စားသောက်မှုပုံစံ နဲ့ လူ့အဖွဲ့အစည်း

လူမျိုးတစ်မျိုးရဲ့စားသောက်မှုပုံစံဟာ ဘယ်လောက်အရေးကြီးသလဲ….

ကျနော်က ဆရာဝန်တစ်ယောက်တော့ မဟုတ်ဘူး။ ဒါ့ကြောင့် သေချာအသေးစိတ် ဂဃနဏပြောတယ်မယ်လို့ တော့ မထင်ဘူး။ ဒါပေမယ့် လူမျိုးတစ်မျိုးရဲ့ စားသောက်နေထိုင်မှုပုံစံဟာ အဲသည့်လူမျိုးရဲ့လူ့အဖွဲ့အစည်း အတွက် သိပ်အရေးကြီးတယ်လို့ ထင်တယ်။ ဒါပေမယ့် ကျနော်တို့နိုင်ငံလိုမျိုး ဆင်းရဲတဲ့နိုင်ငံတွေဟာ နေ့စဉ် စားသောက်မှုပုံစံကို ရွေးချယ်လို့ရတဲ့ အဆင့်မှာ မရှိဘူး။ ဘာလို့လဲဆိုတော့ ဆင်းရဲလို့ပဲ။ ကိုယ်စားသောက် မယ် အစားအစာ၊ ကိုယ်မိသားစုကို ကျွေးမယ် အစားအစာကို အာဟာရတန်ဖိုးမြင့်စွာ စားသုံးချက်ပြုတ်နိုင်ဖို့ အတွက် တကူးတက စဉ်းစားနေနိုင်တဲ့ အဆင့်အတန်းမှာ ရှိမနေဘူး။ အဓိက အကြောင်းရင်းနှစ်ချက်ကတော့ ဆင်းရဲတာနဲ့ ပညာနည်းတာကြောင့်ဖြစ်ပါတယ်။

မြန်မာပြည်ရဲ့စားသောက်မှုပုံစံကို မှတ်ချက်ပေးပါအုံး….

မြန်မာတစ်ပြည်လုံးရဲ့စားသောက်မှုပုံစံကို ပြောရလောက်အောင် ကျနော့်မှာ ဗဟုသုတ ပြည့်ပြည့်ဝဝ မရှိဘူး။ သုတေသနလုပ်ပြောလို့ရအောင်လည်း ကျနော်က အဲသည့်အပိုင်းမှာ သုတေသနလုပ်နေတဲ့သူ မဟုတ်ဘူး။ စားသောက်မှုပုံစံဟာ လူမျိုးရဲ့ဓလေ့နဲ့ ပထဝီရေမြေဒေသအပေါ်မှာ မှီတည်နေတယ်။ တစ်ဖက်မှာလည်း ကုန်သွယ်ရေးအခြေအနေတွေပေါ်မှာ မူတည်နေတယ်။ တစ်ဖက်မှာလည်း လူတွေရဲ့အလုပ်အကိုင်ပုံစံနဲ့ သူတို့ရဲ့ဝင်ငွေအပေါ်မှာ မှီတည်နေတယ်။ ဒါတွေကို ခြုံငုံပြီးတော့ ဆွေးနွေးဖို့ မလွယ်ဘူး။ ဒါပေမယ့် တတ်နိုင် သရွေ့ မြန်မာပြည်မှာ လူတွေရဲ့စားသောက်မှုပုံစံကို ယေဘုယျချနိုင်သလောက် ချပြီး ပြောချင်တယ်။

မီးဖိုချောင်မှာ ဦးဆောင်နေတဲ့ အမျိုးသမီးတစ်ယောက်နေရာမှာ ခင်ဗျား ဝင်ကြည့်ပြီး ပြောပေးစမ်းပါ….

ဒါကတော့ ဖြစ်နိုင်တယ်။ ဘာလို့လဲဆိုတော့ ကျနော်ကိုယ်တိုင်လည်း ဟင်းချက်တာ ဝါသနာပါတယ်။ ရံဖန်ရံခါ ချက်ပြုတ်ကြော်လှော်လေ့ရှိတယ်။ ဒီမေးခွန်းအတွက် ကျနော် ပထမဆုံးလေ့လာခွင့်ရတဲ့အခင်းအကျင်းကို စပြော ချင်တယ်။ အဲဒါဘာလဲဆိုတော့ ကျနော့်အမေဟာ ကျနော်တို့ ငယ်ငယ်တုန်းက အဖေရှာလို့ ရသမျှငွေ လေးကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ပြီးတော့ သူများအိမ်တွေလို နေ့စဉ် မီးဖိုချောင်မှာ မီးခိုးအူနိုင်ဖို့ နှစ်ပေါင်း များစွာ သူ့ဘဝကို မြုပ်နှံခဲ့တယ်။ ဒီဘဝကို ကျနော်ကောင်းကောင်းသိတယ်။ ကျနော် ကောင်းကောင်း နားလည်တယ်။ ကျနော်တို့ဟာ မိသားစုများတယ်။ အဖေကလည်း သူတတ်တဲ့ပညာနဲ့ ကျနော်တို့ အားလုံးကို လူဖြစ်အောင် ကျွေးမွေးနိုင်အောင် ရုန်းကန်ရတယ်။ သားသမီးတွေ အားလုံး အတန်းပညာကုန်အောင် တက်နိုင် ဖို့ ကျနော့်ရဲ့ အဖေနဲ့ အမေဟာ အတော်ကြိုးစားယူခဲ့ရတယ်။ ကျနော်တို့ ကိုယ်တိုင်လည်း ငယ်ငယ်တုန်းက ချို့တဲ့စွာ ဖြတ်သန်းခဲ့ရတယ်။

ကျနော်ငယ်ငယ်တုန်းက အိမ်မှာ ကြက်ဥပြုတ်ပြီး ချက်တဲ့နေ့ဆိုရင် ကျနော်တို့ မောင်နှမတွေရဲ့ တစ်နှပ်စွာ ခွဲ တမ်းဟာ ဘယ်လောက်ရတယ်လို့ ခင်ဗျား ထင်သလဲ….


ခင်ဗျား ငယ်ငယ်တုန်းက ဘယ်လောက် စကေး နဲ့ စားခဲ့ရလို့လဲဗျ….


တစ်စိတ်။ တစ်စိတ်နော်။ တစ်စိတ်။ ကြက်ဥတစ်လုံးကို လေးစိတ်စိတ်လိုက်။ ပြုတ်ထားတဲ့ ကြက်ဥကို ခြမ်းထား တာ မဟုတ်ဘူးနော်။ ခြမ်းထားတာကို ထပ်စိတ်လိုက်တာ။ တစ်စိတ်။ ကဲ…. ကြည့်။ ဒါဟာ ကျနော်တို့ နိုင်ငံမှာ ရှိတဲ့ ကလေးတွေရဲ့ စားသောက်မှုအဆင့်အတန်းကို ပြတာပဲလို့ ကျနော်ပြောချင်တယ်။ ကလေးတစ်ယောက် ဟာ ငယ်ရွယ်စဉ်မှာ စားသောက်မှု အမြင့်ဆုံးဖြစ်တယ်။ စားသလောက်လည်း အသားဖြစ်ပြီးတော့ ခန္ဓာကိုယ် ထွားကြိုင်းကြတယ်။ ငယ်ရွယ်ချိန်ဟာ ခန္ဓာကိုယ်ကြီးထွားမှုအတွက် အရေးကြီးတဲ့ အချိန်ပဲ။ ကျနော်တို့ နိုင်ငံ ဟာ ဆင်းရဲချမ်းသာကွာဟကြတယ်။ နေ့စဉ်လိုလို ရုန်းကန်လှုပ်ရှားရတယ်။ ကလေးတစ်ယောက်ဟာ ငယ်ရွယ် စဉ်မှာ နေ့စဉ် နို့၊ ကြက်ဥ၊ အသားငါးကို ဘယ်လောက်ပြည့်ပြည့်ဝဝ စားသုံးခဲ့ရတယ်ဆိုတာကို အသာထားအုံး။ ကလေးတစ်ယောက်ဟာ ကြက်ဥဘယ်နှလုံးစားသုံးခွင့်ရှိသလဲ…. ဒါနဲ့ပဲကြည့်ပြီး ကျနော်တို့လူမျိုးရဲ့လူမှုစီးပွား အခြေအနေကို တိုင်းတာလို့ရတယ်။

