မြန်မာ့နိုင်ငံရေးလေ့လာဆန်းစစ်ချက် (၁၉၄၈ – ၁၉၈၈)
ကျော်ဝင်း

စာအုပ္အညႊန္း

ဖွင့်သောစိတ်နှင့် သမိုင်းကို ချည်းကပ်သော စာအုပ်များကား၊ မြန်မာ့စာပေတွင် ခပ်ရှားရှား။ သူသန်ရာ သန်ရာ၊ ကိုယ်သန်ရာ သန်ရာဖြင့် ချည်းကပ်ပြီးရေးသော၊ အတ္တနောမတိ အတိပြီးသော သမိုင်းများမှာမူ ပေါများလှ၏။ အထူးသဖြင့်၊ ပုဂ္ဂိုလ်ရေးကိုးကွယ်မှုနှင့် ဂိုဏ်းဂဏ အစွဲကြီးသော မြန်မာ့နိုင်ငံရေး၌ ပို၍ပင် အပမှီလှ၏။ အကြောင်းမှာ၊ ပညာအသိုင်းအဝိုင်းနှင့် အာဏာ အသိုင်းအဝိုင်းတို့ ခပ်လှမ်းလှမ်းတွင်ရှိနေခြင်းကြောင့်လည်း ဖြစ်ဟန်တူသည်။

သမိုင်းကို ဟိုတစ်ကွက်၊ ဒီတစ်စ သိရုံဖြင့် နိုင်ငံရေးကို ရောကြိတ်နေရ သူကား၊ များလှ၏။ အဆက်အစပ်ရှိ သော၊ အကြောင်းအကျိုးညီသော၊ ရှေ့ နောက် အံဝင်ခွင်ကျဖြစ်သော အချက် အလက်များဖြင့် စနစ်တကျ ပြုစုအပ် သော သမိုင်း စာအုပ်များဖြင့် မျိုးဆက် သစ်တို့ များများ ထိတွေ့နိုင်ကြပါစေ ဟု ကျွန်တော် ဆန္ဒ ပြင်းပြဖူးသည်။ အာဃာတများဖြင့် ထုံမွှမ်းသော သမိုင်းကို ကျွန်တော်တို့ မျိုးဆက်သစ်များ ငြီးငွေ့လှပြီ။ အတိတ်စွဲဝေဒနာကို အမြန်ကုသချင်လှပြီ။ အတိတ်၏အကျဉ်းသားဘဝမှ လွတ်ချင်လှပြီ။

သမိုင်းကို ဘေးမှ ထိုင်ကြည့်ခဲ့သူ၏ အမြင်နှင့် တစ်ထောင့်တစ်နေရာက၊ ကိုယ်တိုင် ပါဝင်ကပြခဲ့သူတို့၏ အမြင် ရှုထောင့်ကား၊ ကွာခြားမည်ပင်။ မည်သို့ပင်ဖြစ်စေ၊ ရှုထောင့်ပေါင်းစုံကို ချည်းကပ်နိုင်ဖို့ အခွင့်အလမ်းများများ၊ ရလေလေ၊ ပညာအတွက် ကောင်းစွာသော ပေးထားချက်ဖြစ်လေလေ ဖြစ်ပါသည်။ ထိုနည်းတူပင်၊ ပညာဖြစ်ရန် ကုန်ကြမ်းကောင်းဖြစ်လေလေ သဘောပင်။ သမိုင်းကို ဖွင့်သော စိတ်တို့ဖြင့် ချည်းကပ်သော၊ သမိုင်းမှတ်တမ်း တင်သူများများ ပေါ်ထွက်လာလျှင်ကား၊ မျိုးဆက်သစ်တို့အတွက် မင်္ဂလာတစ်ပါးပင်။
သမိုင်းကို ချည်းကပ်ရာ၌၊ သမိုင်းရေးသူ၏ နောက်ခံကို ထည့်သွင်းချည်းကပ်ပါမှ၊ အကျိုးများမည်။

