မြန်မာကိုင်ဆွဲထားတဲ့ အမျိုးသားရေးဝါဒနဲ့ တရုတ်အမျိုးသားရေးဝါဒ အကြား ထိပ်တိုက်တွေ့မှုဖြစ်လာနိုင် သလား။

မြန်မာပြည်မှာ အမျိုးသားရေးဝါဒလို့ ပြောရင် များသောအားဖြင့် မြန်မာ့တပ်မတော်ကိုသွားမြင်ကြတယ်။ နောက်ပြီး မဘသ အုပ်စုကို မြင်ကြပါလိမ့်မယ်။ အမျိုးသားရေးဝါဒဆိုတာကို လက်နက်ကိုင်မြန်မာတပ်နဲ့ မဘသ အုပ်စုနှစ်ခုကိုပဲ ကိုင်ပြီး အနက်ဖွင့်မယ်ဆိုရင် အင်မတန် ကျဉ်းမြောင်းရာကျပါတယ်။ အမျိုးသားရေးဝါဒဆိုတာ ကျယ်ပြန့်နက်ရှိုင်းတဲ့သဘောဆောင်ပါတယ်။ မြန်မာပြည်မှာ တပ်နဲ့ မဘသ အုပ်စုဟာ အမျိုးသားရေးအင်အား စုတွေထဲက လတ်တလောဖန်စီဖြစ်နေတဲ့ အဓိကဇာတ်ကောင်တွေလို့ ပြောချင် ပြောလို့ရပါတယ်။ သို့ပေမယ့် မြန်မာပြည်ရဲ့ လူထုအထဲမှာ စွဲဝင်နေတဲ့အမျိုးသားရေးဝါဒကို လွှမ်းခြုံကိုယ်စားပြုပြောဖို့ကတော့ မဖြစ်နိုင်ပါဘူး။
တရုတ်မှာလည်း ထိုနည်းလည်းကောင်းဖြစ်ပါလိမ့်မယ်။ တရုတ်အမျိုးသားရေးဝါဒလို့ ပြောရင် တရုတ်ကွန်မြူနစ် ပါတီထိပ်ပိုင်းခေါင်းဆောင်တွေက ဖွင့်ဆိုတည်ဆောက်ထားတဲ့ မျိုးချစ်စိတ်ဓာတ်ဆိုတာ ရှိတယ်။ တရုတ်ပြည် ကြီးမှာ သမိုင်းကြောင်းအစဉ်အလာအရ သဘာဝအတိုင်းအလိုလိုဖြစ်တည်နေတဲ့ တရုတ်လူမျိုးတွေရဲ့မျိုးချစ် စိတ်ဆိုတာ ရှိတယ်။ အမျိုးသားရေးဝါဒနဲ့ မျိုးချစ်စိတ်ဟာ တူသလိုလိုနဲ့ မတူတာတွေ ရှိပါတယ်။ မျိုးချစ်စိတ်ဟာ လူမျိုးကိုယ်စီမှာ အားလုံးလိုလို ရှိနေနိုင်ပါတယ်။ အမျိုးသားရေးဝါဒကတော့ ရှိချင်တဲ့ လူမျိုးအုပ်စုတွေမှ ရှိတတ် ပါတယ်။ တခါတရံ လူမျိုးနဲ့ နိုင်ငံရဲ့ ထိပ်ပိုင်းလူ့အလွှာပိုင်းက ပြုပြင်စီရင်ထားတဲ့ ဝါဒတစ်ရပ်လည်းဖြစ်နေတတ် ပါတယ်။

