မန္တလေးမှာ၊ လူထုမောင်နှံ ရှိတယ်။ လူထုဦးလှနဲ့ လူထုဒေါ်အမာ ဖြစ်တယ်။ လူထုဦးလှ (၁၉၁၀ – ၁၉၈၂)ဟာ မန္တလေးသား မဟုတ်ဘူး။ ပဲခူးတိုင်း ညောင်လေးပင်သား။ ရန်ကုန်မှာ ကြီးပွားရေးအသင်းထောင်ရင်း၊ သပိတ်မှောက် ကျောင်းသူ အမာနဲ့ တွေ့တယ်။ သျှောင်နောက် ဆံထုံးမပါဘဲနဲ့ ဆံထုံးနောက် သျှောင်ပါလာတယ်။ မန္တလေးသူ ဒေါ်အမာနောက်ကို ဦးလှလိုက်လာတယ်။ မန္တလေးသားတွေက ဘယ်လောက်တောင် ဇာတိမာန်အားကြီးသလဲဆိုရင်၊ ဒေါ်အမာနောက်ကို ပါလာတဲ့ ဦးလှကို မန္တလေးသားအဖြစ်တောင် ဂုဏ်မယူချင်ဘူး။ သူတို့ အမေမာကိုပဲ ဦးလှထက် တသသ လုပ်တာတွေ့ရတယ်။

▄ စာပေဖူးစာ

လူထုဒေါ်အမာက စာမျိုးစုံရေးခဲ့ပါတယ်။ မောရစ်ကောလစ်ရဲ့ မြန်မာပြည်တွင် စစ်ဆေးခဲ့သောအမှုများ ဆိုတဲ့ စာအုပ်ကို ဆရာကြီး ဦးရာဇတ် ကျေးဇူးပြုမှုနဲ့ အမာက ဘာသာပြန်ဖြစ်တယ်။ ကြီးပွားရေးအသင်းတိုက်မှာ ဦးဆောင်နေတဲ့ ဦးလှက အမာရဲ့စာအုပ်ကို ပုံနှိပ်ထုတ်ဝေပေးတယ်။ ဒီလိုနဲ့ ဒေါ်အမာရဲ့ စာပေခြေလှမ်းစတင်နိုင်ခဲ့တယ်။ မန္တလေးရောက်တော့ လူထုတိုက်ကို တည်ထောင်တယ်။ ပုံနှိပ်တိုက်အပြင် သတင်းစာကိုပါ ထုတ်ဝေတယ်။ လူထုသတင်းစာဟာ မြန်မာပြည်စာနယ်ဇင်းသမိုင်းမှာ အထင်ကရဖြစ်ခဲ့တယ်။

▄ နိုင်ငံရေးကဲသော

ဒေါ်အမာရဲ့ စာတွေဟာ နိုင်ငံရေးကဲတယ်။ ဦးလှရဲ့ စာတွေဟာ လူမှုရေးကဲတယ်။ မြန်မာတွေဟာ နိုင်ငံရေးအကဲသန်တာကြောင့် ဦးလှထက် ဒေါ်အမာအကြောင်းကို ပိုလို့ တွင်ကျယ်စွာ ပြောကြတယ်။ တကယ်တော့ ဦးလှဟာ သတင်းစာဆရာဘဝက လာခဲ့သူ။ နောက်မှ စာရေးဆရာဖြစ်လာတာ။ စာရေးဆရာအဖြစ် ရောက်လာတော့လည်း၊ ဦးလှဟာ လူ့အဖွဲ့အစည်းရဲ့ အောက်ခြေအထိ ကျင်လည်ပြီး စာပေသုတေသနအလုပ်ကို လုပ်ခဲ့သူ။ လူထုဦးလှရဲ့ စာပေတွေဟာ လူမှုပြုပြင်ပြောင်းလဲရေးဘက်ကို အကဲပိုတယ်။ လူ့အဖွဲ့အစည်းတွင်းမှာ တကယ့်ပြဿနာဖြစ်နေတဲ့ အကြောင်းအရာတွေကို ပြုပြင်ဖို့ လမ်းညွှန် တင်ပြတာတွေ့ရတယ်။ ဒါပေမယ့် လူထုဦးလှစာကို စာဖတ်သူအတော်များများက လူထုဒေါ်အမာရဲ့ စာလောက် ခံတွင်းတွေ့ဟန်မတူဘူး။

