ဥပါဒါန်ကြောင့် ဥပဒ်ရောက်နေတဲ့ တိုင်းပြည်

မနူးမနပ်ဝါဒတွေအပေါ် ဥပါဒါန်အစွဲအလမ်း အားကြီးရင်း အုပ်စုဓလေ့ အပြိုင်ထွန်းကားလာကာ ဘေးဥပဒ်တွေ့ နေရတဲ့ မြန်မာ့လူ့အဖွဲ့အစည်းရဲ့ မူရင်းဇာစ်မြစ်များ။ 

  • တော်လှန်ရေးတွင်းက ဟုတ်ယောင်ထင်မှုတွေ။
  • တကယ်တော့ အားလုံးက ဟုတ်ယောင်ထင်မှုတွေကြား နှစ်ဝင်နေတာပဲ။ 
  • အားလုံးက အပြိုင် narrative တွေ ဖန်တီးနေတာပဲ။ 
  • ကိုယ့် narrative ကို ယုံသူများများ ရှိလာလေလေ၊ ကိုယ်နိုင်ဖို့ သေချာလေလေလို့ ထင်နေကြတယ် 
  • ဒါ့ကြောင့် စတိုရီတွေ အမြောက်အမြား ပေါ်လာတယ်၊ စတိုရီတွေက ဘောက်သောက်ပဲ။ 
  • ကိုယ်ဖန်တီးတဲ့ စတိုရီကို လူများများ ယုံလေလေ၊ ကိုယ့်အကျိုးစီးပွားဖြစ်ထွန်းလေလေလို့ ထင်မြင်နေကြတယ်။ 

၂၀၂၁ စစ်အာဏာသိမ်းမှု မဖြစ်ခင်ကတည်းက၊ ကိုယ့်အိုင်ဒီယော်လိုဂျီကို နောက်ခံထားပြီး the set of narrative တွေ အပြိုင် ဖန်တီးနေတာပဲ။ အထူးသဖြင့် ဝါဒဖြန့်ချိရေးယန္တရားခိုင်ခိုင်မာမာ ရှိထားတဲ့ အင်စတီကျူးရှင်းတွေ၊ အုပ်စုတွေတွေက ဒါကို ပိုလို့ လုပ်နိုင်တယ်။ ကိုယ်ဖန်တီးတဲ့ ဇာတ်ညွှန်း (narrative) ကို ယုံတဲ့သူက ကိုယ့်လူပဲ။ အုပ်စုဝါဒအပြိုင်ထွန်းကားတဲ့ မြန်မာပြည်မှာ၊ မှားခြင်း – မှန်ခြင်း၊ ယထာဘူတကျခြင်း မကျခြင်းတွေကို အသာ ထား၊ ကိုယ့်ဇာတ်ညွှန်းကို လူခပ်များများ ယုံကြည်ရေးက ပထမဦးစားပေးပဲ။ 

ကိုယ့်အုပ်စုက ရှုမြင်ထားတဲ့ ဝါဒနဲ့ မျိုးနွယ်တူတယ်ဆိုရင် ဒီဇာတ်ညွှန်းကို လိုလားလက်ခံတာပဲ။ ကိုယ့်အုပ်စုက လက်ခံထားတဲ့ ဝါဒနဲ့ ဆွေးမျိုးနီးစပ်တယ်ဆိုရင် ဒီဇာတ်ညွှန်းကို အတင်းသွတ်သွင်းတော့တာပဲ။ ပညာဉာဏ် အားဖြင့် နိမ့်ပါးတဲ့ လူ့အသိုင်းအဝိုင်းတွေကို ဒီလို အပြိုင် ဇာတ်ညွှန်းတွေနဲ့ ဆွဲဆောင်သိမ်းသွင်းဖို့ သိပ်လွယ်တယ်။ အထူးသဖြင့် မြန်မာပြည်မှာ — မျိုးချစ်ဝါဒကို အခြေပြုပြီး သိမ်းသွင်းတာတွေ ရှိတယ်။ ဘာသာရေးကို အကြောင်းပြုပြီး ဆွဲဆောင်ဖို့ လွယ်ကူတယ်။ အမုန်းတရား နဲ့ အာဃာတကို ပြန်နှိုးဆွပြီး ဝါဒဖြန့် လို့ သိပ်လွယ်တယ်။ 

အုပ်စုဓလေ့တွေ အပြိုင် ထွန်းကား 

သမိုင်းဆရာ ဒေါက်တာသန်းထွန်းဟာ – မြန်မာ့ဓလေ့စာတမ်းမှာ၊ “မြန်မာပြည်မှာ အမျိုးအလိုက်၊ ယုံကြည်မှု အလိုက် အုပ်စုဓလေ့တွေ ယှဉ်ပြိုင်ထွန်းကားတယ်” လို့ ရေးဖူးတယ်။ 