တရုတ်မျိုးချစ်စိတ်

တရုတ်ရဲ့လက်ရှိခေါင်းဆောင် ရှီကျင့်ဖျင်ရဲ့ မိန့်ခွန်းတော်တော်များများကို လေ့လာကြည့်ရင် တရုတ်မျိုးချစ်စိတ် ဓာတ်ဆိုတာကို ထပ်ခါတလဲလဲ၊ ခဏ ခဏ တွေ့ရပါလိမ့်မယ်။ တရုတ်ပြည်ဟာ ခေတ်သစ်ကမ္ဘာကို ဦးဆောင် နိုင်ဖို့ တရုတ်လူမျိုးမှာ မွေးလာကတည်းက စွဲဝင်နှစ်မြုပ်နေတဲ့ မျိုးချစ်စိတ် အစအနကို ဆွဲထုတ်အသုံးပြုရမယ် လို့ ရှီကျင့်ဖျင်က နားလည်ထားပါတယ်။

တရုတ်ပြည်ရဲ့ယဉ်ကျေးမှုသက်တမ်းဟာ နှစ် (၅၀၀၀) ကျော်ပြီ။ တရုတ်လူဦးရေဟာ သန်းပေါင်း (၁၄၀၀) ရှိလာပြီ။ တရုတ်ပြည်ကြီးရဲ့အကျယ်အဝန်းဟာ စတုရန်းကီလိုမီတာ (၁၀) သန်းနီးပါး ရှိတယ်။ တရုတ်ကွန်မြူ နစ်ပါတီဟာ နှစ် (၁၀၀) ပြည့်တော့မယ်။ တရုတ်ပြည်ကြီးဟာ ကမ္ဘာ့ထိပ်တန်း စီးပွားရေးအင်အားကြီး နိုင်ငံဖြစ် နေပြီ။ တရုတ်တပ်နီတော်ဟာ ကမ္ဘာ့အင်အားအကြီးမားဆုံး တပ်မတော်ဖြစ်နေပြီ။ တရုတ်ဟာ ပြေးလမ်းအပေါ် မှာ ရှိနေပါတယ်။ အရှိန်တစ်ခုနဲ့ မောင်းနေရတယ်။ ရပ်လို မရသလို၊ အချိုးအကွေ့လည်း ကြမ်းလို့ မရဘူး။

တရုတ်အစိုးရဟာ တရုတ်လူမျိုးတွေရဲ့ အမျိုးသားရေးဝိညာဉ်ကို ဆွဲစုဖို့ ကြိုးစားပါတယ်။ သမိုင်းအစဉ်အလာ နဲ့ ဗီဇဓာတ်ခံအပေါ်မှာ စွဲမြဲမှု ကြီးမားတဲ့ တရုတ်လူမျိုးရဲ့မျိုးချစ်စိတ်ဓာတ်ကို ဓနဥစ္စာနဲ့ မောင်းတင်ပေးဖို့ ကြိုးစား တယ်။ ခေတ်မီနည်းပညာကွန်ယက်တွေနဲ့ ချိတ်ဆက်ပြီး ဝါဒဖြန့်ချိရေးလုပ်ငန်းတွေကို လုပ်ဖို့ ကြိုးစားပါတယ်။ ချမ်းသာလာတဲ့ တရုတ်ဟာ နိုင်ငံတကာအရပ်ရပ်မှာ ရှိတဲ့ တရုတ်သံရုံးတွေအတွက် ရန်ပုံငွေကိုလည်း ပိုသုံးလာ နိုင်တဲ့အနေအထားမှာ ရှိနေပြီ။ ပြည်တွင်းကုန်ထုတ်လုပ်မှုမှာရော၊ ပြည်ပရောက် တရုတ်အမျိုးသားစီးပွားရေး သမားတွေဆီကရော ရရှိတဲ့ အခွန်တွေဟာ မြောက်မြားစွာ ရှိပါတယ်။ ဒီငွေတွေနဲ့ တရုတ်ဝိညာဉ်ကို ဆွဲစုဖို့ ကြိုး စားပါတယ်။ ပြည်တွင်းမှာ ကြိုးစားသလို၊ ပြည်ပမှာလည်း ကြိုးစားပါတယ်။

