မပြောဖြစ်တာကြာပြီဖြစ်တဲ့ လေ့လာသင်ယူရေးအကြောင်း ပြောချင်ပါတယ်။ လေ့လာသင်ယူရေးမှာ ရေမြုပ်လို၊ သံလိုက်လို၊ ရေသယောက်လို၊ ပျားလို ပမာတူမျှရမှာဖြစ်ကြောင်း ပြောချင်ပါတယ်။

ရေမြုပ်လို

ပညာကို သင်ယူတဲ့နေရာမှာ ရေမြုပ်လို ကျင့်ရမယ်။ လေ့လာသင်ယူရေးမှာ ရေမြုပ်လို နေထိုင်ကျင့်ကြံခြင်းက အရာရောက်တယ်။ ခရီးရောက်တယ်။ ခရီးပေါက်တယ်။ သိနားလည်မှုကို စုစည်းပေးတဲ့ဖြစ်စဉ်သဘောကို ပြော တာဖြစ်ပါတယ်။ ရေမြုပ်ဟာ ရေကို တွေ့တဲ့နေရာမှာ စုပ်ယူသလို၊ အသိပညာဗဟုသုတကို လိုချင်မှု ချင်ခြင်း ပြင်းပြတဲ့သူဟာ တွေ့တဲ့နေရာမှာ အသိကို စုပ်ယူနိုင်တဲ့ ဂုဏ်သတ္တိမျိုး ရှိရမယ်။ ရေမြုပ်ဟာ ရေကို သန့်သလား ညစ်ပတ်သလားဆိုတာကို မခွဲခြားတတ်ပါဘူး။ ဒါ့ကြောင့် လေ့လာသင်ယူရေးကို ခုံမင်တဲ့သူဟာ ရေမြုပ်လို ကျင့်ရမှာတင် မဟုတ်ဘူး။ သံလိုက်လိုပါ ကျင့်ရမယ်။

သံလိုက်လို

သံလိုက်ဟာ သံကို ဆွဲငင်တယ်။ သံဓာတ်မပါတဲ့ အရာဝတ္တုတွေကို ယောင်လိုတောင် မဆွဲငင်ပါဘူး။ ဒီလိုပဲ။ အသိကို လိုလားတဲ့သူဟာ လေ့လာသင်ယူရေးကို လုပ်ရတယ်။ လေ့လာသင်ယူရေးမှာ ကိုယ့်ဓာတ်နဲ့ ကိုက်တဲ့ ပညာရပ်၊ အသိဗဟုသုတကိုသာ ရွေးချယ် စုဆောင်းပါတယ်။ ကိုယ့်ဟာဒယနဲ့ ကိုက်တဲ့အရာကိုသာ ဆွဲစုပါ တယ်။ လူတကာက သိဖို့ လိုတယ်လို့ ထင်မှတ်ထားတဲ့ ကိစ္စတိုင်း၊ အရာတိုင်းကို မသိချင်ပါဘူး။ နားမလည် ချင်ပါဘူး။ လေ့လာစူးစမ်းသူ တစ်ယောက်ဟာ အစကနဦးပိုင်းမှာ ဘာမှ သိနားလည်ထားခြင်း မရှိတဲ့သူ ဖြစ်တာ မို့ တော်တော်များများအရာကို ဟိုစပ်စပ် ဒီစပ်စပ် လေ့လာတတ်ပါတယ်။ ဒါပေမယ့် အဲသည်လို အလေ့အထ ဟာ အတိုင်းအတာတစ်ခုမှာ ရပ်သွားပါတယ်။ တကယ်လေ့လာသင်ယူသူဆိုတာ ကိုယ့်ဓာတ်နဲ့ ဟပ်မိတဲ့ အသိ ဗဟုသုတမျိုး၊ ပညာမျိုးကိုသာ ရွေးချယ်လေ့လာပါတယ်။ အရာရာတိုင်းကို သိချင်၊ တတ်ချင်စိတ် ဖြစ်မနေတော့ ပါဘူး။ ဘာလို့လဲ ဆိုတော့ လူမှာ အကန့်အသတ်ရှိတယ်ဆိုတာ သူက နားလည်သွားပြီ။ ဒါ့ကြောင့် သူ့ဓာတ်နဲ့ မကိုက်တဲ့ အသိဗဟုသုတမျိုးကို လျစ်လျှူရှုနိုင်ပြီး ၊ သူ့ဓာတ်ချင်ခြင်းနဲ့ ကိုက်တဲ့ နယ်ပယ်မျိုးမှာ ဇောက်ချ လေ့လာသင်ယူနေတော့တာပဲ။

