ဗိုလ်ချုပ်နေဝင်း အုပ်ချုပ်မှုကာလအတွင်းမှာ ပေါ်ပေါက်လာတဲ့ စကားလုံးဖြစ်ပါတယ်။ ၁၉၆၂ တော်လှန်ရေး ကောင်စီက အာဏာသိမ်းပြီး၊ တစ်နိုင်ငံလုံးကို စစ်ဘောင်သွင်းဖို့ လုပ်တယ်။ ၁၉၇၄ ခုနှစ်မှာ၊ ပါတီဘောင်သွင်း ပစ်လိုက်တယ်။ တစ်ပါတီဘောင်သွင်း ပစ်လိုက်တယ်လို့ ပြောရင် ပိုပြီးမှန်ပါတယ်။ စစ်ဘောင်သွင်းပြီးနောက် ပိုင်းမှာ ပျက်ယွင်းလာတဲ့ကိစ္စရပ်တွေ မြောက်မြားစွာ ရှိတယ်။ ပျက်ယွင်းမှုတွေထဲက ပြန်အဖတ်ဆယ်ဖို့ ခက်နေ သေးတဲ့ ပျက်စီးခြင်း တစ်မျိုးရှိတယ်။ အဲဒါကတော့ ပရော်ဖက်ရှင်နယ်ပျက်သုဉ်းသွားခြင်းပါပဲ။

ပရော်ဖက်ရှင်နယ်လို့ ပြောတဲ့နေရာမှာ တပ်အတွင်းမှာရော ပျက်သွားတယ်။ အစိုးရအမှုထမ်းလို့ခေါ်တဲ့ ပြည်သူ့ ဝန်ဆောင်မှုယန္တရား လည်း ပျက်သွားတယ်။ တနည်းအားဖြင့် ဗျူရိုကရေစီပျက်သွားတယ်လို့ ပြောလို့ရတယ်။ စစ်ဘောင်က ကျယ်သထက်ကျယ်လာပြီး လူ့အဖွဲ့အစည်းတစ်ခုလုံးကို ခြစားလိုက်ပြီး ပိပြားနင်းချေပစ်လိုက် တော့တာပါပဲ။

ခေတ်ကြီး နှစ်ခေတ်

ဦးနေဝင်းခေတ်နဲ့ ဦးသန်းရွှေခေတ်ကို အကြမ်းဖျင်း နှိုင်းယှဉ်ကြည့်လိုရရတယ်။ ဦးနေဝင်းခေတ်မှာ ဦးနေဝင်းက သူသာ ပျက်ပြီး သူ့အင်စတီကျူးရှင်းကို အပျက်မခံတာတွေ့ရတယ်။ သို့ပေမယ့် ဦးနေဝင်းရဲ့ စီမံခန့်ခွဲမှု လွဲမှား ခြင်းတွေကြောင့် မဆလခေတ်နှောင်းပိုင်းမှာ တစ်စတစ်စ ပျက်ယွင်းမှုတွေ ကြီးမားပြိုလဲ လိုက်လာတယ်။ တခြားတခြားဘက်မှာတော့ “အကောင်းကို ရှာ၏။ အကောင်းကား အနည်းငယ်ကျန်သေး၏။”

ဦးသန်းရွှေခေတ်မှာ ထိပ်ပိုင်းအလွှာတစ်ခုလုံးလည်း ပျက်ယွင်းသလို၊ အောက်ခြေအလွှာတစ်ခုလုံးလည်း ပျက်ယွင်းလိုက်လာတယ်။ ဦးနေဝင်းခေတ်က တခါးပိတ်စနစ်ကျင့်သုံးပြီး ဆိုရှယ်လစ်လူ့ဘောင်ကို အသက် သွင်းတယ်ဆိုပြီး တံခါးတွေ ပိတ်ထားတော့ အခွင့်ထူးခံလူအုပ်စု ရှိပေမယ့် တော်တော်များများရဲ့ အကွာအဟ က သိပ်မကြီးဘူး။ အားလုံးက အတူတူနဲ့ အနူနူများတယ်။ ရှိတဲ့လူရော၊ မရှိတဲ့လူရော လူမှုသုံးစွဲမှုပုံစံက သိပ်ပြီး ထူးထူးခြားခြား ကွာဟချက် မကြီးလှဘူး။ ဦးသန်းရွှေခေတ်ကျတော့ တချို့တွေ ချောင်ချောင်ချိချိဖြစ်လာတယ်။ တော်တော်များများက စားနိုင်သောက်နိုင်လာတယ်။ ဝန်နိုင်စားနိုင်လာကြတယ်။ အခွင့်ထူးခံအုပ်စုလည်း အပြိုင်းပြိုင်းပေါ်လာတယ်။

