကျော်။ မြန်မာပြည်မှာလည်း သိပ်နာမည်ကျော်။ ကျောင်းသုံးပြဌာန်းစာအုပ်တောင် ဖြစ်ခဲ့ဖူးသေးတယ်။ အဲသည့်မှာ လူမှုပေါင်းသင်းဆက်ဆံရေးအတွက် လူပေါင်းသင့်မယ့်နည်းလမ်းတွေကို ဒေးလ်ကာနက်ဂျီက ရေးပြထားတယ်။ ဒီလိုနဲ့ စွဲသွားတယ်။ အပြင်မှာ လက်တွေ့လုပ်ကြည့်တယ်။ အတော်ဟုတ်တယ်။

▄ ဟာ… ဒါနဲ့ မပြီးသေးပါ့လား

ဒီလိုနဲ့ ဒေးလ်ကာနက်ဂျီ ရေးသားပြုစုထားတဲ့ အတ္ထုပ္ပတ္တိကျမ်း အတိုကလေးတွေကို ဘာသာပြန်တွေ ရှာဖတ်တယ်။ ဆရာ ညီညီနိုင် ဘာသာပြန်တာတွေ များတယ်။ လူငယ်ဘဝဆိုတော့ ဒါတွေ သိပ်ကြိုက်တာပေါ့ဗျာ။ ဒီလိုနဲ့ ပညာ (+) လူမှုပေါင်းသင်းဆက်ဆံရေး ဆိုတာကို နားလည်လာတယ်။ ဒါပေမယ့် လူငယ်ဘဝကို နိဂုံးသတ်ပြီး လူလတ်ပိုင်းဘဝကို နိဒါန်းပျိုးတော့မယ့်အချိန်ကျမှ၊ ပညာ၊ လူမှုပေါင်းသင်းဆက်ဆံရေး ။ ဒီနှစ်ခုနဲ့ မရသေးပါ့လားဆိုတာကို မျက်ဝါးထင်ထင် တွေ့မြင်လိုက်ရတယ်။

▄ လူကြီးလူကောင်းတို့ ဝန်းကျင်မှာ

အထူးသဖြင့် လူကြီးလူကောင်းတို့ ကျင်လည်တဲ့အသိုင်းအဝန်းမှာ ဘယ်လိုအရာ ရှိပါမှ၊ လူရာဝင်သလဲ။ လူတောတိုးသလဲ၊ ပွဲလယ်တင့်သလဲဆိုတာကို ကောင်းကောင်း နားလည်လိုက်ရတယ်။ သာမန်လူမှုအသိုင်းအဝန်းမှာ စာတတ်ရုံ၊ ဘွဲ့ကြီးဒီဂရီကြီးရထားရုံ၊ လူတွေနဲ့ လိုက်လျောညီထွေပေါင်းသင်းဆက်ဆံတတ်ရုံနဲ့ လူတောတိုးပေမယ့်၊ ပွဲလယ်တင့်ပေမယ့်၊ တကယ့် လူကြီးလူကောင်းတို့ရဲ့ အကျင့်အကြံနဲ့ နေထိုင်နေတဲ့လူမှုအသိုင်းအဝန်းမှာတော့ စာတတ်ရုံ၊ ဘွဲ့ဒီဂရီကြီးရထားရုံ၊ အလိုက်သင့်ပြောတတ်ဆိုတတ်ရုံနဲ့ မပြီးမြောက်ဘူး၊ မပြီးစီးဘူး။ အဲ…. အာဏာကြီးကြီး၊ လုပ်ပိုင်ခွင့်ကြီးကြီး၊ ရာထူးဌာနန္တရကြီးကြီး ဆုပ်ကိုင်ထားရုံနဲ့လည်း မရဘူးဆိုတာ တွေ့လိုက်ရတယ်။

ဒါဆိုရင် လူကြီးလူကောင်းတို့ရဲ့ အကျင့်အကြံနဲ့ နေထိုင်တဲ့လူ့အသိုင်းအဝန်းမှာ ဘာလိုသလဲ။

