တရုတ်ပြည်မှာ ယခုအချိန်အထိ နှစ်ဝင်နေတဲ့ ဆူးကြီး သုံးချောင်းရှိတယ်။ အင်္ဂလိပ်လို တီသုံးတီ လို့ခေါ်ကြတယ်။

(၁) တရုတ်ထိုင်ဝမ် (Taiwan)
(၂) တီယံမင် (Tiananmen)
(၃) တိဘက် (Tibet)
အရေးကိစ္စ သုံးခုဖြစ်တယ်။

(၁) တရုတ် တိုင်ပေ

၁၈၈၅ ခုနှစ်မှာ၊ ဂျပန်က တရုတ်နဲ့ စစ်ဖြစ်ပြီး ထိုင်ဝမ်ကျွန်းကို ကိုလိုနီနယ်မြေအဖြစ် သိမ်းတယ်။ ဂျပန်နဲ့ စစ်ပြေငြိမ်းရေးစာချုပ်မှာ၊ တရုတ်ရဲ့ အချုပ်အခြာအာဏာပိုင်နယ် မြေအဖြစ် မဖော်ပြဘူး။ လက်ဆောင်ပဏ္ဍာဆက် နယ်မြေအဖြစ်သာ ဖော်ပြခဲ့တယ်။ ၁၉၄၅ ခုနှစ်၊ ဒုတိယ ကမ္ဘာစစ်ပွဲမှာ ဂျပန်စစ်ရှုံးတော့ ထိုင်ဝမ်ကျွန်းကို တရုတ်ပြည်မကြီး က ပြန်ရသွားတယ်။


တရုတ်ပြည် ကြိုးပမ်းမှု ကာလမှာ တော်လှန်ရေးအုပ်စု နှစ်စု ရှိပါတယ်။ တရုတ်နီ (ကွန်မြူနစ်တရုတ်/ယခု ဘေဂျင်းအစိုးရ) နဲ့ တရုတ်ဖြူ (ကူမင်တန်တရုတ်/ ချန်ကေရှိတ်အစိုးရ – ယခု ထိုင်ဝမ် အစိုးရ) တို့ ဖြစ်ပါတယ်။ လွတ်လပ်ရေး ကြိုးပမ်း ကြတုန်းက ပေါင်းစည်းခဲ့ပြီးတော့၊ လွတ်လပ်ရေးရပြီးတဲ့ အခါမှာ ပြည်တွင်းစစ်ဖြစ် တယ်။ အဲ့ဒီမှာ မော်စီတုန်းဦးဆောင်တဲ့ ကွန်မြူနစ်တရုတ်နီတွေ အနိုင်ရရှိပြီး ချန်ကေ ရှိတ် တရုတ်ဖြူတပ်တွေက ထိုင်ဝမ်ကျွန်းကို ထွက်ပြေးသွားတယ်။ အဲ့ဒီအချိန်ကစပြီး အမေရိကန်ရဲ့ အကာအကွယ်ပေးမှုနဲ့ ထိုင်ဝမ်ကျွန်းမှာ ကိုယ့်စနစ်နဲ့ကိုယ် နိုင်ငံအဖြစ် ထူထောင်တဲ့အခါ တရုတ်တိုင်ပေ ဖြစ်လာတယ်။ စစ်ရှုံးပြီး ထွက်ပြေးခဲ့တဲ့ ချန်ကေရှိတ် ဟာ တရုတ်ပြည်ကြီး တစ်ခုလုံးအတွက် ထိုင်ဝမ်ကျွန်းပေါ်မှာ၊ တရုတ်သမ္မတနိုင်ငံအဖြစ် စင်ပြိုင်အစိုးရထောင်ခဲ့တယ်ဆိုတဲ့ သဘောဖြစ်ပါတယ်။

စစ်အေးကာလအစ၊ ကုလသမဂ္ဂကြီးပေါ်ပြီးနောက်ပိုင်း၊ လုံခြုံရေးကောင်စီမှာ ပါတဲ့ တရုတ်နိုင်ငံဆိုတာ၊ ပြည်မကြီး တရုတ်နိုင်ငံ မဟုတ်ပါဘူး။ တရုတ်တိုင်ပေကို ပြောတာ ပါ။ ဒါပေမယ့် မော်စီတုန်းတို့နဲ့ နစ်ဆင်တို့ စေ့စပ်ညှိနှိုင်းရေးလုပ်တဲ့အခါ ဘေဂျင်းနဲ့ ဝါရှင်တန်အစိုးရတို့ မဟာမိတ်ဖြစ်လာတယ်။ အဲ့ဒီကစပြီး လုံခြုံရေးကောင်စီမှာ အဖွဲ့ဝင် ဖြစ်လာတာက၊ ပြည်မကြီး တရုတ် ဖြစ်လာပါတယ်။ တိတိကျကျပြောရရင် ၁၉၇၂ ခုနှစ်၊ ပေကျင်းခရီးစဉ်မတိုင်မီအထိသာ တရုတ်တိုင်ပေကို တရုတ်တဲ့ တရားဝင်အစိုးရအဖြစ် အမေရိကန်နဲ့ အခြားနိုင်ငံတွေက အသိအမှတ်ပြုခဲ့တာ ဖြစ်ပါတယ်။

တရုတ်နိုင်ငံက တရုတ်ပြည် တစ်ပြည်တည်းရှိသည် ဆိုသည့် ဝါဒ ကို လက်ကိုင်ထား တယ်။ တရုတ် တိုင်ပေရဲ့ ငြိမ်းငြိမ်းချမ်းချမ်း ပေါင်းစည်းရေးကို လိုလားတယ်။ ဒါ့ကြောင့် လည်း တစ်နိုင်ငံ၊ စနစ် နှစ်မျိုး လို့ ကြွေးကြော်ထားတယ်။ တိုင်ပေကို တရုတ်ပြည်မ ကြီး အတွင်းကို သိမ်းသွင်းဖို့ အမြဲ လုပ်ဆောင်နေတယ်။ တိုင်ပေအရေးမှာ အမေရိကန် ဝင်ရောက် စွက်ဖက်တာကို မလိုလားဘူး။ ဒီလိုပဲ အမေရိကန်က တိုင်ပေနဲ့ ပြည်မကြီး တို့ ပေါင်းစည်းရေးကို မလိုလားပြန်ဘူး။ သူ့အကျိုးစီးပွားရေး ရှိနေလို့ ဖြစ်ပါတယ်။