အပြိုင်းပြိုင်းပေါ်လာတယ်ဆိုတဲ့ စကားရပ်ကို ထပ်ပြောချင်ပါတယ်။ အုပ်ချုပ်ရလွယ်အောင်၊ ကိုင်တွယ်ရလွယ် အောင်ဆိုပြီး ပြုမူတဲ့ အုပ်ချုပ်ရေးပုံစံဟာ အကျင့်ပျက်ခြစားပြီး လှိုက်စားယိုယွင်းနေတဲ့ အမူအကျင့်တွေကို မွေးထုတ်ပေးသလို ဖြစ်ခဲ့ပါတယ်။ ကိုယ်ကို သစ္စာခံရင်ရတယ်ဆိုပြီး ဆိုင်ရာ နယ်ပယ် တိုင်းဒေသတွေမှာ ဘုရင် တစ်ဆူလို မင်းမူ အုပ်ချုပ်ခွင့်ပေးတာ၊ ဌာနတစ်ခု ၊ နယ်ပယ် လုပ်ပိုင်ခွင့် ခွင်တစ်ခုကို အပိုင်စားပေးပြီး အုပ်ချုပ် ရေးယန္တရားကို ရွေ့အောင် လုပ်တယ်ဆိုတာ မြန်မာ့လူ့အဖွဲ့အစည်းအတွက် ဆိုးကျိုးကြီးမားနေဆဲဖြစ်ပါတယ်။ ဦးသန်းရွှေခေတ်မှာ လူတန်းစားအလွှာကွာဟမှုကလည်း ကြီးလာတယ်။ အကျင့်ပျက်ခြစားမှုကလည်း ပုံစံ အမျိုးမျိုး၊ ခွင်အမျိုးမျိုးနဲ့ ရှင်သန်ကြီးထွားလာတယ်။

ဦးနေဝင်းခေတ်မှာ ခြစားမှု၊ လာဘ်စားမှု၊ အဂတိလိုက်စားမှုဆိုတာ အသေးစားအဆင့်မှာ ရှိခဲ့ပေမယ့်၊ ဦးသန်းရွှေခေတ်မှာ သူခိုးလေးကနေ သူခိုးကြီးဖြစ်လာတယ်။ လူမိုက်ကနေ လူယုတ်မာဖြစ်လာတဲ့လူတွေ မြောက်မြားစွာ ပေါ်လာတယ်။ နောက်များမှာ ဒါတွေကို လေ့လာဆန်းစစ်ချက်တွေနဲ့ စာတမ်းတစ်စောင်လောက် ရေးပြီးထပ်မံတင်ပြပါ့မယ်။ ဦးသန်းရွှေခေတ်မှာကျတော့ “အကောင်းကို ရှာ၏။ အကောင်းကား မရှိတော့”။

“ခ” သုံးလမ်းပေါ်လစီ

ဦးနေဝင်းခေတ် စစ်ဘောင်သွင်းပြီးကာလနောက်ပိုင်းဖြစ်ထွန်းလာတဲ့ အဖွဲ့အစည်းတွင်းယဉ်ကျေးမှု အသစ် တွေ ရှိလာတယ်။ အဲဒါတော့ “ခ” သုံးလုံးနဲ့ “မ” သုံးလုံး လမ်းစဉ်တို့ပဲဖြစ်ပါတယ်။ စစ်မိန့်နဲ့အုပ်ချုပ်တဲ့ကာလမှာ အလုပ်ပြီးမြောက်ရေးကိုပဲ အဓိကထားကြလို့ “ရေဘူးပေါက်တာ မလိုချင်ဘူး၊ ရေပါတာလိုချင်တယ်” ဆိုတဲ့ စကားရပ်အသစ်တွေလည်း ပေါ်ထွန်းခဲ့ပါသေးတယ်။ ဒီစာမှာတော့ “ခ” သုံးလုံးနဲ့ “မ” သုံးလုံး ယဉ်ကျေးမှုဟာ အဖွဲ့အစည်းအတွင်း၊ ဌာနဆိုင်ရာအတွင်းမှာ ပျံ့နှံ့နေဆဲဖြစ်ကြောင်း တင်ပြလိုပါတယ်။

“ခ” သုံးလုံးဆိုတာကတော့ “ခေါ်ရင်သွား၊ ခိုင်းတာလုပ်၊ ခံမပြောနဲ့” လို့ ဆိုလိုတာဖြစ်ပါတယ်။ အမိန့်နဲ့ အုပ်ချုပ် တဲ့စနစ်၊ အထက်အောက်စနစ်နဲ့ အုပ်ချုပ်တဲ့စနစ်၊ ဗဟိုဦးစီးစနစ်၊ အဆင့်လိုက်အုပ်ချုပ်တဲ့စနစ်တွေမှာ အမိန့် ဆိုတာကို အသက်သွင်းဖို့၊ အမိန့်ဟာ အသက်ဝင်ဖို့ “ခ” သုံးလုံးပေါ်လစီကို ကျင့်သုံးကြပါတယ်။ “ခ” သုံးလုံး ပေါ်လစီကို လိုလိုလားလား အသက်သွင်းတာကတော့ အမိန့်သုံးရတာ ခံတွင်းလိုက်တဲ့ အာဏာရှင်လူ့အလွှာ က လူတစ်စုဖြစ်ပါတယ်။

