၂၀၂၀ ခုနှစ်ကို ရောက်လာခဲ့ပြီဖြစ်သည်။ ၂၀၂၀ နှစ်ကုန်ပိုင်းတွင် အထွေထွေရွေးကောက်ပွဲတစ်ခုရှိမည်။ အစိုးရ အပြောင်းအလဲ၊ အုပ်ချုပ်သူအပြောင်းအလဲလုပ်ရန် ပြည်သူများ မဲပေးရွေးချယ်ရမည်ဖြစ်သည်။ မြန်မာပြည်သူ တို့သည် နှစ်ပေါင်းများစွာ မဲပေးခြင်းဓလေ့နှင့် အဆက်ပြတ်ခဲ့သည်။ ၂၀၁၀ အထွေထွေ ရွေးကောက်ပွဲမှစ၍ မြန်မာပြည်သူတို့သည် မဲပေးခြင်းဓလေ့နဲ့ ပြန်လည် လက်ဆက်ခွင့်ရလိုက်ကြသည်။ ၂၀၁၅ အထွေထွေရွေး ကောက်ပွဲတွင် ပြည်သူတို့ တခဲနက် အုံလိုက်ကျင်းလိုက် မဲရုံသို့သွား၍ မဲပေးကြသည်ကို တွေ့ခဲ့ရသည်။ ၂၀၁၅ ရွေးကောက်ပွဲသည် မျှော်လင့်ချက်ရေချိန် အစွမ်းကုန်ပြသသည့် ရွေးကောက်ပွဲဖြစ်ခဲ့သည်။
ဒီမိုကရေစီ၌ အခြေခံနှုန်းစံများ ရှိသည်။ ရွေးကောက်ပွဲနှင့်ပတ်သက်၍ ဒီမိုကရေစီ၏ နှုန်းစံအချို့ကို ဖော်ပြချင် သည်။

ဒီမိုကရက်တစ် ရွေးကောက်ပွဲ မှန်လျှင်၊ ရွေးကောက်ပွဲသည် ….
၁) အရွယ်ရောက်သူတိုင်း မဲပေးခွင့်ရှိရမည် ၊
(Universal: every person has the right to vote.)
၂) လူတစ်ကိုယ် မဲတစ်မဲသာ ဖြစ်ရမည် ၊
(Equal: each person’s vote has the same value.)
၃) လျှို့ဝှက်မဲပေးစနစ်ဖြစ်ရမည် ၊
(Secret: it is not possible to find out whom or what a person voted for.)
၄) ကိုယ်စားလှယ်အား တိုက်ရိုက်ရွေးကောက်ခွင့်ရှိရမည် ၊
(Direct: the voter selects his representative.)

ဤအချက် (၄) ချက်သည်၊ ဒီမိုကရက်တစ်ရွေးကောက်ပွဲ ဖြစ်ထွန်းမှုအတွက် အခြေခံ (၄) ချက်ဖြစ်သည်။ ပညာရှင် ဒါးဟ် (Dahl, 1970) ရဲ့အလိုအရ ၊ ဒီမိုကရေစီ၏ အခြေခံလိုအပ်ချက်တချို့ကို ဖော်ပြမည်။

၁) အရွယ်ရောက်သူတိုင်း မဲပေးခွင့်
၂) ရွေးကောက်ပွဲ၌ လွတ်လပ်စွာ ယှဉ်ပြိုင်ခွင့်
၃) လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲ
၄) နိုင်ငံသားတိုင်း နိုင်ငံရေးပါတီများ၌ လွတ်လပ်စွာ ပါဝင်ခွင့်
၅) နိုင်ငံသားတိုင်း လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်