အစားသောက်မှာ အခြေခံ (၃) မျိုးရှိတယ်လို့ ကျနော်သိထားတယ်။ ခွန်အားဖြစ်စေသောအစာ၊ ခန္ဓာကိုယ်ကြီး ထွားစေသော အစာနဲ့ ရောဂါကာကွယ်ပေးသောအစာ…. ဆိုပြီး (၃) မျိုးရှိတယ်လို့ ဆိုတယ်။ ကြက်ဥတို့ အသား ငါးတို့ နို့တို့ဆိုတာ ခန္ဓာကိုယ် ကြီးထွားစေတဲ့အစားအစာတွေ ဖြစ်တယ်လို့ ယေဘုယျသတ်မှတ်လို့ ရမယ် ထင်တယ်။ ကျနော်တို့တွေရဲ့ ခန္ဓာကိုယ်အရွယ်အစားတွေကို ကြည့်လိုက်စမ်းပါ။ ဈေးထဲမှာပဲဖြစ်ဖြစ်၊ လက်ဖက် ရည်ဆိုင်ထဲမှာပဲဖြစ်ဖြစ်၊ ဘုရားကျောင်းကန်ထဲမှာပဲဖြစ်ဖြစ်၊ တက္ကသိုလ်တွေ ကျောင်းတွေမှာပဲဖြစ်ဖြစ် ခင်ဗျား မျက်လုံးလေးကို ပြူးပြဲပြီး ကြည့်ကြည့်လိုက်စမ်းပါ။ ကျနော်တို့ လူမျိုးတွေရဲ့ ခန္ဓာကိုယ်ထွားကြိုင်းသန်မာမှုက ဘယ်လိုရှိနေတယ်လို့ ခင်ဗျား မြင်ရမလဲ။ ကျနော်တို့နိုင်ငံမှာ ကလေးတစ်ယောက်ကို ငယ်ရွယ်စဉ်မှာ သူကြိုက် သလောက်စားပါစေလို့ ခွင့်ပြုပေးနိုင်တဲ့ မိသားစု ဘယ်လောက်ရှိမယ်လို့ ခင်ဗျားထင်သလဲ။ ကျနော်တို့ လူမျိုး ရဲ့ စားသောက်မှုပုံစံဟာ တိုင်းပြည်ရဲ့စီးပွားရေးအခြေအနေနဲ့ တိုက်ရိုက်ဆက်စပ်နေတယ်။ ထပ်ပြောရင်များ နေမယ်။ ခင်ဗျား ထပ်မေးပါအုံး….။

ဒါဆိုရင် အသားငါး စားသုံးမှုနှုန်းကို ခင်ဗျား ဘယ်လိုထင်သလဲ…..

ခင်ဗျား ဈေးမှာ ဈေးသွားဝယ်ဖူးလားလို့ ကျနော်မေးချင်တယ်။ ပြီးတော့ ဈေးသည်ကို ဈေးဆစ်ဖူးလားလို့ မေး ချင်တယ်။ ဝက်သားဆိုင်မှဖြစ်ဖြစ်၊ အမဲသားဆိုင်မှာဖြစ်ဖြစ်၊ ကြက်သားဆိုင်မှာဖြစ်ဖြစ်၊ ငါးဆိုင်မှာဖြစ်ဖြစ် ကိုယ်တိုင် အသားကို လက်ညှိုးထိုးပြပြီး ဝယ်ဖူးလားလို့ မေးချင်တယ်။ ယောက်ျားတစ်ယောက်ရဲ့လခကို ခြစ်ကုတ်ပြီး မိသားတစ်စုလုံး တစ်လလုံး ထမင်းနပ်မှန်အောင် စားရဖို့ နေ့စဉ်ခေါင်းခြောက်နေရတဲ့ ဇနီးမယား တစ်ယောက်ရဲ့ ဘဝကို ကိုယ်ချင်းစာတတ်ရင် သိပ်ကောင်းမယ်။ ကျနော်တု့ိ ယောက်ျားတွေဟာ အပြင်မှာ ငွေရှာရတယ်ဆိုပြီး အိမ်မှာ အိမ်မှုကိစ္စလုပ်နေရတဲ့ မိန်းမကို အထင်သေးချင်ကြတယ်။ ဒါမှာ မှားတယ်။ သိပ်မှား တယ်။ အိမ်ရှင်မတစ်ယောက်ရဲ့ ခေါင်းခြောက်ရမှုဟာ သူ့အတွက် နေ့စဉ်လိုလိုဖိစီးမှုဖြစ်နေရတယ်ဆိုတဲ့ ဘဝ တွေ မြောက်မြားစွာ ရှိတယ်ဆိုတာ ခင်ဗျား သိနိုင်လိမ့်မယ် ထင်ပါတယ်။

ဝက်သား တစ်ပိဿာစစ်စစ်ရဲ့ဈေးနှုန်းကို အိမ်ထောင်ဦးစီးဖြစ်သူ ယောက်ျားတွေ သိသလား။ အမဲသား အစိတ် သားကို ဘယ်လောက်နဲ့ ဈေးမှာဝယ်ရတယ်ဆိုတာ ယောက်ျားဘယ်နှယောက်သိသလဲ။ ကြက်ဥတစ်လုံး အခု ဘယ်ဈေးပေါက်သလဲ။ ဘဲဥဈေးနဲ့ ကြက်ဥဈေး တူတယ်လို့ ခင်ဗျား ထင်သလား။ ကြက်သား ငါးဆယ်သားကို ဈေးမှာ ဘယ်လောက်နဲ့ဝယ်ရသလဲ။ ဒါတွေဟာ နေ့စဉ် စားသောက်မှုတွေဖြစ်လို့ အသေးအဖွဲတွေလို့ သတ်မှတ် လို့ မရဘူး။ နွားနို့စစ်စစ် တစ်ဘူးရဖို့ ဘယ်မှာ ဝယ်လို့ရတယ်လို့ ထင်သလဲ။ အခုကျနော် မေးတဲ့ မေးခွန်း တွေကို အမေးခံရတဲ့သူက နည်းနည်းဖြေကြည့်စမ်းပါ။ အားလုံးကို ၁၀၀ ရာခိုင်နှုန်း အပြည့်ဖြေနိုင်တဲ့သူတွေ ၈၀ ရာခိုင်နှုန်းလောက်ရှိလာတဲ့ တစ်နေ့ ကျနော်တို့ နိုင်ငံက လူငယ်တွေရဲ့ အရပ်တွေဟာ (၆) ပေကျော်ရှိလာမယ့် တစ်နေ့ပဲ။
ကျနော့်တို့ လူ့အဖွဲ့အစည်းဟာ မယောင်ရာဆီလူးနေတာများတယ်။ မြန်မာတွေ အမူမဲ့အမှတ်မဲ့နေပြီး ပြီးစလွယ် အဝင်ခံတဲ့ ကိစ္စ (၂) ခုရှိတယ်။ အဲဒါကတော့ ကိုယ့်ခန္ဓာကိုယ်ထဲကို နေ့စဉ် ဘယ်လိုဟာတွေ ဝင်နေ တယ်ဆိုတာ မသိဘူး။ ကိုယ့်ဦးနှောက်ထဲကို နေ့စဉ် ဘယ်လိုဟာတွေ ဝင်နေလဲဆိုတာကို မသိဘူး။ ဒီနှစ်ခုကို မစိစစ်နိုင်လို့ပဲ ကျနော့်တို့ လူ့အဖွဲ့အစည်းဟာ ရုပ်ပိုင်းဆိုင်ရာအရလည်း မှေးမှိန်နေတယ်။ အသိဉာဏ်ပိုင်းဆိုင် ရာမှာလည်း မတောက်ပဘူး။