တရုတ်ပို့ကုန်

မော်စီတုန်းဟာ ယဉ်ကျေးမှုတော်လှန်ရေးကို ပြည်ပနိုင်ငံတွေဆီ တင်ပို့ဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် မအောင် မြင်ခဲ့ပါဘူး။ မြန်မာပြည်မှာလည်း ယဉ်ကျေးမှုတော်လှန်ရေးကို တင်ပို့ခံရဖူးတယ်။ ၁၉၆၄ ခုနှစ်လောက်မှာ မြန်မာ ပြည်တွင်း ယဉ်ကျေးမှုတော်လှန်ရေးကို တင်ပို့ဖို့ စတင်ကြိုးစားခဲ့တယ်။ ၁၉၆၇ တရုတ် – ဗမာ အဓိကရုဏ်းဟာ ထင်ရှားတဲ့သာဓကဖြစ်ပါတယ်။ တရုတ်ဟာ အခုလို ချမ်းသာလာတဲ့အခြေအနေမှ မဟုတ်ပါ ဘူး။ တရုတ်ပြည်ကြီး ဆင်းရဲငတ်ပြတ်နေတဲ့အချိန်မှာတောင် တရုတ်ပြည်တွင်းက တော်လှန်ရေးတွေကို ပြည်ပ နိုင်ငံတွေကို တင်ပို့ဖို့ ကြိုးစားခဲ့တယ်။ အခုလို ချမ်းသာကြွယ်ဝလာတဲ့ တရုတ်ဟာ ပြည်ပနိုင်ငံတွေကို ဘာတွေ တင်ပို့ဖို့ ကြိုးစားနေပါသလဲ။ ဘာတွေကို တင်ပို့နေပါသလဲ။

တရုတ်ဟာ တရုတ်အမျိုးသားရေးဝါဒကို ပြည်ပရောက် တရုတ်လူမျိုးတွေဆီ တင်ပို့နေပါသလား။ ဖြစ်နိုင်ချေ ရှိပါတယ်။ ဖြစ်နိုင်ချေရှိတဲ့ သာဓကတွေ များစွာရှိပါတယ်။ မြန်မာပြည်တွင်းက အဖြစ်တွေကိုချည်း လေ့လာဖို့ မလိုပါဘူး။ ပြည်ပနိုင်ငံအသီးသီးမှာ တရုတ်အစိုးရကျင့်သုံးတဲ့ ပြည်သူ့ဆက်ဆံရေးပေါ်လစီ (ပြည်သူ့ဆက်ဆံ ရေး မဟာဗျူဟာ) ကို လေ့လာဖို့ ကောင်းပါတယ်။

ကမ္ဘာအရပ်ရပ်ကို ကုန်ပစ္စည်းတွေ တင်ပို့နေတဲ့ တရုတ်ဟာ တရုတ်အမျိုးသားရေးဝါဒကို ကမ္ဘာ့အနှံ့အပြား ရောက်ရှိနေတဲ့ တရုတ်အမျိုးသားတွေဆီ တင်ပို့ဖို့ ကြိုးစားနေပါတယ်။ အောင်မြင်သင့်သလောက်လည်း အောင် မြင်နေတဲ့အနေအထားမှာ ရှိပါတယ်။ တရုတ်လူမျိုးဟာ ကမ္ဘာ့လူမျိုးများအကြားမှာ ရုပ်လက္ခဏာအားဖြင့် သီးခြားတည်ရှိနေပါတယ်။ မနုဿဗေဒပညာရှင်တွေဟာ တရုတ်လူမျိုးကို ကမ္ဘာ့လူမျိုးကြီးစာရင်းထဲမှာတောင် ထည့်ထားပါတယ်။ တရုတ်တွေရဲ့ ခန္ဓာကိုယ်အချိုးအစား၊ မျက်နှာသွင်ပြင်၊ အသားအရောင်တွေဟာ တရုတ် လူမျိုးတွေရဲ့အမှတ်လက္ခဏာဆိုတာ ပေါ်လွင်ပါတယ်။ ဒါ့ကြောင့် ကမ္ဘာအရပ်ရပ်မှာ ပျံ့နှံ့နေထိုင်နေတဲ့ တရုတ် သွေးသားတွေကို တရုတ်ပြည်မကြီးအနေနဲ့ ညှိ့နိုင်ဖို့ နည်းလမ်းတွေကို အမျိုးမျိုးအသုံးပြုပါတယ်။ ဒါဟာ တဖက်မှာလည်း တရုတ်အကျိုးစီးပွားကို ချဲ့ထွင်ဖို့ အခွင့်အလမ်းတွေလည်း ဖြစ်လာပါတယ်။

