ကျနော်ဟာ သာမန်ပြည်သူထဲက ပြည်သူတစ်ယောက်ဖြစ်ပါတယ်။ ပြည်သူတစ်ယောက်ရဲ့လိုလားချက်အနေနဲ့ အဖွဲ့ချုပ်ကို မေးခွန်းတချို့မေးချင်ပါတယ်။

အတိုက်အခံဘဝနဲ့ နှစ်ပေါင်းများစွာ အထုအထောင်းကြားထဲက ဖြတ်သန်းလာတဲ့ သမိုင်းဖြတ်သန်းမှုကို ကျနော် လေးစားပါတယ်။ အုံလိုက်ကျင်းလိုက် စုဖွဲ့ထားတဲ့ အဖွဲ့ဝင်တွေ တက်ကြွစွာ ရှိနေခြင်းကိုလည်း လေးစားပါ တယ်။ တိုက်ခိုက်ထိုးနှက်မှုဒဏ်တွေကို ခံနိုင်ရည်ရှိရှိ ကိုယ်ခံအားကောင်းကောင်းနဲ့ ကြံ့ကြံ့ခံနိုင်တာကိုလည်း အသိအမှတ်ပြုပါတယ်။ ရန်ပုံငွေ နည်းပါးပေမယ့် အဖွဲ့ချုပ်ဝိုင်းတော်သားတွေဟာ ကိုယ့်အိတ် ကိုယ်စိုက်ပြီး တော့ အဖွဲ့ချုပ်သက်တမ်းကို ဆွဲဆန့်နိုင်တာကိုလည်း ချီးကျူးပါတယ်။ အကျင့်ပျက်ခြစားနေတဲ့ လက်နက်ကိုင် စစ်အစိုးရကို နိုင်ငံရေးနည်းနဲ့ တော်လှန်ရေးတိုက်ပွဲလမ်းစဉ်ကို တစိုက်မတ်မတ် ဆင်နွှဲခဲ့လို့လည်း ဝမ်းသာမိပါ တယ်။ လူထုခေါင်းဆောင်အစစ်အမှန်ကို မွေးဖွားသန့်စင်ပေးလို့လည်း ဝမ်းမြောက်ပါတယ်။ အတိုက်အခံဘဝက နေ အာဏာရအစိုးရဖြစ်အောင် စွမ်းဆောင်နိုင်လို့လည်း လေးစားပါတယ်။ အသွင်ကူးပြောင်းရေးကာလမှာ ပြည်သူအထိမနာစေတဲ့ နည်းလမ်းတွေကို ဦးစားပေးရွေးချယ်ခဲ့လို့လည်း ဝမ်းသာပါတယ်။ အစိုးရယန္တရားကို မောင်းနှင်တဲ့အခါမှာလည်း တည်တည်ငြိမ်ငြိမ် ပဲ့ကိုင်နိုင်လို့ ချီးကျူးရပါတယ်။

သို့ပေမယ့် မြန်မာပြည်အနာဂတ်လားရာအတွက် မေးခွန်းတစ်ချို့ မေးကို မေးရပါမယ်။ ဒီမေးခွန်းတစ်ချို့ဟာ လာမယ့် ၂၀၂၀ ရွေးကောက်ပွဲအတွက် စဉ်းစားချက်တွေ ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ အဖွဲ့ချုပ်ကိုယ်တိုင်ရော၊ ဆင်ခြင်တုံတရားဦးထိပ်ထားကြတဲ့ ပြည်သူအတွက်ပါ စဉ်းစားချက်တချို့ရနိုင်ဖို့ မျှော်လင့်ပါတယ်။