တရုတ်တွေက ရေတပ်အင်အားကို တိုးချဲ့လာလို့ အမေရိကန်တွေကလည်း တည်ငြိမ် ရေး၊ ဒေသလုံခြုံရေးလို ပြောပြီး ရေတပ်ကို တိုးချဲ့တယ်။ ပစိဖိတ်ဒေသတွင်းမှာ အမေ ရိကန်နဲ့ သိပ်နီးတဲ့ နိုင်ငံတွေအပေါ် တရုတ်ဩဇာ လွှမ်းမိုးသွားမှာကို ကာကွယ်တဲ့အနေ နဲ့ အမေရိကန်က ပစိဖိတ်ဒေသအပေါ်မှာ အစီအစဉ်တွေ အများကြီးကို လုပ်ဆောင်နေ တယ်။ ပစိဖိတ်ဒေသတွင်းမှာ အမေရိကန်နဲ့ နိုင်ငံခြားရေးရာ နီးစပ်တဲ့ ဒေသ/ နိုင်ငံတွေ က ဂျပန်၊ တောင်ကိုရီးယား၊ ထိုင်ဝမ်၊ ဖိလစ်ပိုင်၊ စင်္ကာပူ စတဲ့ နိုင်ငံတွေ ဖြစ်ပါတယ်။ တရုတ်တိုင်ပေကိစ္စမှာ ဘေဂျင်းအစိုးရက ထိုင်ပေကို ပိတ်ဆို့တာတို့၊ သိမ်းပိုက်တာတို့ လုပ်လာရင်၊ တရုတ်နဲ့ အမေရိကန် ထိပ်တိုက်တွေ့လာမှာ မုတ်ချပဲ။ ဒါကို နှစ်ဖက်စလုံး ကလည်း သိနေတယ်။ သတိထားပြီး ချည်းကပ်နေတဲ့ သဘောမှာ ရှိပါတယ်။

ကျုပ်တို့က “ထိုင်ဝမ် လွတ်လပ်ရေး” ကို ကြွေးကြော်တဲ့ ဘယ်လူပုဂ္ဂိုလ် ဘယ်ပါတီနဲ့မှ ဘာစေ့စပ်ဆွေးနွေးမှုမှ မလုပ်ဘူး…

ကျူရုံကျီ ဝန်ကြီးချုပ်ဘဝ ထိုင်ဝမ်ရွေးကောက်ပွဲတစ်ခုပြီးနောက် ပြောသည့်စကား
စာ – ၄၄၆ / ကျန်ဇီမင်း (သို့) တရုတ်ပြည်ကို ပြောင်းလဲခဲ့သူ – တော်ကောင်းမင်း

ရေလက်ကြားကမ်းနှစ်ဖက်ရဲ့ စေ့စပ်ဆွေးနွေးမှုသာ အခြေခံတစ်ခု ဖြစ်ခဲ့ပြီး တရုတ် တစ်နိုင်တံတည်းမူဝါဒကိုသာ လက်ခံခဲ့ရင် ဘယ်ကိစ္စကို မဆို ဆွေးနွေးနိုင်ပါတယ်…

သမ္မတ ကျန်ဇီမင်း၏ ပြောစကား
စာ – ၄၄၆ / ကျန်ဇီမင်း (သို့) တရုတ်ပြည်ကို ပြောင်းလဲခဲ့သူ – တော်ကောင်းမင်း

ကျန်ဇီမင်းက သူ့၏ အတွင်းပိုင်းမိန့်ခွန်း တစ်ခုတွင် “ထိုင်ဝမ် လွတ်လပ်ရေးကို ထောက် ခံသည့် နိုင်ငံရေးသမားများ” ကို ကျွန်စိတ်ပေါက်နေသည့် အမေရိကန် ကိုးကွယ်သူများ ဟု ပြင်းပြင်းထန်ထန် ရှုတ်ချဖူးသည်။ ထို့နောက် “ထိုင်ဝမ် နိုင်ငံရေးသမား တော်တော် များများဟာ အမေရိကန် ပြောသမျှ “ဟုတ်ကဲ့” ချည်း ထူးနေကြပြီး ပြည်မကြီးက ပြော သမျှကိုတော့ “ဘူး” ချည်းပဲ ခံနေကြတယ်… ဟု ပြောခဲ့ပြန်သည်။

စာ – ၄၄၇ / ကျန်ဇီမင်း (သို့) တရုတ်ပြည်ကို ပြောင်းလဲခဲ့သူ – တော်ကောင်းမင်း

တိုင်ပေရဲ့ ဒီမိုကရေစီ

၁၉၄၉ ခုနှစ်၊ ထိုင်ဝမ်ကျွန်းမှာ စင်ပြိုင်အစိုးရထူထောင်စဉ်ကတည်းက တရုတ်တိုင်ပေ ကို ချန်ကေရှိတ်က စစ်အုပ်ချုပ်ရေးနဲ့ အုပ်ချုပ်ခဲ့တယ်။ စစ်အုပ်ချုပ်ရေးဟာ ဆယ်စုနှစ် လေးခု ကြတယ်။ အဲ့ဒီကာလအတွင်းမှာ ဘယ်နိုင်ငံရေးပါတီကိုမှ တရားဝင် ခွင့်ပြုမပေး ခဲ့ဘူူး။ ၁၉၈၀ နောက်ပိုင်းမှာ စစ်အုပ်ချုပ်ရေးကို ဆန့်ကျင်တဲ့ နိုင်ငံရေးအတိုက်အခံ အင် အားစု အားကောင်းလာတယ်။ ၁၉၈၆ ခုနှစ် စက်တင်ဘာလမှာ ပထမဆုံးအတိုက်အခံ နိုင်ငံရေးပါတီ “ဒီမိုကရက်တစ် တိုးတက်ရေးပါတီ ” ကို တရားမဝင် ဖွဲ့စည်းနိုင်ခဲ့တယ်။

