တရုတ်နိုင်ငံရဲ့ လူဦးရေပေါက်ဖွားနှုန်းဟာ အင်မတန် မြင့်လာပါတယ်။ မော်စီတုန်းခေတ်က သန်းပေါင်း (၈၀၀) လောက်ရှိတဲ့ တရုတ်တွေဟာ အခု သန်းပေါင်း (၁၄၀၀) ကျော်လာပါပြီ။ တရုတ်နိုင်ငံမှာ တိန့်ရှောင်ဖိန်ခေတ်က တစ်အိမ်ထောင် သားသမီးတစ်ယောက် (One Child Policy) ကို ကျင့်သုံးပြီး တိုင်းပြည်လူဦးရေကို ထိန်းချုပ်ဖို့ ကြိုးစားခဲ့တယ်။ ဘယ်လိုပဲ ကြိုးစားကြိုးစား တရုတ်တွေရဲ့လူဦးရေတိုးနှုန်းဟာ များပြားတဲ့အနေအထားကို ရောက်လာပြီဖြစ်ပါတယ်။ သိပ်မကြာသေးခင်နှစ်တွေက သန်း (၁၃၀၀) ကျော်လို့ ကျနော်တို့ သိမှတ်ထားကြပါ တယ်။ အခုတော့ အဲသည်လို မဟုတ်တော့ပါဘူး။ သန်း (၁၄၀၀) ကျော်တဲ့အနေအထားကို ရောက်လာပါပြီ။ ဒါတောင် အဝေးရောက်တရုတ်တွေ (တနည်း) ပင်လယ်ရပ်ခြားမှာ ရောက်ရှိနေတဲ့ တစ်ကမ္ဘာလုံးက တရုတ် အရေအတွက် မဟုတ်သေးပါဘူး။ တကမ္ဘာလုံးက တရုတ်လူမျိုးရဲ့အရေအတွက်ကို ထပ်ပြီးလေ့လာကြည့်ရင် တရုတ်လူဦးရေဟာ ထုကြီးထည်ကြီးရှိနေတဲ့အနေအထားဖြစ်ပါတယ်။

လူဦးရေနိုင်ငံရေးအရ တွက်ဆလေ့လာကြည့်ရင် တရုတ်တွေရဲ့ မွေးဖွားနှုန်း၊ တရုတ်တွေရဲ့ပျံ့နှံ့တည်ရှိမှု၊ တရုတ်တွေရဲ့နေထိုင်ကျက်စားမှုတွေကို ကောင်းကောင်းလေ့လာလို့ရနိုင်ပါလိမ့်မယ်။ ပျမ်းမျှအားဖြင့် ကမ္ဘာကြီး မှာ လူဦးရေ သန်း (၇၀၀၀) ကျော် (၈၀၀၀) လောက်ရှိတယ်လို့ ဆိုပါတယ်။ ဘီလီယံနဲ့ပြောရင် (၇) ဘီလီယံ သို့မဟုတ် (၈) ဘီလီယံလောက်ရှိတယ်။ တရုတ်ပြည်မှာ တွက်ချက်ထားတဲ့ သန်း (၁၄၀၀) ဆိုတာ (၁.၄) ဘီလီယံဖြစ်ပါတယ်။ ကမ္ဘာပေါ်က လူ (၈) ယောက်မှာ (၁) ယောက်ဟာ တရုတ်လို့ ယေဘုယျချကြည့်လို့ ရတယ်။ ဒီတော့ လက်ရှိတရုတ်ပြည်က တရုတ်တွေကို မကြည့်သေးဘဲနဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရ (ပီအာစီ) ဟာ နိုင်ငံအသီးသီးမှာ ပျံ့နှံ့နေထိုင်နေတဲ့ တရုတ်လူမျိုးတွေနဲ့ ပတ်သက်ပြီး ဘယ်လို အမြင်မျိုး ရှိ သလဲ။ ဘယ်လို ပေါ်လစီမျိုး ချထားသလဲ။ ဘယ်လို သဘောထားသလဲဆိုတာ လေ့လာဖို့ လိုတယ်။

ဒီဆောင်းပါးကို ၂၀၁၄ ခုနှစ်၊ ဇွန်လ၊ ၆ ရက်နေ့မှာ တရုတ်သမ္မတ ရှီကျင့်ဖျင်က အဝေးရောက်တရုတ်အမျိုးသား များ ချစ်ကြည်ရေးအသင်းရဲ့ (၇) ကြိမ်မြောက်ညီလာခံမှာ ပြောတဲ့မိန့်ခွန်းအပေါ် အခြေခံပြီး ရေးချင်ပါတယ်။ ရှီကျင့်ဖျင်ပြောခဲ့တဲ့ မိန့်ခွန်းအပေါ် အခြေခံပြီး ရေးသားပြီးရင် မြန်မာပြည်တွင်းက တရုတ်လူမျိုးတွေကိစ္စကို စဉ်းစားနိုင်ဖို့ ရေးသားတင်ပြချင်ပါတယ်။

အချီး

ကမ္ဘာပေါ်မှာ ရှိတဲ့နိုင်ငံတိုင်းမှာ တရုတ်လူမျိုးမရှိတဲ့ နိုင်ငံဆိုတာ မရှိသလောက်ရှားပါတယ်။ အထင်ကရနိုင်ငံ တိုင်းလိုလိုမှာ ချိုင်းနားတောင်း China Town (တရုတ်မြို့ / တရုတ်ရပ်ကွက်) ရှိပါတယ်။ ပြည်ပနိုင်ငံ အသီးသီးမှာ တရုတ်တွေရဲ့စုစည်း နေထိုင်မှု၊ တရုတ်တွေရဲ့ ရှင်သန်ကျက်စားမှုကို လေ့လာသင့်ပါတယ်။ လူတော်တော်များများဟာ ပြည်ပရောက်တရုတ်တွေရဲ့နေထိုင်ကျင်လည်မှုနဲ့ပတ်သက်ပြီး ပညာရပ်ဆန်ဆန် မလေ့လာနိုင်ပေမယ့် တရုတ်တွေရဲ့နေထိုင်မှုပုံစံကို အမြင်အားဖြင့်၊ အကြားအားဖြင့် စိတ်ထဲမှာ ယေဘုယျ သဘော သိနားလည်နေပါတယ်။ ပြည်ပရောက်တရုတ်တွေနဲ့ပတ်သက်ပြီး ရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကား တွေလည်း အများအပြား ရှိပါတယ်။ ကျနော်တို့ မြန်မာလူမျိုးတွေနဲ့ ရင်းနှီးပြီးသားဖြစ်တဲ့ ရုပ်ရှင်တွေကတော့ တရုတ်မင်းသား ဘရုစ်လီရဲ့ ရုပ်ရှင်ဇာတ်ကားတွေ ဖြစ်ပါတယ်။

မြန်မာပြည်ဟာ တရုတ်နဲ့ မကင်းကွာပါဘူး။ နယ်မြေအားဖြင့် ထိစပ်သလို ၊ ယဉ်ကျေးမှုအားဖြင့်လည်း နီးစပ်ပါ တယ်။ မြန်မာတွေဟာ တရုတ်အစားအစာတွေကို ခံတွင်းတွေ့သလို တရုတ်အသုံးအဆောင်တွေနဲ့လည်း ရင်းနှီးကျွမ်းဝင်မှု ရှိပါတယ်။ အထူးသဖြင့် တရုတ်လူမျိုးတွေရဲ့အသုံးအဆောင်ဖြစ်တဲ့ တူ ဖြစ်ပါတယ်။ အနောက်တိုင်း မျက်နှာဖြူလူမျိုးတွေရဲ့ စားသောက်စားပွဲပေါ်မှာ ဇွန်းနဲ့ ခရင်းဟာ အမှတ်သင်္ကေတဖြစ်ပါတယ်။ ဒီလိုပဲ တရုတ်တွေရဲ့ထူးခြားတဲ့ ယဉ်ကျေးမှုအမှတ်အသားတစ်ခုဟာ တူဖြစ်ပါတယ်။ မြန်မာတွေအဖို့ စားသောက်စားပွဲပေါ်က ဝါးနဲ့ လုပ်ထားတဲ့တူ၊ ဒါမှမဟုတ် သစ်သားနဲ့ လုပ်ထားတဲ့တူဟာ သိပ်အထူးအဆန်း မဟုတ်ပါဘူး။ မြန်မာတော်တော်များများဟာ တူကို ကောင်းကောင်း ကိုင်တွယ်တတ်ပါတယ်။ မြန်မာပြည်ရဲ့ စားသောက်ဆိုင်တိုင်းမှာ တူကို သုံးပါတယ်။ မြန်မာပြည်ရဲ့ လမ်းဘေးခေါက်ဆွဲဆိုင်တိုင်းမှာ တူကို သုံးကြပါတယ်။ မြန်မာပြည်ရဲ့ မြို့ကြီးတိုင်းလိုလို၊ မြို့ငယ်တိုင်းလိုလိုမှာ ဝက်သားဒုတ်ထိုးဆိုင် ရှိပါတယ်။ အခု ဆိုရင် မြန်မာပြည်ရဲ့ မြို့ကြီးတိုင်းလိုလိုမှာ ဟော့ပေါ့ဆိုင်တွေ ရှိနေပါပြီ။ ပြီးတော့ ဖက်ထုပ်ပြုတ်၊ ဖက်ထုပ်ကြော်၊ ဖက်ထုပ်ပေါင်း စတဲ့ ပျံ့နှံ့ဝင်ရောက်လာတဲ့ တရုတ်အစားအစာတွေကို ကြည့်နိုင်ပါတယ်။ မြန်မာပြည်ရဲ့ ဘီယာယဉ်ကျေးမှု ထွန်းကားလာတာနဲ့အမျှ အကင်မျိုးစုံရတဲ့ စားသောက်ဆိုင်တွေကလည်း မြို့တိုင်းလိုလိုမှာ ရှိနေပါတယ်။ ဒါဟာ စားသောက်မှုယဉ်ကျေးမှုမှာ လွှမ်းမိုးနစ်ဝင်နေတဲ့ ထင်သာမြင်သာ ဖြစ်တဲ့အချက်အနည်းငယ်ကို ထုတ်ပြတာ ဖြစ်ပါတယ်။ တခြား မြောက်မြားစွာ ရှိနေပါသေးတယ်။ ဒီအကြောင်း အချက်နဲ့ ဆက်စပ်ပြီးတော့ Food Culture နဲ့ Food Diplomacy (Culinary Diplomacy) ကို တွဲပြီး လေ့လာဖို့လည်း လိုပါသေးတယ်။

