ဤဆောင်းပါးသည် တရုတ်ပြည်၌ ဒီမိုကရေစီဖြတ်တည်မှုတွင် ကွန်ဖြူးရှပ်ဝါဒက အခုအခံ အတားအဆီးဖြစ်သ လား ဆိုသည့် အချက်ကို တင်ပြဆွေးနွေးထားသည်။ အထူးသဖြင့် တရုတ်၏ လူမှုဓလေ့နှင့် စနစ် အပေါ် စွဲမြဲမှု တို့သည် ဒီမိုကရေစီအတွက် အတားအဆီးများ ဖြစ်နိုင်၏။ မဖြစ်နိုင်၏ ဆိုသည်ကို တင်ပြထားသည်။ ထို့အပြင် စီးပွားရေး ဖွံ့ဖြိုးမှုက ဒီမိုကရေစီကို လျစ်လျှူရှုခြင်း ဖြစ်နိုင်သလား ဆိုသည့် အချက်ကိုပါ တင်ပြ ဆွေးနွေးထား သည်။

ဒီမိုကရေစီ ပရိုမိုးရှင်းအတွက် အာရှတန်ဖိုးစံက အခုအခံလား/ အတားအဆီးလား

ကွန်ဖြူးရှပ်ဝါဒ

ကွန်ဖြူးရှပ်ဝါဒသည် အရှေ့အာရှတွင် ခြေကုတ်ယူ၍ ဖွံ့ဖြိုးလာသည်။ တစ်ဖန် အနောက်ကမ္ဘာတွင်လည်း လစ်ဘရယ်ဒီမိုကရေစီ၏ အရှိန်သည် လှိုင်းအသွင် တလိမ့် လိမ့်တက်လာသည်။ ဒီမိုကရေစီနှင့်ပက်သက်၍ ဒီဘိတ်တစ်ခုရှိသည်။ ဒီမိုကရေစီသည် စီးပွားရေး ဖွံ့ဖြိုးမှုကို ဖြစ်စေသလား။ ဒီမိုကရေစီသည် ဓနဥစ္စာကို ဖန်တီးသလား။ တဖန် အနုလုံပဋိလုံ ဆင်ခြင်သော် ဓနဥစ္စာကြွယ်ဝမှုသည် လစ်ဘရယ် ဝါဒကို ဖွံ့ဖြိုးစေသလား ဆိုသည့်မေးခွန်းပင်ဖြစ်သည်။

ကြောင်ဖြူ၊ ကြောင်မည်း အဘိဓမ္မာ

အာရှသည် ဓနဥစ္စာကို ကိုင်စွဲ၍ အနောက်ကို စိန်ခေါ်လာနိုင်သည့် အနေအထားသို့ ရောက်လာသည်။ ကမ္ဘာ ဟိုက်ပါ ပါဝါကို အံဩစေအောင် ဓနဖြင့် လုပ်လာနိုင်သည်။ ကြောင်ဖြူ၊ ကြောင်မည်း အဘိဓမ္မာဖြင့် စီးပွားရေး ဖွံ့ဖြိုးမှုကို ရစေသော တရုတ်။ ကွန်ဖြူးရှပ်ဝါဒ ပြန်လည် နိုးထလာသည်။ တရုတ်၌ စီးပွားရေးတွင် ဈေးကွက်၊ နိုင်ငံရေးအယူအဆတွင် ကွန်ဖြူးရှပ် စသဖြင့် ရှိလာသည်။

အာရှတန်ဖိုး “လှိုင်း”

ပြောရလျှင် စီးပွားရေး ဖွံ့ဖြိုးမှုက နိုင်ငံရေးအယူအဆကို ကန့်သတ်လာနိုင်သည့် အခြေအနေဖြစ်လာသည်။ ကွန်ဖြူးရှပ်ဝါဒသည် အာရှတန်ဖိုး (Asia Value) အဖြစ် ရှေ့တန်းရောက်လာသည်။ အာရှတန်ဖိုးဟု လူပြောများ လာခြင်းသည်ပင် ကွန်ဖြူးရှပ် တဖန် နိုးထလာခြင်း ဖြစ်သည်။