သံလိုက်တုံးတစ်တုံးကို သဲထဲရောမွေကြည့်ဖူးပါသလား။ သဲထဲမှာ သံဟာ သူ့ဓာတ်နဲ့ ကိုက်တဲ့ သံမှုန်သံစတွေ ပါလာရင် သံလိုက်တုံးမှာ သံမှုန့်လေးတွေ ကပ်နေတာတွေ့ရပါတယ်။ တခြားကျောက်စကျောက်န၊ ဖုန်သဲတွေ ကိုတော့ သံလိုက်ဟာ ယောင်လိုတောင် အကပ်မခံတော့ပါဘူး။ ဒီသဘောပါပဲ။ တကယ့်လေ့လာရေးသမားဟာ သံလိုက်လို ကိုယ့်ဓာတ်နဲ့ ကိုက်တာကိုပဲ ဆွဲစုယူငင်ရပါမယ်။

ရေသယောက်လို

ရေသယောက်ဟာ ခေါင်မိုးပေါ်မှာ မိုးရေတွေ ကျတဲ့အခါမှာ ကိုယ်စီးစေချင်တဲ့နေရာကို စီးအောင် လုပ်တာပါ။ ပြီးတော့ မိုးရေစုတဲ့နေရာမှာလည်း မိုးရေအမြောက်အမြား ရအောင် စုတာပါ။ တကယ့် လေ့လာသင်ယူရေး သမားဟာ ပညာလောဘကြီးတတ်တယ်။ ဒါ့ကြောင့် သူဟာ မိုးရေတစ်ပေါက်ချင်းစီ၊ တစ်စက်ချင်းစီကို ကန်ပြည့်အောင်ရဖို့ စုမနေချင်ဘူး။ သူလိုချင်တဲ့ မိုးရေသန့်သန့်ကို အမြောက်အမြားရအောင်၊ ထုလိုက်ထည် လိုက်ရအောင် ကြိုးစားရယူတယ်။ ဒါ့ကြောင့် အသိပညာထုလိုက်ထယ်လိုက်ရှိတဲ့နေရာမျိုးဟာ သူ့ကို ရင်ခုန် စေတယ်။ သူ့ကို ဆွဲဆောင်တယ်။ သူ့ရဲ့မက်လုံးလည်းဖြစ်တယ်။

မိုးတစ်စက်ချင်းစီဟာ မိုးရေရရာရကြောင်းဖြစ်ပေမယ့်၊ လေ့လာသင်ယူရာမှာ ပိုမိုများပြားစွာ ရဖို့ ကြိုးစားတယ်။ ဒီလိုဖြစ်ဖို့အတွက် မိုးရေကို ရေသယောက်နဲ့ စုစည်းခံယူသလို၊ လေ့လာသင်ယူတဲ့သူဟာ အသိပညာကို ထု လိုက်ထည်လိုက် များများ ရနိုင်မယ့် လမ်းကြောင်းကို ရှာပြီး စုဆောင်းရယူလေ့ရှိပါတယ်။

ပျားလို

ပျားလို့ ပြောလိုက်ရင် တစ်ကောင်တည်းလည်း မြင်ချင်မြင်သွားမယ်။ ပျားအုံကြီးကိုလည်း မြင်ချင်မြင်သွားလိမ့် မယ်။ ပျားတွေ အုံဖွဲ့ပျံ့သန်းနေတဲ့ တဝီဝီ ပျားအုပ်စုကြီးကိုလည်း မျက်စိထဲ မြင်ချင်မြင်သွားမယ်။ ဘယ်လိုမြင် မြင် အဲဒါဟာ ပျားရဲ့အာနိသင်ဓာတ်သတ္တိကို လေ့လာသင်ယူရေးနဲ့ ချိတ်ဆက်ပြောချင်တဲ့အရာပါပဲ။