ဒေါက်တာ သန်းထွန်းက သူ့ရဲ့ “ငါပြောချင်သမျှ ငါ့အကြောင်း” ထဲမှာ ရေးဖူးတယ်။ မြန်မာတွေရဲ့ တိုက်ပုံအင်္ကျီ ဟာ တရုတ်ဆီက ယူထားတာဖြစ်ပြီး ပုဆိုးကတော့ အိန္ဒိယ (ကုလား) ဆီက ယူထားတာလို့ ရေးဖူးပါတယ်။ မြန်မာတွေဟာ တရုတ်နဲ့ အိန္ဒိယအစားအစာတွေကို ခံတွင်းလိုက် နှစ်ခြိုက်တာများပါတယ်။ ထားတော့။

နောက်တစ်ခုကတော့ တရုတ်တွေရဲ့မြန်မာပြည်တွင်းစိမ့်ဝင်ပျံ့နှံမှုကို ပြောချင်ပါတယ်။ ဘုရင်တွေခေတ်မှာ တရုတ်ကုန်သည်တချို့နဲ့ တရုတ်တပ်တချို့ဟာ မြန်မာတွင်းဝင်ရောက်ခဲ့ဖူးပါတယ်။ သို့ပေမယ့် အမြောက် အမြားမဟုတ်သေးပါ။ တရုတ်နဲ့မြန်မာကြားမှာ ပထဝီအရ အဆီးအတားရှိနေလို့ဖြစ်ပါတယ်။ ကိုလိုနီခေတ်မှာ တရုတ်တွေ မြန်မာပြည်ထဲမှာ ထိုးဖောက်ဝင်ရောက်မှု များလာပါတယ်။ အထင်ကရ သွားလာရေး လမ်းကြောင်း လို့ ပြောရရင် လီဒိုလမ်းမကြီးကို ကြည့်နိုင်ပါတယ်။ လီဒိုလမ်းမကြီးကို စတီးဝဲလ်လမ်းမကြီးလို့လည်း ပြောပါ တယ်။ အင်္ဂလိပ်က တရုတ်ပြည်ထဲက ဖက်ဆစ်ဂျပန်ကို တိုက်ထုတ်ဖို့ အိန္ဒိယနဲ့ ဆက်သွယ်ရေး၊ ထောက်ပို့လမ်း ကြောင်းတစ်ခု ဖောက်ပါတယ်။ မြန်မာပြည်တွင်း ကချင်ပြည်ကို ဖြတ်ပြီး ဖောက်တာဖြစ်ပါတယ်။ ဒါက အချက် တစ်ချက်။

နောက်အချက်တစ်ခုက အင်္ဂလိပ်ခေတ်မှာ ကုန်သွယ်ရေးအရ အချက်အခြာကျတဲ့ ရန်ကုန်မြို့မှာ တရုတ်လူဦး ရေ မြောက်မြားစွာ ဝင်လာတဲ့ကိစ္စရှိပါတယ်။ ရန်ကုန်မှာ တရုတ်နဲ့ အိန္ဒိယ (ကုလား) ဟာ ကိုလိုနီခေတ်မှာ အရေးပါ၊ အရာရောက်ပြီး ဗမာတွေထက် အရေးတယူနေရာပေး ဆက်ဆံခံရတဲ့ လူတွေဖြစ်ပါတယ်။ ဗမာတွေ မကျေမနပ်ဖြစ်လို့ အဓိကရုဏ်းတွေ ဖြစ်ခဲ့တယ်ဆိုတဲ့ သာဓကလည်း သမိုင်းမှတ်တမ်းမှာ ရှိပါတယ်။ ကိုလိုနီ ခေတ်ကို အကြောင်းပြုပြီး တရုတ်ပြည်မကြီးဆီက ဝင်ရောက်လာတဲ့ တရုတ်ပြည်ဖွား တရုတ်လူမျိုးတွေ မြန်မာ ပြည်တွင်းမှာ ရှိပါတယ်။ ထို့အတူပဲ ဒီ့နောက်ပိုင်းမှာ မြန်မာပြည်ဖွားတရုတ်တွေလည်း မြောက်မြားစွာ ရှိပါတယ်။

တရုတ်ခေါင်းဆောင် မော်စီတုန်း စီရင်တဲ့ ယဉ်ကျေးမှုတော်လှန်ရေးကာလအတွင်းမှာ မြန်မာပြည်နဲ့ပတ်သက်ပြီး တော့ အထင်ကရအဖြစ်အပျက် တစ်ခုရှိပါတယ်။ တရုတ် – ဗမာအရေးအခင်း ဖြစ်ပါတယ်။ ကွန်မြူနစ်ခေါင်း ဆောင် မော်စီတုန်းဟာ ကွန်မြူနစ်ဝါဒကို နိုင်ငံတကာကို တင်ပို့ဖို့ အားထုတ်ပါတယ်။ အဲဒီနေ့ရာမှာ ပြည်ပ ရောက်တရုတ်တွေကို အသုံးချပြီး လုပ်ဆောင်ခဲ့ပါတယ်။ ဒီလုပ်ရပ်ကြောင့် တရုတ် – ဗမာ အဓိကရုဏ်းဖြစ် တယ်လို့ ယူဆပါတယ်။ ဒီသာဓကဟာ တရုတ်ပြည်အစိုးရက ပြည်ပရောက်တရုတ် (တနည်း) မြန်မာပြည် ရောက် တရုတ်တွေနဲ့ ပတ်သက်ပြီး လွှမ်းမိုးသက်ရောက်ခဲ့တဲ့ အတိတ်က သာဓက တစ်ခုဖြစ်ပါတယ်။ ဒါက အတိတ်က ကိစ္စဖြစ်ပါတယ်။ လက်ရှိပစ္စုပ္ပန်ကိုလည်း အနည်းငယ် ချည်းကပ်ကြအုံးစို့။

သဘောထားအမြင်

တရုတ်အစိုးရအနေနဲ့ အဝေးရောက် တရုတ်တွေအပေါ် ဘယ်လို သဘောထားသလဲ။ အမိမြေက တရုတ်တွေနဲ့ ပြည်ပရောက်တရုတ်တွေဟာ တစ်သားတည်းဖြစ်ကြောင်း၊ တမျိုးတည်းဖြစ်ကြောင်း၊ သွေးသားတော်စပ်သူတွေ ဖြစ်ကြောင်း၊ အမျိုးတွေဖြစ်ကြောင်း၊ ညီအစ်ကိုတွေဖြစ်ကြောင်း၊ ဇာတိရင်းမြစ်တူညီတဲ့ ဆွေမျိုးတွေဖြစ်ကြောင်း သဘောထားပါတယ်။ သွေးအရ ကွဲပြားနေတာ မဟုတ်ဘူး။ နယ်မြေအရာ ကွာခြားကောင်း ကွာခြားလိမ့်မယ်။ သို့ပေမယ့် သွေးသားအရ တော်စပ်တယ်။ ဆွေမျိုးအရ နီးစပ်တယ်။ လူမျိုးအရ တူညီတယ်။ ဇာတိအရ နှီးနွှယ် ဆက်စပ်တယ်လို့ သဘောထားပါတယ်။ ဒါဟာ တရုတ်တွေရဲ့စိတ်ဝိညာဉ်ကို ဆွဲစုခေါ်ငင်တဲ့ သဘောထားဖြစ် ပါတယ်။

ပြည်ပရောက်တရုတ်တွေနဲ့ တရုတ်ပြည်က တရုတ်တွေကို ဆက်စပ်ပေးတဲ့ အကြောင်းတရား များစွာ ရှိပါတယ်။ အဲသည့်အထဲက အချက် (၆) ချက်လောက်ကို ထုတ်ပြချင်ပါတယ်။

၁) အစားအသောက်ယဉ်ကျေးမှု
၂) ကွန်ဖြူးရှပ်အသင်းများ
၃) တရုတ်အမျိုးသားချစ်ကြည်ရေးအသင်းများ
၄) တရုတ်သံရုံးများ
၅) တရုတ်ယဉ်ကျေးမှုပွဲတော်များ
၆) တရုတ်ရုပ်ရှင်များ

အစားအသောက်ပုံစံ

တရုတ်တွေဟာ အစားအသောက်ကို သာမန်ထက် ခုံမင်တဲ့ လူမျိုးဖြစ်ပါတယ်။ အစားအသောက်ထဲမှာ ဝက် သားဟာ တရုတ်တွေရဲ့အကြိုက်ဖြစ်တယ်။ အစားအသောက်ကို ခုံခုံမင်မင်စားသောက်ကြသလို၊ အမျိုးစုံလင် အောင်လည်း စားသောက်ကြတယ်။ တရုတ်လူမျိုးဟာ တရုတ်အစားအသောက်ကို ခုံမင်တယ်။ မြိန်ယှက်တယ်။ လူမျိုးတစ်မျိုးနဲ့ စားသောက်မှု ပုံစံဟာ တွဲဖက်နေပါတယ်။ တရုတ်ဟာ အစားအသောက်ကို ခုံမင်သလို၊ မကြာ မကြာ စားသောက်မှုပွဲတော်တွေကိုလည်း အမျိုးမျိုး ကျင်းပပြီး စုပေါင်းစားသောက်လေ့ရှိပါတယ်။ တရုတ်လူမျိုး တွေရဲ့ ကျင်းပတဲ့ ပွဲတော်တိုင်းမှာ အစားအသောက်ပွဲတော်တွေနဲ့ တွဲဖက်ကျင်းပလေ့ရှိပါတယ်။ ပွဲတော်တိုင်း မှာ စားသောက်ပွဲဟာ ပါစမြဲဖြစ်ပါတယ်။ စားသောက်ပွဲတိုင်းကိုလည်း တရုတ်တွေ နှစ်ခြိုက်ကြသလို၊ စားရင်း သောက်ရင်း မိတ်ဖွဲ့၊ ဆွေမျိုးတွေ ပြန်လည်တွေ့ဆုံ၊ အချင်းချင်း အဆက်အသွယ်တွေ လုပ်ကြ၊ ရင်းနှီးချစ်ကြည် မှုတွေ ပိုမိုကြရင်း တရုတ်တွေရဲ့ လူမှုအရင်း (Social Capital) ကို ချဲ့ထွင်တည်ဆောက်ကြပါတယ်။ အစား အသောက်ယဉ်ကျေးမှုဟာ တရုတ်လူမျိုးတွေရဲ့စိတ်ဝိညာဉ်ကို အချင်းချင်း ဆွဲစုတဲ့အဓိက အကြောင်းအရင်း တစ်ရပ်ဖြစ်ပါတယ်။ နောက်တစ်ခုက တရုတ်ယဉ်ကျေးမှုအသင်း၊ တရုတ်အမျိုးသားချစ်ကြည်ရေးအသင်းတွေ နဲ့ ကွန်ဖြူးရှပ်ကျောင်းတွေ ဖြစ်ပါတယ်။