မိသားစုတစ်စုရဲ့တစ်နေ့ဝင်ငွေဟာ မိသားစုတစ်စုရဲ့နေ့စဉ် အသားစားနှုန်းကို ယေဘုယျချတွက်ကြည့်လိုက်လို့ ရတယ်။ ဒါကတော့ လူပိန်းနည်းဖြစ်ချင်ဖြစ်မှာပေါ့။ ဒါပေမယ့် ဒါဟာ မြင်သာထင်သာ အရှိဆုံးကိစ္စပါပဲ။ တစ်နေ့ တစ်နေ့ တောတွေမှာ ပေါင်းပေါက်တယ်၊ ကွမ်းခူးတယ်၊ လယ်စိုက်တယ်၊ စပါးရိတ်တယ်၊ လယ်ထွန်တယ် ဆိုတဲ့ လူတစ်ယောက်ရဲ့ နေ့စားခ ဘယ်လောက်ရတယ်လို့ ခင်ဗျား သိထားသလဲ။ ယောက်ျားလေးဆို ဘယ်လောက် ရလဲ။ မိန်းကလေးဆိုရင် ဘယ်လောက်ရလဲ။ မြို့နဘေးက ဆင်ခြေဖုံးရပ်ကွက်တွေမှာနေထိုင်ပြီး နေ့စဉ် ထမင်း ချိုင့်လက်က စွဲပြီး မြို့ထဲကို ကူလီထမ်းရတဲ့ လူတစ်ယောက်၊ ဆိုက်ကားနင်းတဲ့လူတစ်ယောက်၊ လက်သမား လုပ်တဲ့လူတစ်ယောက်၊ ပန်းရံလုပ်တဲ့လူတစ်ယောက်၊ အုတ်သယ်ကျောက်သယ် မဆလာမွှေနေရတဲ့ မိန်းမ တစ်ယောက်ရဲ့တစ်နေ့ လုပ်ခ ဘယ်လောက်ရတယ်လို့ ခင်ဗျား သိထားသလဲ။
နေ့လယ်နေ့ခင်းမှာ သူတို့ချိုင့်ကို ဖွင့်ပြီး ထမင်းထုပ်ကို ဘယ်လို ဖွင့်စားသလဲဆိုတာကို ခင်ဗျားလေ့လာဖူးလား။

ဒီနေ့တော့ ဒီလောက်ပဲ…. နောက်နေ့မှာ ဆက်ပြောကြမယ်….

မင်းသေ့
ည ၈ း ၂၈
၂၈ ၊ အောက်တိုဘာ၊ ၂၀၁၉
ထားဝယ်မြို့။

လူတစ်ယောက်ရဲ့စားသောက်ပုံစနစ် ဘယ်လောက်အရေးကြီးတယ်ဆိုတာ ခင်ဗျား အမြင်ပြောပါအုံး….

တကယ်တော့ ခင်ဗျားက ဒီမေးခွန်းကို ဆရာဝန်တစ်ယောက်ကို သွားမေးသင့်တာ။ ကျနော့်ကို မမေးသင့်ဘူး။ ခင်ဗျား ဘာလို့ ကျနော့်ကို မေးသလဲ….။

ဆရာဝန်က ဆေးပညာရှုထောင့်နဲ့ ကျန်းမာရေး ရှုထောင့်က ဖြေလိမ့်မယ် ထင်တယ်။ ခင်ဗျားကတော့ အဲသည် လို ဟုတ်မယ် မထင်ဘူး။ လူ့အဖွဲ့အစည်းကို ကြည့်တဲ့ ထောင့်ကနေ ဖြေမယ်လို့ ယူဆလို့ ဒီမေးခွန်းကို မေးတာပဲ…..

ဟုတ်ပြီဗျာ… ဒါဆိုရင် ကျနော့် အမြင်ကို ပြောချင်တယ်။ လူတစ်ယောက်ဟာ နေ့စဉ် စားသောက်မှုမှာ အခြေခံ စံ (၃) ချက်နဲ့ စားသောက်သင့်တယ်လို့ ကျနော် ထင်တယ်။ နံပါတ် (၁) – အသီးအရွက် အသားငါး နို့ ကြက်ဥ စတာတွေကို မျှမျှတတ စားသုံးသင့်တယ်၊ အလွန်အကျွံ မစားသင့်ဘူး။ ဒါက တစ်ချက်။ နောက် နံပါတ် (၂)က လတ်လတ်ဆတ်ဆတ် စားသင့်တယ်။ ဒီနေ့စားရမယ့် အစာကို ဒီနေ့စား၊ နောက်နေ့မှာ မစားနဲ့။ ဒါက ကျနော့် အယူအဆ။ တတ်နိုင်သရွေ့ လတ်လတ်ဆတ်ဆတ် စားနိုင်တာက လူကို ပိုကျန်းမာစေတယ်လို့ ကျနော်ထင် တယ်။ နောက်နံပါတ် (၃) အချက်က – ပူပူနွေးနွေးစား…။ ပူပူနွေးနွေး ချက်ပြီးပြုတ်ပြီးသားကို ပူပူနွေးနွေးစား တဲ့အခါ အာဟာရဓာတ်လည်း ပိုရသလို၊ ဩဇာဓာတ်လည်း မပျယ်ဘူးလို့ ထင်တယ်။ ဆရာဝန်တွေကတော့ ဒါကို ပိုရှင်းပြနိုင်ပါလိမ့်မယ်။ ကျနော်က ယေဘုယျပဲ ပြောနိုင်တာပါ။

အာဟာရပြည့်ပြည့် စားနိုင်တဲ့ လူတစ်ယောက်ချင်းစီဟာ လူ့အဖွဲ့အစည်းကို ဘယ်လို သက်ရောက်မှုပေးနိုင်လို့ လဲ….