၁၉၈၇ ခုနှစ်၊ ဇွန်လ ၁၂ ရက်မှာ၊ အတိုက်အခံပါတီ ဦးဆောင်တဲ့ အမျိုးသားလုံခြုံရေး ဥပဒေ ဆန့်ကျင်တဲ့ လူထုလှုပ်ရှားမှုပေါ်လာတယ်။ အမေရိကန်လွှတ်တော်ရဲ့ ဖိအားပေး မှုကြောင့်၊ ဇွန်လ ၁၄ ရက်နေ့မှာပဲ စစ်အုပ်ချုပ်ရေးကို ရုပ်သိမ်းပေးလိုက်ရတယ်။ ဒါနဲ့ တစ်ပြိုင်နက်တည်းမှာ အတိုက်အခံပါတီတွေ တရားဝင်ဖြစ်လာပြီး၊ တရုတ်ပြည်သစ် ပါတီနဲ့ ထိုင်ဝမ်လွတ်လပ်ရေးပါတီတို့ ဆက်လိုက်ဆိုသလို ပေါ်လာတယ်။ အာဏာရ ပါတီ ဖြစ်တဲ့ ကူမင်တန် ပါတီနဲ့ အတိုက်အခံနိုင်ငံရေးပါတီတို့ စေ့စပ်ညှိနှိုင်းရေးတွေ လုပ်ကြတယ်။ အခြေခံဥပဒေပြင်ဆင်ရေးအတွက် ဘုံသဘောတူညီချက်တွေရတယ်။

၁၉၉၂ ခုနှစ်မှာ၊ အမျိုးသားလွှတ်တော်ရွေးကောက်ပွဲ ကျင်းပနိုင်ခဲ့တယ်။ ၁၉၉၅ ခုနှစ်မှာ တိုက်ရိုက်သမ္မတ ရွေးကောက်ပွဲ ကျင်းပတယ်။ အဲ့ဒီမှာ သမ္မတနဲ့ ဒုတိယ သမ္မတို့ကို တိုက်ရိုက်ရွေးကောက် တင်မြှောက်နိုင်ခဲ့ တယ်။ သမ္မတက လီတန်ဟွီး ဖြစ်တယ်။

လီတန်ဟွီးက အမျိုးသားရေးဝါဒကို လှုံ့ဆော်ပြီး သမ္မတဖြစ်လာတာ။ လီက တရားဝင် သဘောနဲ့ လွတ်လပ်ရေးကို မကြေညာပေမယ့် လွတ်လပ်ရေးကို တစ်နည်းနည်းနဲ့ လူ အများလက်ခံလာအောင် လုပ်ချင်စိတ်ရှိတယ်။ လီက ထိုင်ဝမ်မှာမွေးတဲ့ ထိုင်ဝမ်သား စစ်စစ်ဖြစ်တယ်။ ဂျပန်စကားကို ရေရေလည်လည် ပြောတတ်တယ်။ ဂျပန်နိုင်ငံက တရုတ်မုန်းတီးရေးဝါဒီတွေနဲ့ အကျွမ်းတဝင် ဆက်ဆံရေးရှိတယ်။

ထိုင်ဝမ်ရွေးကောက်ပွဲ နောက်ပိုင်း ၁၉၉၅ – ၉၆ ခုနှစ်မှာ ဘေဂျင်းက ထိုင်ဝမ်ရေလက် ကြားမှာ ဒုံးပျံတွေ စမ်းသပ် ပစ်လွှတ်တယ်။ အမေရိကန် သမ္မတ ဘီကလင်တန်က လေ ယာဉ်တင်သင်္ဘော (၂) စင်းလွှတ်ပြီး၊ သတိပေးတယ်။ နှစ်ဖက်စလုံး ပြန်တည်ငြိမ်သွား တယ်။

၂၀၀၀ ခုနှစ် သမ္မတရွေးကောက်ပွဲမှာ၊ သမ္မတဖြစ်လာသူက ချန်ရွှေဗျန်း ဖြစ်တယ်။ ချန် ရွှေဗျန်းက ဘေဂျင်းကို ကြမ်းရှရှအမြင်နဲ့ ကြည့်သူ ဖြစ်တယ်။ တိုင်းပြည်ကို “တရုတ် တိုင်ပေ” လို့ ပြင်ဖို့နဲ့ ကုလသမဂ္ဂ အဖွဲ့ဝင်ဖြစ်ခွင့် ကို ပြန်လည်လျှောက်ထားဖို့ လှုံ့ဆော်တယ်။

