မူရင်း – FROM THIRD WORLD TO FIRST
မူရင်း စာရေးသူ – Lee Kuan Yew
ဘာသာပြန် – ဟိန်းလတ်

စာအုပ္အညႊန္း

လီကွမ်ယု၏ စကား (၁) ခွန်းသည် ကျွန်တော့်ခေါင်းထဲ မကြာခဏ ရောက်လာတတ်သည်။
If you want money, don’t enter politics!

နောက်တစ်ခွန်းရှိသေးသည်။ “စီးပွားရေး နားမလည်ဘဲ၊ နိုင်ငံရေး လုပ်လို့ မရဘူး” ဟူ၍။
ေဩာ်… လီကွမ်ယု၏ ဦးနှောက်သည်၊ နိုင်ငံရေးနယ်ပယ်၌သာ ခြေချုပ်မိထားသူ မဟုတ်ဟု မှတ်ချက်ပေးမိ သည်။ ဤသို့ဖြင့်၊ လီကွမ်ယု စီးရီးများကို ကျွန်တော် စုစည်းဖြစ်ခဲ့သည်။ လီကွမ်ယု အကြောင်းရေးသားထား သော မြန်မာဘာသာဖြင့် စာအုပ် အားလုံး နီးပါး ကို ကျွန်တော် စုစည်းထားပြီး ဖြစ်သည်။ မှတ်မှတ်ရရ ပထမဆုံး ထိတွေ့ဖြစ်သည့် စာအုပ်ကြောင့်သာ လီကွမ်ယု စီးရီးဟူ၍ ကျွန်တော် စုစည်း ဖတ်ရှုမိခြင်းဖြစ်သည်။

စာအုပ် အမည်က – တတိယကမ္ဘာ မှ ပထမ ကမ္ဘာ သို့
ဘာသာပြန်သူ ဟိန်းလတ်။ မူရင်းရေးသူက လီကွမ်ယု ကိုယ်တိုင်။ လီကွမ်ယုဗေဒကို စင်္ကာပူ အကြောင်း “လီ” ကိုယ်တိုင် ရေးသော စာအုပ်ထဲမှ ကျွန်တော်တွေ့ရှိသည်။ တတိယ ကမ္ဘာမှ ပထမ ကမ္ဘာသို့ စာအုပ်ဖြင့် စတင် ထိတွေ့မိသည်။ ဤစာအုပ်ကို မြန်မာဘာသာပြန်အနေဖြင့် တူတူတန်တန် ရှိထားတာကို ကျွန်တော် ဝမ်းသာ သည်။ ကျွန်တော်တို့လို ပညာအခြေခံအားနည်းသော လူငယ်များအဖို့၊ ကိုယ့်နိုင်ငံ၏ စည်းရိုးမှ ကျော်ကြည့် နိုင်စွမ်းကို ဒီလို စာအုပ်တွေက လုပ်ပေးနိုင်စွမ်းရှိခဲ့သည်။ စင်္ကာပူ အကြောင်း ပြောရင်း၊ လီကွမ်ယုကို ရှာတွေ့ လိုက်သည်။ လီကွမ်ယု၏ ရှုမြင်ချက်များကို တို့ထိခွင့်ရသည့်တိုင်၊ နိုင်ငံတကာနိုင်ငံရေး အခင်းအကျင်း၏ အဆက်အစပ်ကို အကဲခတ်ခွင့်ရခဲ့သော စာအုပ်ဖြစ်သည်။ တတိယကမ္ဘာမှ ပထမကမ္ဘာသို့ လျှောက်သောလမ်း ၌၊ နိုင်ငံတည်ဆောက်ရေးကို တွေ့ရသည်။ ဖွံ့ဖြိုးမှုဗေဒကို တွေ့ရသည်။ နိုင်ငံတကာ အခင်းအကျင်းကို တွေ့ရသည်။ စင်္ကာပူကို တွေ့ရသည်။ လီကွမ်ယုကို တွေ့ရသည်။

စင်္ကာပူ၏ တိုးတက်လာမှုနှင့်အတူ လီကွမ်ယု၏ ပုံရိပ်က တက်သထက် တက်လာသည်။ လီကွမ်ယုသည် အများကြိုက်ခေါင်းဆောင် မဟုတ်။ သို့တိုင်… လီကွမ်ယုက မားမားရပ်လျက်၊ သမိုင်းမှာ ယှဉ်ကျန်ရစ်ခဲ့သည်။ စင်္ကာပူ အောင်မြင်ရခြင်းနှင့်အကြောင်း တရား (၄) ပါး ဟူသော ခေါင်းစဉ်ဖြင့် ဆောင်းပါးတို တစ်ပုဒ် ကျွန်တော် ရေးခဲ့ဖူးသည်။ ဖတ်ခဲ့သမျှ၊ စင်္ကာပူအကြောင်းများကို ယေဘုယျထုတ်၍ အချက်လေးချက်ကို ကောက်နုတ် လိုက်ခြင်းဖြစ်သည်။