ကွန်ဖြူးရှပ်ဝါဒီတို့ ချေကုတ်ယူရာဒေသသည် အရှေ့အာရှနယ်မြေဖြစ်သည့် တောင်ကိုရီးယား၊ ဂျပန်နှင့် တရုတ် တို့ဖြစ်သည်။ တရုတ်ဟု ဆိုရာတွင် ထိုင်ဝမ်နှင့် ပြည်မကြီး တရုတ်ဒေသကို ညွှန်းသည်။ ထို့အပြင် အရှေ့တောင် အာရှတွင် ထူးခြားချက် တစ်ခုရှိသည်။ စင်္ကာပူ ဖြစ်သည်။ စင်္ကာပူ၌ လီကွယ်ယုကိုယ်တိုင်က ကွန်ဖြူးရှပ်ဝါဒီ တစ်ဦးဖြစ်သည်။ ကွန်ဖြူးရှပ်ဝါဒသည် ရေရှည်တွင် အာရှဒေသ၌ပင် ကျောက်ချမနေဟု မည်သူမျှ မပြောနိုင်ချေ။ ဤအချက်သည်ပင် “အာရှတန်ဖိုး” ကြွေးကြော်သံကို အနောက်က အထူးအာရုံစိုက်ခြင်း ဖြစ်သည်။

အိုင်ဒီယော်လိုဂျီ… လား… လောကအမြင်… လား

“အာရှတန်ဖိုး” လှိုင်းသည် အနောက်ကို အလုပ်ဖြစ်မှုရလဒ်ကိုပြ၍ လူထုကို ဆွဲဆောင် သည်။ အထူးသဖြင့် လီကွယ်ယုသည် Pragmatic Decision များဖြင့် ကျော်ကြားသည်။ လီကွမ်ယုသည် လက်တွေ့သမား။ လက်တွေ့ကျသော ဆုံးဖြတ်ချက်များက သူ့ကို အလုပ်ဖြစ်စေသည်။ ရလဒ်အခြေပြုနည်းဖြင့် ချဉ်းကပ်သည်။ ကွန်ဖြူးရှပ်ဝါဒသည် အုပ်ချုပ်မှု၊ ပညာရေး၊ လူမှုစံကျင့်ဝတ်၊ ဒဿနိကဗေဒ၊ လူမှုပေါင်းသင်းဆက်ဆံရေး (Social Relationship)၊ နိုင်ငံရေး၊ ဓနဥစ္စာ အစရှိသဖြင့် အပြန့်ကျယ်ကျယ်ရှိသည်။

ထို့ကြောင့်ပင် နိုင်ငံရေးအိုင်ဒီယော်လိုဂျီထက် ကွန်ဖြူးရှပ်ဝါဒက လူထုကြားထဲ ပိုမို စိမ့်ဝင်နိုင်စွမ်းရှိခြင်းပင်ဖြစ်သည်။ လူထုက လက်တွေ့ အလုပ်ဖြစ်ရေးသို့ ပိုအာရုံစိုက် ကြသည်။ ရလဒ်သည်ပင် သူတို့၏ ဘဝကို ပုံဖော်သည်ကို လူထုကိုယ်တိုင်က သိလာ သည်။ စစ်အေးခေတ်အလွန်ကာလ၌ လူထုက သဘောတရားရေး ဘောင်ကို ကျော်ကြည့်လာကြသည်။ ကျော်ကြည့်ဖို့လည်း လိုလာသည်။ အခြေအနေအရကိုယ်၌ ပင် သဘောတရားရေးပုံစံက ရုန်းထွက်လာဖို့ လိုလာခြင်းဖြစ်သည်။

ကွန်ဖြူးရှပ်ဝါဒသည် သီအိုရီမဟုတ်။ အိုင်ဒီယော်လိုဂျီမဟုတ်။ လောကအမြင်တစ်ရပ် ပင်ဖြစ်သည်။

တရုတ်ကောက်ကြောင်း

၁၉၄၉ ခုနှစ် တရုတ်ပြည် ထူထောင်အပြီး၌ မော်စီတုံးသည် ကွန်မြူနစ်အိုင်ဒီယော်လိုဂျီ ဖြင့် တရုတ်ပြည်ကို မောင်းနှင်သည်။ ခရီးရှည်တိုက်ပွဲဖြင့် ကူမင်တန် တရုတ်ဖြူတို့ကို စစ်ဆင်သည်။ ကူမင်တန်တို့ ဖော်မိုဆာကျွန်း၌ ခြေကုတ်ယူ၍ ဟန့်တားသည်။ စစ်ပွဲသည် ဤနေရာ၌ ရပ်သည်။ တဖန် စက်မှုဖွံ့ဖြိုးတိုးတက်ရေးကို လှမ်းရန် မဟာ ခုန်ပျံကျော်လွှားရေးဖြင့် ချီတက်သည်။ တဖန် အိုင်ဒီယော်လိုဂျီ ပရိုမိုးရှင်းလုပ်ရန် ပြင်ဆင်သည်။ မော်ဝါဒီ တို့ ကြီးစိုးပျံ့နှံ့ရန်ဖြစ်သည်။ ယဉ်ကျေးမှုတော်လှန်ရေးဖြင့် လက်ယာသွေဖယ်ရေးသမားများကို ဖယ်ရှားသည်။ ရှင်းလင်းသည်။ သုတ်သင်သည်။