လက်အောက်ငယ်သားဟာ အထွန့်တက်ခွင့် မရှိဘူး။ စောဒကတက်ခွင့်မရှိဘူး။ No Complain! No Reason!

ခိုင်းတာလုပ်။ ခေါင်းပါလည်း မစဉ်းစားနဲ့။ ဦးနှောက်ဆိုတာ အသုံးမဝင်ဘူး။ ခိုင်းတာလုပ်တတ်ရင် ရပြီ။ ဆယ် တန်းအောင်စရာ မလိုဘူး၊ အလိုက်သိရင် ရပြီဆိုတဲ့ လူတန်းစားမျိုးက “ခ” သုံးလုံးပေါ်လစီကို ကြိုက်တယ်။ သူကိုယ်တိုင်ကလည်း ဖိဖိစီးစီးလုပ်ရတာကို ကြိုက်တယ်။ ဖိဖိနှိပ်နှိပ်လုပ်ရတာကိုလည်း နှစ်ခြိုက်တယ်။ ဒါ့ ကြောင့် ကိုယ့်ကို ပြန်လှန်မေးခွန်းထုတ်မယ့်သူကို မလိုလားဘူး။ မလိုချင်ဘူး။ အရပ်သားတွေရဲ့စရိုက်ကို အားမလိုအားမရဖြစ်ပြီး အလုပ်ပြီးမြောက်ရေးကို ဦးစားပေးပြီး အုပ်ချုပ်ကြတဲ့ စစ်ဗိုလ်တွေရဲ့စရိုက်လို့ ပြောလို့ ရပါလိမ့်မယ်။ “ခ” သုံးလုံးယဉ်ကျေးမှုဟာ အဖွဲ့အစည်းယဉ်ကျေးမှုလိုဖြစ်လာတယ်။ ဒါ့ကြောင့် ဦးနေဝင်းခေတ် မှာ အစပြုခဲ့တဲ့ ဒီစရိုက်ဟာ ယခုအချိန်ထိ မြန်မာ့လူ့အဖွဲ့အစည်းမှာ ပျံ့နှံ့ဝင်ရောက်လာပါတယ်။

အခုဆိုရင် စစ်မျက်နှာကျက်တပ်ထားတဲ့ ဌာနတွေမှ မဟုတ်ဘူး။ အရပ်ဘက် ဌာနတွေ ကိုယ်တိုင်၊ အရပ်သား အဖွဲ့အစည်းတွေမှာကို “ခ” သုံးလုံးပေါ်လစီဟာ အသက်ဝင်စွဲမြဲနေပါတယ်။

“မ” သုံးလုံးလမ်းစဉ်

နောက် လမ်းစဉ်တစ်ခုကတော့ “မ” သုံးလုံးလမ်းစဉ်ဖြစ်ပါတယ်။ “မ” သုံးလုံးလမ်းစဉ်ကတော့ အထက်လူကြီး က ကျင့်သုံးတဲ့ လမ်းစဉ်ဆိုတာထက်၊ လက်အောက်ငယ်သားက (ဝန်ထမ်း) ကျင့်သုံးတဲ့လမ်းစဉ်ဖြစ်ပါတယ်။ အထက်လူကြီးရဲ့အုပ်ချုပ်ပုံကို မကြိုက်တဲ့ လက်အောက်ငယ်သား၊ ဝန်ထမ်းကလည်း ခေါ်ရင်သွားတယ်၊ ခိုင်း ရင် ခိုင်းသလောက်သာလုပ်တယ်၊ နောက်ပိုင်းမှာ ရေသာခို အချောင်လိုက်လာတယ်။ အေပါ်ယံ ဟန်ပြပဲ လုပ် လာတယ်။ ခံမပြောဘူး။ အမုန်းမခံတော့ဘူး။ အလိုက်သင့်ပဲ မျောလိုက်တော့တယ်။ ဒါက သက်သာတယ်။ မဖိစီးဘူး။ မပင်ပန်းဘူး။ မလုပ်၊ မရှုပ်၊ မပြုတ်ပေါ့။ “မ” သုံးလုံးဆိုတာကတော့ “မလုပ်၊ မရှုပ်၊ မပြုတ်” ပါပဲ။