တိန်ရှောက်ဖိန်ရဲ့စုဘူး

ထူးခြားတဲ့ သာဓက တစ်ခုကို ပြောချင်ပါတယ်။ တိန့်ရှောင်ဖိန်ရဲ့အတွေးအခေါ် အယူအဆတစ်ခုဖြစ်ပါတယ်။ တရုတ်ပြည်ကြီးကို ကမ္ဘာကြီးနဲ့ တံခါးဖွင့်ကြိုဆိုဖို့ အရှိန်ယူနေတဲ့အချိန်မှာ တရုတ်လူငယ်တွေကို ပြည်ပနိုင်ငံ တွေဆီ ပညာတော်သင်တွေ စေလွှတ်ပါတယ်။ အစိုးရက လူငယ် အမြောက်အမြားကို ပညာတော်သင်စေလွှတ် တဲ့အခါ၊ စိုးရိမ်ချက် တစ်ခုရှိလာပါတယ်။ ပညာသင်ပြီး ပြည်တွင်းကို ပြန်ဝင်မလာမယ့် ပြဿနာဖြစ်ပါတယ်။ ဒီပြဿနာအပေါ်မှာ တိန့်ရှောင်ဖိန် မြင်တဲ့အမြင်က အရဲကိုးလွန်းရာကျပေမယ့်၊ တကယ်တော့ အသုံးဝင်ပါ တယ်။ တိန့်က ပြည်ပကို လူအမြောက်အမြားစေလွှတ်ပြီး ခေတ်မီပညာရပ်တွေကို သင်ကြားစေတယ်။ ပို့လိုက် တဲ့ လူတွေထဲက (၁၀) ရာခိုင်နှုန်းလောက်ပဲ ပြန်လာစေအုံးတော့… တရုတ်ပြည်ကြီးအတွက် အကျိုးရှိတယ်။ အလုပ်လုပ်လို့ရတယ်။

တိန့်ရှောင်ဖိန်က ဒီကိစ္စကို ရှုထောင့် (၂) မျိုးနဲ့ ချည်းကပ်တယ်။ တစ်မျိုးက – ပြည်ပရောက် တရုတ်လူမျိုး တွေကို ဆုံးရှုံးသွားတဲ့ ဦးနှောက်တွေလို့ မမြင်ဘဲ၊ ပြည်ပမှာ သိုလှောင်ထားတဲ့ ဦးနှောက် တွေလို့ မြင်ပါတယ်။ အသင်းအဖွဲ့တွေ၊ လုပ်ငန်းကုမ္ပဏီတွေမှာ အရေးပေါ်သုံးဖို့ Reserved Fund ထားသလို ဖြစ်ပါလိမ့်မယ်။ စုဘူးထဲ စုထားသလိုဖြစ်ပါလိမ့်မယ်။ ပင်လယ်ရပ်ခြားစုဘူးထဲက တရုတ်တွေလို့ ပြောလို့ရမယ် ထင်တယ်။
ပင်လယ်ရပ်ခြားမှာ တရုတ်အမျိုးသားတွေရဲ့ပညာတွေကို ပြည်ပမှာ သိုလှောင်ထားတယ်လို့ တိန့်ရှောင်ဖိန်က ယူဆတယ်။ တရုတ်ပြည်မှာ လုပ်လို့ မရသေးတာတွေ ပြည်ပမှာ လုပ်နေနှင့်ကြ။ တရုတ်ပြည်ထဲမှာ သင်လို့ မရ သေးတာတွေကို ပြည်ပမှာ သင်ယူပြီး လေ့ကျင့်တည်ဆောက်နေကြ။ ဒီလိုနဲ့ တဖြည်းဖြည်း တရုတ်ပြည်ကြီးက လိုအပ်လာရင် နိုင်ငံတကာက တရုတ်လူမျိုးတွေ သူတို့နိုင်ငံကို သူတို့ ပြန်လာရမှာ မုချဧကန်ပဲလို့ တွက်တယ်။ ဒီတွက်ဆမှုဟာ တရုတ်ခေါင်းဆောင်တိုင်းလိုလိုမှာ ရှိတယ်။ တရုတ်ခေါင်းဆောင်တွေဟာ ဘာလို့ အဲသည်လို တပ်အပ်ယုံကြည်ထားရဲတာလဲ… ယုံကြည်ထားနိုင်တာလဲ။ အကြောင်းအရင်းက နောက်ရှုထောင့်တစ်မျိုးမှာဖြစ် ပါတယ်။