ယဉ်ကျေးမှုတော်လှန်ရေးသည် လက်ယာသွေဖယ် ရေးသမားများကို တိုက်ပွဲဆင်ခြင်း ဖြစ်သည်။ ဝါဒရေးရာ သန့်စင်ရေး သဘောလည်း ဖြစ်သည်။ မော်စီတုံး၏ ပန်းပေါင်း တစ်ရာ ပွင့်ကြစေ၊ အတွေး အခေါ်တစ်ရာ ပြိုင်ကြစေ… ဆိုသည့် မိန့်မှာချက်သည် အယူအဆသစ်များကို ဖိတ်ခေါ်လိုက်ခြင်း ဖြစ်သည်။ သို့သော် အယူအဆသစ် များကား ယဉ်ကျေးမှုတော်လှန်ရေး၌ နိဂုံးချုပ်သွားသည်။ ဖားအော်စေရန် မိုးသံပေးခြင်း နိမိတ် သဘောပင် ဖြစ်သည်။ နောက်ဆုံး အသံကြောင့်ပင် ဖားသေခဲ့သည်။

ယဉ်ကျေးမှုတော်လှန်ရေးတွင် ကွန်ဖြူးရှပ်ဝါဒီ တော်တော်များများ လက်ယာသွေဖယ် ရေးသမားဟု အမည်တပ် ခံခဲ့ရသည်။ ကွန်ဖြူးရှပ်ဝါဒီများ အရေးနိမ့်ခြင်းဖြစ်သည်။ ကွန်ဖြူးရှပ်ဝါဒီများ အရေးနိမ့်ခြင်းဟု ဆိုရာတွင် ကွန်ဖြူးရှပ်ဝါဒ အရေးနိမ့်ခြင်းဟု တရားသေ ဆို၍မရချေ။ ကွန်ဖြူးရှပ်ဝါဒီများကို နိုင်ငံရေးတံဆိပ်တပ်၍ အလုပ် စခန်းသို့ ပို့ခြင်းဖြစ်သည်။ အလုပ်စခန်းဟူသည် ကွန်မြူနစ်သဘောတရားများကို သန့်စင်ရန် အတွက် ယန ္တရား တစ်ခု ဖြစ်သည်။ ဤတွင် ပန်းပေါင်းတရာ မပွင့်နိုင်ကြ။ ယဉ်ကျေးမှု တော်လှန်ရေးသည် ပန်းခုတ်ပွဲ ဖြစ်ခဲ့သည်။

တရုတ်၌ ကွန်ဖြူးရှပ်ဝါဒ ပြန်လည်နိုးထလာခြင်း

မော်စီတုံးကွယ်လွန်ပြီးနောက်ပိုင်း ဝန်ကြီးချုပ် ချူအင်လိုင်းတက်လာသည်။ ချူသည် တိန့်ရှောင်ဖိန်ကို ချောင်ထဲ မှ ဆွဲထုတ်ပြီး လူရှေ့ခေါ်သည်။ တိန့်သည် ပင်ကိုယ်ဗီဇ ကောင်းသည်။ ဉာဏ်ပြေးသည်။ အလုပ်ဖြစ်ရေးကို ရှေ့ ရှုသည်။ တရုတ်ပြည်သားတို့ အငတ်ဘေးဆိုက်နေသည်ကို မလိုလား။ သဘောတရားရေးထက် အလုပ်ဖြစ်ရေး သို့ သွားချင်သည်။ မော်စီတုံးရှိစဉ် သူသည် ငုတ်လျှိုးနေသည်။ လုပ်ပိုင်ခွင့်မရ။ နိုင်ငံရေး ဇာတ်စင်ကနေ တက်လိုက် ဆင်းလိုက်ဖြစ်သည်။