ဤအချက်များသည် ရွေးကောက်ပွဲ၌ လိုအပ်သောအချက်များဖြစ်သည်။

ဒီမိုကရေစီမှန်လျှင် ရွေးကောက်ပွဲရှိရမည်။ ရွေးကောက်ပွဲ မရှိလျှင် ဒီမိုကရေစီ မမည်။ ဒီမိုကရေစီ၌ ရွေးကောက်ပွဲသာ ရှိပြီး တခြားသော နှုန်းစံများ မရှိ၍လည်း မဖြစ်။ သို့မဟုတ်ပါက ရွေးကောက်ပွဲဒီမိုကရေစီ (Electoral Democracy) အဆင့်၌သာ ရပ်နေမည်။ လစ်ဘရယ်ဒီမိုကရေစီသို့ မရောက်။ မတက်လှမ်းနိုင်ဖြစ် နိုင်သည်။ ထို့ကြောင့် ဒီမိုကရေစီမှန်လျှင် ရွေးကောက်ပွဲရှိရမည်။ ရွေးကောက်ပွဲမှန်လျှင် လွတ်လပ်၍ တရား မျှတရမည်။ လွတ်လပ်၍ တရားမျှတရုံဖြင့် မပြီးသေး၊ ပြိုင်၍ နိုင်လျှင် အာဏာအပ်ရမည်။ အာဏာအပ်ရုံဖြင့် မပြီးသေး။ ပုံမှန်ရွေးကောက်ပွဲ ရှိရမည်။

• ရွေးကောက်ပွဲ ရှိခြင်း။
• ရွေးကောက်ပွဲသည် လွတ်လပ်၍ တရားမျှတခြင်း။
• ပြိုင်၍ နိုင်သော ပါတီထံ အာဏာလွှဲပြောင်းခြင်းနှင့်
• ပုံမှန်ရွေးကောက်ပွဲများ ရှိခြင်းသည် အရေးကြီးသောကိစ္စရပ်များဖြစ်သည်။

သမိုင်းကို ကြည့်ပါ။ ကမ္ဘာ့နိုင်ငံအသီးသီးကို လေ့လာပါ။ ရွေးကောက်ပွဲသာ ရှိ၍ ဒီမိုကရေစီ မရှိသော နိုင်ငံများ ရှိပါသည်။ ထိုနိုင်ငံများကို electoral democracy သာ ရှိသောနိုင်ငံများဟု ခေါ်နိုင်သည်။ ရွေးကောက်ပွဲရှိ သော်လည်း မဲလိမ်/ မဲခိုးမှုများဖြင့် ကြုံနေရသော နိုင်ငံများ မြောက်မြားစွာ ရှိသည်။ မဲစာရင်းများ မမှန်ကန်ခြင်း၊ မဲစာရင်းများ၊ မဲရေတွက်ခြင်းများ၊ မဲရုံစောင့်ကြည့်လေ့လာခြင်းများ ပွင့်လင်းမြင်သာမှု မရှိလျှင် လူထုထောက်ခံ မှု ရှိသော်လည်း မဲရှုံးနိုင်သည်။ ကြိုတင်မဲများ၊ မဲစာရင်းစိစစ်မှုများ မမှန်ကန်လျှင် ဒီမိုကရက်တစ်ရွေးကောက်ပွဲ မဖြစ်နိုင်။