၂၀၁၅ ခုနှစ်မှာ ကျင်းပတဲ့ တရုတ်အမျိုးသားပြည်သူ့ကွန်ဂရက်က၊ အစိုးရအဖွဲ့ကို “တရုတ်တိုင်ပေဟာ ပြည်မကြီးက ခွဲထွက်ဖို့ ကြိုးစားတယ်လို့ ယူဆရင်၊ စစ်အင်အားသုံး ဟန့်တားပိုင်ခွင့်ကို အပ်နှင်းလိုက်တယ်။ အစိုးရအဖွဲ့ကို တိုင်ပေ ခွဲထွက်ရေး လှုပ်ရှားမှု တွေ့ရင် ဘယ်နည်းနဲ့မဆို တားဆီးပါလို့ ပြောလိုက်တာနဲ့ အတူတူပါပဲ။ အဲ့ဒီ့နောက်ပိုင်း တရုတ်ကမ်းရိုးတန်းမှာ ဒုံးပျံ တစ်ရာစီ ချထားခဲ့ရာကနေ၊ တာတိုပစ် ဒုံးပျံ တစ်ထောင် နီးပါးအထိ တိုးပြီး ဘေဂျင်းအစိုးရက တပ်ဆင်တယ်။ ဘေဂျင်းအစိုးရမှာ တရုတ်စစ်သား ၁.၄ သန်း ရှိတယ်။ အဲ့ဒီအထဲက စစ်သား ၄ သိန်းလောက်ကို ထိုင်ဝမ်အနီးမှာ စခန်းချထားတယ်။ တိုင်ပေမှာက စစ်သား ၁၃၀,၀၀၀ ရှိတယ်။ ပင်တဂွန်က အမေရိကန် လွှတ်တော်ကို တင်ပြတဲ့ အစီရင်ခံစာ ၂၀၀၇ အရ၊ ဘေဂျင်းအစိုးရမှာ တိုက်လေယာဉ် ၁၅၅၀ စင်းရှိတဲ့ အနက် ၄၂၅ စင်းကို တိုင်ဝမ်အနီးမှာ တပ်စွဲထားတာတွေ့ရတယ်။ တိုင် ပေမှာက တိုက်လေယာဉ် ၃၃၀ စင်းပဲ ရှိတယ်။ တိုင်ပေရေတပ်ရဲ့ ဖျက်သင်္ဘော ၄ စင်း နဲ့ တိုက်သင်္ဘော ၂၂ စင်းတို့က အရှေ့အာရှနဲ့ တောင်တရုတ်ပင်လယ်ပင်ကို ဖြန့်ကျက် ထားတဲ့ တရုတ် ဖျက်သင်္ဘော ၁၁၆ စင်း၊ တိုက်သင်္ဘော အစင်း ၄၀ တို့နဲ့ ရင်ဆိုင်နေရ တဲ့ အနေအထားမှာ ရှိတယ်။
တရုတ်တိုင်ပေဘက်က၊ သူတို့ လုံခြုံရေးကို အမေရိကန်က ကာကွယ်ပေးလိမ့်မယ်လို့ ယူဆပြီး ကာကွယ်ရေး စာရိတ် တိုးမြှင့်တာတို့၊ စစ်ရေးစွမ်းရည် မြှင့်တာတို့ကို ဦးစားပေး ပြီး လုပ်ပုံမရဘူး။ တစ်ဖက်မှာလည်း ဘေဂျင်းအစိုးရက တိုင်ပေအနေနဲ့ အမေရိကန်ရဲ့ စောင့်ရှောက်မှု ဘယ်လောက်ပင် ယူထားယူထား တရုတ်ရေတပ်ရဲ့ ရေငုတ်သင်္ဘော တွေရဲ့ စွမ်းအားကို မသိမသာ ပြသလေ့ရှိတဲ့သဘောကို တွေ့ရတယ်။

တရုတ်တိုင်ပေမှာ လူဦးရေ ၂၃ သန်းလောက်ရှိတယ်။ တိုင်ပေ ၁ သန်းလောက်က တရုတ်ပြည်မကြီးဘက်မှာ နေထိုင်တယ်လို့ ဘေဂျင်းအစိုးရက ခန့်မှန်းတယ်။ ပြည်မကြီး နဲ့ တိုင်ပေရဲ့ ကုန်သွယ်ရေး၊ ရင်းနှီးမြုပ်နှံမှုက အတော်ကြီးတယ်။ တိုင်ပေမှာ ရင်းနှီးမြုပ်နှံမှုအများဆုံးကုမ္ပဏီစာရင်းမှာ ပြည်မကြီးဘက်က ကုမ္ပဏီတွေ ပါတယ်။ ကုန်သွယ်ရေး မှာ နှစ်ဖက်က တိုက်ရိုက်ဆက်သွယ်တာ မဟုတ်ပါဘူး။ ဟောင်ကောင်တို့၊ ဒူဘိုင်းတို့ ကနေ တစ်ဆင့် ဆက်သွယ်ရေး လုပ်ကြရတာပါ။ ၂၀၁၆ ခုနှစ်မှာ တရုတ် – တိုင်ပေ ကုန်သွယ်ရေးဟာ ဒေါ်လာ ၁၀၈ ဘီလီယံ လောက် ရှိမယ်လို့ သိရတယ်။ ဒါက တိုင်ပေ ကုန်သွယ်ရေးကဏ္ဍရဲ့ ၂၆ % ရှိတယ်လို့ ဆိုရမယ်။

ထိုင်ဝမ်နဲ့ ပတ်သက်ပြီး တရုတ်အစိုးရက တရုတ်ရဲ့ပြည်နယ်တစ်ခုအဖြစ် စာရင်းထည့်ပြီး ဖော်ပြတယ်။ တရုတ် သံရုံးထုတ် တရုတ်အစိုးရအာဘော်နဲ့ ဖြန့်ချိပုံနှိပ်ထားတဲ့ တရုတ်ပြည်အကြောင်းမှတ်တမ်းစာအုပ်၊ စာစောင်တွေ မှာ ထိုင်ဝမ်ကို ပြည်နယ်လို့ သတ်မှတ်ဖော်ပြတယ်။ တရုတ်ပြည်မကြီးနဲ့ ထိုင်ဝမ်က ၁၉၉၀ တစ်ဝိုက်မှာ ကုန်သွယ်မှုဆက်ဆံရေးကို ညှိနှိုင်းလုပ်ဆောင်နိုင်ခဲ့တာတွေ့ရတယ်။ အခုဆိုရင် နိုင်ငံရေးအရဆိုတာထက် စီးပွားရေးအရ၊ ကုန်သွယ်မှုအရ၊ ရင်းနှီးမြုပ်နှံမှုအရ တရုတ်နဲ့ ထိုင်ဝမ်ဟာ ပိုပြီး နီးကပ်တဲ့ဆက်ဆံရေး အခြေ အနေမှာ ရှိနေပါတယ်။