ပေးနိုင်တာပေါ့ဗျာ။ အများကြီး ပေးနိုင်တာပေါ့။ နိုင်ငံတစ်နိုင်ငံရဲ့ လူ့စွမ်းအားအရင်းအမြစ်ဆိုတာ ပညာနဲ့ ကျွမ်း ကျင်မှုအပေါ်မှာ အခြေခံတာလေ။ ကမ္ဘာ့ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ်က တိုင်းတာတဲ့ စံပေတံ (၃) ချက်ရှိ တယ်။ လူသားဖွံ့ဖြိုးမှု ညွှန်းကိန်းကို တိုင်းတာ….။ နံပါတ် (၁)က စာတတ်မြောက်မှုနှုန်းနဲ့ တိုင်းတယ်။ နံပါတ် (၂)က လူနေမှုအဆင့်အတန်းနဲ့ တိုင်းတယ်။ နံပါတ် (၃)က အသက်ရှည်မှုနှုန်းနဲ့ တိုင်းတယ်။ ဒီသုံးချက်မရှိရင် လူသားဖွံ့ဖြိုးမှု မရှိဘူးလို့ ပြောလို့ရတယ်။ အဲသည့်အထဲမှာပါတဲ့ အသက်ရှည်မှုနှုန်းဟာ လူတစ်ယောက်ရဲ့ ကျန်းမာသန်စွမ်းခြင်းနဲ့ တိုက်ရိုက်ဆက်စပ်နေတဲ့ကိစ္စပေါ့။ လူမျိုးတစ်မျိုးဟာ ချိနဲ့နေရင် ဘယ်လိုလုပ် လူ့အဖွဲ့ အစည်းကောင်းဖြစ်တော့မလဲ။ တစ်ဦးချင်းရဲ့ ရုပ်ပိုင်းဆိုင်ရာအရ ကျန်းမာသန်စွမ်းမှု၊ ကြီးထွားဖွံ့ဖြိုးမှုဆိုတာ သိပ် အရေးကြီးတယ်။ ဗုဒ္ဓဘာသာမှာလည်း ရှိတယ်။ ကံ၊ စိတ်၊ ဥတု၊ အာဟာရ..တဲ့။ လူ့ရဲ့ရုပ်ဟာ ဒီအချက် (၄)ချက်ပေါ်မှာ မှီတည်ထားတယ်။ ရုပ်မှာ ကံကြောင့်ဖြစ်တဲ့ရုပ် ရှိတယ်။ စိတ်ကြောင့်ဖြစ်တဲ့ရုပ်ရှိတယ်။ ဥတု ကြောင့်ဖြစ်တဲ့ ရုပ်ရှိတယ်။ အာဟာရကြောင့်ဖြစ်တဲ့ ရုပ်ရှိတယ်။

လူတစ်ယောက်ဟာ ကောင်းကောင်းမွန်မွန် မစားသောက်ရဘူး၊ လတ်လတ်ဆတ်ဆတ် မစားရဘူး၊ ပူပူနွေးနွေး မစားရဘူး၊ အဆီဩဇာဓာတ်ပြည့်ပြည့်ဝဝ မစားရဘူး၊ ဝဝလင်လင် မစားရဘူး၊ သန့်သန့်ရှင်းရှင်း မစားရဘူး ဆိုရင် ဘယ်လိုလုပ် ကျန်းမာတော့မလဲ။ ဒါဆိုရင် ရုပ်ဓာတ်တွေလည်း ကျဆင်းလာပြီ။ ရုပ်ဓာတ်တွေ ကျဆင်း ရင် နာမ်ဓာတ်တွေလည်း မှေးမှိန်တော့တာပဲ။ စိတ်ထောင်းရင် ကိုယ်ကျေ၊ စိတ်ပျိုတော့ ကိုယ်နု ဆိုတဲ့ စကား ရှိတယ် မဟုတ်လား။ ရုပ်နဲ့ စိတ်ဟာ ဆက်စပ်နေတယ်။ စိတ်လန်းရင် ရုပ်လန်းနေတယ်။ ရုပ်ကျရင် စိတ်ပါ ကျ လာတယ်။ အပြန်အလှန် အမှီသဟဲ ပြုနေတာပဲ။ ဒါ့ကြောင့် တိုင်းပြည်မှာ ရုပ်ဓာတ်တွေ ကောင်းနေရင် တိုင်းပြည်ထဲက ပြည်သူတွေ အသိဉာဏ်မြင့်မားဖို့ အထောက်အကူပြုတယ်။ ဉာဏ်ရည်ဉာဏ်သွေး ထက်မြက် နိုင်ဖို့ အပံ့အပိုးဖြစ်တယ်။ အလုပ်အကိုင်တွေကို ကျွမ်းကျွမ်းကျင်ကျင် လုပ်နိုင်မယ့် ခန္ဓာကိုယ်ကြံ့ခိုင်သန်မာမှု ရှိလာမယ်။ ဒါဆိုရင် တိုင်းပြည်ရဲ့လူ့စွမ်းအား အရင်းအမြစ်ဟာ အထောက်အကူကောင်းရမယ်။ တိုင်းပြည် တွင်းက လူတွေဟာ ရုပ်အားဖြင့် ရှုနာရှိုက်ကုန်းတွေ ဖြစ်နေမယ်၊ ချိနဲ့အားပျော့နေမယ်၊ မွဲခြောက် ပိန်လိန်နေ မယ်ဆိုရယ် ဘယ်လိုလုပ် လူ့စွမ်းအားအရင်းအမြစ်အတွက် အထောက်အကူဖြစ်ပါတော့မလဲ။

ခင်ဗျား မြန်မာပြည်အကြောင်း ဆက်စပ်ပြီး ပြောပါအုံး….