ကွန်မြူနစ်ဝါဒီ ဖြစ်ခဲ့ဖူးသူ
• တော်လှန်ရေး၌ ပါဝင်ခဲ့သူ
• လက်နက်ကိုင်လမ်းကြောင်းကို ရွေးချယ်ခဲ့ဖူးသူ
• နိုင်ငံရေးအကျဉ်းသားဘဝကို လျှောက်ခဲ့ရသူ
• သပိတ်ခေါင်းဆောင်
• ကျူရှင်ဆရာ
• နိုင်ငံရေး သုတေသီ
• ဂလိုဘယ် အိုင်ဒီယာများနှင့်မိတ်ဆက်ပေးသူ
• ဘာသာပြန်သမား
• စာရေးဆရာ မဟုတ်သော စာရေးသူ
• ရှားရှားပါးပါး စာရေးခြင်းဖြင့်သာ အသက်မွေးသူ
• သမိုင်းအဖြစ်အပျက်၌ လစ်ဘရယ်ရှုထောင့်ဖြင့် ချည်းကပ်သူ
• ရီယယ်ပိုလိုက်တစ်၌ ရီယယ်လစ်ရှုထောင့်ဖြင့် ချည်းကပ်သူ
• အိုင်ဒီယယ်လစ် ဝါဒီ

ဆရာကျော်ဝင်းကို လောက်လောက်လားလား စာရေးဆရာ စာရင်း၌ ကျွန်တော် ထည့်ထားသည်။ အမြင်ရှု ထောင့်များကို တယ်လီစကုပ် နှင့် မိုက်ခရိုစကုပ် ဟူသော မှန်ပြောင်းနှစ်လက်သုံး၍ ပိုင်ပိုင်နိုင်နိုင် ချည်းကပ်နိုင်သူဟု မြင်သည်။ အတိတ်၏ အကျဉ်းသားဘဝမှ၊ လွတ်အောင် ရုန်းထွက်နိုင်သူဟု မြင်သည်။ သဘောမညီမှုများ အတွက်၊ အဆဲပြီးဆေး ဆောင်ထားသူဟု မြင်သည်။ နိုင်ငံနှင့်ပက်သက်၍ မျှော်လင့်ချက်များကို ရောင့်ရဲစွာ နေရာချထားသူ ဟု မြင်သည်။ မှားကောင်းမှားနိုင်သည်။ ကျွန်တော် တို့ထိဖူးသလောက် မြင်မိသော သဘော အမြင်သာဖြစ်သည်။

သမိုင်းမှတ်တမ်းတင်သူ၌ အတ္တနောမတိပါကောင်းပါနိုင်သော်လည်း ပါးလျသော ဥပါဒါန်အစွဲရှိက၊ မှတ်တမ်း ကောင်းဖြစ်သည်။ ရေးရန် မရည်ရွယ်ခဲ့သော သမိုင်းမှတ်တမ်းတစ်စောင်ဖြစ်သည်။ ကျမ်းကြီးကျမ်းခိုင် မဟုတ် သော်လည်း၊ ယုံကြည်စိတ်ချထိုက်သော သမိုင်းမှတ်တမ်းဖြစ်သည်။ သီအိုရီနှင့် လေ့လာဆန်းစစ်ချက် (case study) များကို၊ ပူးတွဲယှဉ်ပြထားသော မြန်မာ့သမိုင်းမှတ်တမ်းတစ်စောင်ဖြစ်သည်။

မဟာဂန္ဓာရုံဆရာတော်ကြီးက၊ ကိုယ့်ကျင့် အဘိဓမ္မာ ဟူသော ကျမ်းစာ တစ်အုပ်ရေးခဲ့ဖူးသည်။ အင်မတန် နက်နဲသည့် အဘိဓမ္မာကို၊ သုတ္တန်ဖြင့် ကွပ်ညှပ်ရှင်းလင်းပြထားသော ကျမ်းစာဖြစ်သည်။ အဘိဓမ္မာဟူသည် သူ့ချည်းသက်သက်ဆိုလျှင်၊ သာမန်လူပုဂ္ဂိုလ်အဖို့ လေ့လာဆည်းပူးရတာ အင်မတန် ညီးငွေ့စရာကောင်းလှ၏ ထို့ကြောင့် ဆရာတော်ကြီးက၊ သုတ္တန်ပါ ဇာတ်နိပါတ်များဖြင့် အဘိဓမ္မာကို ရှင်းထုတ်ရေးသားပြုစုထားရာ အင် မတန် အဖိုးတန်လှ၏။ “မြန်မာ့နိုင်ငံရေး လေ့လာဆန်းစစ်ချက်” စာအုပ်သည် ထိုနည်း လည်းကောင်းပင် ဖြစ် သည်။ သီအိုရီနှင့် သမိုင်းကို ပေါင်းစပ်ထားသော၊ မျိုးဆက်သစ်အတွက် လက်ကိုင်ပြုစရာ၊ စာအုပ်ဖြစ်သည်။