နံပါတ် (၁) မေးခွန်း

နိုင်ငံတော်မှာ အုပ်ချုပ်ရေးအလုပ်ကို လက်တွေ့လုပ်နေရတဲ့ အဖွဲ့ချုပ်အနေနဲ့ ဗြူရိုကရေစီပြုပြင်ပြောင်းလဲရေး ကို ဘယ်လိုမူဝါဒမျိုးထားရှိသလဲ။ ဘယ်လို ပြုပြင်ပြောင်းလဲရေးတွေ လုပ်မှာလဲ။ ရလဒ်ကိုပဲ စောင့်ကြည့်ချင်ပါ တယ်။ ကဏ္ဍတိုင်း ကဏ္ဍတိုင်းမှာ ဝင်ပါနေတဲ့ ဌာနဆိုင်ရာတွေဟာ ပြည်သူကို ဝန်ဆောင်မှုပေးနေတာထက် ဝင်ဆော်မှု ပေးနေတာသာဖြစ်ပါတယ်။ လုပ်ထုံးလုပ်နည်းနဲ့ ဥပဒေစည်းမျဉ်းစည်းကမ်းဆိုတာကို အတွင်တွင် အသုံးချပြီး ပြည်သူ့ဝန်ဆောင်မှုကို ချိုးဖျက်နေပါတယ်။ ဗြူရိုကရေစီဟာ ပြည်သူကို ဝန်ဆောင်မှု မပေးဘဲ ဒုက္ခသာပေးနေပါတယ်။ ဌာနဆိုင်ရာ ဦးစီးဌာနအရာရှိတွေကြောင့် ပြည်သူ လွယ်ကူအဆင်ပြေသွားတယ်၊ ပြည်သူစိတ်ချမ်းသာသွားတယ်၊ ပြည်သူတွေရဲ့နေ့စဉ် လုပ်ကိုင်ဆောင်ရွက်မှု ဘဝတွေ အဆင်ပြေချောမွေ့ သွားတယ် ဆိုတဲ့ ကဏ္ဍကို ရှာပြပါ။ ထောက်ပြပါ။ ဖော်ပြပါ။ ဘယ်မှာလဲ။

မြန်မာပြည်ရဲ့ အစိုးရလက်အောက်မှာ ရှိတဲ့ ဌာနဆိုင်ရာ ဗြူရိုကရေစီယန္တရားကြောင့် ပြည်သူတွေရဲ့ နေ့စဉ် လုပ်ကိုင်ဆောင်ရွက်မှုတွေဟာ ပိုပြီး အဆင်ပြေသွားသလား၊ ပိုပြီး ခက်ခဲကြန့်ကြာသွားသလား။ ဒီမေးခွန်းဟာ အဖွဲ့ချုပ်က စဉ်းစားထားကောင်း စဉ်းစားထားမယ့် ဗြူရိုကရေစီပြုပြင်ပြောင်းလဲရေးအတွက် ကျနော်တို့ ပြည်သူ တွေက တိုင်းတာရမယ့် ရိုးရှင်းသော စံပေတံလို့ ယူဆပါတယ်။

နံပါတ် (၂) မေးခွန်း

ပါလီမန်အတွေ့အကြုံနဲ့ လူထုကိုယ်စားပြုနိုင်ငံရေးအလုပ်ကို နှစ်ပေါင်းရှည်ကြာစွာ ကင်းကွာခဲ့တဲ့ ရွေးကောက်ပွဲ ဝင် ကိုယ်စားလှယ်အမတ်တွေရဲ့အဖြစ်ကို နားလည်ပါတယ်။ စာနာပါတယ်။ ကိုယ်ချင်းစာပါတယ်။ သို့သော် လည်း မေးစရာ ရှိတာမေးရပါလိမ့်မယ်။ အဖွဲ့ချုပ်ဟာ ကိုယ်စားလှယ်လောင်းတွေကို ဘယ်လိုရွေးချယ်ဖို့ မူဝါဒ ချထားပါသလဲ။