ရှီကျင့်ဖျင်ဗျူဟာ

အဲဒါကတော့…. တရုတ်မျိုးချစ်စိတ်ဓာတ်ကို ယုံကြည်သက်ဝင်နေလို့ဖြစ်ပါတယ်။ တိန့်ရှောင်ဖိန်မှာ သိသာခဲ့တဲ့ ဒီအယူအဆဟာ အခု တရုတ်သမ္မတ ရှီကျင့်ဖျင်မှာလည်း တွေ့နေရပါတယ်။ ဒါပေမယ့် ရှီကျင့်ဖျင်က တစ်ဆင့် ပိုသွားပါပြီ။ အဲဒါကတော့ ပြည်ပရောက် တရုတ်တွေကို တရုတ်ပြည်ကြီးရဲ့အကျိုးစီးပွားကို ကမ္ဘာအနှံ့ချဲ့ထွင် ပေးမယ့် တမန်တော်တွေလို့ မြင်ပါတယ်။ ပြည်ပရောက် တရုတ်မျိုးချစ်အားလုံးဟာ တရုတ်အစိုးရရဲ့ ပြည်ပ ဆက်ဆံရေးကိုယ်စားလှယ်တွေ ဖြစ်နိုင်ပါတယ်။ တရုတ်တွေရဲ့ လူဦးရေတိုးပွားနှုန်းဟာ တဖြည်းဖြည်းမြင့်မား လာလို့ ပြည်ပမှာ သွားရောက်နေထိုင်တာ တရုတ်အတွက် ဝန်တောင် ပိုပေါ့ပါသေးတယ်။ တိန့်ရှောင်ဖိန်က အစ အခု ရှီကျင့်ဖျင် အဆုံး…. ယူဆထားတဲ့ ပြည်ပရောက်တရုတ်လူမျိုးတွေပေါ် အမြင်အယူအဆဟာ ပိုက်ဆံရှိတဲ့ တရုတ်အဖို့ ခွင်ကျယ်ကျယ်နဲ့ ကစားကွက် ပိုထွင်နိုင်မယ့် အခင်းအကျင်းဖြစ်လာပါတယ်။

ပြည်ပမှာ စီးပွားရှာကြမယ်။ ပြည်ပမှာ ပညာတွေ သင်ယူ၊ အလုပ်တွေ လုပ်ကြတယ်။ ဖခင်တရုတ်ပြည်ကြီးကို မမေ့နဲ့။ တစ်နှစ်တစ်ခါဖြစ်ဖြစ် ပြန်လာကြ။ နွှဲပျော်ကြ။ ရှေးဟောင်းနှောင်းဖြစ်တွေ ပြောကြဆိုကြ။ ဆွေမျိုးတွေ ပြန်လည်တွေ့ဆုံကြ။ ရင်းနှီးဖလှယ်ကြ။ ကမ္ဘာ့ကွန်ယက်ကြီးကို ချိတ်ဆက်ကြ။