ကျွန်တော့် အမြင်အရ၊ နိုင်ငံရေး လုပ်သူ၊ နိုင်ငံရေး လေ့လာသူ၊ နိုင်ငံရေး သုံးသပ်သူ တို့ အနေဖြင့်၊ ခြေခြေမြစ် မြစ်လေ့လာထားမှုသည်၊ ပါဝါတစ်ရပ်ဖြစ်သည်။

နိုင်ငံရေး၌ ကျဉ်လည်နေသူအဖို့၊ နိုင်ငံရေးပိဋိကတ် သုံးပုံကို ကျည်လည် ကျက်စားထားရမည်။ သုတ္တန်ကား၊ သမိုင်း အဖြစ်အပျက်တည်း။ ဝိနည်းကား၊ ဥပေဒတည်း။ အဘိဓမ္မာကား၊ အတွေးအခေါ်/ သဘောတရား တနည်း ဒဿန တည်း။

သမိုင်း၌ မြန်မာ့သမိုင်းနှင့် ကမ္ဘာ့သမိုင်း (တနည်း) နိုင်ငံတကာနိုင်ငံရေး အခင်းအကျင်းကို ချည်းကပ်နိုင်ရမည်။ ဥပဒေ၌ ဆိုင်ရာ ဥပဒေများကို ရည်ညွှန်းဗဟုသုတအနေဖြင့် ခိုင်ခိုင်မာမာရှိထားရမည့်အပြင်၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေများ၏ သဘော၊ သဘာဝ၊ သမိုင်းနှင့် စံ ပေတံများကို လေ့လာထားသင့်သည်။ အတွေးအခေါ်၌ အရှေ့ တိုင်း ဒဿနနှင့် အနောက်တိုင်း ဒဿနများကို မွှေနှောက်တို့ထိထားရန် အရေးကြီးသည်။ ထိုသို့ မဟုတ်ပါက၊ နိုင်ငံရေး၌ တက်ကြွလှုပ်ရှားသူအဆင့်မှ တက်နိုင်အံ့မထင်။

ဆရာကျော်ဝင်းက၊ အဖွင့်ကို မြန်မာ့နိုင်ငံရေးဓလေ့ဖြင့် ဖွင့်သည်။ အဖြစ်အပျက်များကို မသုံးသပ်မှီ၊ အခင်း အကျင်းနှင့်ရေခံမြေခံများကို ခင်းပြသည်။ လားရာကို မညွှန်ပြမှီ၊ လာရာ၏ သဘောကို တို့ထိသည်။ ထိုသို့ တို့ထိခြင်းသည်လည်း၊ အတ္တနောမတိဖြင့် မဟုတ်။ ဒေါက်တာမောင်မောင်ကြီး၏ ဗမာ့နိုင်ငံရေးတန်ဖိုး (Maung Maung Gyi; Burmese Political Values) ဟူသော ကျမ်းမှ ကောက်သည်။ (ဤစာအုပ်ကို မြန်မာ့နိုင်ငံရေးအတွေး အခေါ်ဟူသော အမည်ဖြင့် နိုင်ဦးက ဘာသာပြန်ထားပြီးဖြစ်သည်၊ ထို့အပြင်၊ ဒေါက်တာအောင်ခင်က၊ အဆိုပါစာအုပ်ကိုပင် RFA မှ လေလှိုင်းထဲက စာအုပ်စဉ်ကဏ္ဍမှာ အသံလွှင့်ခဲ့ပြီး၊မြန်မာ့နိုင်ငံရေးအတွေးအခေါ် ဆိုသည့် အမည်ဖြင့် စာအုပ် ထုတ်ဝေပြီးဖြစ်သည် – စကားချပ်)