လူ့အဖွဲ့အစည်းဟာ အပေါ်ပိုင်းအလွှာက ပျက်သလာသလို၊ အောက်ပိုင်းအလွှာကလည်း ပျက်လာပါတယ်။ ခေါင်ကစပြီး မလုံတော့ အောက်ပိုင်းတစ်ခုလုံးလည်း လှိုက်စားယိုယွင်းသွားတော့တာပါပဲ။ “မလုပ်၊ မရှုပ်၊ မပြုတ်” ဆိုတာကို ထူးပြီး ရှင်းစရာ လိုမယ် မထင်ပါဘူး။

လမ်းသွားရင် ခလုတ်တိုက်တတ်တယ်။ အလုပ်လုပ်ရင် အမှားရှိမယ်။ ဒါဟာ သဘာဝပဲ။ မှားယွင်းတာကို ခွင့်ပြု လက်ခံမပေးခြင်း၊ ခိုင်းတာကိုပဲ လုပ်စေချင်တဲ့စရိုက်ရှိခြင်းနဲ့ လုပ်ပိုင်ခွင့်မပေးတဲ့ လူ့အဖွဲ့အစည်းဟာ “မလုပ်၊ မရှုပ်၊ မပြုတ်” ဆိုတဲ့ လက်အောက်ငယ်သားတွေကို မွေးထုတ်ပေးတဲ့ မိခင်ဖြစ်ပါတယ်။

ဒီတော့ လက်အောက်ငယ်သားဟာ မလုပ်တော့ဘူး။ အချောင်ခိုလာတယ်။ ရေသာခိုလာတယ်။ ဟန်ပြပဲ လုပ်တယ်။ ယောင်ပြပဲလုပ်တယ်။ အလုပ်မှာ နေ့ရွေ့ညရွေ့လုပ်တယ်။ မှီးလိုက်တယ်။ ခိုလိုက်တယ်။ မျောလိုက် တယ်။ မလုပ်ဘူး။ မလုပ်တော့ မရှုပ်တော့ဘူး။ မရှုပ်တော့ မပြုတ်တော့ဘူး။

တကယ်လုပ်တဲ့လူကို ငတုံး၊ ငအ လို့ ထင်လာတယ်။ အလုပ်ကို ကြိုးစားပမ်းစားလုပ်နေတဲ့သူကို ငပိန်းလို့ မြင် လာတယ်။ အချောင်ခိုပြီး သက်သက်သာသာလေး မှိန်းလိုက်နေတဲ့လူကိုကျမှ “တော်လိုက်တာ” လို့ အချီးကျူး ခံရတယ်။

ခေါ်ရင်သွား၊ ခိုင်းတာလုပ်၊ ခံမပြောနဲ့…
မလုပ်၊ မရှုပ် ၊ မပြုတ်….

ဒီအမူအကျင့်တွေ ရှိနေသရွေ့ ထူးချွန်ပေါက်မြောက်တဲ့လူတွေ ထွက်ပေါ်မလာတာ မဆန်းပါဘူး။ ဖိနင်းပိပြား ခံနေရတဲ့ လူ့အဖွဲ့အစည်းမှာ ဒီလို ကျင့်ထုံးတွေ အသက်ဝင်ပြီး၊ လူလိုသောက်ကျင့်တွေ အရိုးစွဲနေမှတော့ မြန်မာပြည် ဆင်းရဲနေရုံမက မွဲနေတဲ့အဖြစ်ကို ရောက်နေတာ သိပ်မဆန်းပါဘူး။

ဒါဟာ လက်ရှိ မြန်မာပြည် ယုတ်နိမ့်ကျဆင်းနေခြင်းရဲ့ အဖြေပါပဲ။


ဒါ့ကြောင့် မြန်မာပြည်ဟာ မျက်နှာမွဲဘဝနဲ့ တည်ရှိနေတာ သိပ်မဆန်းပါဘူး။ သိပ်မထူးဆန်းပါဘူး။ လူ့အဖွဲ့ အစည်းမှာ “ခ” သုံးလုံးသမားတွေနဲ့ “မ” သုံးလုံးသမားတွေ များပြားနေသရွေ့တော့ မြန်မာပြည်ဟာ သေးသိမ် မှေးမှိန်နေတာ သိပ်မဆန်းပါဘူး။ ဒီလိုကိစ္စမျိုးကတော့ ထူးခြားစွာ သုတေသန ထူးထွေပြီး လုပ်နေစရာ အလျင်း မရှိပါကြောင်း…. တင်ပြလိုက်ရပါတယ်။

မင်းသေ့
ည ၈ း ၄၅
၃၀ ၊ စက်တင်ဘာ၊ ၂၀၁၉ ။
ရန်ကုန်မြို့။

Previous post နောက်ကြည့်မှန်
Next post တရုတ်နဂါး