တရုတ်တွေကို သွားမနိုးလိုက်နဲ့… သူတို့ အိပ်နေပါစေ…
သူတို့နိုးလာရင် ကမ္ဘာကြီးကို လွှမ်းမိုးသွားလိမ့်မယ်…
နပိုလီယံဗိုနာပတ် – ပြင်သစ် ဧကရာဇ်

ပြင်သစ်ဘုရင် နပိုလီယံက တရုတ်တွေနဲ့ပတ်သက်ပြီးတော့ ပေးထားခဲ့ဖူးတဲ့ မှတ်ချက်တစ်ခုဖြစ်ပါတယ်။ ဒီနေ့ (၂၀၁၉ ၊ အောက်တိုဘာ ၁ ရက်) ဟာ တရုတ်ပြည်ကြီးကို စုစည်းတည်ထောင်လိုက်တဲ့ နှစ် (၇၀) ပြည့်တဲ့နေ့ ဖြစ်ပါတယ်။ သိပ်မကြာခင်ရက်ပိုင်း (စက်တင်ဘာ ၂၇) ရက်နေ့ဟာလည်း မြန်မာပြည်ရဲ့ဒီမိုကရေစီခရီးကို ဦးဆောင်ခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ (၃၁) နှစ်ပြည့်တဲ့နေ့ဖြစ်ပါတယ်။ အရပ်သားအစိုးရ အုပ်ချုပ်မှု သက်တမ်းက (၄) နှစ်လောက်သာ ရှိပါသေးတယ်။ တရုတ်ပြည်ကြီး နိုးထလာပြီး နှစ် (၇၀) ပြည့်ကာလနဲ့ ကျနော်တို့ မြန်မာပြည် ဒီမိုကရေစီခရီးကို နှိုင်းယှဉ်ချင့်တွက်ကြည့်ဖို့ ဖြစ်ပါတယ်။ နိုင်ငံတည်ဆောက်ရေးရော၊ အမျိုးသားပြန်လည်သင့်မြတ်ရေးရော၊ ဒီမိုကရေစီတည်ဆောက်ရေးရော တပြိုက်နက်တည်းသွားနေရတြ့ မြန်မာအဖို့ ဘယ်လို ဘယ်ကဲ့သိုဆိုတာကို ချင့်ချိန်နိုင်ဖို့ ဖြစ်ပါတယ်။

မြန်မာပြည်က တရုတ်ပြည် ထက် တစ်နှစ်စောပြီး (၁၉၄၈ ဇန်နဝါရီလ ၄ ) ရက်နေ့မှာ လွတ်လပ်ရေးရတယ်။ အိန္ဒိယက အင်္ဂလိပ်ဆီကနေ (၁၉၄၇ ဩဂုတ် ၁၅) ရက်နေ့မှာ လွတ်လပ်ရေးရခဲ့တယ်။

အိန္ဒိယပြီးတော့ မြန်မာ၊ မြန်မာပြီးတော့ တရုတ်လို့ ပြောလို့ရမယ်။ တရုတ်ကိုတော့ တရုတ်ပြည်လွတ်လပ်ရေး ရတဲ့ နှစ်လို့ မသုံးဘူး။ နေရှင်နယ်ဒေးလို့ သုံးတယ်။ တရုတ်အမျိုးသားနေ့လို့ သုံးတယ်။ တရုတ်ပြည်ကြီးဟာ နယ်မြေအားဖြင့် ကြီးကျယ်လွန်းလို့ ကိုလိုနီပြုတဲ့ နိုင်ငံတစ်နိုင်ငံတည်းလက်အောက်ကို မရောက်ခဲ့ဖူးလို့ ဆို တယ်။ တရုတ်နိုင်ငံတစ်နိုင်ငံတည်းကိုပဲ တရုတ်ပိုင်နယ်မြေတွေကို ခွဲခြမ်းပြီး ကိုလိုနီပြုခဲ့တဲ့ နိုင်ငံအများအပြား ရှိတယ်။ ဒါ့ကြောင့် အောက်တိုဘာ (၁) ရက်နေ့ကို တရုတ်ပြည်လွတ်လပ်ရေးရတဲ့နေ့လို့ မသုံးဘဲ တရုတ်ပြည် သူ့သမ္မတနိုင်ငံ (ပြည်မကြီး) ကို တည်ထောင်လိုက်တဲ့အမျိုးသားနေ့ ရက်စွဲအဖြစ် သတ်မှတ်ကြတာဖြစ်ပါ လိမ့် မယ်။