တရုတ်ခေါင်းဆောင်တွေဟာ တရုတ်ပြည်ကြီး အကြောင်းကို ကောင်းကောင်း လေ့လာထားတာ သိသာလွန်း တယ်။ တရုတ်လူမျိုးအကြောင်း၊ တရုတ်သမိုင်းကြောင်းကို ကောင်းကောင်းနားလည်ထားတယ်။ တရုတ်လူမျိုး တွေဟာ ဘယ်ရောက်ရောက် ဘယ်ပေါက်ပေါက် ဇာတိမွေးရပ်ကို လွမ်းကြတယ်….. ဒေသအစားအစာတွေကို ခုံမင်ကြတယ်…၊ ရိုးရာထုံးတမ်းတွေကို အောင့်မေ့ကြတယ်….. ဆွေမျိုးဉာတိတွေကို တမ်းတကြတယ်…. ဒီလို စရိုက်တွေနဲ့ စွဲမြဲနေတဲ့ ဗီဇဓာတ်ခံကို တရုတ်ခေါင်းဆောင်တွေဟာ တရုတ်ပြည်ကြီးရဲ့အကျိုးစီးပွားကို ချဲ့ထွင် ဖို့ လက်နက်ကိရိယာတစ်ခုလို သုံးနိုင်တယ်။

မြန်မာအတွက် စဉ်းစားချက်

အခုဆိုရင် တရုတ်ဟာ ငွေလည်း ရှိလာပြီ။ ပညာလည်း ရှိလာပြီ။ နည်းပညာလည်း ရှိလာပြီ။ ကွန်ယက်တွေ လည်း ဖြန့်ကျက်ထားနိုင်ပြီ။ စိန်ခေါ်နိုင်စွမ်းလည်း ရှိလာပြီ။ ယဉ်ကျေးမှုအမျိုးသားရေးဩဇာကိုလည်း ချဲ့ထွင် လာနိုင်ပြီ။ ဒါဟာ သိပ်အဆန်းတကြယ် မဟုတ်လို၊ လျစ်လျှူရှုပစ်ပယ်ရမယ့်ကိစ္စလည်း မဟုတ်ပါဘူး။ ရှိပြီးသား ကို နိုင်ငံ့အကျိုးစီးပွားအတွက် အသုံးချနိုင်တာကိုက ချီးကျူးရမှာဖြစ်ပါတယ်။ ဒါတွေကို နားလည်ပြီး အနာဂတ် မှာ မြန်မာနိုင်ငံအတွက် ဘယ်လို သက်ရောက်မှု ရှိလာနိုင်ပါသလဲ….။
တရုတ်ရဲ့အမျိုးသားရေးဝါဒ ပို့ကုန်ဟာ မြန်မာပြည်အတွင်းမှာ ဘယ်လောက် အတိုင်းအတာထိ ရောက်ရှိနေပြီ လဲ။ ဒါကို ထည့်သွင်းစဉ်းစားရပါမယ်။ သုတေသနပြုလေ့လာချက်တွေ လုပ်ရပါမယ်။

တရုတ်မှာ မွေးလာကတည်းက ဗီဇဓာတ်ခံထဲမှာ မျိုးချစ်စိတ် ကိန်းဝပ်နေသလို၊ မြန်မာမှာလည်း မွေးလာက တည်းက မျိုးချစ်စိတ်ဆိုတာ ကိန်းအောင်းနေပါတယ်။ မျိုးချစ်စိတ်ဆိုတာက နေရင်းထိုင်ရင်း ထကြွနေတတ်တာ မဟုတ်ပါဘူး။ ဆိုင်ရာဆိုင်ရာနဲ့ ထိတွေ့မှ နိုးထ ထကြွလာတတ်တဲ့သဘောရှိပါတယ်။ တရုတ်လွှမ်းမိုးမှုအားကြီး နေတဲ့ မြန်မာပြည်မှာ မြန်မာအမျိုးသားရေးစိတ်တွေ အုံကြွလာတတ်တာကို မကြာမကြာတွေ့နေရပါတယ်။ နောင်များမှာလည်း ခပ်စိပ်စိပ်တွေ့လာရမယ် ထင်ပါတယ်။ ဒါဟာ ဘာ့ကြောင့်ဖြစ်နိုင်ပါသလဲ။