ထူးခြားသည်ကား ကွန်မြူနစ်ဝါဒီတို့၌ တက်ခြင်း ဆင်းခြင်းသည် ဘယ်သောအခါမျှ နှစ်ခု မဖြစ်။ ဆင်းပြီးလျှင် ပြန်တက်မလာသည်က များသည်။ တိန့်သည် နိုင်ငံရေး ဇာတ်ခုံပေါ်မှ ဆင်းပြီး ပြန်တက်လာနိုင်သော တစ်ဦးတည်းသော ကွန်မြူနစ်ဟုပင် ဆိုနိုင်သည်။ ဖြစ်ရသည်မှာလည်း တိန့်၏ ထူးချွန်သည့်ကိုယ်ရည် ကိုယ်သွေးကြောင့်ပင် ဖြစ်နိုင်သည်။

ချူသည် တိန့်ကို အာဏာအပ်ခဲ့သည်။ တိန့်သည် “ကြောင်ဖြူ၊ ကြောင်မည်း အဘိဓမ္မာ” ကို ကြွေးကြော်သည်။ တရားသေ သဘောတရား အကောက်အယူတို့မှ ရုန်းထွက်ရန် ပါတီကို လှုံ့ဆော်သည်။ လူထုကို ကြွေးကြော် သည်။ “ကြောင်သည် ဖြူတာ မည်းတာ အဓိက မဟုတ်။ ကြွက်ခုတ်တတ်ဖို့ အဓိက” ဟု လက်တွေ့အလုပ်ဖြစ် ရေးတရားကို ဟောသည်။ မော်ဝါဒီတို့ အားကောင်းသည့် ကာလ၌ တိန့်အဖို့ ဤသို့ လုပ်ရန်မှာ မလွယ်ကူခဲ့ချေ။ သို့သော် တိန့်၏ လုပ်ရပ်အောင်မြင်ခဲ့သည်။

တရုတ်ပြည်ကို စီးပွားရေး တစ်စုံတစ်ရာ အားကောင်းအောင် ပြုပြင်နိုင်ခဲ့သည်။ ယခင် စီမံကိန်းစီးပွားရေးစနစ်မှ ဈေးကွက် စီးပွားရေးကို အကောင်အထည် ဖော်ခဲ့သည်။ အထူးစီးပွားရေးဇုံများ ဖွင့် လှစ်ပြီး နိုင်ငံခြားရင်းနှီးမြုပ်နှံ မှုများကို ဖွင့် ပေးခဲ့သည်။ ခေတ်မီရေး (၄) ပါးကို ပုံဖော်သည်။ ဗြူရိုကရေစီကို ပြုပြင် သည်။ One Stop Service ဖြင့် မြန်ဆန်သွက်လက်သော ယန ္တရားကို ဖြစ်ခေဲ့သည်။ ခြစားမှုကို တင်းကျပ်စွာ ကိုင်တွယ်သည်။ တိန့်နှင့် တွဲဖက်မှု ဝန်ကြီးချုပ် ကျူရုံကျီပင်ဖြစ်သည်။ ကျူသည် ဗြူရိုကရေစီယန ္တရားပြုပြင် ပြောင်းလဲရေး၌ အဓိက အခရာကျသူဖြစ်ခဲ့သည်။

တိန့်ခေတ်၌ စီးပွားရေး ဖွံ့ဖြိုးမှုကို လုပ်ဆောင်နိုင်ခဲ့သည်။ တရုတ်ပြည်သူတို့သည် တရားသေဘောင်က ရုန်းထွက်ပြီး အလုပ်ဖြစ်ရေးကို ရှေ့ရှုခဲ့သည်။ စီးပွားရေး ဖွံ့ဖြိုးမှုနောက်၌ ဩဇာပါ တက်လာသည်။ တရုတ်သည် ကမ္ဘာ့ဇာတ်ခုံပေါ်တွင် နေရာရလာသည်။
မော်စီတုံးခေတ်တွင် အမေရိကန်သမ္မတ နစ်ဆင်နှင့် နိုင်ငံရေးအရ အသိအမှတ်ပြုမှု ရယူပြီး တိန့်ခေတ်တွင် စီးပွားရေးမျက်နှာစာ ဖွင့်နိုင်ခဲ့သည်။ တိန့်အလွန် ကျန်ဇီမင်း လက်ထက်တွင် ကွန်ဖြူးရှပ်ဝါဒကို နိုင်ငံတော်က တရားဝင် ဖော်ထုတ်လာခဲ့သည်။ တိန့်ခေတ် နှောင်းပိုင်းကာလက စတင်၍ ကွန်ဖြူးရှပ်ဝါဒသည် ပြန်လည်နေရာ ပေးခြင်း ခံလာရသည်။ ကျန်ဇီမင်းလက်ထက်တွင် ကွန်ဖြူးရှပ်ဝါဒ ရှေ့ရောက်လာသည်။