ကွန်ဖြူးရှပ်ကျောင်း

ကွန်ဖြူးရှပ်ကျောင်းတွေဟာ ကမ္ဘာ့နိုင်ငံအများအပြားမှာ ရှိပါတယ်။ နိုင်ငံပေါင်း (၁၅၀) ကျော်မှာ ပျံ့နှံ့တည်ရှိပါ တယ်။ ၂၀၁၉ ခုနှစ်မှာ ကွန်ဖြူးရှပ်ကျောင်းပေါင်း (၅၃၀) ကို နိုင်ငံအသီးသီးမှာ ထူထောင်ထားနိုင်နေပြီ။ နိုင်ငံ ရပ်ခြားမှာ ရှိနေတဲ့ ကွန်ဖြူးရှပ်ကျောင်းတွေဟာ တရုတ်အစိုးရရဲ့ ပညာရေးဝန်ကြီးဌာန လက်အောက်ခံတွေ ဖြစ်ပါတယ်။ ပညာရပ်ဆိုင်ရာ ရည်ရည်ချက် မရှိ။ နိုင်ငံရေးနဲ့ လူမျိုးရေး၊ ယဉ်ကျေးမှု၊ ဘာသာစကားနဲ့ ဝါဒဖြန့်ချိရေး ရည်ရွယ်ချက်တွေသာ ရှိတယ်။

ကွန်ဖြူးရှပ်ကျောင်းတွေရဲ့ အဓိက လုပ်ငန်းတွေ ရှိတယ်။ အဓိကကတော့ တရုတ်ဘာသာစကား သင်ကြားတာ ဖြစ်ပါတယ်။ တရုတ်ဘာသာစကား သင်ကြားရေးနဲ့အတူ ယဉ်ကျေးမှုကိုပါ ထိတွေ့စေတယ်။ နှီးနွှယ်ယဉ်ပါးစေ တယ်။ ပြည်ပရောက်တရုတ်မျိုးဆက်သစ်တွေကို ဆွဲစုတဲ့ ရည်ရွယ်ချက်ကို ထားတယ်။ ယဉ်ကျေးမှုအရ ပြည်ပ ရောက်တရုတ်တွေနဲ့ အမိမြေက တရုတ်တွေ နှီးနွှယ်ဆက်စပ်ပြီး စိတ်ဝိညာဉ်ချင်း ရင်းနှီးနေစေဖို့ ရည်ရွယ်ချက် လည်း ဖြစ်ပါတယ်။ တစ်ဖက်မှာလည်း တရုတ်နိုင်ငံရဲ့နိုင်ငံခြားရေးမူဝါဒကို တစိတ်တပိုင်းအားဖြင့် အကောင် အထည်ဖော်ပေးနေတဲ့ လက်တံအဖြစ် သဘောထားပါတယ်။ ပြည်ပနိုင်ငံအသီးသီးမှာ ရှိတဲ့ ကွန်ဖြူးရှပ်ကျောင်း တွေမှာ တက်ရောက်နေတဲ့ တရုတ်လူငယ် ဆယ်ကျော်သက်တွေဟာ သန်း (၁၀၀) လောက်ရှိတယ်လို့ ခန့်မှန်း ပါတယ်။ လက်တွေ့မှာ သည့်ထက် များနိုင်ပါတယ်။
ကွန်ဖြူးရှပ်အတွေးအခေါ်တွေနဲ့အတူ ၊ ယဉ်ကျေးမှုအရ နယ်ချဲ့ရင်း အဝေးရောက်တရုတ်တွေကို အမျိုးသားရေး စိတ်အရ စေးကပ်အောင် လုပ်တာဖြစ်ပါတယ်။ ရည်ရွယ်ရင်းကတော့ အမိ တရုတ်နိုင်ငံကြီးရဲ့ အကျိုးစီးပွားတွေ ကို ပြည်ပနိုင်ငံတွေမှာ အဝေးရောက်ဆွေမျိုးသားချင်းတွေက ကျေးဇူးပြု ထောက်ပံ့ဖို့ ဖြစ်ပါတယ်။

ကွန်ဖြူးရှပ်ကျောင်းတွေ လိုပဲ၊ တရုတ်အမျိုးသားချစ်ကြည်ရေးအသင်းနဲ့ တရုတ်ယဉ်ကျေးမှုအသင်းတွေဟာ နိုင်ငံရေး၊ စီးပွားရေးနဲ့ လူမှုအသိုက်အမြုံခိုင်မာကျစ်လစ်ရေးကို ရည်ရွယ်ပြီး ဖွဲ့စည်းထားတဲ့ အသင်းတွေဖြစ်ပါ တယ်။ ဒီအသင်းတွေရဲ့လမ်းဆုံး ပန်းတိုင်ကတော့ ပြည်ပရောက်တရုတ်တွေရဲ့ အကျိုးစီးပွားနဲ့ အမိတရုတ်နိုင်ငံ ရဲ့ အကျိုးစီးပွားကို လူမှုရေးနည်းနဲ့ နိုင်ငံရေး၊ စီးပွားရေးကို အကျိုးပြုနိုင်ဖို့ ဖြစ်ပါတယ်။

တရုတ်သံရုံးများ

သံရုံးတွေ ကောင်စစ်ဝန်ရုံးတွေရဲ့ လုပ်ငန်းတာဝန်ကိုတော့ ထူးထွေပြီး ပြောမနေချင်ပါ။ သံရုံးတွေရဲ့ လုပ်ငန်း တာဝန်ဟာ အမိတိုင်းပြည်ကို ကိုယ်စားပြုဖို့၊ အခြေစိုက်နိုင်ငံမှာရှိတဲ့ ကိုယ့်လူမျိုး၊ ကိုယ့်နိုင်ငံသားကို ကာကွယ် စောင့်ရှောက်ဖို့၊ သတင်းပလင်းစုစည်းဖို့၊ ကိုယ့်နိုင်ငံရဲ့အကျိုးစီးပွားကို ချဲ့ထွင်ကာကွယ်ပေးဖို့နဲ့ နှစ်နိုင်ငံချင်း ယဉ်ကျေးမှုဖလှယ်တာ၊ ချစ်ကြည်ရင်းနှီးမှုရှိအောင် လုပ်ဖို့ ဖြစ်ပါတယ်။

ဒီလိုပါပဲ။ ပြည်ပရောက် တရုတ်သံရုံးတွေနဲ့ တရုတ်ကောင်စစ်ဝန်ရုံးတွေဟာ ဒီတာဝန်ကို ထမ်းဆောင်ကြတာပါ ပဲ။ သံရုံးတွေရဲ့လက်တံနဲ့ ဩဇာဟာ အမိနိုင်ငံရဲ့ဓနဥစ္စာကြွယ်ဝမှုနဲ့ နည်းပရိယာဉ်ကြွယ်ဝမှုတွေအပေါ် မှီတည် နေပါတယ်။ ဆင်းရဲတဲ့နိုင်ငံက သံရုံးတွေဟာ မည်ကာမတ္တအဆင့် (ရုံးထိုင်) အဆင့်မှာတင် ရှိနေပြီး၊ ချမ်းသာ ကြွယ်ဝပြီး အင်အားကြီးတဲ့ နိုင်ငံတွေရဲ့သံရုံးတွေကတော့ ပြည်ပနိုင်ငံတွေမှာ ဩဇာကြီးတယ်။ လက်တံ တွေကို ချဲ့ထွင်နိုင်ပါတယ်။ သံရုံးတွေဟာ ပိုက်ဆံသုံးနိုင်ရင် သုံးနိုင်သလောက် အမိမြေရဲ့အကျိုးစီးပွားကို ထမ်းဆောင် နိုင်လေ့ရှိတယ်။ အမိမြေရဲ့ နိုင်ငံခြားရေးမူဝါဒကို အကောင်အထည်ဖော်ပေးတဲ့ တာဝန်ကိုလည်း သံရုံးတွေက ယူရတယ်။

တရုတ်သံရုံးတွေဟာ မိမိတို့ အခြေစိုက်ရာ နိုင်ငံတွင်းမှာ ရှိနေတဲ့ တရုတ်လူမျိုးနဲ့ တရုတ်နိုင်ငံသားတွေရဲ့ အကျိုးစီးပွားကို ဘက်ပေါင်းစုံက ချဲ့ထွင်စေတယ်။ ဘက်ပေါင်းစုံကလည်း အကာအကွယ်ပေးနိုင်ဖို့ ကြိုးစား တယ်။ တရုတ်ယဉ်ကျေးမှုအသင်းတွေ၊ တရုတ်အမျိုးသားချစ်ကြည်ရေးအသင်းတွေ၊ တရုတ်ကုန်သည်အသင်း တွေ၊ ကွန်ဖြူးရှပ်ကျောင်းတွေနဲ့ တရုတ်စာစောင်၊ မဂ္ဂဇင်းတွေ၊ စာအုပ်တွေကို ထုတ်ဝေပြီးတော့ တရုတ်နိုင်ငံရဲ့ အကျိုးစီးပွားကို ထမ်းဆောင်ကြပါတယ်။ တစ်ဖက်မှာလည်း မိမိတို့နိုင်ငံခြားရေးမူဝါဒကို အကောင်အထည်ဖော် ဖို့ ယဉ်ကျေးမှုပွဲတော်တွေ ကျင်းပတာ၊ တရုတ်စီးပွားရေးသမားတွေ၊ ရင်းနှီးမြုပ်နှံသူတွေ စီးပွားရေး လုပ်နိုင်မှု ခွင်ကျယ်အောင် ကြားဝင်စေ့စပ်ပေးတာ၊ အာမခံချက်ပေးတာတွေကို လုပ်ဆောင်တယ်။ ပြည်ပရောက် တရုတ် တွေ အချင်းချင်း ရင်းနှီးချစ်ကြည်ဖို့ ဆော်ဩသူ၊ စီစဉ်ဆောင်ရွက်ပေးသူအဖြစ် တာဝန်ထမ်းဆောင်ကြတယ်။ မကြာမကြာ အမိနိုင်ငံရဲ့ပေါ်လစီကို အဝေးရောက်တရုတ်တွေ သိနားလည်အောင် ဝါဒဖြန့်တဲ့အလုပ်တွေကို လည်း တရုတ်သံရုံးတွေ ကောင်စစ်ဝန်ရုံးတွေက လုပ်ပါတယ်။ စကားလုံးလှလှနဲ့ပြောရရင် ပြည်သူ့ဆက်ဆံရေး လုပ်ငန်းတာဝန်တွေကို သံရုံးတွေက ထမ်းဆောင်ပါတယ်။ ဒါဟာ ပြည်ပနိုင်ငံအသီးသီးက တရုတ်သံရုံးတွေနဲ့ ပင်လယ်ရပ်ခြား တရုတ်အမျိုးသားတွေအကြားမှာ ဆက်စပ်နေတဲ့ အနေအထားကို ရေးသားတင်ပြတာဖြစ်ပါ တယ်။ နောက်တစ်ခုက ယဉ်ကျေးမှုပွဲတော်တွေဖြစ်ပါတယ်။