• ဂုဏ်သိက္ခာ၊ ဂုဏ်သိက္ခာ။
• အကျင့်သီလ လို့ ပြောရင် ပိုမှန်ပါလိမ့်မယ်။

• အကျင့်သီလမရှိတဲ့သူဟာ လူကြီးလူကောင်းတို့ ဝန်းကျင်မှာ မဝင်ဆန့်နိုင်ဘူး။

• ဂုဏ်သိက္ခာမရှိတဲ့သူဟာ လူကြီးလူကောင်းတို့ အသိုင်းအဝန်းမှာ လူတောမတိုးနိုင်ဘူး။

• စာရိတ္တမမှန်တဲ့သူဟာ လူကြီးလူကောင်းတို့ဌာနေမှာ လူဝင်မဆန့်နိုင်ဘူး။

• ကိုယ်ကျင့်သေးသိမ်တဲ့သူဟာ လူကြီးလူကောင်းတို့နေရပ်မှာ ပွဲလယ်မတင့်နိုင်ဘူး။

ဒါဟာ ကျနော့်အတွက် သင်ခန်းစာကြီးကြီး ယူနိုင်လောက်တဲ့ ဥပမာအဖြစ်တွေ့မြင်ခဲ့ရတယ်။

▄ ငါ ဘယ်သူပဲ၊ ငါ ဘယ်ဝါပဲ

ကျနော်တို့ဟာ အမြဲတမ်း တရားသေတွေးထင် မှတ်ယူလေ့ရှိတယ်။ ငါ့မှာ ဘွဲ့ထူး၊ ဂုဏ်ထူးကြီးရရင်။ ဘယ်လို တက္ကသိုလ်ကြီးထဲကနေ ကျောင်းသားဖြစ်ခဲ့ဖူးရင် ငါ လူရာဝင်မယ်၊ လူတောတိုးမယ်၊ ပွဲလယ်တင့်မယ်လို့ ထင်နေခဲ့တယ်။ မဟုတ်ပါဘူး။ ကိုယ်လူရာဝင်တဲ့အသိုင်းအဝိုင်းဟာ ဘယ်လို အသိုင်းအဝိုင်းလဲဆိုတာကို ပြန်လည် သုံးသပ်ကြည့်သင့်တယ်။

• လူမိုက်တို့အလယ်မှာ အမိုက်ကန်းနိုင်ဆုံးသူက ပွဲလယ်တင့်မပေါ့။

• ဒါပေမယ့် လူကြီးလူကောင်းတို့ အသိုင်းအဝန်းမှာ လူမိုက်ကန်းဟာ ဘယ်လိုလုပ် ပွဲလယ်တင့်မလဲ။

• သူယုတ်တို့အလယ်မှာ အယုတ်မာနိုင်ဆုံးသူက လူရာဝင်မှာပေါ့၊ လူတောတိုးမှာပေါ့၊ လူယုတ်တို့ပွဲမှာ တင့်မပေါ့။

• လူကြီးလူကောင်းတို့ အလယ်မှာတော့ လူယုတ်မာက ဘယ်လိုလုပ် ပွဲလယ်တင့်မလဲ။ ချောင်ကုတ်နေရမှာပေါ့၊ ပထုတ်ခံရမှာပေါ့၊ လျစ်လျူရှုခံရမှာပေါ့။

တခါတရံကျတော့လည်း ခက်လှတယ်။ ငါ ဘယ်သူပဲ၊ ငါ ဘယ်ဝါပဲ၊ ငါ့နံဘေးမှာဘယ်လို အခြံအရံ အဆောင်အယောင်တွေ ရှိတာ၊ ငါ့မှာ ဘယ်လို စည်းစိမ်တွေ ရှိတာ၊ ငါ့မှာ ဘယ်လို အာဏာ လုပ်ပိုင်ခွင့်မျိုးကို ထိန်းချုပ်ထားနိုင်တာ၊ ငါ့ကို ဘယ်က ဘွဲ့ဒီဂရီကြီး ပေးအပ်ထားတာ၊ ဒီဇမ္ဗူမှာ ငါလိုလူရှိသေးလားလို့ ကိုယ့်ဝါးလုံးခေါင်းထဲမှာ ကိုယ် ဘုရင်ဖြစ်နေပေမယ့်၊ ဝါးလုံးခေါင်းထဲက ထွက်လိုက်တဲ့အခါ ကိုယ်ဟာ သာမန်လူတစ်ယောက်လောက်တောင် လူရာမဝင်၊ လူတောမတိုးဘူးဆိုတာ သိလိုက်ရသူ အဖို့ ဘယ်လောက် ရင်ကျိုးရမလဲ၊ ဘယ်လောက် ခါးသီးလိမ့်မလဲ ။ စဉ်းစားကြည့်။

တကယ်တော့ ရှက်တတ်ရင် သေလို့ ရပါတယ်။
တကယ် မရှက်တတ်တာ ခက်လှတယ်။

ဗုဒ္ဓသွန်သင်တဲ့၊ ဟိရီ ဩတ္တပ္ပ ကင်းဆိတ်တယ်ဆိုတာ ဒါမျိုးဖြစ်မယ်။

မင်းသေ့
နေ့လယ် ၁း၃၇
၂၇၊ အောက်တိုဘာ၊ ၂၀၂၁။

Previous post ▣ လူမှုပြုပြင်ပြောင်းလဲရေးသမား ဦးလှ
Next post ▄ ဆိုရှယ်လစ်လမ်းစဉ် နိဂုံး