ကိုလိုနီနယ်မြေဘဝ

တရုတ်ပြည်ကို ပေါင်မုန့်လို အပိုင်းပိုင်းစိတ်ဖြာပြီး ခွဲဝေယူတဲ့ ကိုလိုနီနိုင်ငံတွေ ရှိတယ်။ တရုတ်ပြည်ကို ကျူးကျော်ရောက်လာတဲ့ ကိုလိုနီနိုင်ငံတွေရဲ့ ခုနှစ်တွေကို လေ့လာကြည့်နိုင်ပါတယ်။

• ပေါ်တူဂီတွေ တရုတ်ကို ၁၅၁၆ ခုနှစ်မှာ စရောက် တယ်။
• စပိန်တွေက ၁၅၇၅ ခုနှစ်မှာရောက်တယ်။
• ဒတ်ချ်တွေက ၁၆၀၄ ခုနှစ်မှာ ရောက်တယ်။
• အင်္ဂလိပ်က ၁၆၃၇ ခုနှစ်မှာ ရောက်တယ်။
• အမေရိကန်က ၁၇၈၄ ခုနှစ်မှာ ရောက်တယ်။
• ဂျပန်က ၁၈၉၀ ခုနှစ်မှာ ရောက်တယ်။

ဒီတော့ တရုတ်ပြည်ကို နယ်ချဲ့တွေက အပိုင်းပိုင်းဖြတ်ပြီး ကိုလိုနီပြုခဲ့ကြတယ်။ ဒီအတိတ်သမိုင်းတွေကို ပြန် အောင့်မေ့တိုင်း တရုတ်တွေရဲ့အမျိုးသားရေးစိတ်ကို ဆွပေးသလိုဖြစ်တယ်။ တရုတ်တွေရဲ့အမျိုးသားရေးစိတ် မှာ မခံချင်စိတ်တွေ ဖြစ်တယ်။ အနာဂတ်မှာလည်း တရုတ်ပြည်ကို အဲသည်လို ထပ်ဖြစ်မှာကြောက်တယ်။ မော်စီတုန်းကြီး ဘယ်လောက်ပဲ အမှားတွေ လုပ်ခဲ့လုပ်ခဲ့၊ ခေတ်သစ်မှာ တရုတ်ပြည်ကြီးကို တစ်စုတစည်းတည်း ဖြစ်အောင် လုပ်ပေးခဲ့တာနဲ့တင် တရုတ်တွေ အားလုံးက မော်စီတုန်းကို အဓိပတိအဖြစ် လက်ခံတယ်။

တီယံမင်ရင်ပြင်မှာ

မော်စီတုန်းနဲ့ နှိုင်းယှဉ်ရင်၊ ဒေါက်တာဆွန်ယက်ဆင်ဟာ အသိအမှတ်ပြုခံရတဲ့အဆင့်လောက်မှာ တင်ရှိတယ်။ ဒီနေ့ (၂၀၁၉ အောက်တိုဘာ ၁) ရက်နေ့ နံနက်ခင်းမှာ တရုတ်ပြည် ဘေဂျင်းရဲ့ တီယံမင်ရင်ပြင်မှာ တရုတ် ပြည် နှစ် (၇၀) ပြည့်ကို ဝှဲချီးကျင်းပတယ်။ စစ်ရေးပြအခမ်းအနားတွေဟာ အံ့မခန်းပဲ။ မော်စီတုန်းနဲ့ ချိုအင်လိုင်း တို့ မတ်တပ်ရပ်ပြီး တရုတ်ပြည်ကြီး ထူထောင်ကြောင်း ကြေညာလိုက်တဲ့ နေရာမှာပဲ တရုတ်သမ္မတ ရှီကျင့်ဖျင် က ရပ်နေတယ်။ ဗိုလ်ရှုသဘင်ကို မျှော်ခေါ်ကြည့်နေတယ်လို့ ပြောရမလားပဲ။