(၂) တီယံမင်

လီကွမ်ယုက တီယံမင်ကိစ္စနဲ့ပတ်သက်ပြီး မှတ်ချက်ပေးဖူးတာရှိတယ်။ “တရုတ်နိုင်ငံက လစ်ဘရယ် ဒီမိုကရေစီနိုင်ငံဖြစ်လာစရာ အကြောင်းမရှိဘူး။ တကယ်လို့ ဖြစ်ခဲ့ရင်၊ တရုတ်နိုင်ငံ ပြိုကွဲသွားမှာပဲ။ ကျွန်တော့အဖို့ ဒါက ကျိန်းသေပဲ။ တရုတ် ပညာရှင် လူတန်းစားကလည်း ဒီလိုပဲ နားလည်ထားတယ်။ တရုတ်နိုင်ငံမှာ ဒီမိုကရေစီ တော်လှန်ရေးအမျိုးအစားတစ်ခု ဖြစ်လာစရာရှိတယ်လို့ ခင်ဗျားယုံကြည်ရင်တော့ ခင် ဗျား မှားပြီ၊ တီယံမင်ရင်ပြင်က ကျောင်းသားတွေ အခု ဘယ်ရောက်သွားပြီလဲ။ သူတို့ က အခြေအနေနဲ့ အံချော်နေတယ်။”


လီကွမ်ယုကို ဒီမိုကရေစီခေါင်းဆောင်လို့ ခေါင်းစဉ်တပ်လို့ မရပေမယ့်၊ ဖွံ့ဖြိုးမှုဗေဒမှာ သူ့အယူအဆတွေကို ငြင်းပယ်ဖို့ ခက်ပါတယ်။ လီကွမ်ယုရဲ့လုပ်ရပ်တွေဟာ ဒီမိုကရေစီနှုန်းစံ ချို့တဲ့ချင် ချို့တဲ့ပါလိမ့်မယ်။ သို့ပေမယ့် လက်တွေ့ဝါဒီတို့အဖို့ အသုံးဝင်တယ်။ တိန့်ရှောင်ဖိန်ကိုယ်တိုင်က သူ့နိုင်ငံတိုးတက်ဖို့ လုပ်ဆောင်ရာမှာ စင်္ကာပူကို အတုယူဖို့ ဆော်ဩတိုက်တွန်းခဲ့သေးတယ် မဟုတ်လား။ တိန့်ရှောင်ဖိန်က လီကွမ်ယုနဲ့တွေ့တုန်းက ပြောခဲ့ဖူးသေးတယ်။ သူ့မှာက စင်္ကာပူလိုမြို့ပြလေးတစ်ခုတည်း မဟုတ်ဘူး…တဲ့။ အများကြီးရှိတယ်။ ဒါ့ကြောင့် တရုတ်အနေနဲ့ အတော်ကြီးရုန်းထကြိုးစားရအုံးမယ့်သဘော ပြောခဲ့တယ်။ ဒါ့ကြောင့် တိန့်ရှောင်ဖိန်ဟာ ဒီမိုကရေစီရေးထက် ဖွံ့ဖြိုးရေးကို သူရွေးချယ်ခဲ့တယ်။ တီယံမင်ကိစ္စဖြစ်ပြီးတဲ့ နောက် ၁၉၉၃ မှာ ကျန်ဇီမင်းက တရုတ်သမ္မတဖြစ်လာတယ်။ တိန့်ရှောင်ဖိန်တော့ မသေသေးဘူး။ တိန့်ရှိသေးတယ်။ ၁၉၈၉ အဖြစ်အပျက်ဟာ တိန့်ရဲ့ဆုံးဖြတ်ချက်တွေ အများကြီးလွှမ်းမိုးတယ်။ တိန့်က ၁၉၉၇ မှသေတယ်။ ၁၉၈၉ ခုနှစ်မှာ တရုတ်ဝန်ကြီး ချုပ် ကျောက်ကျိယံ အာဏာလက်လွှတ်လိုက်ရတယ်။ တီယံမင်အရေးကို အားပေးထောက်ခံတယ်လို့ ယူဆခံ ရလို့ ဖြစ်ပါတယ်။ တီယံမင်အရေးအခင်းနဲ့ ပတ်သက်ပြီးတော့ မာရှယ်လော ထုတ်ပြန်ပြီး အုပ်ချုပ်တာကို ငြင်း ဆန်ခဲ့တဲ့ တရုတ်ဗိုလ်ချုပ်တွေကိုလည်း ချက်ချင်း အငြိမ်းစားပေးပစ်လိုက်ကြတယ်။

ပြည်သူတွေကို ထမင်းဝဝ ကျွေးထားနိုင်ရင် အားလုံး နှုတ်ဆိတ်နေကြလိမ့်မယ်…. ဆိုတဲ့ အယူအဆကို တရုတ် ခေါင်းဆောင်တွေ စွဲမှတ်လက်ခံထားကြဟန်တူပါတယ်။ ဒီအယူအဆအမြင်ကလည်း အခုအချိန်ထိ တရုတ် ခေါင်းဆောင်တွေဆီမှာ စွဲမြဲနေပါလိမ့်မယ်။ တိန်ရှောက်ဖိန်ဟာ လက်တွေ့ကျကျ စဉ်းစားတယ်။ လက်တွေ့ ကျကျလုပ်တယ်။ မော်စီတုန်း စုစည်းခဲ့တဲ့ တရုတ်ပြည်ကြီးကို အကွဲကွဲအပြဲပြဲဖြစ်တာ မလိုချင်ဘူး။ အနောက် တိုင်းက သူ့စံပေတံသတ်မှတ်ချက်နဲ့ တိုင်းတာတဲ့ ဒီမိုကရေစီမျိုးကို တရုတ်က မလိုလားဘူး။ တရုတ်ကိုယ်တိုင် က ဒီမိုကရေစီကို တရုတ်ဗားရှင်း (တရုတ်အမြင်) နဲ့ ဖွင့်ဆိုတယ်။ တရုတ်ဖွင့်ဆိုထားတဲ့ ဒီမိုကရေစီဆိုတာ ဘယ်လိုအနက်အဓိပ္ပာယ်မျိုး ၊ ဘယ်လို အနှစ်သာရမျိုးကို ဆောင်တယ်လို့ ထင်ပါသလဲ။