ပျားဟာ ပျားရည်ကို စုတဲ့အခါ ဘယ်လို စုပါသလဲ။ တစ်ကောင်တည်း စုပါသလား။ နိုးနိုးနိုး။ မဟုတ်ပါဘူး။ ပျားဟာ စုပေါင်း အလုပ်လုပ်ပါတယ်။ တက်ညီလက်ညီ အလုပ်လုပ်ပါတယ်။ သူ့ကဏ္ဍနဲ့သူ အလုပ်လုပ်ပါ တယ်။ လေ့လာသင်ယူရေးသမားဟာ ဒီ့ထက်ကျယ်ပြန့်တဲ့ အသိပညာကို လိုလားတဲ့အခါ တစ်ကိုယ်တည်း လေ့လာလို့ မရတော့ပါဘူး။ အစုအဖွဲ့နဲ့ လေ့လာရပါတယ်။ အစုအဖွဲ့အတွင်းမှာ ဆွေးနွေးတာ၊ ငြင်းခုန်တာ၊ ဖလှယ်တာ၊ ဝေမျှတာ၊ ပို့ချတာ၊ သင်ကြားတာ၊ သုတေသနလုပ်တာတွေကို အစုအဖွဲ့နဲ့ လုပ်ရပါတယ်။ ဒါတွေ ကို လုပ်ဖို့ တစ်ယောက်တည်းနဲ့ မရပါဘူး။ ကိုယ်လို လေ့လာသင်ယူနေသူတွေ လိုပါတယ်။ ဒီလိုနည်းနဲ့ သိထား တဲ့ အသိတွေဟာ ပိုကျယ်ပြန့်လာပြီး ပိုအသုံးဝင်လာတယ်။ ပိုလက်တွေ့ကျလာတယ်။ ပိုပြီး ဆက်စပ်မိလာ တယ်။ မတူတဲ့ ဘာသာရပ်တွေအကြားက ဆက်ထုံးကိုပါ ဆုပ်မိကိုင်မိလာတယ်။

ပျားနဲ့ ယင်ကောင်

ပျားနဲ့ ယင်ကောင်ဟာ ဘာကွာပါသလဲ။ ပျားဟာ ပန်းဝတ်ရည်ကို စုပ်ယူပြီး၊ ယင်ကောင်ကတော့ အညှီကို ကြိုက်ပါတယ်။ လေ့လာသင်ယူသူဟာ မွှေးရနံ့ထုံသင်းခြင်းနဲ့ ညှီခြင်း ဟောက်ခြင်းကို ကောင်းကောင်းနားလည် ပါတယ်။ အသိတွေထဲမှာ ညစ်ထေးမှုတွေ ပါလာရင် ဖယ်ကြဉ်ပါတယ်။ ရှောင်ရှားပါတယ်။ လေ့လာသင်ယူသူ ဟာ ပျားပိတုန်းတွေ ဝတ်မှုန်ကို ရွေးချယ်စုပ်ယူသလိုပါပဲ။