မြန်မာပြည်၌ ရွေးကောက်ပွဲ နိုင်သော်လည်း နိုင်ငံရေးအာဏာမရခဲ့သည့် ဖြစ်ရပ်ရှိခဲ့ဖူးသည်။ ၁၉၉၀ ရွေးကောက်ပွဲကို ကြည့်ပါ။ မဲအနိုင်ရခဲ့သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ၁၉၉၀ ရွေးကောက်ပွဲ၌ “အနိုင်ရပါတီ” (winning party) သာဖြစ်ခဲ့သည်။ “အာဏာရပါတီ” (ruling party) မဖြစ်ခဲ့။ ဤအချက်သည် သာဓကဖြစ်သည်။ ဂျာမနီ၌ ဟစ်တလာအာဏာရလာခြင်းက ရွေးကောက်ပွဲနှင့်ပင်ဖြစ်သည်။ သို့သော် အာဏာ ရှင် ဟစ်တလာသည် ၎င်းအုပ်ချုပ်မှုကာလတွင် ရွေးကောက်ပွဲကို ဖျက်ပစ်လိုက်သည်။ ထို့နောက် ပုံမှန်ရွေး ကောက်ပွဲ ဟူသည် မရှိတော့။ ဤကား သာဓကဖြစ်သည်။ ၎င်းသာဓကကို ကြည့်၍ မြင်နိုင်သည်မှာ၊ ရွေးကောက်ပွဲများကနေ တစ်ဆင့် အာဏာရှင်များ တက်လာနိုင်သေးသည်ဆိုသည့်အချက်ဖြစ်သည်။ အာဏာ ရှင်တိုင်းသည် “အာဏာသိမ်း၍” တက်လာသည်က များသော်လည်း၊ ရွေးကောက်ပွဲများ၌လည်း အာဏာရှင် တက်လာနိုင်သည်ကို သတိချပ်သင့်သည်။ ထို့အပြင် နောက်ထပ် စဉ်းစားဖွယ်ရာအချက်မှာ၊ ရွေးကောက်ပွဲဖြင့် တက်လာသော ခေါင်းဆောင်ဖြစ်ပင်ဖြစ်ငြားသော်လည်း ပုံမှန်ရွေးကောက်ပွဲကို ဖျက်ပစ်နိုင်သည်ဟူသော အချက် ဖြစ်သည်။

ရွေးကောက်ပွဲကျင်းပရမည့် ကာလတွင် အချိန်မဆိုင်းဘဲ ပုံမှန်ရွေးကောက်ပွဲကျင်းပပေးနိုင်ရန် တည်ဆဲအစိုးရ တိုင်း၌ တာဝန်ရှိသည်။ ဤအချက်သည် အထူးအရေးကြီးသော အချက်ဖြစ်သည်။

မဲပေးခြင်းဓလေ့၌ ပြည်သူများ မွှေ့လျော်ရန်လိုသည်။ ဒီမိုကရေစီခိုင်မာအမြစ်တွယ်ခြင်းသည် မဲပေးခြင်းဓလေ့ နှင့်ဆက်စပ်နေသည်။ ထို့အပြင် ပြည်သူများ မဲပေးချင်လာအောင် လှုံ့ဆော်သည့် လုပ်ငန်းစဉ်များလည်း ရှိ ရန် လိုသည်။

• ပြည်သူများသည် မဲပေးခြင်းဖြင့် ၎င်းတို့၏ကံကြမ္မာကို ဖန်တီးနိုင်သည်ဟု ယုံကြည်လျှင် မဲပေးချင်ကြ မည်။
• ပြည်သူများသည် မဲပေးခြင်း၏ တန်ဖိုး၊ မဲတစ်မဲ၏ တန်ဖိုးကို နားလည်သည့် အသိရေချိန်မြင့်လျှင်လည်း မဲပေးခြင်းဓလေ့သည် ခိုင်မာနိုင်သည်။
• မဲပေးခြင်းဖြင့် ၎င်းတို့အစိုးရကို ပြုပြင်နိုင်သည်၊ တည့်မတ်နိုင်သည်ဟု သိမြင်နားလည်ထားလျှင် မဲပေးခြင်းဓလေ့ခိုင်မြဲသည်။
• ဒီမိုကရေစီတွင် အချုပ်အခြာအာဏာသည် ပြည်သူ့ထံ၌ ဆင်းသက်ခြင်းဟူသည် မဲပေးခြင်း၊ မဲရုံသို့သွားခြင်းဟာ ပြည်သူများနားလည်နေအပ်သည်။

ပြည်သူများ မဲရုံသို့ ထွက်၍ မဲပေးချင်အောင် အစိုးရများသည် ပြည်သူ့မျှော်လင့်ချက်များ မရိုက်ချိုးသင့်။ အစိုးရအလုပ်ကို ပီပီပြင်ပြင် လုပ်ကိုင်နိုင်ဖို့ လိုလိမ့်မည်။ အစိုးရများ၏ လုပ်ဆောင်ချက်အပေါ် မူတည်၍ ပြည်သူများ၏ မဲပေးမှု ရေချိန် အတက်အကျဖြစ်တတ်သည်။ ဤအချက်ကို သတိချပ်၍ ၂၀၂၀ ရွေးကောက်ပွဲ၌ ပြည်သူများ မဲပေးမှုမြင့်လာ အောင် လုပ်ဆောင်ရန် လိုသည်။ မဲစာရင်းများ မှန်ကန်ရေးနှင့် မဲပေးသည့်စနစ် လွယ်ကူအောင် စီမံထားနိုင် ခြင်းသည် ဒီမိုကရေစီအလေ့အကျင့်ကို ပြုစုခြင်းဖြစ်သည်။