တရုတ်ပြည်ကြီးဟာ သူ့ပြည်သူရဲ့ ညီညွှတ်ခြင်း အင်အားကို ပြနေလိုက်တာ အံ့မခမ်းတွေ့ရတယ်။ တရုတ် တွေရဲ့ ပူးပေါင်းဆောင်ရွက်မှု စွမ်းရည်ကို မြင်ရတယ်။ တရုတ်ပြည်ရဲ့ အသွေးအရောင်စုံတဲ့ လူမှုယဉ်ကျေးမှုကို တွေ့ရတယ်။ ကမ္ဘာကို တင်ပြနိုင်တဲ့ စွမ်းရည်ကလည်း သေသပ်ကျနလွန်းတယ်။ တရုတ်ပြည်က သူ့မှာရှိတဲ့ စစ်လက်နက်တွေကို တီယံမင် ရင်ပြင်လာရာလမ်းတစ်လျှောက်မှာ ခင်းကျင်းပြပြီး ချီတက်လာတယ်။ ကြည်း တပ်ရဲ့ စစ်ချီမှုတွေ၊ တင့်ကားတွေ၊ ဒုံးတွေ၊ မောင်းသူမယ့်လေယာဉ်တွေ၊ ခေတ်မီ ဒုံးခွင်းဒုံးတွေ အပါအဝင် မြောက်မြားစွာသော စစ်လက်နက်တွေကို ပြည်သူတွေ ရှေ့မှာ ထုတ်ကြွားတယ်။ နိုင်ငံတကာကို မြင်အောင် လည်းပြတယ်။ တရုတ်မီဒီယာအသီးသီးကလည်း ခေတ်မီကင်မရာတွေနဲ့ မှတ်တမ်းတင်ပြီး အချိန်နဲ့ တပြေးညီ ကမ္ဘာကို ပြတယ်။

ဒါတင်မကသေးဘူး။ လေတပ်အင်အားကိုပါ ပြလိုက်သေးတယ်။ ရဟတ်ယာဉ်တွေ၊ တိုက်လေယာဉ်တွေကို မောင်းပြီး Teamwork ညီညီနဲ့ ပြည်သူတွေရဲ့ ဦးခေါင်းထပ်မှာ ပျံသန်းပြတယ်။ အောက်က မော်ကြည့်တဲ့ ပြည်သူတွေကလည်း တရုတ်အလံတွေ တစ်လှုပ်လှုပ်နဲ့ တရုတ်အမျိုးသားရေးစိတ်ကို ပြသကြတယ်။ တရုတ် တွေရဲ့ သူ့နိုင်ငံအပေါ် ချစ်မြတ်နိုးစိတ်၊ သူ့နိုင်ငံနဲ့ပတ်သက်ရင် ဂုဏ်ယူဝင့်ကြွားစိတ်၊ တရုတ်လူမျိုးတွေရဲ့စိတ် ထဲမှာ တက်ကြွနိုးကြားစိတ်၊ တိုင်းပြည်ကို ခေါင်းဆောင်နေတဲ့ ခေါင်းဆောင်တွေအပေါ် ယုံကြည်ကိုးစားစိတ် နဲ့ တရုတ်ပြည်ကြီးမှာ နေထိုင်ရတာ လုံခြုံစိတ်ချရကြောင်းစိတ်ခံစားမှုတွေ ဖြစ်ပေါ်အောင် လုပ်နိုင်လိုက်ကြတယ်။ ဒါဟာ တရုတ်တွေရဲ့ အနာဂတ်ခြေလှမ်းတွေကို သွက်လက်ဖို့ တွန်းအားပေးတဲ့ အခင်းအကျင်းတစ်ရပ်လည်း ဖြစ်တယ်။