မြန်မာပြည်အကြောင်းကတော့ ပြောမဆုံးပေါင် တောသုံးထောင်ပဲ။ ရှေးယခင်က လူတွေက ခေတ်ပေါ်အစား အသောက်တွေကို များများစားစားတော့ မစားနိုင်ကြဘူး။ ဂလိုဘယ်လိုက်ဇေးရှင်းမဖြစ်သေးတဲ့ခေတ်မှာလည်း ကြီးပြင်းခဲ့တယ်။ နယ်စပ်မျဉ်းတွေကို ပိတ်ထားတဲ့ခေတ်မှာလည်း ကြီးပြင်းခဲ့တော့ ကမ္ဘာ့စားသောက်ပုံယဉ် ကျေးမှုက နိုင်ငံတွင်းကို ဝင်မလာနိုင်သေးဘူး။ ဂလိုဘယ်လိုက်ဇေးရှင်းကြောင့် ကမ္ဘာ့ကုန်တံဆိပ်တွေ ပြည် တွင်းကို ဝင်လာတာ ပြဿနာ မဟုတ်ဘူး။ ပြဿနာက နယ်စပ်မျဉ်းကို ဖောက်ပြီး ဝင်လာတဲ့ ပေါချောင်ကောင်း ကုန်စည်တွေက မြန်မာပြည်လူ့အဖွဲ့အစည်းကို ဒုက္ခပေးနေတာလို့မြင်တယ်။ လွန်ခဲ့တဲ့ လေးငါးခြောက်နှစ် လောက်က ကြားလိုက်တယ် မလား။ တရုတ်ကနေ သွင်းလာတဲ့ နို့မုန့်တွေထဲမှာ မယ်လမင်းဓာတ်တွေ ပါနေ တာလေ…။ မြန်မာပြည်အစိုးရဟာ စားသောက်မှု စိစစ်ရေးကို မလုပ်နိုင်ဘူး။ လုပ်လည်းမလုပ်သေးဘူး။ လုပ် နေတယ်ဆိုရင်တောင် နိုင်ငံလုံးချီသက်ရောက်တဲ့ လုပ်ဆောင်မှုထွက်မလာဘူး။ စားသောက်ကုန်တွေကို စိစစ် တဲ့ ဌာနဆိုင်ရာတွေဟာ လာဘက်စားပြီး မှတ်ပုံတင်တွေ လိုင်စင်တွေ ထုတ်လုပ်ခွင့်တွေ ထုတ်ပေးကြတယ်။ ကုန်သွယ်ခွင့် ရောင်းချခွင့်တွေ ပေးကြတယ်။ ဈေးကွက်ထဲမှာ ရှောင်တခွင် စစ်ဆေးမှုတွေ လုပ်ပြီး အရေးယူ တယ်ဆိုတာ မကြားရဘူး။ ကြားရတွေ့ရရင်လည်း ယောင်ပြပဲ။ ဟန်ပြပဲ။ အဖြစ်ပဲ လုပ်တယ်။ ဒါတွေကို ပြောရင် လုပ်ထုံးလုပ်နည်းတို့၊ ဥပဒေတို့ ဆိုတာတွေကို လွှဲချပြီး ဆင်ခြေပေးနေတော့တာပဲ။ ဒီလို ကိစ္စမျိုးတွေ ဟာ တိုင်းဒေသကြီးအဆင့်မှာရော ပြည်ထောင်စုအဆင့်မှာရော မူဝါဒစားပွဲပေါ်ကို ရောက်မလာဘူး။ ဒီလူကြီး တွေနဲ့တော့ ရောက်လာနိုင်စရာလည်း အကြောင်းမရှိဘူး။ ဘာလို့လဲ ဆိုတော့ ပြဿနာကို ပြဿနာလို့ မမြင် လို့ပဲ။ မြင်အောင်လည်း မကြည့်ဘူး။ ကြည့်နိုင်တဲ့ ဉာဏ်လည်း မရှိဘူး။ မြင်တယ်ဆိုရင်တောင် ခပ်ပေါ့ပေါ့ပဲ။ အရေးပေါ်အဆင့် အရေးကြီးအဆင့်ထဲကို ရောက်နေတယ်လို့ကို မထင်ဘူး။ နောက်မှ တဖြည်းဖြည်းလုပ်ရမယ့် ကိစ္စလို့ပဲ ထင်နေကြတယ်။ လုပ်ရကောင်းမှန်း သိရင်တောင် စီးပွားရေးသမားကို မလွန်ဆန်နိုင်လို့ သတ္တိမရှိ ပြန်ဘူး။ နောက်ပိုင်း ပိုဆိုးမယ်။ ရွေးကောက်ပွဲ နိုင်ငံရေး သက်တမ်းရင့်လာရင် စီးပွားရေးသမားနဲ့ နိုင်ငံရေး သမားဟာ အပြန်ပြန်အလှန်လှန် ပင်းစားကြတော့မှာပဲ။ ဒါကို ပြည်သူက မထိန်းနိုင်ရင် လုပ်စားတာ ထပ်ခံရမှာ ပဲ။

Food Security ဆိုတဲ့ ဟာကို ခင်ဗျား နားလည်သလောက် ရှင်းပြပါအုံး….

ကျနော် ရှင်းပြရင် နည်းနည်းရှည်ကောင်းရှည်နေမယ်။ ဒါ့ကြောင့် ဒါကို နောက်နေ့မှ ဆက်ပြောမယ်ဗျာ…

မင်းသေ့
ည ၁၁ း ၁၂
၂၉၊ အောက်တိုဘာ၊ ၂၀၁၉
ထားဝယ်မြို့။

မနေ့က မပြောလိုက်တဲ့ Food Seucrity အကြောင်းပြောပါအုံး… အစားအသောက်လုံခြုံရေး အကြောင်းပေါ့…။

အင်း … ခင်ဗျား ပြောသလို အစားအသောက်လုံခြုံရေးဆိုရင်တော့ အသောက်လုံခြုံရေးကို အဓိက ပြောရမယ် ထင်တယ်။ ကျနော်တို့ ယောက်ျားတွေ အမြဲတမ်းကြုံနေရတဲ့ အရက်ယမကာတွေတောင် အတုတွေများနေ တယ် ဆိုတော့ကား….. ဟား ဟား ဟား….
Food Security ကို အစားအစာလုံခြုံရေးလို့ ပြောင်းပြောလိုက်မယ်ဗျာ။ ကဲ… ခင်ဗျား မနောက်တော့နဲ့ ဖြေတော့…။

Food Security လို့ ခေါ်တဲ့ စားနပ်ရိက္ခာလုံခြုံရေးနဲ့ ပတ်သက်ပြီး နိုင်ငံရေးပညာလေ့လာမှုဘာသာရပ်မှာ ကျနော် လေ့လာခဲ့ဖူးတယ်။ လူသားတိုင်းဟာ အချိန်တိုင်းမှာ လုံလောက်တဲ့ လုံခြုံတဲ့ အာဟာရပြည့်ဝတဲ့ အစားအစာကို ရရှိနိုင်တဲ့အခြေအနေဖြစ်ရမယ်။ ရုပ်ပိုင်းဆိုင်ရာအရ၊ လူမှုရေးပိုင်းအရ၊ စီးပွားရေးအရ ကျန်းမာတဲ့ ဘဝရှင်သန်မှု အတွက် အထောက်အကူဖြစ်တဲ့ အစားအစာလိုအပ်ချက်ကို ဖြည့်ပေးရမယ်…. ။ ဒါကို Food Security လို့ ယေဘုယျသတ်မှတ်လို့ရတယ်။ FAO လို့ ခေါ်တဲ့ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ကြီးက ထုတ် ပြန်ထားတဲ့ ဖွင့်ဆိုချက်လည်း ရှိတယ်။

အစားအစာလုံခြုံရေးနဲ့ပတ်သက်ပြီး အချက် (၄) ချက်ကို ပြောချင်တယ်။ ရနိုင်ရမယ်၊ ယူနိုင်ရမယ်၊ သုံးနိုင်ရမယ်၊ တသတ်မတ်တည်းဖြစ်ရမယ်… ဒီလေးချက်ဖြစ်ပါတယ်။ လူတိုင်း လူတိုင်းဟာ နေ့စဉ် အစားအစာ ကို အလွယ်တကူရနိုင်တဲ့ လက်လှမ်းမှီတဲ့ အခြေအနေမှာ ရှိရမယ်။ ဒါက နံပါတ် တစ်အချက်။ နောက်တစ်ချက် က မြင်သာ မြင်ရ မစားရ၍…. ဆိုတာ မဖြစ်ရဘူး။ မြင်ရတဲ့ အစားအစာကို ယူနိုင်ခွင့်၊ သုံးနိုင်ခွင့် ရှိရမယ်။ သုံး နိုင်ခွင့် ရနိုင်ခွင့်ကလည်း ပြတ်တောင်းပြတ်တောင်း မဖြစ်ရဘူး။ ပြတ်တစ်လှည့် ငတ်တစ်လှည့်မဖြစ်ရဘူး။ အစဉ်တစိုက် စားသောက်သုံးဆောင်ခွင့်ရရမယ်။ ဒါဟာ လူတိုင်းရဲ့နေ့စဉ် စားသောက်ရေးအတွက် အရေးကြီး တဲ့ အချက်ဖြစ်ပါတယ်။ ဒါကတော့ အခြေခံလိုအပ်ချက်ဖြစ်ပါတယ်။