ပျားနဲ့ ယင်ကောင်ဟာ ဘာကွာသလဲ။ ပျားဟာ ပန်းဝတ်မှုန်ကို စုပ်ယူရင်းနဲ့ သူ့ကြောင့် ပန်းပွင့်လေးဟာ ဝတ်မှုန်ကူးပြီး သီးပွင့်ခြင်းကို ဆက်လုပ်နိုင်ပါတယ်။ ဒီလိုနဲ့ အသီးတွေ သီးလာပြီး မျိုးစေ့တွေ ဆက်လက်ရပါ တယ်။ သစ်ပင်တွေ စိုက်ပျိုးအောင်မြင်ဖို့အတွက် တကူးတက ကိုယ့်ပန်းဝတ်မှုန်တွေ လာရောက်စုပ်ယူတဲ့ ပျား တွေကိုတောင် ကျေးဇူးတင်နေရပါတယ်။ ပျားတွေ မရှိတော့ရင် သစ်ပင်တွေ ဘယ်လို ဝတ်မှုန်ကူးမလဲ။ ပျား တွေကြောင့် မျိုးစိတ်တွေ ဝတ်မှုန်ကူးလူးနိုင်ပြီး ပိုစိမ်းလန်းသာယာတဲ့ သစ်တောသစ်ပင်တွေ ရှင်သန်လာတာ ပေါ့။ လေ့လာသင်ယူသူဟာ ပျားလိုပါပဲ။ အလိုရှိရာ ပန်းဝတ်မှုန်ကို စုပ်ယူပေမယ့် သူစုပ်ယူရာ ပန်းပင် သစ်ပင် သစ်တောကိုလည်း ပိုစိမ်းလန်းသာယာ ကြီးထွားအောင် ပံ့ပိုးပေးခဲ့ပါတယ်။ သူကိုယ်တိုင်တောင် မသိလိုက်ရဘဲ သူ့လုပ်ရပ်က သစ်ပင်တွေအတွက် အကျိုးဖြစ်ထွန်းနေပါတယ်။

ယင်ကောင်ကတော့ အဲသည်လို မဟုတ်ပါဘူး။ အညှီရှိတဲ့နေရာမှာ အုံပါတယ်။ ပြီးတော့ စားသောက်ကိုက်ခဲ ပါတယ်။ ဒါတင်မကသေးပါဘူး။ ယင်ကောင်ဟာ သူ့ဥကို သူစားတဲ့ အပုပ်အညီဆီမှာပဲ ဥချပါတယ်။ သူရှင်သန် ဖို့ နဲ့ သူ့မျိုးဆက် ရှင်သန်ဖို့ သူစားသောက်တဲ့ အညှီဆီမှာပဲ ဥဥချပါတယ်။ ဥကနေ တစ်ဆင့် လောက်တွေ ပေါက်လာပါတယ်။ ဒီလောက်တွေကပဲ ယင်ကောင်စားသောက်တဲ့အရာကို ဖျက်ဆီးလိုက်တော့တာပဲ။ လေ့လာ သင်ယူရေးသမားဟာ ယင်ကောင်လို မဟုတ်ပါဘူး။

ယင်ကောင်ရဲ့ အိမ်ကို မြင်ဖူးပါသလား။ ယင်ကောင်ဟာ ညှီဟောက်တဲ့ ဘယ်နေရာမဆို ရပ်တည်ရှင်သန်ပါ တယ်။ ဘောက်သောက် ပရမ်းပတာ နေထိုင်တယ်လို့တောင် ပြောလို့ ရပါတယ်။ ပျားအိမ်လေးတွေကို မြင်ဖူး ပါသလား။ ဆဌဂံလို အကွက်ကလေးတွေ။ ပျားအုံရဲ့ဖွံ့စည်းပုံကို ကြည့်လိုက်ပါအုံး။ ဘယ်လောက် အကွက်စေ့ သလဲ။ ဘယ်လောက် အကွက်ကျသလဲ။ ဒီလို အကွက်မျိုးလေးတွေ ထဲမှာပဲ သူတို့ရဲ့ မျိုးဆက်ကို ပေါက်ဖွား ရှင်သန်စေပါတယ်။ သူတို့ မျိုးဆက်ကို သူတို့ စနစ်တကျ တည်ဆောက်ထားတဲ့ အိမ်ကလေးထဲမှာပဲ မွေးဖွားစေ ပါတယ်။ တွေ့ကရာနေရာမှာ ဥဥမချတတ်ဘူး။ ပြီးတော့ သူတို့မျိုးဆက်တွေ ပေါက်ဖွားဖို့ ချိုမြတဲ့ ပန်းဝတ်မှုန် တွေကို အခေါက်ခေါက်အခါခါ လူးလားခေါက်ပြန်အသွားအပြန်လုပ်ပြီး စုဆောင်းပို့ချတယ်။ သူတို့ရဲ့အတောင်ပံ ခတ်တဲ့ အကြိမ်ရေဟာ သိန်းနဲ့ ချီပြီး ရှိပါလိမ့်မယ်။ ကဲ… ကြည့်။ သူ့မျိုးဆက်ကို ပျိုးထောင်ဖို့ ၊ ပန်းဝတ်ရည်ကို စုဖို့ ဘယ်လောက် အားထုတ်ထားတဲ့ တောင်ပံရိုက်ချက်တွေလဲ။ စဉ်းစားသာကြည့်။