ခေါင်းဆောင်နှစ်ယောက်

ဒီနေ့ တရုတ်ပြည် ထူထောင်ခြင်း နှစ် (၇၀) ပြည့်နေ့မှာ ဒေါက်တာဆွန်ယက်ဆင်ကို ခေတ်သစ်တရုတ်ပြည်ရဲ့ ပြယုဂ်အဖြစ် ဖော်ပြပြီး၊ မော်စီတုန်းကို တရုတ်ပြည်ရဲ့အဓိပတိခေါင်းဆောင်ကြီးအဖြစ် ဖော်ပြတယ်။ တရုတ်တွေ ဟာ မော်စီတုန်းနဲ့ ဆွန်ယက်ဆင်ကို နှိုင်းယှဉ်ရင် မော်စီတုန်းကို ပိုပြီးစိတ်ထဲ ထားကြတယ်။
ဆွန်ယက်ဆင်ဟာ ကူမင်တန်ပါတီ (တရုတ်အမျိုးသားပါတီ) ကို ဦးဆောင်သူတစ်ယောက်ဖြစ်တယ်။ တရုတ် ပြည်ရဲ့မအောင်မြင်တဲ့ ဒီမိုကရေစီသမ္မတလည်းဖြစ်တယ်။ တရုတ်မျိုးချစ်ပညာတတ်လူငယ် တွေကို ဦးဆောင်ပြီး နယ်ချဲ့နဲ့ပေါင်းပြီး တရုတ်ပြည်သူတွေအပေါ် ဖိနှိပ်ခဲ့တဲ့ ချင်မင်းဆက်ကိုဖြုတ်ချရာမှာ ဦးဆောင် ခဲ့တယ်။ ၁၉၁၁ ဟာ တရုတ်သမိုင်းမှာ အထင်ကရ ခုနှစ်တစ်ခုဖြစ်ပါတယ်။ ချင်မင်းဆက်ကို ဖြုတ်ချနိုင်ခဲ့တဲ့ တော်လှန်ရေးနှစ် လို့ ပြောရမယ်။ ဆွန်ယက်ဆင်ဟာ ပညာတတ်တော်လှန်ရေးသမားတစ်ယောက်ဖြစ်တယ်။ ရီပက်ပလစ်ချိုင်းနားလို့ ခေါ်တဲ့ တရုတ်သမ္မတ နိုင်ငံကို (၁၉၁၂ ဇန်နဝါရီ ၁) ရက်မှာ ထူထောင်ပြီး သမ္မတဖြစ် လာသူဖြစ်တယ်။
၁၉၁၁ ခုနှစ် ကာလတွေဟာ တရုတ်မှာ ကွန်မြူနစ်တွေ အင်အားစုစည်းချိန်လို့ ပြောလို့ရနိုင်မယ်။ သည့်နောက် ပိုင်း မော်စီတုန်း ဦးဆောင်တဲ့ ကွန်မြူနစ်တွေရဲ့ အင်အားဟာ တဖြည်းဖြည်းနဲ့ စုစည်းမိလာပြီး နယ်ချဲ့အင်္ဂလိပ်နဲ့ ဂျပန်တို့ကို တော်လှန်ဖို့ ကူမင်တန်တွေနဲ့ ပူးတုံခွာတုံဖြစ်ခဲ့တဲ့ ဖြစ်စဉ်တွေဟာ ဒုတိယကမ္ဘာစစ်ကြီးပြီးတဲ့အချိန် အထိဖြစ်ပါတယ်။