လေ့လာဆန်းစစ်ချက်

ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့လှုပ်ရှားမှုအဖွဲ့ (PACE, 2019) ၏ စစ်တမ်းအရ ၂၀၁၅ ရွေးကောက်ပွဲ၌ မဲပေးမှု (၇၇) % ရှိခဲ့သည်ဟု ဆိုသည်။ ၂၀၁၅ အထွေထွေရွေးကောက်ပွဲ၌ မဲပေးမှုရာခိုင်နှုန်းမြင့်သည်ဟု ဆိုနိုင် သော်လည်း ၂၀၁၇ နှင့် ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲများ၌ မဲပေးမှုရာခိုင်နှုန်း ကျဆင်းသွားသည်ကို တွေ့ ရသည်။ ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲ၌ ၃၇ % ရှိပြီး ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲ၌ ၄၂ % သာ ရှိသည် ကိုတွေ့ရသည်။ ဤအချက်ကို ထောက်ရှုခြင်းအားဖြင့်၊ ပြည်သူလူထု၏ မဲပေးချင်စိတ်မှာ အကျဘက်သို့ ပြနေ သည်။ မဲပေးခြင်းဓလေ့ မစွဲမြဲသေးမှီ အချိန်၌ အစိုးရ၏ လုပ်ဆောင်ချက်များအပေါ် မျှော်လင့်ချက်ကင်းမဲ့ခြင်း သည် စိုးရိမ်ဖွယ်ရာဖြစ်သည်။
၎င်းအဖွဲ့၏ နိုင်ငံသားများ၏ နိုင်ငံရေးမျှော်မှန်းချက်စစ်တမ်း (၂၀၁၉ ၊ ဇူလိုင်) အရ တစ်နိုင်ငံလုံးအတိုင်းအတာ ပြည်သူများ၏ မဲပေးလိုစိတ်မှာ ၄၈ % သာ ရှိသည်ကို တွေ့ရသည်။ ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲ၌ မဲပေးခွင့်ရှိသူ၏ ဘယ်လောက်ရာခိုင်နှုန်း မဲလာပေးမည်ကိုမူ ရွေးကောက်ပွဲကျင်းပပြီးမှ သိနိုင်မည်ဖြစ်သည်။

သန္ဓိအုပ်ချုပ်စီမံမှုအဖွဲ့က ထုတ်ပြန်သည့်သုတေသနအစီအရင်ခံစာ (၂၀၁၉၊ ဇူလိုင်) အရ ၊ ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲတွင် မဲပေးမည်ဟု ဖြေဆိုသူမှာ (၈၆) % ရှိသည်ကို တွေ့ရသည်။ PACE အဖွဲ့က ထုတ်ပြန်သော ပြည်သူများ၏ မဲပေးလိုစိတ် ဖော်ပြချက် (၄၈) % နှင့်မူ ကွာဟချက်ရှိသည်ကို တွေ့ရသည်။

အချုပ်

သုတေသနစစ်တမ်းများသည် အချက်အလက်အပေါ် အခြေပြု၍ စစ်တမ်းများ ကောက်ယူထားခြင်းဖြစ်သော ကြောင့် လက်တွေ့၌ ကွဲလွဲချက်များ ရှိနေမည့်တိုင် လျစ်လျှူမရှုသင့်။ ၂၀၂၀ အထွေထွေရွေးကောက်ပွဲသည် ဒီမိုကရေစီအသွင်ကူးပြောင်းရေးအတွက် အရေးကြီးသည်။ ထို့အပြင် ဒီမိုကရက်တစ်နိုင်ငံရေးအင်အားစု၏ ရင့်ကျက်မှုနှင့် စွမ်းရည်အတွက် အရေးကြီးဖြစ်စဉ်တစ်ခုလည်းဖြစ်သည်။