ယင်ကောင်က ဘက်တီးရီးယား ပိုးမွှားတွေ သယ်လာ ပြီး လူတွေကို ဒုက္ခပေးတယ်။ ပျားဟာ လူတွေကို အလကားနေရင်း လိုက်တုပ်မနေပါဘူး။ ယင်ကောင်က တုပ်လား။ ယင်ကောင်ကိုက်ရင် သေတတ်လား။ ပျား တုပ်ရင် တချို့ဆို သေတောင် သေတယ်။ များသောအားဖြင့် ပျားတုပ်ခံရရင် အဆိပ်မိပြီး ဖူးယောင်တာပဲ။ အပြင်းဖျားတာတောင် ဖြစ်တယ်။ ယင်ကောင်က လူကို အာရုံနောက်အောင် လုပ်တယ်မလား။ ယင်ကောင် တွေ တဝီဝီပျံနေရင် စိတ်အနှောက်အယှက်ဖြစ်စရာပဲ။ လူကိုယ်ပေါ်ကို လာနားရင် အရည်ပြားမှာ ယားကျိကျိနဲ့။

လေ့လာသင်ယူထားတဲ့သူက ပျားလိုပဲ။ သူက သူ့ကို ရန်မပြုရင် မတုပ်ဘူး။ ရန်ပြုရင်တော့ အသေတုပ်တော့ တာပဲ။ တုပ်ရင်လည်း တုပ်ခံရတဲ့လူက မချီးမဆန့်ပဲ။ တကယ်လေ့လာထားတဲ့သူက တုံ့ပြန်တဲ့ တုံ့ပြန်ချက်တွေ ဟာ တခါတရံ ပိဿလေး ဘေးပစ်သလို အထိနာတယ်၊ ခံရခက်တယ်မလား။ ဖြစ်မှာပေါ့။ သူက လေ့လာသင် ယူထားတဲ့သူကိုး။ အထူးသဖြင့် အချီအချ ငြင်းခုံ၊ ဒီဘိတ်လုပ်တဲ့အခြေအနေတွေမှာ ဒီလိုတွေ့ရတယ် မဟုတ် လား။


ဟိုစပ်စပ် ဒီစပ်စပ်သမားကတော့ လူကို ယားကျိကျိဖြစ်အောင်ပဲ ကလိတတ်တယ်။ တကယ့်အယူအဆကို ထိုးနှက်ပစ်သွင်းပြီး မတုံ့ပြန်နိုင်ဘူး။ လူကို နေမထိ ထိုင်မသာဖြစ်အောင် ယားကျိကျိနဲ့ နှောက်ယှက်တတ် တယ်။ တချို့ပျားတွေဆိုရင် တုပ်ပြီးရင် သေတယ်နော်။ သူကိုယ်တိုင်သေသွားတာ။ ပျားဟာ သူ့အသက်ကို တောင် စတေးပြီးတော့ ထိုးနှက်တိုက်ခိုက်တတ်တယ်။ သူဟာ လိုအပ်ရင် ထိုးနှက်တိုက်ခိုက်တာကို လုပ်ရ တယ်။ လုပ်ရင်လည်း သူသေချင်သေပါစေ….။ တုပ်ရမယ့်သူကို မလျော့တမ်း တုပ်ချပစ်လိုက်တော့တာပဲ။