တစ်တိုင်းပြည်လုံးမှာ ရှိတဲ့ မဲဆန္ဒနယ်တွေအားလုံးအတွက် ကိုယ်စားလှယ်လောင်းရွေးချယ်မှုဟာ လွယ်သလိုနဲ့ ခက်ပါတယ်။ တိမ်မယောင်နဲ့ နက်ပါတယ်။ ဒါဟာ လွယ်ကူတဲ့အလုပ်တစ်ခုတော့ မဟုတ်ပါဘူး။ ၂၀၁၅ ရွေးကောက်ပွဲမှာ လူကို မကြည့်နဲ့ ပါတီကိုကြည့်လို့ ပြောပြီး မဲဆွယ်ခဲ့တာကို ပြည်သူက လက်ခံခဲ့တယ်။ တစ် တိုင်းပြည်လုံးမှာ ဒေါ်အောင်ဆန်းစုကြည်မျက်နှာကို ခရီးပတ်လှည့်လည်ပြလိုက်ပြီး မဲဆွယ်စည်းရုံးရေးလုပ်တာ ဟာ အလုပ်ဖြစ်ခဲ့တယ်။ သို့ပေမယ့် အခု ၂၀၂၀ ရွေးကောက်ပွဲကာလမှာ ကိုယ်စားလှယ်လောင်းတွေရဲ့ ကိုယ်စီ ကိုယ်စီ အားထုတ်စည်းရုံးမှုတွေကို မြင်လိုပါတယ်။ တစ်ဦးချင်းအစွမ်းအစနဲ့ ရွေးကောက်ပွဲနိုင်တာကို လိုချင်ပါ တယ်။ အသက်အရွယ်ကြီးရင့်ပြီဖြစ်တဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပေါ် မှီးလိုက်မနေသင့် တော့ပါဘူး။ ၂၀၂၀ ရွေးကောက်ပွဲ စည်းရုံးရေးကာလမှာ မဲဆန္ဒနယ်တိုင်းက ကိုယ်စားလှယ်တစ်ဦးချင်းစီရဲ့ ကိုယ်စွမ်းကိုယ်စရှိရှိ အားထုတ်မှုကို မြင်လို ကြည့်လိုပါတယ်။
နောက်တစ်ခုက အဖွဲ့ချုပ်အပေါ် ပြည်သူထောက်ခံမှု အားကြီးလို့၊ ပါတီကိုယ်စားလှယ်လောင်းဖြစ်လိုက်တာနဲ့ အလိုအလျောက် မဲနိုင်သွားလိမ့်မယ်လို့ ယူဆပြီး ဝင်တိုးတဲ့ ပါတီဝင်တွေကို အထူးသတိထားရပါမယ်။ ဒီလူမျိုး တွေဟာ မှီးလိုက် ခိုလိုက်တတ်တဲ့ သဘာဝရှိထားပြီးသားဖြစ်ပါတယ်။ ကိုယ်စားလှယ်တွေဟာ ရွေးကောက်ပွဲ နိုင်ပြီးသွားရင် တချို့တစ်ဝက်က တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေဖြစ်တတ်လို့ ၊ ဒေသန္တရ အုပ်ချုပ်ရေးအကြောင်းကို ကိုယ်စွမ်းကိုယ်စရှိရှိ စီမံကွပ်ကဲနိုင်တဲ့အရည်အချင်းမျိုးရှိတဲ့ ကိုယ်စားလှယ်လောင်း တွေကို မြင်တွေ့လိုပါတယ်။ ပါတီရန်ပုံငွေရဖို့ ခွင်ဖန်ကောင်းတဲ့အတွေ့အကြုံမျိုးရှိတဲ့လူတွေကို တိုင်းနဲ့ပြည် နယ် ဝန်ကြီးရာထူးတွေမှာ မတွေ့ချင်ပါဘူး။ နောက်တစ်ခုက ပေးထားတဲ့ တိုင်းဒေသကြီး/ပြည်နယ်တွေရဲ့ လုပ်ပိုင်ခွင့်ကို မသုံးရဲဘဲနဲ့ ပြည်ထောင်စုဆီ ပုတ်လွှတ်လိုက်တတ်တဲ့ တိုင်းနဲ့ ပြည်နယ်ဝန်ကြီးတွေအဖြစ် မမြင် ချင်ပါဘူး။ ဒါကြောင့် ကိုယ်စားလှယ်လောင်းရွေးချယ်ရေးဟာ အထူးအရေးကြီးကြောင်း ပြောချင်ပါတယ်။ ကိုယ်စားလှယ်လုပ်သူတွေဟာ ဒေသကိုအခြေခံပြီး ပြည်သူကြားထဲတိုးဝင်ပြီး ပြည်သူ့ဆန္ဒတွေကို ကြားနာရ တာကြောင့် အသက်ကြီးကြီးအဖိုးအိုတွေကိုလည်း မလိုချင်ပါဘူး။ သွက်သွက်လက်လက်နဲ့ ကျန်းမာရေးဒေါင် ဒေါင်ပြေး၊ လူထုဆက်ဆံရေးမှာ ပါးရည်နပ်ရည်ရှိတဲ့ ကိုယ်စားလှယ်လောင်းတွေ လိုအပ်ပါတယ်။