နောက်တစ်ခုကတော့ အခွင့်အရေးအရ ရပိုင်ခွင့်ဆိုတာ ရှိတယ်။ လူဟာ စားရရုံနဲ့ မလုံလောက်ဘူး။ ဂုဏ်သိက္ခာ ရှိရှိ စားသောက်နေနိုင်ရမယ်။ လူ့အဆင့်အတန်းနဲ့ ကိုက်ညီတဲ့ စားသောက်မှု ပုံစံ ရှိရမယ်။ ဒါဟာ လူ့ဂုဏ်သိက္ခာနဲ့ ဆိုတယ်။ အစားအစာ ထုတ်လုပ်သူဟာ စားသုံးသူအတွက် သူ့ထုတ်ကုန်ကို တာဝန်ခံမှု ရှိရှိ နဲ့ ထုတ်လုပ်တာဖြစ်ရမယ်။ အစားအစာ ထုတ်လုပ်သူ၊ စားသောက်ကုန် ထုတ်လုပ်တဲ့ လုပ်ငန်းရှင်ဟာ သူကပ် ထားတဲ့ တံဆိပ်ကို လေးစားမှု ရှိရမယ်။ ထုတ်ချင်တဲ့ တံဆိပ်ကို ကပ်ထုတ်ပြီး သူရောင်းတဲ့ အစားအစာရဲ့ နောက် ဆက်တွဲဆိုးကျိုးကို တာဝန်ယူမှု၊ တာဝန်ခံမှု မရှိတဲ့ လုပ်ငန်းရှင်တွေကို အရေးယူရမယ်။ ပညာရှင်တွေ က ဘယ်လောက်ထိတောင် စဉ်းစားသလဲဆိုတော့ အစားအစာထုတ်လုပ်တဲ့ စိုက်ပျိုးရေးဧရိယာ၊ စက်ရုံဧရိယာ ပိုင်းထိတောင် စဉ်းစားတယ်။ အစားအစာထုတ်လုပ်တဲ့အခါမှာ တိရိစ္ဆာန်တွေကို အဓမ္မညှင်းပန်းပြီး ထုတ်လုပ်တဲ့ စိုက်ပျိုးရေးလုပ်ငန်းခွင်တွေကို လက်မခံဘူး။ စက်ရုံအလုပ်ရုံတွေမှာ လူအများစားသောက်ကုန်အတွက် အလုပ် လုပ်ပေးနေတဲ့ အလုပ်သမားတွေအပေါ် ခေါင်းပုံဖြတ်တာ၊ မမျှတတာတွေကို လက်မခံဘူး။ သဘာဝပတ်ဝန်း ကျင်နဲ့ ကမ္ဘာမြေကြီးကို ထိခိုက်စေတဲ့ အစားအစာထုတ်လုပ်မှုတွေကို လက်မခံဘူး။ ဒါတွေအထိတောင် စဉ်း စားတယ်။ ဒီကဏ္ဍကတော့ ပြောရင် ပြောသလောက် ကျယ်တယ်။ အစားအစာကို အခြေပြုပြီးတော့ လူတွေရဲ့ ကျန်းမာရေးကိစ္စ၊ လူတွေရဲ့ လူမှုရေးအဆင့်အတန်း နဲ့ စီးပွားရေးအနေအထားတွေအထိ ဆက်သွယ်ပတ်သက် နေတဲ့ ကိစ္စဖြစ်တယ်။ ခြုံပြီးပြောရင်တော့ လူတွေရဲ့ လူမှုစီးပွားအခြေအနေတွေနဲ့ တိုက်ရိုက်သက်ဆိုင်တယ်။

မြန်မာပြည်ရဲ့စိုက်ပျိုးရေးကဏ္ဍနဲ့ ဆက်စပ်ပြီး ခင်ဗျား ပြောစမ်းပါအုံး….

မြန်မာပြည်ရဲ့စိုက်ပျိုးရေးဟာ ပထဝီမြေမျက်နှာသွင်ပြင် အနေအထားပေါ် မူတည်နေတယ်။ အကြမ်းဖျင်းခွဲရရင် (၃) မျိုးခွဲလို့ ရမယ် ထင်တယ်။ နံပါတ် (၁) – ကုန်းမြင့်တောင်တန်းဒေသ။ နံပါတ် (၂) မြစ်ဝှမ်းမြေပြန့်ဒေသ နဲ့ နံပါတ် (၃) မြစ်ဝကျွန်းပေါ်ကမ်းရိုးတန်းဒေသတွေဆိုပြီး ပြောလို့ ရမယ် ထင်တယ်။ ဒေသရဲ့ မြေမျက်နှာပြင် အနေအထားအလိုက် စိုက်ပျိုးရေး ပုံစံတွေ မတူဘူး။ စိုက်ပျိုးတဲ့ သီးနှံအမျိုးအစားတွေ မတူဘူး။ မြေဆီဩဇာခမ်းခြောက်လာတဲ့ မြန်မာပြည်အလယ်ပိုင်း အညာဒေသတွေမှာ ဓာတ်မြေဩဇာသုံးစွဲမှု ပိုမြင့်မယ် ထင်တယ်။ တောင်ပေါ် တောင်တန်းဒေသ စိုက်ပျိုးရေးတွေမှာလည်း ဓာတ်မြေဩဇာ သုံးစွဲမှုက မရှိဘူးလို့ မပြောနိုင်ဘူး။ သူ့လည်း နည်းတဲ့ အတိုင်းအတာတော့ ဖြစ်ဟန် မတူဘူး။ အကြောင်းကတော့ ဒါတွေကို ဝယ်ဖို့ က လွယ်ကူတဲ့ အခြေအနေမှာ ရှိနေပြီ။ ဥတုရာသီအခြေအနေကလည်း ဓာတ်မြေဩဇာ မသုံးရင် မရနိုင်တဲ့ အခြေအနေကို ရောက်လာလို့လည်းဖြစ်မယ်။