ကျန်ဇီမင်းကိုယ်တိုင်က လူထုရှေ့တွင် ကွန်ဖြူးရှပ်သဘောတရားများကို ပြန်လည်ရှေ့ တန်းတင်လာခြင်းကြောင့် ဖြစ်သည်။

ဘက်ပြောင်းဘက်လွှဲ

တရုတ်၌ ပါတီဝါဒသည် ကွန်မြူနစ်ဖြစ်သည်။ စီးပွားရေး စနစ်မှာ ဈေးကွက်ဖြစ်သည်။ လူမှုဓလေ့မှာ ကွန်ဖြူးရှပ် ဖြစ်သည်။ လူမှုဓလေ့မှာ ပါတီနှင့် စီးပွားရေးစနစ်များနှင့် သက်ဆိုင်သည်ထက် လူထုနှင့် ပိုမိုသက်ဆိုင်သည်။ တရုတ်တွင် ကွန်ဖြူးရှပ်ဓလေ့ ထွန်းကားခြင်းသည်ပင် လူထုက ကျယ်ကျယ်ပြန့်ပြန့် လက်ခံအသုံးပြုခြင်းကြောင့် ဖြစ်သည်။ ကွန်ဖြူးရှပ်ဓလေ့ ထွန်းကားစေရန်လည်း သမိုင်းကြောင်းအရ နောက်ခံ ရှိပြီးသားပင်ဖြစ်သည်။
ထို့အတူ ဒီမိုကရေစီ၌လည်း လူထုသည် အခရာကျသည်။ လူထုကိုယ်တိုင် ဒီမိုကရက်တစ်ဓလေ့အသားကျမှ ဒီမိုကရေစီ ခိုင်မာကျစ်လစ်သည်ဟု ဆိုသည်။ တရုတ်တွင် ကွန်ဖြူးရှပ် လူမှုဓလေ့ စွဲမြဲလာခြင်းသည် ဒီမိုကရက်တစ် ဓလေ့သို့ ကူးပြောင်းရာတွင် အခက်အခဲ ရှိနိုင်သလား။ ရှိနိုင်သည်ဟု ဖြေရမည်ပင်ဖြစ်သည်။ ကွန်ဖြူးရှပ်ဓလေ့မှမဟုတ် အခြားသော မည်သည့် လူမှုဓလေ့မဆို အခြားလူမှုဓလေ့ အသစ်ကို ချက်ချင်းလက်ခံနိုင်ရန်မှာ တကယ့်လက်တွေ့တွင် မဖြစ်နိုင်ချေ။ မြန်မာနိုင်ငံ တွင်လည်း Radical Trend ကဲ့သို့သော် ဓလေ့ရှိသည်။ ထိုနည်းလည်းကောင်းပင် ဖြစ်နိုင်သည်။

ဓလေ့ဆိုသည်မှာလည်း နေ့ချင်း၊ ညချင်း ဖြစ်ပေါ်လာသည် မဟုတ်။ နှစ်ပေါင်းများစွာ အချိန်ယူပြီး အခြေတည် ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ ဓလေ့တို့မည်သည် အတွေး အခေါ်၊ အယူအဆတို့မှ ပေါက်ဖွားလာသည်။ အယူအဆ၊ အတွေးအခေါ်များ နှစ်ပေါင်း ရှည်ကြာသောအခါ ဓလေ့အဖြစ် အသွင်ပြောင်းလာသည်။ ကွန်ဖြူးရှပ် အတွေးအခေါ် သည် တရုတ်၌ ယဉ်ကျေးမှု၊ ဓလေ့တစ်ခုအသွင်ဆောင်ခြင်းလာခြင်းသည် ယခုမှ မဟုတ်။ နှစ်ပေါင်းများစွာ ကြာရှည်နေပြီဖြစ်သည်။

ဤတွင် ကွန်ဖြူးရှပ်အတွေးအခေါ်သည် လစ်ဘရယ်ဒီမိုကရေစီနှင့် သမူဟ… လော။ သို့တည်းမဟုတ် ဝိရောဓိ… လော…။ မေးစရာပင်ဖြစ်သည်။