ပါတီဆိုတဲ့သဘောက ဂိုဏ်းဂဏဖွဲ့ကြမှာပါပဲ။ ပါတီထိပ်ပိုင်းခေါင်းဆောင်နဲ့ ပုဂ္ဂိုလ်ရေးအကပ်နဲ့ ဝင်လာမယ့်သူ တွေ တစ်ပုံကြီးပါပဲ။ ဒါကို အထူးဂရုပြုဖို့ လိုမယ် ထင်ပါတယ်။ ဒီလို အကျင့်စရိုက်မျိုး ထက်သန်သူဟာ ပါတီ အနာဂတ်မှာ ပါတီပြိုကွဲရာ ပြိုကွဲကြောင်းတွေသာ ဖန်တီးကြတာများပါတယ်။ နောက်တစ်ချက်က နာမည်ပျက် စာရင်းရှိနေတဲ့ နောက်ကြောင်းမကင်း၊ နောက်ကြောင်းမရှင်းတဲ့ စီးပွားရေးသမားတွေ ဝင်မလာစေဖို့ ဖြစ်ပါ တယ်။

• မလုပ် ၊ မရှုပ်၊ မပြုတ် အမတ် မလိုချင်ပါ။
• ကပ်ဖားယပ်ဖား အမတ် မလိုချင်ပါ။
• အလံခြုံ ကိုယ်စွမ်းမဲ့ အမတ် မလိုချင်ပါ။

ကျနော်တို့ ပြည်သူဟာ မလုပ်၊ မရှုပ်၊ မပြုတ် ကိုယ်စားလှယ် အလိုမရှိပါ။ လူကြီးနဘေး ကပ်ဖားပြီး ကိုယ်စား လှယ်ဖြစ်လာသူကို မလိုချင်ပါ။ လူကြီးထောက်ခံမှုထက် လူထုထောက်ခံမှု ရှိသူကို ပိုလိုလားပါတယ်။ ကျန်းမာ သွက်လက် ငယ်ရွယ် ထက်မြက်သူကို ပိုရွေးစေချင်ပါတယ်။ ကွန်ဆာဗေးတစ် အဖိုးအိုများ ကြောက်တတ်သူ များ အလိုမရှိ။ အစိုးရကို စောင့်ကြည့်ထိန်းထေနိုင်တဲ့ ကိုယ်စွမ်းကိုယ်စရှိသူတွေ လိုချင်ပါတယ်။ လွှတ်တော်မှာ အစိုးရငြိုငြင်မှာ ၊ ပါတီငြိုငြင်မှာ စိုးကြောက်ပြီးတော့ သာမန်အဆိုမေးခွန်းတွေနဲ့ပဲ ကိုယ်စားလှယ်ဘဝဖြတ်သန်း သွားခဲ့သူကို မလိုလားပါ။ မလိုချင်ပါ။ ကိုယ်စားလှယ်ထဲမှာ ဆရာဝန်တွေချည်း မလိုချင်ပါ၊ ရှေ့နေတွေချည်း မလိုချင်ပါ၊ ကျောင်းဆရာဟောင်းတွေချည်း မလိုချင်ပါ။