ထို့နောက်၊ မြန်မာ့သမိုင်းမှတ်တမ်း ကျမ်းဂန် အစုံစုံမှ၊ ကောက်ယူ၍ ဆက်စပ် ယှဉ်တွဲပြသသည်။ ထောင့်ပေါင်းစုံ ကနေ၊ ခြေအစုံစုံ ရပ်၍ ကြည့်ခဲ့သူများ၏ စကားမှတ်တမ်းများဖြင့်၊ အစာသွပ်သည်။ မြန်မာ့အတိတ် အခင်း အကျင်းကို ပြရင်း၊ နိုင်ငံတကာ အဖြစ်အပျက်များနှင့် ချိတ်ဆက်ပြပြန်သည်။ အနီးကြည့်ကြည့်တတ်ရန်နှင့် အဝေးကြည့်ကြည့်တတ်ရန် လေ့ကျင့်သင်ကြားပေးနေသယောင် ထင်ရသည်။ သမိုင်းကို ကျောက်ချကြည့်တတ် သည့် ကျွန်တော်တို့လို လူများအဖို့ သုံးစရာ နည်းတစ်ခုရခဲ့သည်။ ခြေစုံမြဲမြဲ ရပ်ကြည့်ခြင်းသည်ပင် ယုံကြည် ချက် ခိုင်မာခြင်းဖြစ်သည်ဟု ယူဆထားသူအဖို့ ပညာစက်ဝန်း၌ အသိချို့ခဲ့သည်ကို ကျွန်တော် လက်တွေ့မြင်မိ ခဲ့သည်။ ထောင့်ပြောင်းအတွေးများဖြင့်၊ လိပ်ပတ်လည်အောင် ကြည့်တတ်ဖို့ အကျင့် ရခဲ့သည်။

ဘောဂဗေဒ ဘုရားတစ်ဆူဖြစ်သော ဂျွန်မေးနက်ကိန်းက ပြောခဲ့ဖူးသည်။ “အချက်အလက်များ ရှုပ်ထွေးနေချိန် တွင် စိတ်ကို ဖွင့်ထားဖို့ လိုပါသည်” ဟု ပြောဖူးသည်။ ေဩာ်… ကျွန်တော်တို့ တတွေက၊ အချက်အလက်များကို စုံ အောင် မစုတတ်။ အပြည့်အဝ မရသေးခင် အဖြေကို တွက်ထုတ်လိုက်ပြီးကြပြီ မဟုတ်လား။

သမိုင်းကောက်ချက်များကို၊ ထောင့်စုံ နေရာစုံမှ ခေါ်ငင်လာသည်။ စာအုပ်၊ စာတမ်း၊ သမိုင်းပညာရှင်၊ နိုင်ငံရေး ခေါင်းဆောင်များနှင့် သမိုင်း၌ ပါဝင်သူများကို တွေ့ဆုံ၍လည်းကောင်း၊ ကောက်ယူသော အချက်များဖြစ်သည့် အတွက်၊ ထောင့်စေ့သည်။ သမိုင်းဇာတ်ကောင်များကို ရုပ်ပုံလွှာများဖြင့်၊ ထင်ဟပ်ပြမှုသည် ကျွန်တော်တို့ မျိုး ဆက်သစ်များအဖို့ အသုံးဝင်သော ချည်းကပ်ပုံနည်းနာဖြစ်ခဲ့သည်။ ထူးခြားပုံကား၊ အဖြစ်အပျက်တစ်ခုချင်းစီ တင်ပြအပြီးတွင်၊ ခြုံငုံသုံးသပ်ချက်ဖြင့် တင်ပြသော အရေးအသားပင်ဖြစ်သည်။ နိုင်ငံရေးသုတေသီ တစ်ယောက်၏ “ဘာ့ကြောင့်” (WHY) ဟူသော အဖြေကို၊ ဤတွင် တွေ့ရသည်။ ကျွန်တော့်အဖို့ အဖိုးတန် ပေစွ။
ထို့နောက်၊ လစ်ဘရယ်သဘော တရားများကို ဖွင့်သည်။ သမိုင်းရေစီး၌ ဒီမိုကရေစီလှိုင်းလုံးများ၏ ပုံရိပ်များကို အပေါ်စီးက ကြည့်ပြီး တင်ပြသည်။ ကျွန်တော့်အဖို့၊ ဒီမိုကရေစီဇာတ်သွင်းခြင်း၌ ကောင်းမွန်သော အပြောင်းအလဲအတွက် သမိုင်းသင်ခန်းစာများကို ဤစာအုပ်ကရသည်။