တရုတ်ယဉ်ကျေးမှုပွဲတော်များ

တရုတ်ယဉ်ကျေးမှုပွဲတော်တွေမှာ အထင်ကရလူသိများတာကတော့ တရုတ်နှစ်သစ်ကူးပွဲတော်ဖြစ်ပါတယ်။ နှစ်သစ်ကူးပွဲတော်တွေဟာ နိုင်ငံတိုင်းလိုလိုမှာ ရှိတတ်ပါတယ်။ မြန်မာတွေအတွက် သြင်္ကန်။ အနောက်တိုင်း သားတွေအတွက် ခရစ်စမတ် နဲ့ တရုတ်တွေအတွက် တရုတ်နှစ်သစ်ကူးပွဲတွေ ဖြစ်ပါတယ်။ တရုတ်ယဉ်ကျေးမှု ဟာ နှစ် (၅၀၀၀) သက်တမ်းရှိပြီဖြစ်ပါတယ်။ တရုတ်နှစ်သစ်ကူးပွဲတော်ကို ရိုးရာယဉ်ကျေးမှုမပြတ် ကျင်းပလာ တာဟာ နှစ်ပေါင်း (၄၀၀၀) မက ရှိပြီဖြစ်ပါတယ်။ တရုတ်နှစ်သစ်ကူးပွဲတော်ဟာ တရုတ်လူမျိုးတွေအတွက် အလေးအမြတ်ပြုတဲ့ ပွဲတော်ဖြစ်တယ်။ မိသားစုတွေ ပြန်လည်တွေ့ဆုံချိန်ဖြစ်တယ်။ ဆွေမျိုးမိတ်သင်္ဂဟာတွေ ပြန်လည်စုစည်းစုရုံးချိန်ဖြစ်တယ်။ ပြန်လည်တွေ့ဆုံချိန်မှာ နှစ်သစ်ကို ခံယူချက်အသစ်၊ ယုံကြည်ချက်အသစ် တွေနဲ့ စိတ်ဓာတ်ခွန်အားသွန်းလောင်းတဲ့အချိန်ဖြစ်တယ်။ မကောင်းတဲ့ကံကြမ္မာတွေကို နှင်ထုတ်ပြီး ကောင်း ခြင်း မင်္ဂလာတွေကို သယ်ဆောင်တဲ့အချိန်ဖြစ်တယ်။ ဘိုးဘေးဘီဘင်တွေကို ပူဇော်ကန်တော့ ဦးညွှတ်တဲ့ အချိန်လည်းဖြစ်တယ်။ နေရပ်ဒေသကို အချိန်ကြာညောင်းစွာ ခွဲခွာနေတဲ့တရုတ်တွေ ဒေသဇာတိကို ပြန်လာ တဲ့ အချိန်လည်းဖြစ်တယ်။ ဆိုင်ရာနတ်ဘုရားတွေကို ကိုးကွယ်ပူဇော်တဲ့အချိန်လည်းဖြစ်တယ်။ အတိတ်ကောင်း၊ နိမိတ်ကောင်းတွေ ဆောင်ကျဉ်းဖို့ ပျော်ရွှင်ခြင်း၊ သာယာခြင်း၊ ကျန်းမာချမ်းသာခြင်း ကဗျာတွေကို ရေးသားကပ် ထားပြီး မိမိနေထိုင်ရာအိမ်ကို ခေါ်ဆောင်ခြင်းလည်းဖြစ်တယ်။

တရုတ်နှစ်သစ်ကူးပွဲတော်တွေကို တရုတ်အများအပြားနေထိုင်တဲ့ ပြည်ပနိုင်ငံတွေမှာ နှစ်စဉ်ကျင်းပကြတယ်။ တရုတ်ပြည်တွင်းမှာလည်း ခြိမ့်ခြိမ့်သဲကျင်းပသလို၊ ပြည်ပရောက် တရုတ်တွေ စုစည်းနေထိုင်တဲ့ မြို့တွေမှာ လည်း ကျင်းပကြတယ်။ တရုတ်အနည်းငယ်ပဲ နေထိုင်တဲ့ ပြည်ပက မြို့တွေမှာတောင်၊ တရုတ်အိမ်တွေမှာ အိမ်တွင်းနှစ်သစ်ကူးပွဲတော်ငယ်တွေ ကျင်းပကြပါတယ်။ တရုတ်မှာ နှစ်သစ်ကူးပွဲတော်လိုပဲ အထင်ကရပွဲတော် တွေ အများကြီး ရှိပါတယ်။

တရုတ်ရိုးရာ မုန့်လုံးရေပေါ်ပွဲတော်လို့ခေါ်တဲ့ တရုတ် ယွမ်းလျှောက်ကျယ်ပွဲတော်ကိုလည်း ကျင်းပကြတယ်။ တရုတ်တွေရဲ့ကောက်ညှင်းထုပ်ပွဲတော်၊ တရုတ်ရိုးရာချုံယန် (Chongyang) ပွဲတော်…. စတဲ့ ပွဲတော်တွေဟာ နာမည်ကြီးပါတယ်။ တရုတ်တွေရဲ့ ယဉ်ကျေးမှုပွဲတော်တွေဟာ တရုတ်အမျိုးသားတွေရဲ့ လူမျိုးရေးစရိုက် လက္ခဏာတွေကို ဆွဲစုပေးပါတယ်။ ပြည်ပရောက်တရုတ်တွေ၊ အဝေးရောက်တရုတ်တွေ၊ ပင်လယ်ရပ်ခြား တရုတ်အမျိုးသားတွေဟာ ယဉ်ကျေးမှုပွဲတော်တွေနဲ့ ရင်းနှီးကြတယ်။ ပွဲတော်တွေ ကျင်းပပြီး ကိုယ့်လူမျိုး၊ ကိုယ့်နိုင်ငံ၊ ကိုယ့်ဇာတိ၊ ကိုယ့်မျိုးရင်းကို ပြန်လည်အောက်မေ့တမ်းတကြတယ်။ ဂုဏ်တင်ကြတယ်။ ဂုဏ်ယူ ကြတယ်။ အထူးသဖြင့် တရုတ်ယဉ်ကျေးမှုပွဲတော်တွေဟာ တရုတ်အမျိုးသားရေးဝါဒကို ကျယ်ကျယ်ပြန့်ပြန့် ဆွဲဆန့် နက်ရှိုင်းစေတဲ့ အကြောင်းတရားဖြစ်ပါတယ်။ ဒါကို တရုတ်အစိုးရဟာ ကောင်းကောင်း သိတယ်။ ကောင်းကောင်း နားလည်သဘောပေါက်ထားပါတယ်။ ဒါ့ကြောင့် တရုတ်အစိုးရနဲ့ တရုတ်သံရုံးတွေဟာ တိုင်းပြည်ရဲ့အကျိုးစီးပွားကို ချဲ့ထွင်ကာကွယ်ပေးဖို့အတွက် ပြည်ပရောက်တရုတ်တွေကို ယဉ်ကျေးမှုပွဲတော် တွေနဲ့ ဆွဲဆောင်ယူငင်ခြင်းကို လုပ်ဆောင်ပါတယ်။

တရုတ်ရုပ်ရှင်များ

ရုပ်ရှင်၊ ဂီတ၊ အနုပညာယဉ်ကျေးမှုတွေဟာ လူမျိုးအတွက်၊ နိုင်ငံအတွက် အရေးကြီးပါတယ်။ ရုပ်ရှင်တွေ၊ ဂီတ တွေနဲ့ ယဉ်ကျေးမှုကို ချဲ့ထွင်နိုင်တယ်။ ယဉ်ကျေးမှုကို သွတ်သွင်းနိုင်တယ်။ ယဉ်ကျေးမှုအားဖြင့် လွှမ်းမိုးနိုင် တယ်။ ယဉ်ကျေးမှုအရ လွှမ်းမိုးနိုင်ခြင်းဟာ လူမှုရေးအားကောင်းချက်ကို နိုင်ငံရေးအားသာချက်အဖြစ် ပြန် လည် အသွင်ပြောင်းယူလို့ ရပါတယ်။ ချမ်းသာလာတဲ့ တရုတ်အစိုးရဟာ ပြည်ပရောက် တရုတ်တွေကို လွှမ်းမိုး ဖို့၊ တရုတ်အမျိုးသားရေးဝါဒကို ချဲ့ထွင်ဖို့နဲ့ တရုတ်နဲ့ ကမ္ဘာကြီးအကြား ဆက်ဆံရေးကောင်းမွန်ဖို့၊ တရုတ် နိုင်ငံ ခြားရေးမူဝါဒကို အကောင်အထည်ဖော်ဖို့ ၊ ကမ္ဘာအနှံ့တရုတ်တွေ အမိမြေကို မမေ့ဖို့၊ ကမ္ဘာကြီးကို ယဉ်ကျေးမှု အရ ထိုးဖောက်ဖို့ ရည်ရွယ်ချက်တွေနဲ့ လုပ်ဆောင်လာတာ တွေ့ရပါတယ်။

ဒီလို လုပ်ဆောင်ချက်တွေဟာ တရုတ်အစိုးရမှ မဟုတ်ပါဘူး၊ ခေတ်မီပြီး ချမ်းသာကြွယ်ဝလာတဲ့ တိုင်းပြည် နိုင်ငံတိုင်းဟာ ကမ္ဘာကို ရုပ်ရှင်အနုပညာဂီတတွေနဲ့ လွှမ်းမိုးဖို့ ကြိုးစားကြတာ ထုံးစံပါပဲ။

အနီးစပ်ဆုံးပြောရရင် ကျနော်တို့ ငယ်စဉ်ကလေး ဘဝက မြန်မာပြည်တွင်းမှာ တရုတ်ရုပ်ရှင်ဇာတ်ကားတွေ လွှမ်းမိုးပါတယ်။ ဝူးကျိ၊ ကျန်းကျင်းပေါင်၊ ပေါင်ချိန်၊ ကျန်ကျောင်း၊ ဝမ်ဖေးဟုမ်၊ စွန်းဝူခုံး၊ ပါကျဲ၊ ဘရုစ်လီ၊ ဂျက်လီ၊ ဂျက်ကီချန်း၊ ဂျက်မ၊ ချောင်ယင်ဖတ်…. စတဲ့ ဇာတ်ကောင်တွေ၊ မင်းသား၊ မင်းသမီးတွေကို ကြားဖူးကြ မယ် ထင်ပါတယ်။