၁၉၈၉ ခုနှစ်၊ တရုတ်ပြည်ရဲ့မြို့တော် ဘေဂျင်း၊ တီယံမင်ရင်ပြင်မှာ ကျောင်းသားတွေ ဦးဆောင်တဲ့ ဆန္ဒပြမှုတွေ ဖြစ်ပေါ်လာတယ်။ တီယံမင်ရင်ပြင် လူထုအုံကြွမှုလို့ လူသိများတယ်။ ၈၉ ဒီမိုကရေစီလှုပ်ရှားမှုလို့လည်း ဆိုကြ တယ်။ တီယံမင် ဒီမိုကရေစီလှုပ်ရှားမှုကို ဖြိုခွင်းဖို့ တရုတ်တပ်နီတော်ကို တာဝန်ပေးတယ်။ ဘေဂျင်းမှာ မာရှယ် လော ထုတ်ပြန်ပြီး ထိန်းသိမ်းရတဲ့အထိဖြစ်ခဲ့တယ်။ ကျောင်းသား၊ စစ်သားနဲ့ လူထုဟာ ပျားပန်းခတ်အောင် ရောထွေးနေတယ်။ တရုတ်ခေါင်းဆောင်တွေဟာ လတ်တလောပြဿနာကို အနာဂတ်ရှေ့ရှုချက်နဲ့ တုံ့ပြန်ခဲ့ တယ်လို့ ပြောလို့ရနိုင်တယ်။ လူထုအုံကြွမှုဟာ လတ်တလော ဒီမိုကရေစီတောင်းဆိုရေးကိစ္စဖြစ်ပေမယ့်၊ ဒီမိုက ရေစီဟာ သမိုင်းကြောင်းအစဉ်အလာကြီးမားပြီး စုစည်းနေထိုင်တဲ့ တရုတ်ပြည်ကြီးကို အနာဂတ်မှာ ပြိုကွဲစေ ဖို့ မလိုလားဘူး။ ဒါ့ကြောင့် ဒီမိုကရေစီကို မရွေးဘဲ တရုတ်ပြည်ကြီးစုစည်းတည်တံ့မှုကို ရွေးချယ်ခဲ့တယ်။

ကျောင်းသား သိန်းနဲ့ချီဆန္ဒပြပွဲကြီးဟာ တရုတ်ကွန်မြူနစ်ပါတီရဲ့လမ်းညွှန်ချက်အောက်မှာ တပ်နီတော်ရဲ့ဖြိုခွင်း မှုနဲ့အတူ ကျဆုံးမှုတွေ များခဲ့တယ်။ တရုတ်သမိုင်းကြောင်းနောက်ခံကို ကြည့်ရင် တရုတ်ပြည်ကြီးဟာ စစ်ဘုရင် တွေ တန်ခိုးထွားပြီး သူတလူ ငါတမင်းဖြစ်ခဲ့ခြင်းအပေါ် သမိုင်းသင်ခန်းစာယူဟန်ရှိပါတယ်။ အပြိုပြိုအကွဲကွဲ တကွဲတပြားဖြစ်ပြီး စိတ်ဝမ်းကွဲပြားနေမှုကို မလိုလားဘူးဆိုတဲ့ အမြင်မျိုးကိုတွေ့ရတယ်။ ၁၉၈၉ တီယံမင် လှုပ် ရှားမှုဟာ တရုတ်ပြည်ကြီးရဲ့အနာဂတ်ကို ခြိမ်းခြောက်နိုင်တယ်လို့ တရုတ်ခေါင်းဆောင်တွေက ယူဆတယ်။


သန်းပေါင်းများစွာသော ပြည်သူလူထုကြီးအရေးကိစ္စကို ဦးစားပေးစဉ်းစားဖို့၊ လူသိန်းဂဏန်းလောက် အဆုံးရှုံး ခံလိုက်ရခြင်းဟာ ထိုက်တန်တယ်လို့ တရုတ်ခေါင်းဆောင်ပိုင်းက ယူဆခဲ့ကြတယ်။ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီအရေးကိစ္စဟာ တရုတ်ပြည်ကြီးရဲ့ တည်ရှိမှုနဲ့ နှိုင်းယှဉ်ရင် ထည့်သွင်းစဉ်းစားစရာ မလိုတဲ့အချက် ဖြစ်တယ်လို့ ယူဆကြတယ်။ ဒါ့ကြောင့်လည်း သိန်းနဲ့ချီတဲ့ ဆန္ဒပြကျောင်းသားတွေဟာ လူ့အခွင့်အရေးကို ချိုး ဖောက်ခံရပြီး လူမဆန်စွာ နှိပ်ဆက်ညင်းဆဲမှုကို ခံခဲ့ရတယ်။

ထူးခြားတဲ့ ဖြစ်ရပ်တွေဟာ တိုက်ဆိုင်မှု ရှိတယ်။ ၁၉၈၉ – ၉၀ ဟာ စစ်အေးကာလရဲ့နိဂုံးဖြစ်ခဲ့တယ်။ ဘာလင် တံတိုင်းပြိုတဲ့ခုနှစ်ဟာ ၁၉၈၉ နိုဝင်ဘာမှ ဖြစ်တယ်။ ဆိုဗီယက်ယူနီယံကြီး ပြိုကွဲတဲ့ ခုနှစ်ဟာ ၁၉၉၀ ဖြစ်တယ်။ တရုတ်ပြည်ရဲ့ တီယံမင်အရေးအခင်းဟာ ၁၉၈၉ မှာဖြစ်ပွားတယ်။ မြန်မာပြည်ရဲ့ ဒီမိုကရေစီအရေးတော်ပုံဟာ ၁၉၈၈ မှာဖြစ်ပွားတယ်။ ၈၈ အရေးအခင်းနဲ့အတူ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီလည်း နိဂုံးချုပ်သွားတယ်။ ထိုနည်းလည်းကောင်း ၁၉၈၉ မှာပဲ ဗမာပြည်ကွန်မြူနစ်ပါတီ နေဝင်ချိန်ကို ရောက်ခဲ့တယ်။ ဖြစ်စဉ်တွေက ထူး ခြားစွာ ဆက်စပ်နေမယ်လို့ တွေးဆလို့ ရပါတယ်။