တကယ်တော့ လူ့အဖွဲ့အစည်းရဲ့ အတွင်းဇာစ်မြစ်ကို မြင်အောင်ကြည့်ပြီး လူမှုပြုပြင်ပြောင်းလဲရေးတွေကို စာပေနဲ့ ကျေးဇူးပြုခဲ့တာ လူထုဦးလှက ပိုပါတယ်။ ဒီနေရာမှာ လူထုဒေါ်အမာနဲ့ လူထုဦးလှကို တန်ဖိုးအားဖြင့် ယှဉ်လျက် အကဲဖြတ်ခြင်း မဟုတ်ပါ။ သူ့တန်ဖိုးနဲ့ သူဖြစ်ပါတယ်။ သို့သော်လည်း လူထုဦးလှရဲ့ လူမှုပြုပြင်ပြောင်းလဲရေးစာပေတွေကို နိုင်ငံရေးစာပေတွေလောက် ခံတွင်းမလိုက်တဲ့ မြန်မာလူထုရဲ့ နိုင်ငံရေးအကဲပိုတဲ့ စိတ်နေသဘောထားကို ပြသစေလိုခြင်းသာ ဖြစ်ပါတယ်။

▄ ရိုးရာပုံပြင်တွေရဲ့ တန်ဖိုး

ဒီနေရာမှာ လူထုဦးလှရဲ့ ထောင်နဲ့ ပတ်သက်တဲ့ စာအုပ်တွေကို အပြောများပေမယ့်၊ သေချာ ဂရုတစိုက်ဖတ်တဲ့သူ နည်းတယ်လို့ ထင်ပါတယ်။ ထိုနည်းလည်းကောင်း လူထုဦးလှ ပြုစုရေးသားခဲ့တဲ့ ရိုးရာပုံပြင်များ စာအုပ်အစုကိုလည်း လူပြောသူပြောနည်းပါတယ်။ ယခင်တုန်းက ပြောခဲ့ဆိုခဲ့တာတွေ ရှိပေမယ့်၊ ဒီနေ့ခေတ်မှာ ပြောဆိုတဲ့သူ သိပ်မတွေ့ရပါ။ လူထုဦးလှဟာ တိုင်းရင်းသားရိုးရာပုံပြင်တွေကို ရေးသားတဲ့အခါမှာ၊ ခရီးတွေထွက်ပြီး ဒေသခံ လူမျိုးစုတွေနဲ့ တွေ့ဆုံမေးမြန်း၊ အချက်အလက် စုဆောင်းပြီး သုတေသီသဖွယ် သုတေသနနည်းနဲ့ အချက်အလက် စုဆောင်းပြီး ရေးသားပြုစုခဲ့တာဖြစ်ပါတယ်။ လူထုဦးလှပြုစုခဲ့ရေးသားခဲ့တဲ့ ရိုးရာပုံပြင်တွေဟာ စာအုပ်ရေ အတော်များ ပါတယ်။ အုပ်ရေပေါင်း (၃၀) ကျော်ရှိပါတယ်။

▄ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး

လူ့အဖွဲ့အစည်းအတွင်းမှာ အတူတကွ မှီတင်းနေထိုင်တဲ့ လူမျိုးစုအချင်းချင်း တစ်ယောက်အကြောင်း တစ်ယောက်သိနားလည်ပြီး ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ကြဖို့ ဦးလှက ကျေးဇူးပြုခဲ့ပါတယ်။ ပုံပြင်တွေ၊ ဒဏ္ဍာရီတွေ၊ ဆိုရိုးစကားတွေဆိုတာဟာ လူ့အဖွဲ့အစည်းအတွင်းက စိတ်နေသဘောထားနဲ့ ဓလေ့အမူအကျင့်ကို ဖော်ပြနိုင်တဲ့အရာတွေ ဖြစ်ပါတယ်။ ပုံပြင်တွေဟာ လူ့အဖွဲ့အစည်းရဲ့ စိတ်အခံကို ထင်ဟပ်ပြနေပါတယ်။ တစ်ယောက်စိတ်ကို တစ်ယောက်နားလည်မှ၊ အမှတ်သရုပ်ကွဲပြားတဲ့ လူမျိုးစုအချင်းချင်း မှီတင်းနေထိုင်ရာမှာ၊ ပို၍ ငြိမ်းချမ်းသောလူ့အသိုင်းအဝန်းဘောင်ထဲမျာ ရှိနေပါလိမ့်မယ်။ သို့မဟုတ်ရင်တော့ ဖရိုဖရဲ၊ ဗြဲလရမ်းကြီး ဖြစ်နေပါလိမ့်မယ်။ တစ်ယောက်အကြောင်း တစ်ယောက်သိကြဖို့နဲ့ တစ်ယောက်အတွင်းဓာတ်ခံကို တစ်ယောက် လေ့လာကြဖို့ဟာ အနာဂတ် မြန်မာနိုင်ငံတော်အတွက် အင်မတန် အရေးကြီးပါတယ်။