မြန်မာပြည်ရဲ့ဓာတ်မြေ ဩဇာသုံးစွဲမှုဟာ နယ်စပ်မျဉ်းတွေကိုဖောက်ပြီး ကုန်သွယ်ရေး လုပ်ငန်းတွေ တွင်ကျယ်လာတဲ့ ၁၉၉၀ နောက်ပိုင်း ပိုများတယ်။ ဟိုးယခင်တုန်းကတော့ ဓာတ်မြေဩဇာထုတ်လုပ်ရေး စက်ရုံတွေဟာ မြန်မာပြည်တွင်း မှာလည်း သိပ်မရှိဘူး။ လယ်ယာသုံးပစ္စည်းတွေလည်း ပြည်တွင်းက ပြည်ပကနေ မှာပြီး သုံးစွဲခွင့် မရဘူး။ သမဝါယမစနစ်နဲ့ ဆိုရှယ်လစ်စီးပွားရေးစနစ်ကို မောင်းနှင်ခဲ့တဲ့ အချိန်မှာ အဲသည်လိုဖြစ်တာ။ ခုနောက်ပိုင်း တော့ ဓာတ်မြေဩဇာတွေဟာ အမျိုးမျိုးဝင်နေတယ်။ ပြည်တွင်းက ဓာတ်မြေဩဇာကုမ္ပဏီတွေလည်း ရှိလာတယ်။ ပြည်ပက ဓာတ်မြေဩဇာတွေလည်း အလုံးအရင်းဝင်လာ တယ်။ စိုက်ပျိုးရေးမှာ ပိုးသတ်ဆေးတွေ သုံးစွဲတာ၊ ပေါင်းသတ်ဆေးတွေ သုံးစွဲတာ၊ ဓာတ်မြေဩဇာသုံးစွဲတာ စတာတွေ များလာတယ်။ နောက်ဆုံး အသီးအနှံထုပ်ပိုးမှုမှာ ရေရှည်ခံအောင် လုပ်တဲ့ဆေးတွေသုံးလာတယ်။ အသီးတွေ မှည့်ဖို့ ငှက်ပျောသီးလိုဟာ မျိုးတွေမှာ ဆေးစိမ်တာတွေ လုပ်လာတယ်။ တချို့ဆို အရောင်လှအောင်ဆိုပြီး ဆေးထိုးထည့်တာ၊ ဆေးစိမ် တာတွေကိုတောင် လုပ်လာကြတယ်။

စားသုံးမှုမြင့်လာတဲ့ မြန်မာနိုင်ငံမှာ ပြည်တွင်းစိုက်ပျိုးရေးထုတ်ကုန်တွေ ရှိသလို၊ ပြည်ပက တင်သွင်းလာတဲ့ အသီးအနှံတွေလည်း အများကြီးရှိတယ်။ ဥပမာ တရုတ်နဲ့ ထိုင်းက အများဆုံးဝင်တယ်။ ထိုင်းက အသီးအနှံ တွေကို စည်သွပ်ထားတဲ့ဟာတွေ ဝင်တယ်။ တရုတ်ကတော့ ကုန်ကြမ်းသွင်းပြီး ကုန်ချော ပြန်ရောင်းတယ်။ မြန်မာပြည်မှာ တရုတ်ကနေ လက်ဝါးကြီးအုပ်ထားတဲ့ စိုက်ပျိုးရေး လုပ်ငန်းတွေတောင် ရှိနေပြီ။ ဖရဲ၊ သခွား နဲ့ တစ်ရှုးငှက်ပျောစိုက်ခင်းတွေကို တရုတ်တွေ ကြီးစိုးထားတယ်။ ဒါဟာ တရားဥပဒေစိုးမိုးမှုနည်းတာအပြင် စိုက် ပျိုးရေးမူဝါဒညံ့ဖျင်းတာလည်းပါတယ်။ မြန်မာတွေ ညံ့တာလည်း ပါတယ်။ အကြောင်းကတော့ မက်လုံးကို သတ်လိုက်တဲ့ ဖြစ်ရပ်ကြီးရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေလို့ ပြောလို့ရမယ်။ တရားဥပဒေ စိုးမိုးမှု နိမ့်တာ ကြောင့် ပြည်သူတွေရဲ့နေ့စဉ် စားသောက်မှုတွေမှာ အန္တရာယ်ရှိတာတွေ ဖြစ်လာတာ အတော်များတယ်။ ဒါကို လည်း အသေးစိတ် ထပ်ပြောရမယ်။ အစားအစာလုံခြုံရေးလို့ ပြောရင် စိုက်ပျိုးရေးတစ်ခုတည်းကို အခြေခံတာ မဟုတ်ဘူး။ တခြားကဏ္ဍတွေလည်း ပါဝင်နေတယ်။ ဥပမာ – စားသောက်ကုန်ထုတ်လုပ်ရေး စက်ရုံတွေ၊ အစား အစာရောင်းချရေး၊ သိုလှောင်ရေးကိစ္စတွေ၊ မွေးမြူရေးတွေ၊ စားသောက်ကုန်အတွက် သုံးတဲ့ဓာတုဆေးဝါးလုပ် ငန်းတွေ၊ သစ်တောကဏ္ဍ၊ ငါးဖမ်းခြင်း၊ တင်ပို့ရောင်းချခြင်း … စတဲ့ ကိစ္စတွေ အားလုံးပါဝင်နေတယ်။

စားသောက်ကုန် ထုတ်လုပ်ဖြန့်ဖြူးရောင်းချတဲ့ စက်ရုံတွေ ကိစ္စကို အကြမ်းဖျင်းပြောပြစမ်းပါအုံး…..

စက်ရုံတွေကိစ္စကို ပြောရရင် သာမန်ပြည်သူလူထုဘက်ကနေ ကြည့်တဲ့ အမြင်နဲ့ပဲ ပြောချင်ပါတယ်။ ကျနော်က စားသောက်ရေးကဏ္ဍမှာ စပယ်ရှယ်လစ်လည်း မဟုတ်ဘူးလေ။ ဒီတော့ ပထမဆုံးပြောချင်တာက စက်ရုံတစ် ရုံဟာ ကိုယ်ထုတ်လုပ်လိုက်တဲ့ စားသောက်ကုန်နဲ့ ပတ်သက်တဲ့ကုန်ပစ္စည်း အမှတ်တံဆိပ်ကို ဘယ်လောက် လေးစားသလဲ၊ တန်ဖိုးထားသလဲ ဆိုတာကို အရင်မေးရမယ် ထင်တယ်။ ဘာလို့လဲဆိုတော့ ဒီ့နောက်ပိုင်းမှာ ကိုယ့် အမှတ်တံဆိပ်တစ်ခုတည်းနဲ့ ထိုးဖောက်တာ မဟုတ်တော့ဘူး။ ကုမ္ပဏီတစ်ခုဟာ အမှတ်တံဆိပ်များစွာ နဲ့ စားသောက်ကုန်တွေကို ထုတ်လုပ်လာတယ်။ ဒါဟာ ကျင့်ဝတ်ဖောက်ပြန်ဖို့အတွက် အခွင့်အလမ်းဖြစ်တယ်။ စီးပွားရေးသမားဟာ အမှတ်တံဆိပ်ကို စားသုံးသူ ယုံကြည်မှု ရအောင် လုပ်ဖို့ ခက်တယ်။ လူအများက အမှတ် တံဆိပ်တစ်ခုကို ယုံကြည်တယ်ဆိုတာ တော်ရုံ မလွယ်ဘူး။ ဒါ့ကြောင့် အရင်းအနှီးနည်းနည်းနဲ့ စားသောက်ကုန် တွေကို ထုတ်လုပ်ဖို့ ကြိုးစားတယ်။ တစ်ဖက်ကလည်း များများရောင်းချနိုင်ရေးအတွက် စဉ်းစားကြတယ်။ စီးပွားရေးသမားအတွက် နောက်ဆုံးပန်းတိုင်ကတော့ အမြတ်အစွန်းရရှိရေးပဲဖြစ်တယ်။