နိုင်ငံရေးသမားတွေက ပြည်သူကို မဲပေးကြပါ… မဲပေးကြပါနဲ့ တိုက်တွန်းလှုံ့ဆော်ကြပါတယ်။ ကျနော်တို့က မဲရုံကို သွားပြီး မဲပေးချင်ပါတယ်။ သို့ပေမယ့် ကိုယ်ရွေးရမယ့် ကိုယ်စားလှယ်လောင်းတွေဟာ လောက်လောက် လားလားတွေထဲက လောက်လောက်လားလား အရှိဆုံးလူကို မဲပေးဖို့ ဖြစ်ပါတယ်။ ရွေးလိုက်တဲ့ ကိုယ်စားလှယ် လောင်းတွေဟာ တစ်ယောက်မှ လောက်လောက်လားလားမဖြစ်ရင် သုညထဲက ဘယ်သုညကို ရွေးမလဲ။ ပိုဝိုင်း တဲ့ သုညကို ရွေးရမလား။ ဝေးပါသေးတယ်။ အဲသည်လိုဖြစ်မယ့်အစား ရွေးကောက်ပွဲမှာ မဲမပေးခွင့်ဟာ ဒီမိုကရေစီ အခွင့်အရေးလို့သာ ယူလိုက်ပါတော့မယ်။ ဒါ့ကြောင့် အခြေခံစံသတ်မှတ်ချက်ကိုတောင် မပြည့်တဲ့ သူတွေ ကိုယ်စားလှယ်ဖြစ်လာခြင်းဟာ တိုင်းပြည်အတွက် ဆုတ်ယုတ်ပါတယ်။ ပြည်သူ့ကိုယ်စားလှယ်နေရာ ပုပ်ပါတယ်။

မေးခွန်းနံပါတ် (၃)

၂၀၂၀ အလွန် အုပ်ချုပ်စီမံခန့်ခွဲရေး ဘာလဲ / ဘယ်လဲ။

၂၀၂၀ ရွေးကောက်ပွဲအပြီးမှာ၊ မြေစမ်းခရမ်းပျိုးအုပ်ချုပ်ရေးအလိုမရှိပါ။ ပြည်ထောင်စုကို မှတ်ချက်တောင်းတဲ့ အခါ “သက်ဆိုင်ရာဝန်ကြီးဌာနများနှင့်စေ့စပ်ညှိနှိုင်းဆောင်ရွက်ကြပါ” ဆိုတဲ့ မှတ်ချက်နဲ့သာ မူဝါဒကို စီမံခန့်ခွဲတဲ့ ဝန်ကြီးများ အလိုမရှိပါ။ တိုင်းနဲ့ ပြည်နယ်အစိုးရတွေမှာ သတ်မှတ်ပြဌာန်းထားတဲ့ လုပ်ပိုင်ခွင့်ရှိလျက်သားနဲ့ ပြည်ထောင်စုကို သဘောထားမှတ်ချက်တောင်းပြီး ပုတ်ထုတ်တတ်တဲ့ ပြည်နယ်/တိုင်း ဝန်ကြီးများ အလိုမရှိပါ။ ထွေ/အုပ်နဲ့ ဗြူရိုကရေစီကို ဩဇာမလွှမ်းမိုးနိုင်တဲ့ဝန်ကြီးများ အလိုမရှိပါ။ စာရင်းစစ်ချုပ်အစီရင်ခံစာကို လွှတ် တော်ကိုတောင် မပြရဲတဲ့ဝန်ကြီးချုပ်မျိုးလည်း အလိုမရှိပါ။ မုတ်ဆိုးစိုင်သင်အုပ်ချုပ်ရေးဖြစ်နေပေမယ့် “ဘုန်း တော်ကြောင့်သင်ရင်တတ်ပါတယ်ဘုရား” ထူးနေတဲ့ ဝန်ကြီးများ အလိုမရှိပါ။

လက်တွေ့ရလဒ်ကို မမြင်ရဘဲနဲ့ မျှော်လင့်ချက်တစ်ခုတည်းနဲ့တော့ ကျနော်တို့ ပြည်သူဟာ မဲရုံကို မဲထွက်မပေး တော့ပါ။

မင်းသေ့
ည ၈ း ၀၄
၃၁ ၊ အောက်တိုဘာ ၊ ၂၀၁၉ ။

Previous post စားသောက်မှုပုံစံ နဲ့ လူ့အဖွဲ့အစည်း
Next post ဘဝပင်လယ်ဆီမှ /