(၃) တိဘက်

တိဘက်ဟာ တရုတ်ရဲ့ အတွင်းပိုင်း တောင်းတန်းဒေသတစ်ခုဖြစ်တယ်။ ကမ္ဘာ့အမြင့်ဆုံးဒေသတစ်ခု ဖြစ်တယ်။ တရုတ်ဟာ တိဘက်နဲ့ နိုင်ငံရေး ပြဿနာ ရှိတယ်။ တိဘက်ရဲ့ နိုင်ငံရေးဟာ ဘာသာရေးနဲ့ တွဲနေတယ်။ ခွဲလို့လည်း မရဘူး။ တိဘက်ရဲ့ ဘာသာရေးဟာ မဟာယာနဗုဒ္ဓဘာသာဂိုဏ်းကွဲ တစ်ခုလို့ ပြောလို့ရတယ်။ ဗောဓိသတ္တယာနလို့လည်း ခေါ်ကြတယ်။ အစဉ်အလာအရ ခေါင်းဆောင် ဘုန်းကြီး နှစ်ပါးရှိတယ်။

ဒလိုင်း *လားမားနဲ့ ပန်ချင်လားမားဆိုတဲ့ ဘုန်းကြီး နှစ်ပါးက အုပ်ချုပ်ရေးနဲ့ ဘာသာ ရေး ကို တာဝန်ယူတယ်။ တိဘက်တို့ဟာ ဒလိုင်းလားမားကို ဘုရားဝင်စားသူလို့ ယုံကြည်ပြီး အုပ်ချုပ်မှုအာဏာကို အပ်နှင်းခံရသူလို့ ယူဆထားတယ်။ သူပျံလွန်တော်မူ ရင်လည်း နောက်တစ်ကြိမ်လူဝင်စား ပြန်ဖြစ်တယ်လို့ ယုံကြည်ကြတယ်။ ဒီလူဝင်စား ဟာလည်း ဒလိုင်းလားမား တာဝန်ကို ပြန်ယူရမယ်၊ ဒလိုင်းလားမား ဝင်စားတဲ့ ကလေး ငယ် ဟုတ်၊ မဟုတ် ဆိုတာကို ပန်ချင်လားမားက ဆုံးဖြတ်ရမည် ဆိုတဲ့ ယုံကြည်မှု အစဉ်အလာတွေ ရှိတယ်။


တိဘက်ဆိုတာ ဟိုးယခင်ကတည်းက သီးခြားလွတ်လွတ်လပ်လပ် ရှင်သန် ရပ်တည် နေတဲ့ ဒေသ။ ၁၉၄၉ ခုနှစ်မှာ တရုတ်ပြည် လွတ်လပ်ရေးကို ကြေညာပြီး ၁၉၅၀ ခုနှစ်မှာ တိဘက်ဒေသကို တရုတ်ကွန်မြူနစ်တွေ သိမ်းပိုက်လိုက်တယ်။ အဲ့ဒီက စပြီး တိဘက်နဲ့ တရုတ်ပြည်မကြီးတို့ ပဋိပက္ခ စတင်ခဲ့တယ်။

လက်ရှိ ဒလိုင်းလားမားဟာ ၁၄ ကြိမ်မြောက် ဒလိုင်းလားမားဖြစ်တယ်။ သူနဲ့ တရုတ် ဗဟိုကွန်မြူနစ်အစိုးရ တို့ကြားမှာ ညှိနှိုင်းကြပေမယ့် အဖြေမရခဲ့ဘူး။ တိဘက်က တော်လှန်ပုန်ကန်မှုတွေ လုပ်တယ်။ ဗဟိုကွန်မြူနစ် အစိုးရကလည်း အကြမ်းဖက် ဖိနှိပ်မှုတွေ လုပ်တယ်။ ၁၉၅၈ ခုနှစ်မှာပဲ၊ တိဗက်လက်နက်ကိုင်အင်အားစု တွေက တော်လှန်တယ်။ ဒီအင်အားစုတွေကို အိန္ဒိယနဲ့ အမေရိကန်တို့က ထောက်ပံ့ကူညီတယ်။ ၁၉၅၉ ခုနှစ်မှာ ဗဟိုကွန်မြူနစ်အစိုးရက တိဘက်ကို အပြီးသတ် သိမ်းပိုက်တယ်။ အဲ့ဒီတော့ ဒလိုင်းလားမားက အိန္ဒိယကို ထွက်ပြေးတိမ်းရှောင်တယ်။ အဲ့ဒီအခါ ပန်ချင်လားမားကို တရုတ်ဗဟိုအစိုးရက ထိန်းချုပ်ထားတယ်။ ဒါပေမယ့် ပန်ချင်လားမားကို တိဘက် တာဝန်ခံ ပြည်သူ့ကွန်ဂရက် အမြဲတမ်းအဖွဲ့ဝင် ခန့်ထားပြီး ထိန်းချုပ် ထားတယ်။