သမူဟ..လား၊ ဝိရောဓိ…လား

လစ်ဘရယ်ဒီမိုကရေစီနှင့် ကွန်ဖြူးရှပ်အတွေးအခေါ်တို့အကြား အကွာအဟကို ချိန်ကြည့်ရန်လိုသည်။ ကွန်ဖြူးရှပ်က နိုင်ငံတော်၏ အခြေခံယူနစ်မှာ မိသားစု ဖြစ်သည်ဟု ညွှန်းသည်။ ထို့ကြောင့် လူသားဗဟိုပြုပုံစံ ဖြင့် လောကကို ရှုမြင်သည်။ မိသားစုများသည် အိမ်ထောင်စုဖြစ်လာသည်။ အိမ်ထောင်စုများ စုပေါင်း၍ ရွာများ၊ မြို့များဖြစ်လာသည်။ မြို့များ စုပေါင်း၍ တိုင်း၊ နိုင်ငံဟူ၍ ဖြစ်လာသည်။ မိသားစုတစ်စု၌ ဦးစီး ဦးဆောင်သူမှာ မိဘဖြစ်သည်။ ထို့အတူ နိုင်ငံတော်၌ ပြည်သူကို ဦးဆောင်သူ သည် မိဘ သဘောဖြစ်သည်ဟု ကွန်ဖြူးရှပ်က ယူသည်။

• ကွန်ဖြူးရှပ်၏ အယူအဆအရ “အစိုးရသည် မိဘ၊ ပြည်သူသည် သားသမီး”ဟု ပညတ်သည်။
• လစ်ဘရယ်ဒီမိုကရေစီ၌ “ပြည်သူသာ အမိ၊ ပြည်သူသာ အဖ” ဆိုသည့် သဘော ရှိသည်။

ထို့အတူ အမျိုးသားရေးကို ဦးဆောင်သည်ဟု ယူဆသည့် မြန်မာ့တပ်မတော်တွင်လည်း “တပ်မတော်သာ အမိ၊ တပ်မတော်သာ အဖ” ဆိုသည့် ဆွဲကိုင်ချက်ရှိသည်။ ဤအချက် သည် တရုတ်၏ ကွန်ဖြူးရှပ်အယူအဆနှင့် တိုက်ရိုက်မသက်ဆိုင်သော်လည်း ချန်လှပ် ထား၍ မရချေ။
အာရှစံတန်ဖိုးဟူသည့် ပညတ်သဘော၌ပင် ကွန်ဖြူးရှပ်အတွေးအခေါ်ကို မဏ္ဍိုင်ထား၍ အာရှသားတို့၏ အရှေ့တိုင်း အယူအဆများ ဝန်းရံထားသည်ကို တွေ့ရသည်။ ကွန်ဖြူးရှပ်သည် အုပ်ချုပ်ရေး၊ ကျင့်ဝတ်၊ ပညာရေး၊ လူမှုပေါင်းသင်းဆက်ဆံရေး၊ စသည့် ပညတ်ပညာများကို ဖြန့်ချိခဲ့သည်။ ကွန်ဖြူးရှပ်ဝါဒ အသီးသီး၍ လစ်ဘရယ် ဒီမိုကရေစီနှင့် ထိပ်တိုက်တွေ့နေသော အယူအဆများ ကိန်းဝပ်နေသည်။

ဤအချက်ကြောင့်ပင်လျှင် ကွန်ဖြူးရှပ်အယူအဆတို့ စွဲမြဲနေသည့် တရုတ်ပြည်သည် ဒီမိုကရေစီသဘောနှင့် ဝိရောဓိဖြစ်နေသလား… ဆင်ခြင်စရာပင်ဖြစ်သည်။