ပျားရည်လို အသိ

ပျားနဲ့ ဆက်စပ်ပြီး ပျားရည်အကြောင်းပြောရအုံးမယ်။ ပျားဟာ ပျားရည်ကို ဘယ်လိုစုသလဲ။ တခါတခါ စုရင် ဂါလံလိုက်ရတယ်လို့ ထင်သလား။ မထင်ပါနဲ့။ မထင်ပါနဲ့။ မဟုတ်ပါဘူး။ ပျားဟာ ပျားရည်ကို နည်းနည်းလေး ချင်းစီစုယူရပါတယ်။ လေ့လာသင်ယူရေးသမားဟာ ပျားတွေ ဝတ်မှုန်စုပ်ပြီး ပျားရည်ကို စုယူသလို၊ အသိ ပညာကို စုယူရမယ်။ ရတဲ့ ပျားရည်ဟာ ဘယ်လို အာနိသင် ရှိသလဲ။ တော်တော်များများ သိထားပြီးသား ကိစ္စပါ။ တိုင်းရင်းဆေးဆရာတွေဆိုရင် ပျားရည်ရဲ့အာနိသင်ကို ကျမ်းတစ်စောင် ပေတစ်ဖွဲ့ဖြစ်အောင် တောင် ပြောတတ်သေးတယ်။

ပျားရည်စစ်စစ်ဟာ ပုပ်သိုးတယ်လို့ ကြားဖူးပါသလား။ နိုးနိုးနိုး။ မပုပ်ဘူး။ ပျားရည်ဟာ ဘယ်တော့မှ မပုပ်ဘူး။ ပျားရည်ဟာ လူတွေအတွက် အကျိုးပြုတယ်။ စားသောက်စရာလည်းဖြစ်သလို၊ ဆေးဝါးလည်းဖြစ်တယ်။ မပုပ် မသိုးခြင်း အာနိသင်လည်း ရှိတယ်။ ပျားရည်ဟာ ချိုတယ်။ ဒါပေမယ့် ထန်းလျက်လို၊ သကြားလို ချိုရဲကြီး မဟုတ်ဘူး။ နှစ်လိုဖွယ်ဖြစ်အောင်သာ ချိုတယ်။ လေ့လာသင်ယူရေးသမားက စုဆောင်းထားတဲ့ ပညာအသိ ဗဟုသုတဟာ ပျားရည်လိုပဲ။ နှစ်လိုဖွယ်ဖြစ်အောင်ပဲ ချိုတယ်။ ချိုရဲကြီး မဟုတ်ဘူး။ တကယ့်အသိပညာဟာ မပုပ်ဘူး။ မသိုးဘူး။ လူတွေအတွက် အကျိုးဖြစ်တယ်။ နေ့စဉ်ပဲ မှီဝဲစားသုံးသုံး၊ ဆေးဝါးအဖြစ်ပဲ မှီဝဲမှီဝဲ ဘယ် လိုပဲဖြစ်ဖြစ် သုံးစွဲသူကို အကျိုးပြုတယ်။ တကယ်လေ့လာသင်ယူထားတဲ့ လူဆီက အသိပညာဗဟုသုတဟာ လူတွေအတွက် အကျိုးဖြစ်ပါတယ်။ လူတွေအတွက် အကျိုးမဖြစ်ဘူးဆိုတာက…. အပေါ်ယံပဲ ရှပ်ပါးလေ့လာပြီး မြည်တွန်တောက်တီး လူတတ်ကြီး လုပ်ပြီး ဖြန့်ချိရေးသားထားတဲ့ အသိဗဟုသုတတွေကသာ လူတွေကို အဆိပ် အတောက်ဖြစ်စေတာပါ။

ကဲ… ရေးတာ များသွားပြီ။
ဒီနေ့ဆောင်းပါး ဒီတင် တော်ကြအုံးစို့ဗျား….။

မင်းသေ့
ည ၉ း ၀၈
၂၁ ၊ အောက်တိုဘာ ၊ ၂၀၁၉ ။
ရန်ကုန်မြို့။

Previous post ပြည်ပရောက်တရုတ်များအရေး
Next post တရုတ်၏ အိုင်ဒီယော်လိုဂျီ ပို့ကုန်