(၁) မဟာဗျူဟာမြောက် ပထဝီအနေအထား
(၂) လူ့စွမ်းအား အရင်းအမြစ်
(၃) ဘာသာစကား
(၄) ခေါင်းဆောင်မှု စသည် အချက် လေးချက်က စင်္ကာပူကို ချီမနိုင်ခဲ့သည်။

ဤတွင် လီကွမ်ယု၏ အခန်းကဏ္ဍက အလွန်အရေးပါလှ၏။ လစ်ဘရယ် ပညာရပ် လိုက်စားသူများအဖို့ လူကို ဗဟိုပြုချည်း ကပ်သော တည်ဆောက်ရေးနည်းနာများကို သဘောကျ နှစ်ခြိုက်မည် မဟုတ်။ သို့သော်လည်း၊ အရှေ့ဒေသအဖို့ လူကို ပင် ဗဟိုပြုသော အင်စတီကျူးရှင်းများက၊ ပိုများနေသေးသည် သာ။ မည်သို့ပင် ဆိုစေ ကာမူ၊ ကျွန်တော့် အနေဖြင့် လူသား ပဓာနဝါဒကို ရာခိုင်နှုန်း တော်တော်များများ လက်ခံထားသည်။ လူသာ လျှင်၊ အခရာ။ လူသာလျှင် အဓိက။ လူက ဖျက်လျှင် ပျက်မည်။ လူက ဆောက်လျှင် ဖြစ်မည် ဟု ယုံကြည် ထားဆဲ။
“လီ” ကို ကျွန်တော် ဤသို့ မှတ်ချက် ပြုခဲ့ဖူးသည်။

လီ၏ ကိုယ်ရည်ကိုယ်သွေးကို ယေဘုယျလေ့လာ ကြည့်လျှင်၊
ပညာရှင်လိုတော်သော နိုင်ငံရေးသမား၊
• နိုင်ငံရေးသမားထက် မြော်မြင်၊ ဆုံးဖြတ်ရဲသော ပညာတတ်၊
• တော်လှန်ရေးသမားထက် ပြတ်သားသော နိုင်ငံရေးသမား၊
• အိုင်ဒီယာသမားထက်တော်သော လက်တွေ့သမား၊
• လက်တွေ့သမားထက်သာသော အိုင်ဒီယာသမား၊
• ကွန်ဖြူးရှပ်ဝါဒီ

လီကွမ်ယုသည် လေယူရာ ယိမ်းသူ မဟုတ်။ အစွဲတရားဖြင့် မိမိအိုင်ဒီယာကို ကျောက်ချထားသူ မဟုတ်။ လက်တွေ့ကင်းသော အတွေးသမားသက်သက်လည်း မဟုတ်။ လက်တွေ့ကိုသာ ရှေးရှုသော အိုင်ဒီယာမဲ့ သမားလည်း မဟုတ်။ ယခု လီကွမ်ယုသည် အခွင့်အလမ်းကို ပြတ်သားသော ဆုံးဖြတ်ချက် များဖြင့် နိုင်ငံကို တည်ဆောက်ခဲ့သူ။ သူ့မှာ နိုင်ငံရေးသမားထက် ပိုသော သံတမန်အရည်အသွေးရှိသည်။ ဂလိုဘယ်ခေတ် မတိုင်မီကပင် ရှေးရိုးအယူအဆများမှ ဖောက်ထွက်နိုင်ခဲ့သော စွန့်ဦးတီထွင် နိုင်ငံရေးသမား၊ နိုင်ငံ့ခေါင်းဆောင် တစ်ယောက်ဖြစ်သည်။
လီကွမ်ယု က နိုင်ငံရေးခေါင်းဆောင်မှုကို ဝါဒဖြင့် ပုံဖော်ခဲ့သည် မဟုတ်။ ရလဒ်ဖြင့် ပုံဖော်ခဲ့သည်။ လီကွမ်ယု သာ လက်တွေ့သမားမဟုတ်ဘဲ အိုင်ဒီယော်လိုဂျီတစ်ခုခုကို စွဲမြဲသော လူသားဖြစ်လျှင် ယနေ့စင်္ကာပူဟူ၍ ဖြစ်လာနိုင်စရာ အကြောင်းမရှိ။