တရုတ် – မြန်မာ

တရုတ်မြန်မာဆက်ဆံရေးနဲ့ ပတ်သက်ပြီး အထင်ကရ အချက် (၃) ချက်ရှိပါတယ်။

၁) တရုတ်ပြည် (ပီအာစီ) ထူထောင်လိုက်တဲ့အခါမှာ ကွန်မြူနစ်မဟုတ်တဲ့ တိုင်းပြည်တွေထဲမှာ မြန်မာဟာ တရုတ်ပြည်ထူထောင်မှုကို ပထမဆုံး အသိအမှတ်ပြုတဲ့ နိုင်ငံဖြစ်ပါတယ်။

၂) မြန်မာဟာ တရုတ်နဲ့ ဘန်ဒေါင်းမူလို့ ခေါ်တဲ့ ဘက်မလိုက်လှုပ်ရှားရေးမူကို ပူးတွဲကြေညာပြီး တည်ထောင်ခဲ့တဲ့ ကိစ္စဖြစ်ပါတယ်။

၃) မြန်မာဟာ တရုတ်နီ (ကွန်မြူနစ်တရုတ်) နဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ တရုတ်ဖြူ (ကူမင်တန်) ကျူးကျော်မှုကို တိုက်ထုတ်ခဲ့တဲ့ကိစ္စဖြစ်ပါတယ်။

မြန်မာဟာ တရုတ်ထက် လွတ်မြောက်သော နိုင်ငံအဖြစ် တစ်နှစ်စောပြီး ကြေညာနိုင်ခဲ့ပေမယ့်၊ တရုတ်ဟာ မြန်မာကို သူ့ရဲ့ လက်အောက်ခံနိုင်ငံလို့ မြင်ပါတယ်။ ဟိုးရှေးယခင် ဘုရင်တွေ ခေတ်တုန်းကလို မြန်မာဟာ တရုတ်ရဲ့ပဏ္ဏာဆက်ပြည်နယ်တစ်ခုလို့ သတ်မှတ်ပါတယ်။
တရုတ်တွေဟာ မြန်မာပြည်ကို ကျူးကျော်ခဲ့ဖူးတယ်ဆိုတဲ့ သမိုင်းမှတ်တမ်း ရှိပါတယ်။ (၁၃) ရာစုနှောင်းပိုင်းမှာ မွန်ဂိုတရုတ်တပ်တွေ မြန်မာပြည်ကို ကျူးကျော်လို့ ပုဂံခေတ် နိဂုံးချုပ်သွားတယ်ဆိုတာ တွေ့ရတယ်။ (၁၇) ရာစုလောက်မှာ တရုတ်မင် မင်းဆက်လက်ထပ်မှာ တရုတ်စစ်တပ်ကြီး အင်းဝထိ ချီတက်လာခဲ့ဖူးတယ်ဆိုတာ တွေ့ရတယ်။ လွန်ခဲ့တဲ့ နှစ် (၂၀၀၀) ကျော်လောက်ကလည်း ယူနန်မှာကြီးစိုးတဲ့ နန်ကျောင်က တိုက်ခိုက်သိမ်း ပိုက်လို့ ပျူနိုင်ငံပျက်စီးရတယ်လို့ သမိုင်းမှတ်တမ်းတွေမှာ ဖတ်ရတယ်။