မဲပေးခြင်းဓလေ့နှင့် ဒီမိုကရေစီဖြစ်ထွန်းခြင်းသည် တိုက်ရိုက်ဆက်စပ်နေသည်။ မြန်မာပြည်သည် အသွင်ကူး ပြောင်းရေးကာလအတွင်းမှာပင် ရှိနေသေးသည်။ စွဲမြဲသော ဒီမိုကရေစီအလေ့အကျင့်များ မဖြစ်ထွန်းသေး။ ထို့ကြောင့် ဘူးသီးနုနု အမွှေးသပ်သလိုဖြစ်နိုင်သည်ကို သတိချပ်သင့်သည်။ ဒီမိုကရေစီအလေ့အကျင့် နုနယ် နေသေးသည့်ကာလ၌ မဲပေးခြင်းဓလေ့ကို စွဲမြဲနားလည်အောင် လုပ်ယူရအုံးမည်ဖြစ်သည်။ အစိုးရနှင့် အရပ် ဘက်အဖွဲ့အစည်းများတွင် မဟာဗျူဟာချိတ်ဆက်မှုရှိရှိ လုပ်ဆောင်ရန် လိုသလို၊ ပြည်သူများထံ၌လည်း မဲပေးခြင်းဓလေ့ စွဲမြဲအောင် စည်းရုံးမှုများ၊ လေ့ကျင့်သင်ကြားပေးမှုများ စနစ်တကျလိုအပ်နေသည်။

မြန်မာပြည်အတွက် ၂၀၂၀ အထွေထွေရွေးကောက်ပွဲသည် လမ်းဆုံလမ်းခွ တစ်ခုဖြစ်နေသည်။ မဲရလဒ်အပေါ် မူတည်၍ ပြောင်းလဲသွားမည့် နိုင်ငံရေးအချိုးအကွေ့များရှိနိုင်မည်။ ပြည်သူများ မဲရုံသို့ သွားခြင်း မသွားခြင်း အပေါ်မူတည်ပြီး ဖြစ်ထွန်းလာမည့် နိုင်ငံရေးအခင်းအကျင်းများလည်း ရှိနေသည်။ ဒီမိုကရေစီ၌ ရွေးကောက်ပွဲ ၏ အခန်းကဏ္ဍသည် အရေးကြီးသည်ဖြစ်ကြောင်း၊ မဲပေးခြင်းဓလေ့ရင့်ကျက်လာအောင် လုပ်ဆောင်ရန်လည်း အရေးကြီးသော အခန်းကဏ္ဍ၌ ရှိနေကြောင်း သတိချပ်စေသင့်ပါသည်။

ကိုးကား /
• ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့လှုပ်ရှားမှုအဖွဲ့ ၊ ၂၀၂၀ ခုနှစ်အတွက် နိုင်ငံသားများ၏ နိုင်ငံရေးမျှော်မှန်းချက် စစ်တမ်း ၊ ၂၀၁၉ ဇူလိုင်
• သန္ဓိအုပ်ချုပ်စီမံမှုအဖွဲ့ ၊ ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ပါတီစုံဒီမိုကရေစီစနစ် အားကောင်းစေရေးအတွက် ပံ့ပိုးပေးနိုင်မည့် အခြေအနေ ၊ ၂၀၁၉ ဇူလိုင်
• Educational initiatives, Election Unit, 2013
• Wilhelm Hofmeister and Karsten Grabow, Political Parties: Functions and Organization in Democratic Societies, Konrad Adenauer Stiftung, 2011.

မင်းသေ့
ညနေ ၄ း ၁၀
၂၄ ၊ ဇန်နဝါရီ ၊ ၂၀၂၀ ။
ရန်ကုန်မြို့။

Previous post Podcast
Next post ဆင်ခြင်တုံတရားဝါဒ