ဝမ်ဖေးဟုမ် ဇာတ်ကောင်ထားတဲ့ ရုပ်ရှင်ဇာတ်ကားတွေနဲ့ ဘရုစ်လီရဲ့ ရုပ်ရှင်ဇာတ်ကားတော်တော်များများဟာ တရုတ်အမျိုးသားရေးဝါဒကို လှုံ့ဆော်သွတ်သွင်းပေးတဲ့ ရုပ်ရှင်ဇာတ်ကားတွေဖြစ်တာတွေ့ရပါတယ်။ ပေါင်ချိန် နဲ့ ကျန်ကျောင်းဇာတ်ကောင်ထားတဲ့ ပြည်သူ့တရားရှင် ရုပ်ရှင်နဲ့ စွန်းဝူခုံးကို ဇာတ်ကောင်ထားပြီး ရိုက်ကူးထား တဲ့ ရုပ်ရှင်ဇာတ်လမ်းရှည်တွေဟာ တရုတ်ရဲ့ဝါဒဖြန့်ချိရေးအတွက် ရည်ရွယ်ပြီး ရိုက်ကူးထားတဲ့ ဇာတ်ကား တွေဖြစ်တာတွေ့ရမှာဖြစ်ပါတယ်။ ထိုနည်းလည်းကောင်းပဲ သည့်နောက်ပိုင်းမှာ တရုတ်ဟာ ရုပ်ရှင်ဇာတ်လမ်း တွေကို အကြောင်းပြုပြီး တိုင်းပြည်အတွင်းက တရုတ်တွေနဲ့ ကမ္ဘာပျံ့တရုတ်တွေမှာ အမျိုးသားရေးစိတ်တွေ ခိုင်မာဖို့၊ ပေါက်ဖွားဖို့၊ တရုတ်ပြည်ကြီးအတွက် ဂုဏ်ယူဖို့ ရည်ရွယ်ပြီး ရိုက်ကူးထားတာတွေကို သိသိသာသာ ရော မသိမသာရော ထည့်သွင်းရိုက်ကူးလာတာကို တွေ့ရမှာဖြစ်ပါတယ်။

ကျနော်တို့ ငယ်စဉ်က မြန်မာပြည်စစ်အစိုးရဟာ တရုတ်နိုင်ငံရဲ့မိုဒယ်တွေကို ယူပြီး ပေါ်လစီတွေကို အကောင် အထည်ဖော်တာတွေ့ရပါတယ်။ ၈၈ အရေးအခင်းအပြီး တရုတ်နဲ့ ဆက်ဆံရေး ပူးကပ်တဲ့အနေအထားမှာ တရုတ်ရုပ်ရှင်တွေနဲ့ မြန်မာပြည်သူတွေကို ဝါဒဖြန့် လွှမ်းမိုးအောင် လုပ်တာကိုလည်း သတိထားမိမယ်ထင်ပါ တယ်။ ဒီ့နောက်ပိုင်း လူကြည့်အတော်များတဲ့ ယစ်မန် (IP – Man) နာမည်နဲ့ စီးရီး (၃) ပိုင်းထွက်လာတဲ့ ရုပ်ရှင် ကိုလည်း မြန်မာတော်တော်များများကြည့်ဖူးမယ် ထင်ပါတယ်။ ဒီဇာတ်ကားဟာ မင်းသား ဘရုစ်လီရဲ့ သိုင်း ဆရာတစ်ယောက်ရဲ့ ဘဝဇာတ်ကြောင်းကို အခြေခံပြီး တရုတ်အမျိုးသားရေးဝါဒကို လှုံ့ဆော်အားပေးထားတဲ့ ရုပ်ရှင်ဖြစ်ကြောင်း တွေ့ရမှာဖြစ်ပါတယ်။

ဒါ့ကြောင့် ရုပ်ရှင်ဇာတ်လမ်း ဂီတ အနုပညာတွေရဲ့စွမ်အားကို လျော့တွက်လို့ မရဘူး။ ခေတ်မီပြီး ချမ်းသာ လာတဲ့ တရုတ်ပြည်ဟာ ဂလိုဘယ်အမြင်ရှိလာပြီ။ စစ်ရေးအရ ချဲ့ထွင်တာ မလုပ်သေးပေမယ့်၊ ယဉ်ကျေးမှုအရ ချဲ့ထွင်မှုတွေကို မူဝါဒတစ်ရပ်အနေနဲ့ အထူးသီးသန့်ထားပြီး ဖော်ဆောင်လာတာ တွေ့ရတယ်။ လူမှုရေးနည်း အားဖြင့် လွှမ်းမိုးမှုကို တစ်ကမ္ဘာလုံးမှာ အကောင်အထည်ဖော်ဖို့ လုပ်ဆောင်လာတာ အချိန်ကြာညောင်းပြီ ဖြစ် ပါတယ်။ တစ်ဖက်မှာလည်း စီးပွားရေးအရ ကုန်သွယ်ရေးလမ်းကြောင်းတွေကို ဖွင့်ပြီး ကမ္ဘာ့နိုင်ငံတွေနဲ့ တန်ဖိုး ကွင်းဆက်ကြီး တစ်ခုဖန်တီးပြီး ဓနဥစ္စာကို ချဲ့ထွင်တာတွေ လုပ်လာပါတယ်။ ပြည်ပရောက် တရုတ်အမျိုးသား တွေဟာ ပြည်မကြီးမှာ ရှိတဲ့ နိုင်ငံတွင်းက ပေါ်လစီတွေရဲ့ အားသာချက်ကို အသုံးချပြီး ပြည်ပနိုင်ငံတွေမှာ စီးပွားရေးအရ အသာစီးရအောင် လုပ်ဆောင်တာတွေလည်း တွေ့ရပါတယ်။ ဒါကို နောက်များကျမှ အသေး စိတ် ထပ်ရေးပါအုံးမယ်။

စည်းရုံးရေးဗျူဟာ

တရုတ်ကွန်မြူနစ်အစိုးရဟာ ပြည်တွင်းက တရုတ်တွေရဲ့ထောက်ခံမှုကိုသာ လိုချင်တာ မဟုတ်ပါဘူး။ ပြည်ပ ရောက် တရုတ်တွေအားလုံးရဲ့ ထောက်ခံမှုကို လိုလားပါတယ်။ အထူးသဖြင့် ပြည်ပရောက်တရုတ်တွေနဲ့ တရုတ်နိုင်ငံသားမဟုတ်တဲ့ တရုတ်လူမျိုးတွေရဲ့ ထောက်ခံမှုကို လိုလားပါတယ်။ ဒါ့ကြောင့်လည်း ပင်လယ် ရပ်ခြား တရုတ်အမျိုးသားတွေနဲ့ ပတ်သက်ပြီး အထူးသီးသန့်ပေါ်လစီကို ချထားပါတယ်။ ချထားတဲ့အတိုင်း လည်း လက်တွေ့အကောင်အထည်ဖော်ပါတယ်။ ဒါကို ထပ်ပြီးလေ့လာသင့်ပါတယ်။

တရုတ်ပြည်ဟာ ထိုင်ဝမ်နဲ့ တိဗက်ကိစ္စမှာ နိုင်ငံတကာ ထောက်ခံမှု များများရဖို့ လိုပါတယ်။ ဒီ့အတွက် ပြည်ပ ရောက်တရုတ်တွေရဲ့ နိုင်ငံရေးအမြင်သဘောထားဟာ တရုတ်ကွန်မြူနစ်အစိုးရအတွက် အရေးကြီးတယ်။ တိဗက်ကိစ္စကတော့ အရေးပေါ် အခြေအနေဖြစ်လာနိုင်ချေ နည်းတယ်။ သို့ပေမယ့် ထိုင်ဝမ်ကိစ္စနဲ့ပတ်သက်ပြီး တော့ တရုတ်အစိုးရမှာ စိန်ခေါ်ချက် ရှိတယ်။ တရုတ်ရဲ့ လွတ်မြောက်နယ်မြေလိုဖြစ်နေတဲ့ ဟောင်ကောင်ကိစ္စ ကိုလည်း ထည့်စဉ်းစားပါတယ်။ ဒါ့ကြောင့် တရုတ်အစိုးရဟာ အဝေးရောက်တရုတ်တွေက သူ့ကို ထောက်ခံ အားပေးနေဖို့ စည်းရုံးရေးတွေ လုပ်ပါတယ်။
တရုတ်ပြည်ကြီး တိုးတက်ခေတ်မီရေး၊ တရုတ်ပြည်ကြီး တိုးတက်ပြောင်းလဲရေး၊ တရုတ်ပြည်ကြီး ဂုဏ်သိက္ခာရှိ ရေးဟာ အဝေးရောက်တရုတ်တွေနဲ့လည်း ဆိုင်တယ်ဆိုတဲ့အသိကို သွတ်သွင်းဖို့ ကြိုးစားပါတယ်။ ပြည်ပမှာ ရှိနေပေမယ့် အမိမြေတရုတ်နိုင်ငံက အစိုးရကို သစ္စာခံစေဖို့ တိုက်တွန်းလှုံ့ဆော်တာတွေ လုပ်ပါတယ်။ တဖက် မှာလည်း ထိုင်ဝမ်နဲ့ ပြန်လည်ပေါင်းစည်းရေးကို လိုလားစေဖို့ ရည်ရွယ်ချက်ထားတာ တွေ့ရပါတယ်။ အမိမြေ ကို အလုပ်အကျွေးပြုဖို့ တိုက်တွန်းတာတွေလည်း လုပ်ပါတယ်။ တရုတ်အစိုးရက ပုံဖော်ထားတဲ့ တရုတ် အိပ် မက် (China’s Dream) ကို ပူးပေါင်းလက်တွဲ ဖော်ဆောင်ဖို့လည်း လှုံ့ဆော်တယ်။ တရုတ်အိပ်မက်ကို အကောင် အထည်ဖော်ဖို့ အကြောင်းအချက် (၄) ခုကို ဆုံချက်ထားတယ်။

• တရုတ်မျိုးချစ်စိတ် (တရုတ်အမျိုသားရေးဝါဒ) (Chinese Nationalism)
• ဓနဥစ္စာကြွယ်ဝချမ်းသာ စီးပွားရေး (Economic Power)
• အသိပညာ (Intellectural Capital) နဲ့
• ကွန်ယက် ချိတ်ဆက် ဖြန့်ကျက်ရေး (Global Networking) တို့ပဲဖြစ်ပါတယ်။