မြန်မာပြည်မှာ လူမျိုးစုံကွဲပြားသည့်အလျှောက် လူတစ်မျိုးရဲ့ဓလေ့ကို လူတစ်မျိုးက သိနားလည်နေတာ ရှားပါးပါတယ်။ လွတ်လပ်ပြီးခေတ်ကနေစပြီး မြန်မာပြည်ကို ပြည်ထောင်စုမြန်မာနိုင်ငံလို့ ခေါ်တွင်ခဲ့ပေမယ့် – အဲသည့် ပြည်ထောင်စုဆိုတာ အတင်းအဓမ္မ ဆွဲစုထားတဲ့ စုစည်းချက်မျိုးသာဖြစ်နေပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် လိုလိုချင်ချင်နဲ့ မှီတင်းနေထိုင်တာမျိုး မရှိခဲ့ပါဘူး။

ထိုနည်းလည်းကောင်း မြန်မာပြည်အတွင်းမှာ နေထိုင်တဲ့ လူမျိုးစုတွေဟာ တစ်မျိုးရဲ့ ဗီဇဓာတ်ခံနဲ့ တစ်မျိုးရဲ့ ဓလေ့စရိုက်ကို အချင်းချင်း နားလည်အောင် လုပ်ကြတဲ့နေရာမှာ အင်မတန် အားနည်းလှပါတယ်။ ဒီအားနည်းချက်ရဲ့ အကျိုးဆက်ဟာ မြန်မာပြည်ရဲ့ ပြည်တွင်းစစ်ကို မငြိမ်းသတ်နိုင်ခြင်းအဖြစ် ထွက်ပေါ်လာပါတယ်။ ယခု ၂၁ ရာစုထဲကို အတွင်းကျကျ ဝင်ရောက်ခဲ့သည့်တိုင်၊ လူမျိုးစုတွေ အချင်းချင်းအကြားမှာ ညီညွတ်တဲ့ စည်းလုံးမှုမျိုးကို မတည်ဆောက်နိုင်သေးဘူး။ နိုင်ငံရေးဝေါဟာရအားဖြင့် အမျိုးသားပြန်လည် ရင်ကြားစေ့ရေးကို မလုပ်နိုင်သေးဘူး။ တိုင်းပြည်တည်ဆောက်ရေး (တနည်း) အမျိုးအသားအမှတ်သရုပ်တည်ဆောက်ရေးကို ကောင်းကောင်း မလုပ်နိုင်သေးပါဘူး။

▄ လူမှုပြုပြင်ရေးဘက် အားမသန်ကြ

လွတ်လပ်ပြီးစ မြန်မာနိုင်ငံမှာ လူမျိုးစုအချင်းချင်း တစ်ယောက် အကြောင်း တစ်ယောက် ပိုမိုသိနားလည်စေဖို့ လူထုဦးလှဟာ စာပေနဲ့ ကျေးဇူးပြုခဲ့ပါတယ်။ ထိုနည်းလည်းကောင်း တိုင်းရင်းသားရိုးရာပုံပြင်တွေကို ပြုစုရေးသားပြီး လူမျိုးတစ်မျိုးရဲ့ဓလေ့ကို လူမျိုးတစ်မျိုးက သိနားလည်ပြီး ညီညွတ်၍ စည်းလုံးသော ပြည်ထောင်စုစနစ်နဲ့ အတူတကွနေထိုင်ဖို့ စာပေအားဖြင့် ကျေးဇူးပြုခဲ့ပါတယ်။ သို့သော်လည်း လူထုဦးလှရဲ့ စာပေတွေကို လူထုအတွင်းမှာ တွင်တွင်ကျယ်ကျယ် အပြောမများခြင်းဟာ မြန်မာတွေရဲ့ ရေလိုက်လွဲမှု အပါအဝင် နိုင်ငံရေးအပြောင်းအလဲကိုသာ စိတ်ဝင်စားလွန်းတဲ့ အကျင့်၊ လူ့အဖွဲ့အစည်းရဲ့ အခြေခံအကျဆုံး ပြုပြင်ပြောင်းလဲရမယ့် လူမှုတော်လှန်ရေးအလုပ်တွေကို စိတ်မဝင်စားတဲ့ အကျင့်ကို ထင်ထင်ရှားရှားပြသနေပါတယ်။

မင်းသေ့
ည ၇း၀၀
၂၇၊ အောက်တိုဘာ၊ ၂၀၂၁။

Previous post ▣ ဗမာ့စိတ်ထား
Next post ▣ ရှက်တတ်မယ်ဆိုရင်