အမြတ်အစွန်းအတွက် ဦးစားပေးပြီးတော့ စားသောက်ကုန်တွေကို ကုမ္ပဏီတစ်ခုတည်းကနေ တံဆိပ်အမျိုးမျိုး နဲ့ တပ်ပြီး ထုတ်ခြင်းရဲ့ ဆိုးကျိုးက ပြည်သူတွေမှာ သက်ရောက်တော့တာပဲ။ ကုမ္ပဏီတစ်ခု တံဆိပ်တစ်မျိုးနဲ့ ပဲ ထုတ်လုပ်မယ်ဆိုရင် အဲသည့်တံဆိပ်အပေါ် လူတွေ ယုံကြည်မှုပျက်သွားရင်ကုမ္ပဏီလည်း ပျက်သွားမှာပဲ။ ဒီတော့ တံဆိပ်ကို အပျက်စီးခံနိုင်တယ်၊ ကုမ္ပဏီကို အပျက်စီး မခံနိုင်ဘူး။ ဒါ့ကြောင့် တံဆိပ်တစ်ခုဟာ စားသုံး သူအကြားမှာ နာမည်ပျက်သွားရင် နောက် တံဆိပ်တစ်ခုနဲ့ပဲ ဒီစားသောက်ကုန်ကို ပြနထုတ်မှာပဲ။ ဒီလိုနဲ့ တံဆိပ် အမျိုးမျိုးတပ်ပြီး အဆိပ်ပါဝင်မှုမြင့်တဲ့ အစားအစာတွေကို ပြည်သူတွေ စားသောက်ကြရတယ်။
တစ်ဖက်မှာလည်း တိုင်းပြည်ရဲ့လူမှုစီးပွားအခြေအနေအပေါ် မူတည်တာပေါ့။ တိုင်းပြည်က ဆင်းရဲတဲ့အခါမှာ ပေါပေါပဲပဲပဲ စားသောက်နိုင်တယ်။ ပေါချောင်ကောင်းကို မျှော်ရတယ်။ ဒီတော့ ဈေးပေါပေါ နဲ့ ခံတွင်းလိုက်တဲ့ အစားအစာတွေကို ရွေးစားတယ်။ လူထုကတော့ ဈေးပေါတာနဲ့ ခံတွင်းလိုက်တာပဲ သိတယ်။ တံဆိပ်တွေ ဘာတွေကို မသိဘူး။ နားမလည်ဘူး။ စိတ်လည်း မဝင်စားဘူး။ ဘာလို့လဲဆိုတော့ သူတို့က ဆင်းရဲတယ်လေ။ ဒါက တစ်ချက်။

နောက်တစ်ခုကတော့ စားသောက်ကုန်တွေကို ထုတ်လုပ်တဲ့အခါမှာ ဘယ်လိုပါဝင်ပစ္စည်းတွေ သုံးသလဲဆိုတဲ့ ကိစ္စ။ သိပ်မကြာခင်နှစ်ပိုင်းက ပြည်ထောင်စုအစိုးရက သတ်မှတ်ပြဌာန်းလိုက်တာ ရှိတယ်။ ကုန်ပစ္စည်းတွေရဲ့ ထုတ်ပိုးမှုပေါ်က အညွှန်းစာတွေကို မြန်မာလို လုပ်ဖို့။ ဒါကလည်း အနည်းအကျဉ်းပဲ မြင်တွေ့နေရသေးတယ်။ တော်တော်များများက မလိုက်နာဘူး။ လိုက်နာအောင် အရေးယူတာ စစ်ဆေးတာလည်း မရှိဘူး။ အရေးယူတာ စစ်ဆေးတာ ရှိရင်လည်း စီးပွားရေးသမား၊ စက်ရုံပိုင်ရှင်က လာဘ်ထိုးပြီး ဖြေရှင်းလိုက်တာပဲ။ ဒါပေမယ့် မြန်မာ လို အညွှန်းစာတွေနဲ့ ဖော်ပြထုတ်ပိုးတာတွေကိုတော့ အရင်ကထက်စာရင် များများတွေ့လာရပါပြီ။ ဒါပေမယ့် ဒီမှာတင် ရပ်နေလို့ မရသေးဘူး။ ဒီစားသောက်ကုန်တွေကို အရည်အသွေးစစ်ဆေးဖို့ တာဝန်ရှိသေးတယ်။ မြန်မာ ပြည်မှာ အစားအသောက်အရည်အသွေး စိစစ်ရေးအတွက် ကောင်းမွန်တဲ့ အရင်းအမြစ်မရှိဘူး။ လူ့ အရင်းအမြစ်လည်း နည်းတယ်။ ပြည်သူတွေအတွက် အရည်အသွေးပြည့်တဲ့ အစားအစာစိစစ်ရေးတွေ လုပ်ဖို့ အတွက် ဘတ်ဂျက်ချထားတာတွေတော့ ရှိတယ်။ ဒါက နည်းတယ်။ မလုံလောက်ဘူး။ လက်တွေ့မှာ ထိရောက် မှု ရှိရှိ ပေါ်လာတာ လုံးဝ မတွေ့ရသေးဘူး။ အစိုးရဘက်မှာ စဉ်းစားဆွေးနွေးထားတာ ရှိကောင်းရှိမယ်။ ဒါ ပေမယ့် လက်တွေ့မှာ ဘာမှ အကောင်အထည်ပေါ်မလာဘူး။

အစားအသောက်အရည်အသွေးစစ်ဆေးရေး လုပ်ငန်းတွေကို လွတ်လပ်ပြီး ကျွမ်းကျင်တဲ့ အဖွဲ့အစည်းအဖြစ်၊ ကော်မတီအဖြစ် ဖွဲ့စည်းပြီး လုပ်ဆောင်ဖို့ လိုတယ်။ ပြည်ပကနေဝင်လာတဲ့ ကုန်ပစ္စည်းတွေကို စည်းမျဉ်းနဲ့ မညီရင် ဘန်း (Ban) တာတွေ လုပ်ရမယ်။ နာမည်ဆိုးစာရင်း ကြေညာပြီး ပြည်သူတွေကို မသုံးစွဲဖို့ တိုက်တွန်း လှုံ့ဆော်တာတွေ လုပ်ရမယ်။ တစ်ဖက်မှာလည်း စီးပွားရေးသမားအချင်းချင်း အင်အားချိနဲ့အောင် ကစားကွက် ထွင်တာတွေ မလုပ်အောင်တော့ သတိထားရမယ်။ ကိုယ် မလိုလားတဲ့ ပြိုင်ဘက်ကို တို့မီးရှို့မီးလုပ်တာတွေ လည်း ရှိလာနိုင်တာပဲ။ ဒါတွေကိုလည်း သတိထားပြီး လုပ်ရမယ်။ ခေတ်မှီစက်ကိရိယာတွေ သုံးပြီး စစ်ဆေး တာတွေ၊ ကျွမ်းကျင်ပညာရှင်တွေနဲ့ စစ်တာတွေ၊ တွေ့ရှိရင်လည်း ထိရောက်စွာ အရေးယူတာတွေ၊ တစ်ဖက် ကလည်း နိုင်ငံရေးအရ စီးပွားရေးအရ ဘက်လိုက်တာတွေ ကင်းအောင် လွတ်လပ်တဲ့ အင်စတီကျူးရှင်းအဖြစ် ဖန်တီးထားတွေ လုပ်ဖို့ လိုတယ်။ ထပ်ပြောရင် ထပ်ကျယ်သွားမယ်….။ ဒီလောက်ပဲ ပြောချင်သေးတယ်။

မင်းသေ့
၃၀ ၊ အောက်တိုဘာ ၊ ၂၀၁၉ ။
ထားဝယ်မြို့။

Previous post ကျနော် မေးမယ်
Next post အဖွဲ့ချုပ်ကို မေးချင်ပါတယ်