ပြည်ပရောက်တရုတ်တွေဟာ တစ်ဦးချင်းစီအနေနဲ့ တရုတ်ယဉ်ကျေးမှုကို ထိန်းသိမ်းထားဖို့၊ တရုတ်ရဲ့ အစဉ် အလာအမှတ်လက္ခဏာတွေကို ဂုဏ်ယူဆုပ်ကိုင်ထားဖို့…. ရှီကျင့်ဖျင်ဟာ သူ့မိန့်ခွန်းမှာ တိုက်တွန်းထားတာ တွေ့ရတယ်။ ပြည်တွင်းမှာ ဘုံယဉ်ကျေးမှုကို တည်ဆောက်ထားဖို့အပြင် ၊ ပြည်ပရောက်တရုတ်အမျိုးသား တွေ ကြားမှာလည်း တရုတ်တွေရဲ့ ဘုံယဉ်ကျေးမှု၊ ဘုံအမှတ်သရုပ်လက္ခဏာ နဲ့ ဘုံတန်ဖိုးတို့ကို ထိန်းသိမ်းတည် ဆောက်ဖို့ ဆော်ဩတာတွေ့ရတယ်။ ယဉ်ကျေးမှု ဓလေ့စရိုက်တွေကို ခိုင်မာအောင် မောင်းနှင်ဖို့အတွက် တရုတ်ဒဏ္ဍာရီတွေ၊ ပုံပြင်တွေ၊ သမိုင်းဇာတ်ကြောင်းတွေကို များများပြောဆို ဖြန့်ချိကြဖို့ တိုက်တွန်းတယ်။ အမိ နိုင်ငံက တရုတ်တွေနဲ့ ပြည်ပရောက်တရုတ်တွေအကြား အပြန်အလှန် နားလည်မှု ရှိရေးဟာ အရေးကြီးတယ် လို့ ခံယူတယ်။ တရုတ်တွေကို ချမ်းသာပျော်ရွှင်ရေးနဲ့ မက်လုံးပေး ဆွဲဆောင်တော တွေ့ရတယ်။ ပြည်ပရောက် တရုတ်တွေမှာ တစ်စုံတရာ စွမ်းအားတွေ ၊ အားသာချက်တွေ၊ ခွန်အားတွေ ရှိနေတယ်ဆိုတာကို လက်ရှိခေါင်း ဆောင် ရှီကျင့်ဖျင်က နားလည်တယ်။ ဒါ့ကြောင့် အမိတရုတ်နိုင်ငံနဲ့ ပြည်ပရောက်တရုတ်တွေဟာ အပြန်အလှန် ပူးပေါင်းဖို့ ၊ အပြန်အလှန် ကူးလူးဖလှယ်ကြဖို့ ၊ ပေါင်းကူးရေးတံတားတွေ ထိုးဖို့ ရည်ရွယ်ပြီး လုပ်ဆောင်နေတာ တွေ့ရတယ်။

မြန်မာပြည်ရောက် တရုတ်များ

မြန်မာပြည်ရောက် တရုတ်တွေရဲ့ သမိုင်းဇာတ်ကြောင်းကို ပြန်ကြည့်ဖို့လိုပါတယ်။ မြန်မာပြည်တွင်းမှာ တရုတ် တွေ အလုံးအရင်းနဲ့ ဝင်လာတဲ့ ကာလ (၂) ခုရှိခဲ့ပါတယ်။ အဲဒါကတော့ အင်္ဂလိပ်ခေတ် (ကိုလိုနီစနစ်) အတွင်း မှာ တစ်ခါဖြစ်ပါတယ်။ နောက်တစ်ခုကတော့ နဝတ၊ နအဖခေတ် လို့ သမုတ်ထားတဲ့ တရုတ်နဲ့ ပူးကပ်တဲ့ ဆက်ဆံရေးရှိခဲ့တဲ့ စစ်အစိုးရလက်ထက်မှာ ဖြစ်ပါတယ်။ လက်ရှိ အသွင်ကူးပြောင်းရေးကာလမှာလည်း တရား မဝင် ဆက်လက်ဝင်ရောက်နေတဲ့ တရုတ်လူဦးရေစာရင်းကို အတိအကျ တွက်ချက်နိုင်ဖို့တော့ ခက်ပါတယ်။

ကိုလိုနီခေတ် လက်ကျန် မြန်မာပြည်ဖွား တရုတ်တွေနဲ့ မြန်မာ့လူ့အဖွဲ့အစည်းအကြားမှာ ကြီးမားတဲ့ ပဋိပက္ခ ဖြစ်ခဲ့တာကို များများစားစား မတွေ့ရပါဘူး။ သို့ပေမယ့် စစ်အစိုးရခေတ်မှာ ဆင်းရဲချမ်းသာမှုကွာဟလာတဲ့ အပေါ်မှာ တရုတ်မုန်းတီးရေးအမြင်တွေ ပိုများလာတွေ့ရပါတယ်။

တရုတ်ရဲ့ဗီဇစရိုက်

တရုတ်တွေဟာ ဗီဇအားဖြင့် ကုန်သွယ် စီးပွားရေးလုပ်ကိုင်တဲ့နေရာတွေမှာ အရာရောက်ကြတယ်။ အစားအသောက်ရောင်းချရေး၊ စားသောက်ကုန် ထုတ်လုပ်ရေး လုပ်ငန်းတွေမှာ တွင်ကျယ်ကြတယ်။ ကုန်စည်တွေ ဖလှယ်တာ၊ ကူးလူးတာမှာလည်း ကျွမ်းကျင် ကြတယ်။ ကြားပွဲစားလုပ်ပြီး အရောင်းအဝယ်တွေ ဖြစ်အောင် ကူညီတဲ့နေရာမှာလည်း ဇ,ရှိကြတယ်။ အာဏာရ အစိုးရနဲ့ ပေါင်းပြီး ပါမစ်တွေ ရပြီး လုပ်ငန်းတွေ ဖြစ်ဖို့လည်း ကြိုးစားကြတယ်။ ရှေးယခင်က မြန်မာပြည်ဖွား တရုတ်ကြီးတွေဟာ မြန်မာ့လူ့အဖွဲ့အစည်းနဲ့ သဟဇာတဖြစ်အောင် နေထိုင်ကြတယ်။ မြန်မာပြည်ကိုလည်း ကောင်းကျိုးပြုခဲ့တာတွေ ရှိတယ်။


မန္တလေးက ဦးကာက ဆိုတဲ့ တရုတ်ကြီးဟာ အလှူအတန်း အင်မတန် ရက်ရောတဲ့ တရုတ်ကြီးဖြစ်ကြောင်း လူသိများတယ်။ ဦးကာက လက်ဖက်ခြောက်ဆိုပြီး လူသိများတယ်။ မြန်မာပြည်ရဲ့ ပညာရပ်ဆိုင်ရာမှာ အတော် အားကိုးအားထားပြုရတဲ့ ပါဠိ – မြန်မာ – အင်္ဂလိပ် အဘိဓာန်ကို ပြုစုခဲ့တဲ့ ဦးဟုတ်စိန် ဟာ တရုတ်စစ်စစ်ဖြစ်ပါ တယ်။ မြန်မာပြည်တွင်းက ဗုဒ္ဓသာသနာကို ချီးမြှောက်ခဲ့တဲ့ တရုတ်ကုန်သည် သူဌေးကြီးတွေ အများကြီး ရှိခဲ့ပါတယ်။ မြန်မာပြည်ရဲ့ တက္ကသိုလ်ပညာရေးမှာ အထင်ကရရှိခဲ့တဲ့ တရုတ်လူမျိုး ကထိက၊ ပါမောက္ခတွေလည်း အမြာက်အမြားရှိခဲ့ပါတယ်။ စာပေမှာလည်း အကျိုးပြုခဲ့တဲ့၊ အကျိုးပြုနေတဲ့ တရုတ်နွယ်ဖွား မြန်မာနိုင်ငံသား တွေလည်း အများအပြား ရှိပါတယ်။

သို့ပေမယ့် ရှေးယခင်က ဘယ်လိုပဲ တရုတ်လူမျိုးနဲ့ မြန်မာ့လူ့အသိုင်းအဝိုင်းကြားမှာ ပေါင်းစည်းဖြစ်တည်နိုင်ခဲ့ သည် ဖြစ်စေ…. ယခု လက်ရှိမှာ စိန်ခေါ်မှုတွေ ဖြစ်လာတာ ရှိပါတယ်။ စစ်အစိုးရလက်ထက်မှာ အာဏာရ စစ် ဗိုလ်ချုပ်တွေနဲ့ ပေါင်းပြီး စီးပွားရေးကို ချဲ့ထွင်ခဲ့တဲ့ တရုတ်တွေနဲ့ မြန်မာ့လူ့အဖွဲ့အစည်းအကြားမှာ ပြဿနာ တွေ ရှိလာနေပါတယ်။ မြန်မာပြည်ရောက် တရုတ်တွေမှာ ကောင်းရောင်းကောင်းဝယ် လုပ်ကိုင်စားသောက် ကြတဲ့ တရုတ်တွေ ရှိသလို၊ တရားမဝင် လုပ်ငန်းတွေနဲ့ ချမ်းသာကြွယ်ဝနေတဲ့ တရုတ်တွေလည်း အများကြီး ရှိ ပါတယ်။ မြန်မာနိုင်ငံသား တရုတ်နွှယ်ဖွားတွေဟာ ပြည်မက တရုတ်တွေနဲ့ ချိတ်ဆက်ပြီး စီးပွားရေး လုပ်ငန်း တွေ လုပ်ကိုင်ကြပါတယ်။ တဖက်မှာလည်း ခိုးဝင် တရုတ်တွေ ရှိတယ်။ တရားမဝင် လာရောက်နေထိုင်တဲ့ တရုတ်တွေ အများကြီး ရှိပါတယ်။ တရားမဝင် စိမ့်ဝင်ပျံ့နှံ့လာတဲ့ တရုတ်တွေဟာ အကြောင်း (၅) ချက်နဲ့ ဆက် စပ်ပြီး မြန်မာပြည်ကို ရောက်လာပါတယ်။

• ၁) နယ်စပ်ကုန်သွယ်ရေးစခန်းများမှ တဆင့်
• ၂) တရုတ်နဲ့ ထိစပ်နယ်မြေ ဝ, ကိုးကန့် ဒေသများမှ တဆင့်
• ၃) တရုတ်စီမံကိန်းများမှ တဆင့်
• ၄) ဒေသခံ မြန်မာပြည်ဖွား တရုတ်လူမျိုးများရဲ့ ခေါ်ငင်နေရာပေးမှုမှ တဆင့်
• ၅) အစိုးရဌာနဆိုင်ရာ အရာရှိများကို လာဘ်ထိုးခြင်းမှ တဆင့်