တရုတ်ပြည်ဟာ မြန်မာပြည်ကို ကျူးကျော်သိမ်းပိုက်ခဲ့တဲ့ မှတ်တမ်းတွေ ရှိခဲ့တယ်။ တရုတ်ခေါင်းဆောင်တွေ ဖြစ်တဲ့ ဆွန်ယက်ဆင်နဲ့ မော်စီတုန်းတို့ကိုယ်တိုင်ကလည်း မြန်မာပြည်ကို တရုတ်ရဲ့ပြည်နယ်လို့ သတ်မှတ်ထား ခဲ့ကြဖူးတယ်။ ဆွန်ယက်ဆင်ရေးခဲ့ဖူးတဲ့ စာတမ်းတစ်ခု (၁၉၂၄) မှာလည်း မြန်မာပြည်ကို တရုတ်ရဲ့လက် အောက်ခံနယ်လို့ ဖော်ပြဖူးတယ်။ မော်စီတုန်းရေးတဲ့ “တရုတ်ကွန်မြူနစ်ပါတီနဲ့ တရုတ်တော်လှန်ရေး” ဆိုတဲ့ စာတမ်းမှာလည်း မြန်မာပြည်ကို တရုတ်ပိုင်ပြည်နယ်တွေအဖြစ် ဖော်ပြတယ်။ ၁၉၅၃-၄ တွေမှာ ထုတ်တဲ့ တရုတ်အစိုးရထုတ် မြေပုံတွေမှာလည်း မြန်မာပြည်ရဲ့ မြစ်ကြီးနားနဲ့ ဝဒေသတွေကို တရုတ်ပိုင်နယ်မြေတွေ အဖြစ် ဖော်ပြထားတယ်။ (ကိုးကား – ဒေါက်တာအောင်ခင် ၊ တရုတ်မဟာဗျူဟာနဲ့ မြန်မာ စာတမ်း)

တရုတ်နဂါး တန်ခိုးထွား

ဆင်ကြီးကတော့ တစ်ချက်ပဲ တွန့်တာပါပဲ။ သို့ပေမယ့် ဆင်ကြီးက ကြီးတော့ ဆင်ကြီးတစ်ချက်တွန့်လို့ မလှုပ် သာ မရှားသာတဲ့ တောကောင်ငယ်လေးတွေလည်း မြောက်မြားစွာ ရှိပါလိမ့်မယ်။ ဒီမှာတော့ တရုတ်နဂါးကြီး တစ်ချက်တွန့်လိုက်ရင်တော့…. ဆိုပြီး ပြောရမလိုဖြစ်နေပါတယ်။ တရုတ်ပြည်ရဲ့ ရုပ်ပိုင်းဆိုင်ရာ တိုးတက်မှုက တော့ အံမခန်းပါပဲ။ ကားမတ် ဟောခဲ့တဲ့ ရုပ်ဝါဒ…. ဆိုတာ ဒါလားလို့ ထင်မှတ်မှားစရာဖြစ်နေပါတယ်။

• မတ်ဝါဒ
• မော်စီတုန်းအတွေးအခေါ်၊
• တိန့်ရှောင်ဖိန် အယူအဆနဲ့ ရှင်သန်နိုးထလာတဲ့ တရုတ်နဂါးဟာ ကမ္ဘာကို အပြုသဘောလား၊ အဖျက် သဘောလားဆိုတာ မေးခွန်းထုတ်စရာဖြစ်ပါတယ်။

ဓနဥစ္စာနဲ့ လူဦးရေအချိုးအစားဟာ ဟန်ချက်ညီနေရင် ကမ္ဘာကြီးဟာ သာယာဝပြောနေပါလိမ့်မယ်။ ငြိမ်းချမ်းနေ ပါလိမ့်မယ်။ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ ပဋိပက္ခကင်းရှင်းရေးဆိုတာ ဓနဥစ္စာကို ဟန်ချက်ညီအောင် ခွဲခြမ်းထား နိုင်သလဲ….၊ (တနည်း) အကျိုးစီးပွားစီမံခန့်ခွဲမှု ကို ဘယ်လောက်ထိ လုပ်နိုင်သလဲဆိုတဲ့အပေါ်မှာ မူတည် ပါတယ်။ ဓနဥစ္စာခွဲဝေမှုကို distribution of wealth လို့ခေါ်ပါတယ်။ အကျိုးစီးပွားတွေကို စီမံခန့်ခွဲမှုကိုတော့ interest management လို့ ခေါ်ပါတယ်။ အစိုးရလုပ်သူ ၊ မူဝါဒကိုင်ထားနိုင်သူတွေဟာ လူ့အဖွဲ့အစည်းရဲ့ မျှခြေကို ညှိထားပေးနိုင်ရပါမယ်။ ကမ္ဘာကြီးအတွင်းမှာပဲဖြစ်ဖြစ်၊ နိုင်ငံအချင်းချင်းကြားမှာပဲဖြစ်ဖြစ်၊ ပြည်တွင်းမှာ ပဲဖြစ်ဖြစ်၊ လူ့အဖွဲ့အစည်းအတွင်းမှာပဲဖြစ်ဖြစ် မျှခြေကိုက်ရင် ဟန်ချက်ညီနေပါတယ်။ မျှခြေဟာ တစ်ဖက် စောင်းနင်းနိုင်ပြီး ဟန်ချက်ပျက်သွားရင် ပဋိပက္ခတွေ၊ စစ်ပွဲတွေ၊ ပြဿနာတွေဟာ မြောက်မြားစွာ ပေါ်လာပါ တယ်။