လူ-မူ ဝိရောဓိ

ကွန်ဖြူးရှပ်သည် လူ့အသိုင်းအဝိုင်းကို ရှေးရှုစဉ်းစားသည်။ လစ်ဘရယ်သည် မူကို ဦးတည်သည်။ ကွန်ဖြူးရှပ်သည် ဆွေမျိုးဉာတိများကို ကူညီစောင့်ရှောက်ရန် ဟော သည်။ မိမိဆွေမျိုးများကို မစောင့်ရှောင်နိုင်ဘဲ နိုင်ငံတော်ကို မစောင့်ရှောက်နိုင်ဟု မြင်သည်။ လစ်ဘရယ်သဘောသည် အပေါင်းအသင်း၊ ရောင်းရင်း၊ ဆွေးမျိုး ဉာတိ များကို မထုတ်နုတ်ချေ။ မူကောင်း၊ မူသန့်များဖြင့် ပြည်သူ့အကျိုးကို ရှေ့ရှုရေး သဘောကို ညွှန်းသည်။
ကွန်ဖြူးရှပ်အယူအဆ၌ ဥပဒေကောင်း၊ စည်းမျဉ်းကောင်းများသည် လူကောင်းများမှ ပေါ်ထွက်လာသည်ဟု ယူဆသည်။ လစ်ဘရယ်သဘောသည် မူကောင်းများက လူကို ပဲ့ပြင်ထိန်းကျောင်းသည်ဟု ယူဆသည်။ လူကို ဗဟိုပြုခြင်းနှင့် မူကိုဗဟိုပြုခြင်း၏ ဆန့်ကျင်ဘက်သဘောကို မြင်အောင်ကြည့်လျှင်သိနိုင်သည်။

တရုတ်လူမှုဓလေ့

တရုတ်၌ ကွန်ဖြူးရှပ်အယူအဆသည် အမြစ်တွယ်သည်။ ယနေ့တရုတ် ကြီးပွား နေခြင်းသည် ဈေးကွက်စီးပွား ရေးစနစ်၏ အချီအမကြောင့်ဟု ဆိုနိုင်သလို၊ ကွန်ဖြူးရှပ် အယူအဆတို့ကို စွဲစွဲမြဲမြဲ ကျင့်သုံးခြင်းကြောင့်လည်း ဖြစ်သည်။ တရုတ်တို့ ကြီးပွားပုံမှာ အနောက်တိုင်းပုံစံနှင့်မတူ။ အနောက်တိုင်းသည် စွန့်ဦးတီထွင်ပုံစံဖြင့် စီးပွားရေး တိုးတက်မှုကိုသွားသည်။ တရုတ်၏ ပုံစံသည် အစိုးရ အကူအညီအပံ့အပိုးဖြင့် ပြည်သူ ချမ်းသာခြင်း ဖြစ်သည်။

တရုတ်သည် ဆွေမျိုးအချင်းချင်း ရိုင်းပင်းသော ဓလေ့ရှိသည်။ ဆွေမျိုးနီးစပ်တော်သူ ချင်း စီးပွားရေး လုပ်ပိုင်ခွင့် များပေးခြင်းနှင့် ငွေကြေးအကူအညီများ ထောက်ပံ့ခြင်းဖြင့် အိမ်တွင်းစီးပွားရေးကို ချဲ့ယူသည်။ တရုတ်သည် တိန့်ရှောင်ဖိန်၏ ဈေးကွက်စီးပွားရေး ချဲ့ထွင်ပေးမှုကြောင့်ကြီးပွားလာသည်ဆိုသလို ကွန်ဖြူးရှပ်ဝါဒက ဈေးကွက်၌ လက်တွေ့စီးပွားရေးလုပ်ကိုင်ခြင်းကို အပံ့အပိုးပြုလျက်ရှိသည်။

ဤသို့သော အခြင်းအရာများကြောင့် တရုတ်တို့သည် ကွန်ဖြူးရှပ်အယူအဆ၏ လက်တွေ့အသုံးဝင်မှုကို ပိုမို နက်ရှိုင်းစွာ စွဲစွဲမြဲမြဲ လက်ခံလာကြသည့် သဘော လည်းရှိသည်။ ဒီမိုကရေစီထက် လက်တွေ့စားဝတ်နေရေး၊ နှင့် သက်သာ ချောင်ချိရေးကိုသာ စဉ်းစား ဆုံးဖြတ်လာကြသည်။ ကောင်းကောင်းနေ၊ ကောင်း ကောင်းစားရလျှင် ဒီမိုကရေစီတွေ ဘာတွေ မလိုဟုလည်း မြင်လာကြဟန်တူသည်။

တရုတ်တို့၏ ရင်ထဲတွင် ဒီမိုကရက်တစ် တန်ဖိုးများထက် တိန့်၏ “ ချမ်းသာတာ ကောင်းတယ်” ဆိုသည့် စကားကပင် ပိုမိုလွှမ်းမိုးနေဟန်တူသည်။ အရာရာကို အကျိုးအမြတ် ရှေ့ထား စဉ်းစားလုပ်ကိုင်ခြင်းသည် လစ်ဘရယ် ဓလေ့ကို လွယ်ကူစွာ လက်ခံနိုင်မည် မဟုတ်ချေ။