နယ်စပ်ကုန်သွယ်ရေးစခန်း

စစ်အစိုးရလက်ထက်မှာ နိုင်ငံတကာက စီးပွားရေး ပိတ်ဆို့မှုတွေ လုပ်လိုက်ပါတယ်။ ၈၈ အရေးအခင်းနဲ့ တီယံမင် အရေးအခင်းက ရှေ့ဆင့်နောက်ဆင့် ဖြစ်လာပါတယ်။ နိုင်ငံတကာ အသိုက်အဝန်းက တရုတ်နဲ့ မြန်မာကို ဖိအားပေးလာတဲ့အခါမှာ တရုတ်နဲ့ မြန်မာဟာ အစ်ကိုကြီးညီလေး ဆက်ဆံရေးဖြစ်လာပါတယ်။ စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်ကြီးသန်းရွှေဟာ ဆွေမျိုးပေါက်ဖော်ဆက်ဆံရေးဆိုတာကို တွင်တွင်ကျယ်ကျယ် အသုံးပြုခဲ့ပါတယ်။ တိန့်ရှောင်ဖိန်ရဲ့စီးပွားရေး ပြုပြင်ပြောင်းလဲရေး နည်းနာတစ်ခုဖြစ်တဲ့ နယ်စပ်အထူးစီးပွားရေး ဇုံတွေနဲ့ ကုန်သွယ်ရေးစခန်းတွေ တည်ဆောက်ခြင်းဟာ မြန်မာစစ်အစိုးရအတွက် အတုယူစရာ စံနမူနာဖြစ်လာ တယ်။ ဒါ့ကြောင့် မြန်မာပြည်နဲ့ တရုတ်နယ်စပ်မှာ ကုန်သွယ်ရေးစခန်းတွေ ဖွင့်တယ်။

ရှမ်းပြည်နယ် မူဆယ်က နယ်စပ်ကုန်သွယ်ရေးစခန်းဟာ မြန်မာပြည်နဲ့ တရုတ်အကြား ကူးလူးဆက်ဆံမှု အများ ဆုံးဖြစ်ပါတယ်။ ကျိုင်းတုံ – တာချီလိတ် နယ်ထဲက ရွှေတြိဂံဒေသဟာလည်း တရုတ်နဲ့ ကူးလူးဆက်ဆံမှု ရှိတဲ့ ဒေသဖြစ်ပါတယ်။ သိပ်မကြာခင် အကောင်အထည်ဖော်တော့မယ့် မြစ်ကြီးနားစီးပွားရေးဇုံဟာလည်း ကန်ပိုင်တီ လမ်းကြောင်းကနေ တစ်ဆင့် တိန်ချုံးမြို့ကို ဆက်စပ်ပြီး တရုတ်ဝင်ပေါက်ကို ချဲ့ထွင်မယ့် လမ်းကြောင်းဖြစ်လာ ပါလိမ့်မယ်။

ဝ ၊ ကိုးကန့် ဒေသ

ဝ, ကိုးကန်းဒေသဟာ မြန်မာပြည်တွင်းက တရုတ်ပြည်ငယ်လေးဖြစ်ပါတယ်။ သံလွင်မြစ်တဖက်ကမ်းက ပထဝီ အားသာချက်ကို ခြေကုတ်ယူပြီး တည်ဆောက်ထားတဲ့ တရုတ်ကွန်မြူနတီဖြစ်ပါတယ်။ ဝ ၊ ကိုးကန့် ဒေသနဲ့ ပတ်သက်ပြီး တရုတ်ပြည်ရဲ့လက်တံဖြစ်လာရခြင်း အကြောင်း (၂) ချက်ရှိပါတယ်။ အဲဒါကတော့ လွတ်လပ်ပြီး ခေတ်နောက်ပိုင်း တရုတ်ဖြူ ကျူးကျော်ဝင်ရောက်လာမှုရဲ့ အကျိုးဆက် နဲ့ ဗမာပြည်ကွန်မြူနစ်ပါတီ ခြေကုတ် ယူရာ ဒေသဖြစ်တဲ့ ပန်ဆန်း အခြေစိုက် ကွန်မြူနစ်လက်နက်ကိုင် ဒေသဖြစ်ခဲ့ခြင်းဆိုတဲ့ အကျိုးဆက် နှစ်ခု ဖြစ် ပါတယ်။

မော်စီတုန်းတို့ရဲ့ ကွန်မြူနီတပ်နီတော်ရဲ့ ခုခံမှုကို မခံနိုင်ဘဲ ထွက်ပြေး ကျွံထွက်လာတဲ့ တရုတ်ဖြူတပ်တွေဟာ မြန်မာပြည်တွင်းကို ဝင်လာပါတယ်။ ဗိုလ်ချုပ်ကျော်ဇော ဦးဆောင်တဲ့ ဗမာတပ်တွေဟာ တရုတ်ဖြူတွေကို တိုက် ထုတ်နိုင်ခဲ့ပေမယ့် တရုတ်ဖြူလက်ကျန်တွေကိုတော့ ပြီးစီးအောင် ရှင်းထုတ်နိုင်ခြင်း မရှိခဲ့ပါဘူး။ ဒီအကျိုးဆက် ဟာ ကိုးကန့်ဒေသမှာ တရုတ်တွေ ခြေကုတ်ယူ စွဲမြဲနိုင်ခြင်းရဲ့ ရလဒ်ကို ထွက်စေပါတယ်။ တဖက်မှာလည်း ဗမာ အစိုးရကို ပုန်ကန်တော်လှန်တဲ့ ဗမာပြည်ကွန်မြူနစ်ပါတီဟာ ဝဒေသကို ခြေကုတ်ယူပြီး လက်နက်ကိုင် ပုန်ကန်မှု လုပ်ပါတယ်။ နှစ်ပေါင်းရှည်ကြာစွာ တရုတ်ကွန်မြူနစ်အစိုးရ အထောက်အပံ့ကိုလည်း ယူခဲ့ပါတယ်။ ဗကပ အတွင်းမှာ ထိပ်ပိုင်းနိုင်ငံရေးမှူးတွေဟာ ဗမာကွန်မြူနစ်တွေ ဖြစ်ပြီး အောက်ခြေတပ်သားတွေဟာ ဗမာ စကားကို ကောင်းကောင်းနားမလည်တဲ့ ဝလူမျိုးဒေသခံတွေဖြစ်ပါတယ်။ ၁၉၈၉ ခုနှစ်မှာ တပ်တွင်းပုန်ကန်မှု ဖြစ်ပြီး ဗမာကွန်မြူနစ်ခေါင်းဆောင်တွေကို ဒေသခံ ဝ လူမျိုး ဗကပ တပ်သားတွေက တော်လှန်လိုက်ပါတယ်။ ဒီလိုနဲ့ ဗမာပြည်ကွန်မြူနစ်ပါတီ နိဂုံးချုပ်သွားပြီး ဒေသခံ ဝလူမျိုးတွေ ဦးဆောင်တဲ့ တပ်ပေါ်လာပါတယ်။ သည့် နောက်ပိုင်း ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ရရှိထားတဲ့အပြင်၊ တရုတ်ဘာသာစကားကို သုံးတယ်၊ တရုတ်နဲ့ အဓိက ကုန်သွယ်ဖလှယ်မှု လုပ်တယ်၊ ဝကိုယ်ပိုင်တပ်မတော်ရှိတယ်၊ တရုတ်ငွေကြေး (ယွမ်) ကို သုံးတယ်။ ဘိန်းကုန်ကူးတယ်။ ဘိန်းစိုက်တယ်။ ဘိန်းကို ထုတ်လုပ်စိုက်ပျိုးတယ်။ တရုတ်ကို မှီခိုပြီး တည်ရှိနေတဲ့ ဝ နဲ့ ကိုးကန့်ဒေသဟာ မြန်မာပြည်တွင်းကို တရုတ်တွေ ဝင်ရောက်လာတဲ့ လမ်းကြောင်းတစ်ရပ်လည်းဖြစ်နေပါ တယ်။ တစ်ဖက်မှာလည်း နယ်ခြားစောင့်တပ် ကောင်းကောင်းမွန်မွန် မရှိတဲ့ မြန်မာအတွက် တရုတ်လူဦးရေ ပျံ့နှံ့ဝင်ရောက်လာမှုက လွယ်ကူတဲ့အခြေအနေကို ပေးပါတယ်။

တရုတ်စီမံကိန်းများ

တရုတ်စီမံကိန်းတွေမှာလည်း ထိုနည်းလည်းကောင်းဖြစ်ပါတယ်။ ယခင်က တရုတ်ယန္တရားတွေနဲ့ တရုတ် အင်ဂျင်နီယာတွေ၊ တရုတ်ငွေကြေး အရင်းအနှီးတွေသာ ဝင်လာတယ်ဆိုပေမယ့်၊ ယခုလက်ရှိမှာ တရုတ် အောက်ခြေအလုပ်သမားကပါ ဝင်လာနေတဲ့အနေအထားဖြစ်ပါတယ်။ ဒါကလည်း မြန်မာအစိုးရရဲ့ မူဝါဒ အား နည်းချက်ဟာ အကြောင်းတစ်ရပ်ဖြစ်ပါတယ်။ နောက်အကြောင်းတစ်ရပ်ကတော့ အစိုးရဌာနဆိုင်ရာတွေရဲ့ ခြစားမှု၊ လာဘ်စားမှုကြောင့်ဖြစ်ပါတယ်။ နောက်ထပ်တစ်ခုကတော့ မြန်မာအလုပ်သမားရဲ့ ညံ့ဖျင်းမှုကြောင့် ဖြစ်ပါတယ်။ ဒီနည်းနဲ့ မြန်မာပြည်တွင်းမှာ တရုတ်တရားမဝင် လုပ်သားတွေ တိုးပွားလာနေပါတယ်။