တပ်အမြင်

တရုတ်အပေါ် အမြင်မကြည်တဲ့ ကိစ္စဟာ…. မြန်မာပြည်သူလူထုထဲမှာတင် ရှိတာ မဟုတ်ပါဘူး။ မြန်မာ့တပ် မတော်ထဲမှာလည်း ရှိပါတယ်။ တရုတ်အပေါ် သဘောထားရမယ့် သဘောထားအမြင်ကိစ္စကို ၊ မြန်မာပြည်သူ တွေထက် တပ်က ပိုစဉ်းစားပါတယ်။ လက်ရှိ မြန်မာ့နိုင်ငံရေးခေါင်းဆောင်တွေထပ် တပ်က ပိုပြီးစဉ်းစားတယ် လို့ ပြောရင်လည်း မှန်နိုင်ပါတယ်။ ဘာလို့လဲဆိုတော့ တပ်ကိုယ်တိုင်က တရုတ်လောင်းရိပ်အောက်ကနေ လွတ် ချင်ပါတယ်။ တရုတ်ကို မချစ်သော်လည်း အောင့်ခါနမ်းရပေမယ့် တရုတ်နဲ့ မပေါင်းဖက်ချင်ပါဘူး။ ဒါပေမယ့် အကျိုးစီးပွားချင်း ချည်ပြီးတုပ်ပြီးဖြစ်နေတော့ ဘယ်လိုပေါင်းရမလဲဆိုတာကိုသာ တပ်က အဓိက စဉ်းစားပါ တယ်။ အကယ်၍ အခွင့်ရရင် တရုတ်ရင်ခွင်ထဲက ခွာဖို့ အမြဲတမ်းအားထုတ်တာတွေ့ရပါတယ်။ တပ်အတွက် မဟာဗျူဟာ စဉ်းစားချက်ထဲမှာ ဘယ်နိုင်ငံတွေ ပါဝင်နေပါသလဲ။ ထားတော့။

တရုတ် – မြန်မာ အကြား

မြန်မာတွေဟာ တရုတ်တွေနဲ့ တွေ့ရင် မျိုးချစ်စိတ်ပေါ်တတ်တယ်။ အထူးသဖြင့် ခပ်ကြွားကြွားလုပ်တဲ့ တရုတ် လူမျိုးတွေကို တွေ့ရင် မြန်မာတွေက မျက်စိစပါးမွှေးစူးတယ်။ အကြောင်းဟာ ဘာ့ကြောင့်ဖြစ်နိုင်ပါသလဲ။ အခြေခံစဉ်းစားချက်ကို နိုင်ငံရေးဘောဂဗေဒ ထောင့်ကနေကြည့်ဖို့ ပြောချင်ပါတယ်။