မျှခြေ

တရုတ်နဲ့ မြန်မာအကြားမှာ မျှခြေညှိနိုင်ဖို့ လိုပါတယ်။ တရုတ်နဲ့ မြန်မာအကြားမှာ လူဦးရေအားဖြင့်ထိန်းညှိဖို့ လိုပါတယ်။ သန်းပေါင်း (၁၃၀၀) ကနေ၊ သန်းပေါင်း (၁၄၀၀) ဖြစ်လာတဲ့ တရုတ်ပြည်ကြီးမှာ လူဦးရေများပြား လို့ ကျပ်တည်းလာတယ်။ ဒါ့ကြောင့် နဘေးနားက တိုင်းပြည်ငယ်လေးတွေဆီ လူဦးရေစိမ့်ဝင်တိုးပွားလာပါ တယ်။ နယ်ကျယ်ကျယ်ရှိပြီး လူနည်းနည်းပဲ ရှိတဲ့မြန်မာဟာ တရုတ်လူဦးရေတိုးပွားမှုကြောင့် အကျိုးထက် အပြစ်ပိုရနေပါတယ်။ ဒါဟာလည်း အုပ်ချုပ်မှုစနစ်၊ စီမံခန့်ခွဲမှု စနစ်ရဲ့ ညံ့ဖျင်းမှုတွေ မြောက်မြားစွာ ပါဝင်နေပါ တယ်။ မြန်မာပြည်မှာ လူဦးရေ သန်း (၅၀) ကျော်သာရှိပါတယ်။ တရုတ်ရဲ့အစွန်းထွက် မရှိပါ။ တရုတ်ဟာ မြန်မာထက် အဆပေါင်း (၃၀) လောက် လူဦးရေပမာဏရှိပါတယ်။

တရုတ်ဟာ မြန်မာကို ယဉ်ကျေးမှုအရလည်း လွှမ်းမိုးလာသလို၊ စီးပွားရေးအရလည်း လွှမ်းမိုးလာပါတယ်။ အခု ဆိုရင် လူဦးရေအရလည်း လွှမ်းမိုးလာပါပြီ။ မြန်မာပြည်မှာ တရုတ်နဲ့ ပတ်သက်ပြီး အနာဂတ်မှာ ပြဿနာတော် တော်များများ ကြုံလာနိုင်စရာ ရှိပါတယ်။ ဖြစ်နိုင်ချေ အလားအလာဟာ အကြောင်းတရားများစွာ ရှိနေပါပြီ။ မြန်မာဟာ တရုတ်နဲ့ပတ်သက်ပြီး မူဝါဒရွေးချယ်စရာ အားနည်းရင် အတိတ်သမိုင်းဟာ တစ်ပတ်လည်ချင် ပြန် လည်သွားနိုင်ပါတယ်။