တရုတ်စီးပွားရေးလုပ်ငန်းများ

မြန်မာပြည်တွင်းမှာ တရုတ်က စီးပွားရေး လုပ်ငန်းကို အစုံလုပ်ပါတယ်။ အစိုးရနဲ့ ပေါင်းပြီး တရုတ်စီမံကိန်း တွေကို လုပ်တယ်။ ပါမစ်ယူပြီး ကျောက်မျက်တူးဖော်ရေး၊ သစ်ထုတ်လုပ်ရေး၊ ကျောက်မိုင်းကွင်းလုပ်ငန်းတွေ ကို လုပ်တယ်။ ကျောက်စိမ်းတူးတယ်။ ရွှေတူးတယ်။ ပတ္တမြားနီလာ တူးသလို၊ ပယင်းမှော်တွေကအစ တရုတ်က ပိုင်ပါတယ်။ မြေစာရင်းဌာနကို လာဘ်ထိုးပြီး မြန်မာပြည်က ရှမ်းတရုတ်တစ်ယောက်ကို နာမည်ခံပြီး မြေကို ဝယ်တယ်။ အစိုးရနဲ့ပေါင်းပြီး မြေသိမ်း၊ ယာသိမ်းတာတွေ လုပ်တယ်။ တစ်ဖက်မှာလည်း စက်ရုံတွေ ထောင်ပြီး ကုန်ထုတ်လုပ်ရေး လုပ်ငန်းတွေ လုပ်တယ်။ စားသောက်ကုန်တွေ ထုတ်သလို၊ ကလေးတွေအတွက် သွားရည် စာကိုလည်း ထုတ်တယ်။ အထည်အလိပ်စက်ရုံတွေ ရှိသလို ၊ အထည်ချုပ်စက်ရုံတွေလည်း လုပ်တယ်။ စားသောက်ဆိုင်တွေ လည်း ထောင်တယ်။ စတိုးဆိုင်တွေလည်း ရှိတယ်။ ပရိဘောဂ လုပ်ငန်းတွေမှာလည်း တရုတ်တွေ ပိုင်သလို၊ ပို့ကုန်လုပ်ငန်းတွေမှာလည်း တရုတ်တွေ အများအပြား ရှိပါတယ်။ စိုက်ပျိုးရေး လုပ်ငန်း တွေဖြစ်တဲ့ ဖရဲသီး စိုက်တယ်၊ သခွားမွှေးစိုက်တယ်။ ကချင်ပြည်နယ် မြစ်ကြီးနားဘက်မှာ တစ်ရှုးငှက်ပျောတွေ စိုက်တယ်။ တရုတ်က နွားကိုလည်း အသားအဖြစ် ဝယ်သလို၊ နယ်စပ်မှာလည်း တစ်ရက်အကောင်တစ်သောင်း ကျ နွားသတ်စက်ရုံထောင်ဖို့ လုပ်နေပါတယ်။ စိုက်ပျိုးရေးအတွက် စက်မှုပစ္စည်း တွေကိုလည်း သွင်းတယ်။ ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းတွေကိုလည်း သွင်းတယ်။ တရုတ်ပိုင် ဘိလပ်မြေစက်ရုံတွေလည်း ရှိတယ်။ စက်မှု အပိုပစ္စည်းတွေလည်း သွင်းတယ်။ မြန်မာပြည်က လူကို ကျွန်အဖြစ် ခိုင်းသလို၊ အငှားမယားအဖြစ်လည်း တရုတ်က ဝယ်ပါတယ်။ မြန်မာလူမျိုးဟာ တရုတ်ဆီမှာ လင်ကောင်မပေါ်တဲ့ ကျွန်ဖြစ်နေပါတယ်။ ယုတ်စွအဆုံး မြန်မာတွေရဲ့အလေးအမြတ်ပြုတဲ့ ရွှေတိဂုံဘုရားကို ရွှေကပ်ဖို့ ရွှေဆိုင်းတွေ ထုတ်လုပ်ရေးကို ကန်ထရိုက်ရထားတာ တရုတ်ပိုင်ဖြစ်ပါသတဲ့။ ဒါဟာ မြန်မာတွေ အတွက် ဒေါသဖြစ်စရာလည်းဖြစ်သလို၊ ဝမ်းနည်းစရာလည်းဖြစ်ပါတယ်။ ယူကြုံးရဖွယ်ရာကိစ္စလည်းဖြစ်ပါ တယ်။

မြန်မာဟာ လူပဲ ထုတ်နိုင်ပါတယ်။ တခြား ဘာမှ ကောင်းကောင်းကန်းကန်း ထုတ်နိုင်တာ မရှိပါဘူး။ တရုတ်က မော်တော်ကားအစ သွားကြားထိုးတံအဆုံး…. တရုတ်က ထုတ်ပါတယ်။ မြန်မာပြည်တွင်းမှာ တရုတ်ပစ္စည်းက ရာနှုန်းပြည့်နီးပါး ရှိနေပါတယ်။ မြန်မာကုမ္ပဏီတွေမှာလည်း တရုတ်ပိုင် ကုမ္ပဏီတွေသာများပါတယ်။ တရုတ်က မြန်မာ့စီးပွားရေးကဏ္ဍမှာ အကြီးစား၊ အလတ်စား၊ အသေးစားပါ မကျန် ဝင်ရောက်နေရာယူထားပါတယ်။ မြန်မာ ရိုးရာ လုပ်ငန်းတွေမှာတောင် တရုတ်တွေက ဝင်ရောက်လုပ်ကိုင်ပါတယ်။

မြန်မာပြည်ဖွား တရုတ်လူမျိုးတွေဟာ ဗမာဓာတ်ခံ ရှိကြလို့ မြန်မာ့လူ့အဖွဲ့အစည်းနဲ့ သဟဇာတဖြစ်ပါတယ်။ ဒါပေမယ့် ခိုးဝင်ပဲဖြစ်ဖြစ်၊ တရားဝင်ပဲဖြစ်ဖြစ် ဝင်ရောက်လာတဲ့ တရုတ်ဟာ မြန်မာနဲ့ အသားမကျပါဘူး။ တဖက်မှာလည်း မြန်မာပြည်ဟာ တရားဥပဒေစိုးမိုးမှု မရှိလို့ ၊ တရုတ်ပြည်တွင်းမှာ လုပ်ခွင့်မရတဲ့ ဘိန်းလုပ်ငန်း ကို လုပ်ဖို့ တရုတ်က မြန်မာကို ရွေးပါတယ်။ တဖက်မှာလည်း ဘိန်းက ရတဲ့ ဝင်ငွေကို ငွေကြေးခဝါချဖို့ လုပ်ပါ တယ်။ တရုတ်အတွက် ငွေမည်းကနေ ငွေဖြူဖြစ်ဖို့အတွက် မြန်မာပြန်မှာ လုပ်ငန်းပြဖို့ ကုမ္ပဏီထောင်တာတွေ လည်း အများကြီး ရှိပါတယ်။

မေးခွန်းများ

မြန်မာအစိုးရဟာ လူဦးရေနိုင်ငံရေးကို ကောင်းကောင်းနားလည်သင့်တယ်။ တစ်ဖက်မှာလည်း နိုင်ငံရေး ဘောဂဗေဒရှုထောင့်ကနေကြည့်ပြီး တရုတ်လူမျိုးတွေဟာ မြန်မာပြည်ကို ဘယ်လို လွှမ်းမိုးချုပ်ကိုင်နေသလဲ ဆိုတာ နားလည်သင့်တယ်။ ဌာနမြန်မာပြည်သား တရုတ်လူမျိုးတွေဟာ မြန်မာပြည်အတွက် အန္တရာယ် မဟုတ်ပေမယ့်၊ စိမ့်ဝင်လာတဲ့ မြန်မာပြည်ရောက်တရုတ်တွေဟာ အမိနိုင်ငံအစိုးရရဲ့အကျိုးစီးပွားကို ဘယ်လို ချဲ့ထွင်အကောင်အထည်ဖော်ပေးနေသလဲ ဆိုတာ နားလည်သင့်တယ်။ တစ်ဖက်မှာလည်း တရုတ်အစိုးရက ပြည်ပရောက်တရုတ်တွေကို ဘယ်လို မူဝါဒမျိုးနဲ့ ကိုင်တွယ်စီမံနေသလဲဆိုတာ နားလည်ထားသင့်တယ်။ နိုင်ငံရေးအရ တိုက်ရိုက်မကျပေမယ့် ယဉ်ကျေးမှုအရ လွှမ်းမိုးလာတဲ့ တရုတ်ယဉ်ကျေးမှုက သယ်ဆောင်လာ တဲ့ တရုတ်အမျိုးသားရေးဝါဒကို ဘယ်လို တုံ့ပြန်မလဲဆိုတာလည်း အရေးကြီးနေပြန်ပါတယ်။ နိုင်ငံတကာဇာတ် ခုံမှာ တရုတ်ကို အမှီအခိုပြုမှုကနေ လွတ်မြောက်ဖို့၊ လုံခြုံရေးအရ စစ်ရေးအရ ဝှက်ဖဲ ကိုင်ထားတဲ့ တရုတ်ကို မြန်မာက ပြန်လည် ကစားကွက် ထွက်နိုင်ဖို့ ဘယ်လို စဉ်းစားထားပါသလဲ။ ပထဝီနိုင်ငံရေးအရ ကိုင်လှုပ်နိုင်စွမ်း ရှိတဲ့ လည်မြိုညစ်ကိုင်ထားနိုင်တဲ့ တရုတ်အတွက် မြန်မာရဲ့လည်မြိုက ဘာဖြစ်နိုင်ပါသလဲ။ မြန်မာပြည်တွင်းမှာ လှုပ်ရှားနေတဲ့ တရုတ်သံရုံးနောက်ခံ စည်းရုံးရေးလက်တံတွေကို ဘယ်လိုစီမံခွင့်ပေးထားမလဲ။ ဒါတွေဟာ မြန်မာ ပြည်အတွက် စဉ်းစားစရာတွေ ဖြစ်ပါတယ်။

လက်ရှိ မြန်မာပြည်အစိုးရမှာ လူဝင်မှုကြီးကြပ်ရေး၊ လူဝင်လူထွက်ကိစ္စနဲ့ပတ်သက်ပြီး ခိုင်မာပြီး မဟာဗျူဟာကျ တဲ့ ပေါ်လစီကို မတွေ့ရသေးပါဘူး။ မြန်မာပြည်တွင်းက တရုတ်ရင်းနှီးမြုပ်နှံမှုစီမံကိန်းတွေကို အကောင်းဆုံး တုံ့ပြန် စီမံခန့်ခွဲနိုင်မယ့် စွမ်းရည်မျိုး ရှိမထားသေးပါဘူး။ ငြိမ်းချမ်းရေးကိစ္စမှာ တရုတ်ကစားကွက်ထွင်မှုကနေ ကန့်သတ်နိုင်တဲ့ လုပ်ရပ်မျိုး မတွေ့ရသေးပါဘူး။ မြန်မာပြည်တွင်းမှာ တရုတ်လူမျိုးတွေရဲ့ လူဦးရေအရ ချဲ့ထွင် ဝင်ရောက်မှုကို စီမံကွပ်ကဲနိုင်တဲ့ အုပ်ချုပ်မှုအနေအထားကို မတွေ့ရသေးပါဘူး။ မြန်မာပြည်ကို ဝင်ရောက်လာ တဲ့ တရုတ်တွေအတွက် မြန်မာအစိုးရရဲ့ အရံသင့် ပြင်ဆင် ထုပ်ပိုးထားနိုင်မှု မူဝါဒ အစီအမံတွေဟာ ဘာဖြစ်နိုင် ပါသလဲ။

စဉ်းစားစရာဖြစ်ပါတယ်။

မင်းသေ့
ည ၉ း ၂၆
၂၀ ၊ အောက်တိုဘာ ၊ ၂၀၁၉
ရန်ကုန်မြို့။

Previous post တရုတ်နဂါး
Next post လေ့လာသင်ယူရေး