ကိုလိုနီခေတ်မှာ စီးပွားရေးအရ အခွင့်ထူးခံရနေတဲ့ တရုတ် ၊ ကုလားကို မြန်မာတွေ အမြင်မကြည်ကြသလိုမျိုး ပဲဖြစ်ပါတယ်။ ဌာနနိုင်ငံသားတွေဖြစ်တဲ့ မြန်မာတွေဟာ တရုတ်တွေနဲ့ နှိုင်းယှဉ်ရင် ဆင်းဆင်းရဲရဲ ချို့ချို့ငဲ့ငဲ့နေ နေကြရတယ်။ မြန်မာပြည်တွင်း ဓနဥစ္စာစီးဆင်းမှုဟာ တစ်ဖက်စောင်းနင်းနိုင်နေတယ်။ ဓနဥစ္စာခွဲဝေမှု မညီမျှ ဘူး။ အကျိုးစီးပွားတွေက တရုတ်တွေဆီမှာပဲ အသာစီးရတယ်။ စစ်အစိုးရအုပ်ချုပ်မှုလက်ထက်မှာ နိုင်ငံတကာ လုံခြုံရေးအရ တရုတ်နဲ့ ကျောချင်းကပ်လိုက်ရင်း ဆုံးရှုံးလိုက်ရတဲ့ ကိစ္စဖြစ်ပါတယ်။ တဖက်မှာလည်း အုပ်ချုပ်မှု ညံ့ဖျင်းလို့ ခြစားမှု လာဘ်စားမှုဖြစ်ပြီး တရုတ်တွေဟာ အခွင့်ထူးခံဖြစ်ကုန်ကြတယ်။ ဒီလိုနဲ့ မြန်မာ့လူ့အဖွဲ့ အစည်းအတွင်းမှာ တရုတ်နဲ့ မြန်မာအကြားမှာ ဆင်းရဲချမ်းသာ ကွာဟမှု ကြီးမားလာတယ်။ နယ်စပ်မျဉ်းတွေကို အလျှိုလျှိုဖောက်လိုက်တဲ့အခါမှာ တရုတ်လူဝင်နှုန်းက ပိုများလာတယ်။ ပိုမြင့်လာတယ်။
နယ်စပ်ဘက်ကနေ တရုတ်လူဝင်မှုနဲ့ပတ်သက်ပြီး မြန်မာက သတိထားရမယ့် ပြည်နယ်တွေ ရှိပါတယ်။ အများဆုံးက ရှမ်းပြည်ဖြစ်ပါတယ်။ နောက်တစ်ခုက ကချင်ပြည်နယ်ဖြစ်ပါတယ်။ နောက်တစ်ခုက ကရင်ပြည် နယ်ဖြစ်ပါတယ်။ မန္တလေးနဲ့ ရန်ကုန်ကတော့ ထူးထွေပြီး ပြောစရာ မဟုတ်ပါ။ တရုတ်လူပျံ့နှံ့မှု ရှိထားပြီးသား ဖြစ်နေပါပြီ။ မန္တလေးကိုတောင် တရုတ်ရဲ့မြို့တော်လို့ သုံးနှုန်းနေကြတဲ့အထိ ဆိုးရွားနေပါတယ်။

မြန်မာလူမျိုးတွေရဲ့သွေးသားထဲမှာ နှစ်ဝင်နေတဲ့ အမျိုးသားရေးစိတ်နဲ့ တရုတ်က တင်ပို့လာတဲ့ တရုတ်အမျိုး သားရေးဝါဒအကြားမှာ ပဋိပက္ခတွေ ဖြစ်လာနိုင်ပါသလား။ ပေါ်လစီဘီကာခွက်ကို ချိန်စပ်နေတဲ့ ခေါင်းဆောင် တွေအဖို့ ဘယ်လိုတုံ့ပြန် ပြင်ဆင်ထားကြပါမလဲ။ လူ့အဖွဲ့အစည်းအတွင်းမှာ လူတန်းစားအလွှာတွေ၊ လူမျိုး တွေ၊ အကျိုးစီးပွားတွေ၊ ကိုယ်စားပြုမှုတွေကို မျှခြေမှာ ထိန်းမထားနိုင်ရင် စည်းတွေ ကျိုးပေါက်ပြီး ထိန်းမနိုင် သိမ်းမရဖြစ်တတ်ပါတယ်။

ဒီအရေးကိစ္စကို ထည့်သွင်းစဉ်းစားစေဖို့ ရေးသားတင်ပြလိုက်ပါတယ်….

မင်းသေ့
ည ၉ း ၁၅
၂၄ ၊ အောက်တိုဘာ ၊ ၂၀၁၉ ။
ရန်ကုန်မြို့။

Previous post တရုတ်၏ ဆူးကြီး သုံးချောင်း (သို့) တီ သုံး တီ
Next post ကျနော် မေးမယ်