ဒီလိုနဲ့ ၁၉၉၅ မှာ၊ ပန်ချင်လားမား ပျံလွန်တော်မူသွားတယ်။ ပြဿနာက ပိုရှုပ်သွား တယ်။ ပန်ချင်လားမား ဆိုတာ ဒလိုင်းလားမား ဘယ်သူ့ကို ဝင်စားတယ်ဆိုတာကို သတ်မှတ်ပေးရတဲ့သူ။ ၁၅ ကြိမ်မြောက် ဒလိုင်းလားမားကို ရွေးချယ်ဖို့ ပန်ချင်လားမား တစ်ယောက် ရွေးချယ်ရမယ်။ ဒါကို တရုတ်ဗဟိုကွန်မြူနစ် အစိုးရက စိတ်ကြိုက်ရွေးချယ် ချင်တယ်။ ဒါကို လက်ရှိ ၁၄ ကြိမ်မြောက် ဒလိုင်းလားမားက ပြင်းပြင်းထန်ထန် ဆန့် ကျင်တယ်။ ဒါ့ကြောင့် တိဘက်မှာ နောက်ထပ် တစ်ကြိမ် ပဋိပက္ခ တစ်ခုထပ်ဖြစ်တယ်။ ဒါနဲ့ ဆက်စပ်ပြီး ၂၀၀၇ ခုနှစ် တစ်ဝိုက်မှာ ထပ်ပြီး ပဋိပက္ခတွေ ဖြစ်ပြန်တယ်။ ပဋိပက္ခဟာ ရိုးရိုး မဟုတ်ဘူး သွေးထွက် သံယိုမှုအထိတောင် ဖြစ်တယ်။

တိဘက်ကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ်ပေးထားပြီး ဘေဂျင်းအစိုးရက ထိန်းချုပ် ထားတယ်။ ဒါဟာ တရုတ်အတွက် ခိုင်လုံတဲ့ အကြောင်းပြချက်ရှိတယ်လို့ ဆိုတယ်။ တိဘက်ဟာ ဟိမဝန ္တာတောင်တန်းရဲ့ အရှေ့ဘက်ပိုင်းမှာ ရှိတယ်။ ကမ္ဘာ့အမြင့်ဆုံး တောင်တန်းဟာ နယ်ခြားဖြစ်နေလို့ မဟာဗျူဟာအရ တရုတ် အတွက် လုံခြုံရေးအရ စိတ်ချရတဲ့ အနေအထားမှာ ရှိတယ်။

တိဘက်ကို တရုတ်ကွန်မြူနစ်ပါတီက သိမ်းပိုက်ရခြင်းအကြောင်းမှာ သမိုင်းနဲ့ဆက်စပ် ကြည့်လို့ရတယ်။ မော်စီတုန်းက သမိုင်းအစဉ်အလာအရ တိဘက်ဟာ တရုတ်ရဲ့ပိုင် နက်ဖြစ်ခဲ့လို့ ပြန်လည်ရယူရတာပါလို့ အကြောင်းပြတယ်။ ၁၃ ရာစုမှာ မွန်ဂိုခေါင်းဆောင်က တရုတ်ပြည်နဲ့ တိဗက်ကို တိုက်ပြီး၊ ယွမ်မင်းဆက်ကို ထူထောင်တယ်။ တိဗက်တို့က “ချင်း” မင်းဆက် (၁၆၄၄ – ၁၉၁၁) အထိ သုံးရာစုလောက် တရုတ်ဩဇာ အရှိန်အဝါအောက်မှာ နေခဲ့ရတယ်။ “ချင်း” နန်းဆက်ရဲ့နောက်ဆုံး မင်းဆက် ဖြစ်တဲ့ မန်ချူးမင်းဆက်ကို ၁၉၁၁ တော်လှန်ရေးနဲ့ ဖြုတ်ချအပြီးနောက်ပိုင်းမှာ တိဘက်က လွတ်လပ်လာတယ်လို့ မှတ်ယူတယ်။ တပ်နီတော်တို့က ၁၉၅၀ ခုနှစ်မှာ အပြီးအပိုင် သိမ်းယူတော့ နှစ်ပေါင်း ၄၀ လွတ်လပ်လာတဲ့ တိဘက်က တရုတ်ဩဇာအောက်ပြန် ရောက်သွားပါတယ်။ ကိုလိုနီလက်အောက်ခံ ကာလမှာ တိဘက်ရဲ့ အဆင့်အတန်းကို ပဒေသရာဇ်စော်ဘွား ဒေသလို့ သတ်မှတ်ခဲ့တယ်။ တရုတ်ကတော့ ပဒေသရာဇ်လက်အောက်ခံ အဖြစ် ချုပ်ကိုင်ခဲ့တယ်။

တိဘက်အရေးကိစ္စဟာ တရုတ်ကွန်မြူနစ်တွေကို ထိတ်လန့်နေစေတဲ့ ဖြစ်ရပ်ဖြစ်ခဲ့တယ်။ ပထဝီအနေအထား အရ အိန္ဒိယနဲ့ နီးကပ်ဆက်စပ်နေတဲ့ တိဗက်ကို ထိန်းချုပ်မှုအပြည့်အဝလုပ်နိုင်ဖို့ တရုတ်အစိုးရ ကြိုးစားတယ်။ အိန္ဒိယရဲ့မြှောက်ပင့်ပေးမှုနဲ့ အိန္ဒိယကိုင်ထားနိုင်တဲ့ ဝှက်ဖဲတစ်ချပ်ဖြစ်သွားမှာ သိပ်ကြောက်တယ်။ ဒါ့ကြောင့် တရုတ်အနေနဲ့ ပထဝီရေးအရ ပြဿနာရှိနေတဲ့ တိဘက်ကို ခပ်ကြမ်းကြမ်း ကိုင်တွယ်တယ်။

မင်းသေ့

ပြန်လည်ဖြည့်စွက်ရေးသားချက်
၂၃ ၊ အောက်တိုဘာ ၊ ၂၀၁၉ ။
ရန်ကုန်မြို့။

Previous post တရုတ်၏ အိုင်ဒီယော်လိုဂျီ ပို့ကုန်
Next post တရုတ်မျိုးချစ်