ဒီခေတ်မှာတော့ စစ်တပ်ကြီး ကျူးကျော်ပြီး တိုင်းပြည်ကို ကိုလိုနီလုပ်၊ အုပ်ချုပ်တာတွေ ရှိတော့မယ် မထင်ပါ ဘူး။ စစ်တိုက်ရင် ငွေကုန်ပါတယ်။ လူပန်းပါတယ်။ နိုင်ငံတကာမှာ သိက္ခာကျပါတယ်။ ဒီတော့ ကျည်တစ်ချက် မဖောက်ရဘဲနဲ့ ယဉ်ကျေးမှုမရ၊ လူဦးရေအရ၊ စီးပွားရေးအရ လွှမ်းမိုးချုပ်ကိုင်ပြီး မလှုပ်ရှားသာအောင် လုပ်နိုင် တဲ့ အခင်းအကျင်းတွေ များစွာ ရှိနေပါတယ်။ အခုလက်ရှိမှာလည်း မြန်မာအနေနဲ့ တရုတ်နဲ့ပတ်သက်ရင် ရွေး ချယ်စရာ သိပ်များများစားစား မရှိပါဘူး။ တရုတ်နဲ့ ပူးခဲ့တဲ့ မြန်မာစစ်တပ်ကိုယ်တိုင်တောင် တရုတ်ကို မချစ် သော်လည်း အခြေအနေအရ၊ လုံခြုံရေးအရ၊ အကျိုးစီးပွားအရ အောင့်ခါနမ်းခဲ့ရတဲ့ အကြိမ်တွေ မြောက်မြားစွာ ရှိခဲ့ပါတယ်။ မြန်မာစစ်တပ်အနေနဲ့လည်း တရုတ်ရင်ခွင်ထဲကနေ ခွာဖို့ ကြိုးစားဟန်တူပါတယ်။ သို့ပေမယ့် လုံးလုံးကြီး ပစ်ခွာလို့ မရနိုင်သေးပါ။ တရုတ်ကလည်း အရင်ကထက် ပိုလည်လာပါတယ်။ လက်နက်ကိုင်တပ် တွေကို နှစ်ဖက်ခွကိုင်ပြီး ကစားပါတယ်။ စီးပွားရေးဘက်မှာလည်း ဗဟိုနဲ့ ပြည်နယ် အပေးအယူမျှမျှ၊ ကိုယ့် ဘက် အသာစီးရအောင် ပေါ်လစီကို တွဲကစားပါတယ်။ လူဦးရေအားဖြင့်လည်း တရားဝင်ရော၊ တရားမဝင်ရော ဝင်ရောက် ကူးလူးလာပါတယ်။ မြန်မာက တရုတ်ကို ဘယ်လောက်ပဲ မုန်းတယ်ပြောပြော ငွေပေးပြီး လာဘ်ထိုး တဲ့ တရုတ်ကို မြန်မာကပဲ ပြန်လက်ခံပြီး လုပ်ပိုင်ခွင့်ပေး၊ နေထိုင်ခွင့်ပေးပါတယ်။ ဒါဟာ မြန်မာက တရုတ်နဲ့ ပတ်သက်ပြီး ပြုမူတဲ့အချက်ဖြစ်ပါတယ်။


များများစဉ်းစားရင် မေးခွန်းများများ ထွက်ပါတယ်။ များများလေ့လာရင် စိုးရိမ်စရာများများ ထွက်လာပါတယ်။ မျက်စိဖွင့်နားစွင့်ပြီး အနာဂတ်ကို ခဏလေး မှန်းဆကြည့်ဖို့ တိုက်တွန်းလိုရင်းဖြစ်ပါတယ်။

မင်းသေ့
ည ၇ း ၄၅
၁ ၊ အောက်တိုဘာ ၊ ၂၀၁၉ ။
ရန်ကုန်မြို့။


တရုတ်ပြည်ထူထောင်ခြင်း နှစ် (၇၀)ပြည့်နေ့။

Previous post “ခ” သုံးလုံးနဲ့ “မ” သုံးလုံး
Next post ပြည်ပရောက်တရုတ်များအရေး