ကွန်ဖြူးရှပ်အယူအဆ အချို့

ကွန်ဖြူးရှပ်က ပြောခဲ့သည်။

• အစိုးရဟာ လူမှာ အရင်းခံရတယ်။ အစိုးရကောင်းဖြစ်စေမယ့် တော်တည့် မှန်ကန်တဲ့သူဟာ ဘယ်သူလဲ။ သူဟာ အမျိုးအကျိုးလုပ်ရတာကို မြတ်နိုးသူပါပဲ။
• မှန်ကန်တဲ့ အခြေခံသဘောထား ရှိတဲ့သူဟာ အစိုးရကောင်း ဖြစ်ပေါ်လာအောင် သဘာဝကျစွာ စွမ်း ဆောင်နိုင်ပါလိမ့်မယ်။
• သူ့ကိုယ့်သူ ဘယ်လိုစိတ်ဓာတ် ပျိုးထောင်ရမယ်ဆိုတာကို သိတဲ့သူဟာ လူတွေ ကို ဘယ်လိုလွှမ်းမိုးရ မယ်ဆိုတာ သိတာပဲပေါ့။
• လူတွေကို ဘယ်လိုလွှမ်းမိုးရမယ်ဆိုတာ သိတဲ့သူဟာ အင်ပါယာတစ်ခုကိုလည်း ဘယ်လိုအုပ်ချုပ်ရ မယ်ဆိုတာ သိတာပဲပေါ့။
ကွန်ဖြူးရှပ်၏ စကားများသည် လူကို အခြေတည်၍ နိုင်ငံတော်ကို သတ်မှတ်သည် ဆိုသည့် အချက်မှာ ပေါ်လွင်နေသည်။

အနှစ်ချုပ်

ကွန်ဖြူးရှပ်ဝါဒသည် လစ်ဘရယ်ဒီမိုကရေစီနှင့် ထိပ်တိုက်တွေ့နေရသော အချက်များ တွေ့ရသည်။ ထို့အပြင် အခြား အပံ့အပိုးပြုစေသည့် အချက်များလည်း တွေ့ရသည်။ ဤတွင် တိုက်ရိုက်သဘောလည်း တွေ့ရသလို သွယ်ဝိုက်၍လည်း တွေ့ရသည်။

ဤအချက်များကို ပေါင်းစု၍ ကောက်သော် –
(၁) ကွန်ဖြူးရှပ်အတွေးအခေါ်၌ နဂိုကတည်းက လစ်ဘရယ်သဘောနှင့် ဆန့်ကျင်နေသော သဘော တရားများ တွေ့ရသည်။
(၂) အဆိုပါသဘောတရားများပေါက်ဖွားရာ လားရာဇာစ်မြစ်မှ စ၍ ကွဲပြားနေ သည်ကို တွေ့ရသည်။
(၃) တရုတ်တို့၏ ဓနရှေ့ရှုစဉ်းစားချက်သည် ရှေ့တန်းပိုရောက်လာသည်။
(၄) ကွန်ဖြူးရှပ်ဝါဒသည် စိတ်ကူးစံအယူအဆထက်ပိုသော လက်တွေ့ကျကျ အသုံးဝင်မှုရှိသည်။
(၅) တရုတ်၌ သမိုင်းကြောင်းအရ စွဲမြဲနေသော လူမှုဓလေ့ကြောင့် ခေတ်သစ် လစ်ဘရယ် သဘော တရားများ အလွယ်တကူ တိုးမပေါက်ခြင်းဖြစ်သည်။
(၆) တရုတ်တို့သည် ကမ္ဘာပေါ်တွင် ထုံးတမ်းအစဉ်အလာကို အစွဲမြဲဆုံး လူမျိုး များ၌ ပါဝင်သည်။
(၇) ကွန်ဖြူးရှပ်အတွေးအခေါ်တို့၏ လာရာ အရင်းအမြစ်မှာ – လူ ဖြစ်သည်။ လူဟုဆိုရာတွင်လည်း Individualism သဘောမှသည် Community နယ်သို့ ကူးသွားသည့် ဖြစ်စဉ်ကို အခြေတည်ထား သည်။

မင်းသေ့

Previous post လေ့လာသင်ယူရေး
Next post တရုတ်၏ ဆူးကြီး သုံးချောင်း (သို့) တီ သုံး တီ