အမျိုးအလိုက် 

မြန်မာ့လူ့အဖွဲ့အစည်းတွင်းက အုပ်စုတွေကို ကြည့်ရင်၊ သွေးကို မက်မောတမ်းတတွယ်တာတဲ့ အကျင့်ဓလေ့ ရှိတာကို အထူးတွေ့မြင်ရတယ်။ 

  • ဗမာမှာလည်း ဗမာနေရှင်နယ်လစ် ရှိတယ်။ 
  • ရက္ခိုင်မှာလည်း ရက္ခိုင်နေရှင်နယ်လစ်ရှိတယ်။ 
  • ရှမ်းမှာလည်း ရှမ်းနေရှင်နယ်လစ်ရှိတယ်။ 
  • ချင်းမှာလည်း ချင်းနေရှင်နယ်လစ်ရှိတယ်။ 
  • ကယားမှာလည်း ကယားနေရှင်နယ်လစ်ရှိတယ်။ 
  • ကရင်မှာလည်း ကရင်နေရှင်နယ်လစ်ရှိတယ်။ 
  • တအာင်းမှာလည်း တအာင်းနေရှင်နယ်လစ်ရှိတယ်။ 
  • ပအိုဝ်းမှာလည်း ပအိုဝ်းနေရှင်နယ်လစ်ရှိတယ်။ 
  • မွန်မှာလည်း မွန်နေရှင်နယ်လစ်ရှိတယ်။ 

နေရှင်နယ်လစ်လို့ သုံးနှုန်းလို့ တမျိုးဖြစ်နေမယ်။ နေရှင်နယ်လစ်ဆိုတာ အမျိုးသားရေးဝါဒီကို ဆိုလိုတာပါ။ မြန်မာ့လူ့အဖွဲ့အစည်းအတွင်းမှာ၊ ကိုယ်စီ ကိုယ်စီ အမျိုးအလိုက် ယုံကြည်တဲ့ အမျိုးသားရေးဝါဒီတွေ ရှိတာပဲ။ မြန်မာ့နိုင်ငံရေးအခင်းအကျင်း တစ်ခုလုံကို ခြုံပြီး ကြည့်ရင်၊ မျိုးနွယ်စုအလိုက်၊ လူမျိုးအလိုက်၊ မျိုးချစ်တွေ ရှိနေတာပဲ။ မျိုးချစ်ဝါဒဟာ မြန်မာပြည်တွင်းမှာ မျိုးနွယ်အလိုက် အပြိုင်ထွန်းကားနေတယ်လို့ ပြောနိုင်တယ်။ ဒါ့ကြောင့် ယနေ့ ဖြစ်နေတဲ့ လက်တွေ့အဖြစ်အပျက်ဟာ — the clash of nationalist လို့တောင် ပြောနိုင်တယ်။ မြန်မာပြည်မှာ အမျိုးသားရေးဝါဒီတွေ အချင်းချင်းအကြား တိုးတိုက်မှု ဖြစ်ပေါ်နေတယ်။ 

ယုံကြည်မှုအလိုက် 

ဒါ့အပြင် ယုံကြည်မှုအလိုက် အုပ်စုဓလေ့တွေ ထွန်းကားတယ်လို့လည်း ပြောနိုင်သေးတယ်။ ဒါကတော့ အိုင်ဒီယော်လိုဂျီကို အခြေခံတာပါ။ မြန်မာပြည်မှာ ကွန်မြူနစ်ဝါဒ၊ ဆိုရှယ်လစ်ဝါဒ၊ ဒီမိုကရေစီဝါဒ၊ ဖက်ဒရယ်ဝါဒ …. ဆိုတာတွေ ဖြစ်ထွန်းခဲ့တာပဲ။ ကွန်မြူနစ်၊ ဆိုရှယ်လစ်ဝါဒက နှောင်းအိုင်ဒီယာတွေဖြစ်သွားပြီ ဆိုပေမယ့် လက်ဝဲသစ်အယူအဆတွေနဲ့ ပြန်ပေါ်လာတာတွေ တွေ့နေရတာပဲ။ ဒီမိုကရေစီနဲ့ ဖက်ဒရယ်ဝါဒဆိုတာ တွေကလည်း ဖိနှိပ်ခံခဲ့ရတဲ့ အိုင်ဒီယာတွေဖြစ်ပေမယ့် ငုပ်ရာကနေ နှိုးကြားလာနေတာပဲ။ တစ်ဖက်မှာလည်း နိုင်ငံရေးဝါဒ မဟုတ်ပေမယ့် စာပေ၊ ယဉ်ကျေးမှု အနုပညာ နယ်ပယ်တွေမှာ အပြိုင်ဖြစ်ထွန်းတဲ့ ဒဿနတွေ အရောင်စုံ ရှိတာပဲ။ 