ပြည်တွင်းစစ်များနောက်ကွယ်၊ အာဏာသိမ်းမှုများ၏ နောက် ကွယ် နှင့် အသွင်ကူးပြောင်းရေး ၊ ဖွံ့ဖြိုးရေးဖြစ်စဉ်များ၏ နောက်ကွယ်က နိုင်ငံတကာလက်တံများ၏ အနှိုင်းအဆကို အကဲခတ်ခွင့်ရခဲ့သော စာအုပ်ဖြစ်သည်။ နိုင်ငံတကာ၏ ပါဝင်ပက် သက်မှု၊ အကျိုးစီးပွားများဖြင့် မောင်းနှင်သော လက်တွေ့ နိုင်ငံရေး၏ သဘော သဘာဝများကို မြည်းစမ်း ထိတွေ့ ခွင့်ရခဲ့သည်။ တရားသေချည်းကပ်မှုများဖြင့် အရိုးစွဲခဲ့ သော မြန်မာ့ဓလေ့ကို ဖောက်ထွက်နိုင်ရန်အတွက်၊ နောက်ဆက်တွဲ နှင့် စာညွှန်းများကား၊ စဉ်ဆက်မပြတ် လေ့လာသူအဖို့ ရတနာ သိုက် သဖွယ်။

ကျွန်တော့် အနေဖြင့် ဆရာကျော်ဝင်းအား၊ မြန်မာ့နိုင်ငံ ရေးအပေါ် ဆရာ့သဘောထားများကို အထိုက်အသင့် ကြိုက်နှစ်သက်သည့်တိုင်၊ သဘောမညီစရာ အကြောင်း အချက်များလည်း ရှိသည်။ သို့သော် လွတ်လပ်စွာ သဘောကွဲလွဲခွင့်ကို ဆရာက အပြည့်အဝ ထောက်ခံ ခဲ့ပြီးဖြစ်သည်။ စဉ်းစားစရာ အတွေးဘောင် ခပ်ကျယ်ကျယ် ရလျှင်၊ အဖြေများသည် ငါတကောကောဘောင်နှင့် တရားသေ ဘောင်မှ ဝေးလိမ့်မည်ဟုပင် ကျွန်တော် မှတ် ယူထားသည်။

၁၉ ရာစု ဒဿနပညာရှင် ဟီး(လ) ဂဲ ကပြောဖူးသည်။ “လူသည် သမိုင်းကို တစ်ဆင့်ပြီး တစ်ဆင့်သာလျှင် နားလည်ကြရပေမည်” ဟူ၍။ ထို့သို့ဆိုလျှင်၊ ဤ “ မြန်မာ့နိုင်ငံရေး လေ့လာဆန်းစစ်ချက်” စာအုပ်သည် သမိုင်း ကို တစ်ဆင့်တက်လေ့လာရန် အကောင်းဆုံး မှတ်တမ်းတစ်စောင်ဖြစ်သည်။

ဤစာအုပ်မှာ –
မည်ကာမတ္တမှတ်တမ်းမဟုတ်၊
ပုဂ္ဂိုလ်ရေး ချည်းကပ်မှုဖြင့် ရေးသော မှတ်တမ်းမဟုတ်၊
နိုင်ငံ့နယ်နိမိတ်ကို ကျော်မကြည့်ထားသော မှတ်တမ်းမဟုတ်၊
အဖြူ အမည်း နိုင်ငံရေးမြင်ကွင်းမှာ ကျောက်ချထားသော မှတ်တမ်းမဟုတ်၊
ရန်သူ မိတ်ဆွေ အမြင်ဖြင့် ချည်းကပ်ထားသော မှတ်တမ်းမဟုတ်၊
Either or လောဂျစ်ဖြင့် သုံးသပ်ထားသော ပြုစုချက် မှတ်တမ်းမဟုတ်၊
နိုင်သူများသာ ရေးသော သမိုင်းမှတ်တမ်းမဟုတ်၊

နိုင်ငံရေး၌ ကျည်လည်နေသူများအဖို့၊ အစွဲတရားဘောင်များမှ ကျော်ကြည့်နိုင်ဖို့ လုံ့လမထုတ်သည့် ကာလပတ် လုံး၊ ဤသို့သော စာအုပ်များ အရာဝင်လိမ့်မည် မဟုတ်ဟု ကျွန်တော် ယုံကြည်ပါသည်။

မင်းသေ့
ည ရး ၀၃
၂၉ / ၃ / ၂၀၁၇

Previous post လီကွမ်ယုဗေဒ
Next post “ခ” သုံးလုံးနဲ့ “မ” သုံးလုံး