မနူးမနပ် ဟင်းပေါင်းအိုးကြီး 

မြန်မာ့လူ့အဖွဲ့အစည်းကို ကြည့်ရင် – တကယ့် ဟင်းပေါင်းအိုးကြီးပဲ။ သို့သော်လည်း အချိုးမညီတဲ့  ဟင်းပေါင်းအိုးကြီးဖြစ်နေတယ်။ အဲဒါ ဘာလို့လဲဆိုတော့ မနူးမနပ်ဖြစ်နေလို့ ဖြစ်ပါတယ်။ ဆိုင်ရာ အမျိုးအလိုက် အုပ်စုဓလေ့တွေဟာ မနူးမနပ်ဖြစ်နေတယ်။ ဆိုင်ရာ ယုံကြည်မှုအလိုက် အုပ်စုဓလေ့တွေဟာ မနူးမနပ်ဖြစ်နေ တယ်။ ကြေကြေလည်လည် နက်နက်နဲနဲ စနစ်တကျ ၊ ဖြစ်ဖြစ်မြောက်မြောက် မရှိခြင်းတွေဟာ မနူးမနပ်တွေကို မွေးထုတ်နေပါတယ်။ 

  • အိုင်ဒီယော်လိုဂျီအရ မနူးမနပ်ဖြစ်လို့လည်း ယနေ့  အုပ်စုဓလေ့ အားပြိုင်မှုတွေဟာ လက်နက်ကိုင် ပဋိပက္ခ အဆင့်ကနေ လျော့ကျသွားခြင်း မရှိတာပါ။ အမျိုးအနွယ်အပေါ် စွဲလမ်းတပ်မက်မှုတွေဟာ ပညာနဲ့ မယှဉ်တဲ့အခါ သေးသိမ်တဲ့  အမျိုးဝါဒတွေအဖြစ် မနူးမနပ်ဖြစ်နေရပါတယ်။ ဒါဟာ လက်ရှိ မြန်မာ့လူ့အဖွဲ့အစည်း အတွင်းမှာ အတွင်းလှိုက်လို့ဖြစ်နေတဲ့ မူရင်း ပြဿနာရင်းမြစ်တွေပါ။ 
  • ဒါတွေကို ပညာတတ် ဆိုတဲ့ကောင်တွေကလည်း မြင်အောင် ကြည့်နိုင်စွမ်း မရှိပါဘူး။ ဘာလို့လဲဆိုတော့ ပညာတတ်ဆိုသူ တွေကိုယ်၌ကလည်း မနူးမနပ်ဖြစ်နေလို့ပါပဲ။ 

ဒီလို မနူးမနပ်ဖြစ်နေတဲ့ မြန်မာ့လူ့အဖွဲ့အစည်းအတွင်းမှာ၊ ဆိုင်ရာ ဘက်အစွဲအလမ်း ကိုယ်စီနဲ့ အပြိုင်ဝါဒဖြန့်တဲ့ ဇာတ်ညွှန်း (narrative) တွေကလည်း ဒွေးရောယှက်တင်ဖြစ်နေပါတယ်။ 

  • ဒုလိုက်ဒေးလိုက်၊ 
  • ထုလိုက်ထည်လိုက်၊ 
  • အုံလိုက်ကျင်းလိုက် ဖြစ်နေပါတယ်။ 

ဥပါဒါန်ကြောင့် ဥပဒ်ရောက် ရ 

ဥပါဒါန်ကြောင့် ဥပဒ်ရောက်တယ်ဆိုတဲ့ စကားရှိတယ်။ မြန်မာ့လူ့အဖွဲ့အစည်းဟာ ဥပါဒါန်တရားတွေရဲ့ ဖိစီးနှိပ်စက်ခြင်းကို အပြင်းအထန် ခံစားနေရပါတယ်။ ဘေးဥပဒ်တွေဟာ ဘယ်သူ မပြု မိမိ အမှု။ ကိုယ့်ဥပါဒါန်က ကိုယ့်ကိုပဲ ဖိစီးနှိပ်စက် ဒုက္ခပေးနေပါတယ်။ ဒီလို ဥပါဒါန်တွေ အပြိုင်ကြီးထွားအောင်လည်း ဆိုင်ရာအုပ်စုတွေက ဇာတ်ညွှန်းတွေ အပြိုင်ဖန်တီးပြီး လူထုကို ဂျင်းထည့်နေကြပါတယ်။ ပညာသေးသိမ်တဲ့ လူ့အသိုင်းအဝိုင်းကလည်း ဒီဝါဒဖြန့်ချိရေးတွေကို ယုံမှတ်လို့ ပုံအပ်ထားကြပါတယ်။ 

ဒါဟာ လက်ရှိ မြန်မာ့လူ့အဖွဲ့အစည်းတွင်းက အတွင်းမူလပြဿနာရင်းမြစ်တွေ ဖြစ်ကြောင်း တင်ပြလိုက်ရပါတယ် ခင်ဗျား။ 

မင်းသေ့ 

နေ့လယ် ၁၂း၃၄ 

၁၀ ၊ စက်တင်ဘာ၊ ၂၀၂၂။

Previous post မြန်မာစစ်တပ်တော့ လုံးဝ မနိုင်,နိုင်တော့ဘူး
Next post အလွန် အင်မတန် လိုအပ်နေပါတယ်