လက်တွေ့ကျသော၊ အမြော်အမြင်ရှိသော (ကမ္ဘာကြည့်ကြည့်သော)၊ ဝါဒမှိုင်းများမှ ကင်းလွတ်သည့် အိုင်ဒီယာ အပေါ် အခြေခံ၍ လီက စင်္ကာပူကို ခေါင်းဆောင်နိုင်ခဲ့သည်။
စကား၊ စကား ပြောပါများ၊ စကားထဲက ဇာတိပြ ဟူသော စကားပုံရှိသည် မဟုတ်လား။
လီကွမ်ယု၏ အဇ္ဈတ သရုပ်ကို “လီ” ၏ စကားများထံမှ တွေ့ရသည်။ ဟောပြောချက်များ၊ မိန့်ခွန်းများ၊ ဖြေကြား ချက်များ၊ အင်တာဗျူးများကနေ တစ်ဆင့် “လီကွမ်ယု” ကို အကဲခတ်နိုင်သည်။ လူတစ်ယောက်၏ လုပ်ရပ်နှင့် အပြောအဆို၊ အပြုအမူ များသည် ထိုလူ့ အတွေးအခေါ်၏ အရိပ်သဏ္ဍာန်များသာ ဖြစ်သည်။

အတွေးအခေါ်နှင့် လူ့စိတ်သဘောထားများကို၊ ထိုလူ၏ လုပ်ရပ်နှင့် အပြောအဆိုများ အပေါ်ကြည့်၍ သိနိုင်၊ အကဲခတ်နိုင်သည်၊ တိုင်းတာ နိုင်သည် မဟုတ်လား။ “လီ” ကို ၁၉၂၃ ခုနှစ်မှာ မွေးသည်။ ၂၀၁၅ မတ်လ ၂၃ ရက် မှာ လီ ကွယ်လွန်ခဲ့သည်။ လီသည် လူ့လောက၌ ရာစုနှစ် တစ်ခု နီးပါး နေထိုင်၊ ရှင်သန် သွားခဲ့သည်။ သူ့ လုပ်ရပ်များက၊ သူ့သမိုင်းကို ရေးထိုးသွားခဲ့သည်။ သူ့ သဘောထားများက သူ့သမိုင်းကို ရှင်ကျန်စေလိမ့်မည်။

လီကွမ်ယုသည် ပညာရပ်ဝန်းမှ လူသားတစ်ဦးဖြစ်သည့်တိုင်၊ သီအိုရီများဖြင့် ချောင်ပိတ်မနေခဲ့။ အရှိတရားကို မြင်အောင်ကြည့်၍ လက်တွေ့ တည်ဆောက်ပြနိုင်ခဲ့သူဖြစ်ခဲ့သည်။ လီကွမ်ယုသည် လက်တွေ့နိုင်ငံရေးမှ လူသားတစ်ဦးဖြစ်သည့်တိုင်၊ အိုင်ဒီယာများဖြင့် မကင်းကွာခဲ့ချေ။ ကမ္ဘာကြီးနှင့်ယှဉ်လျှင်၊ နွားခြေရာခွက်သာသာ စင်္ကာပူကျွန်းကလေး၌ ဦးဆောင်ခဲ့သည် ဆိုစေအုံးတော့၊ ကမ္ဘာလုံးချီ ဖြန့်ကျက်အမြင်ဖြင့်၊ စတုတ္ထမြောက် ကမ္ဘာ့ ငွေကြေးဈေးကွက် အဖြစ် ဖန်တီးနိုင်ခဲ့သူဖြစ်သည်။

“လီ”က သူ့စာအုပ်၌၊ သမိုင်းဖြစ်စဉ်ကြီးများကို လက်တွေ့ ချည်းကပ်ပြသွားသည်။ မဟာဗျူဟာသမား တစ်ယောက် အနေဖြင့်၊ ဂလိုဘယ် ပါဝါ ဝင်ရိုးများကို တို့ထိ ကိုင်တွယ်ပြခဲ့သည်။ လီကွမ်ယု၌ အံ့ဩဖွယ်ရာ အချက်တစ်ချက်လည်း ကျန်သေးသည်။ ဤကား၊ ကောင်းမွန်သော လူသားဘဝကို တည်ဆောက်နိုင်ခဲ့ခြင်းပင် ဖြစ်သည်။ တနည်းအားဖြင့် လူသားဆန်သောရှင်သန်မှုဖြင့် အောင်မြင်သော မိသားစုဘဝကို တည်ဆောက်ပြ နိုင်ခဲ့ခြင်းပင်ဖြစ်သည်။

လူတော်တော်များများသည်၊ အောင်မြင်ကျော်ကြားမှုများ ရစေအုံးတော့၊ ကောင်းမွန်သော မိသားစုဘဝကို မတည်ဆောက်နိုင်ကြချေ။ ထိုနည်းလည်းကောင်း၊ သမာရိုးကျ အေးအတူ ပူအမျှ မိသားစုဘဝကို ရကြသည့် တိုင်၊ အောင်မြင်ပေါက်မြောက်သောသူများ ဖြစ်မလာကြ။ နှစ်မျိုးစလုံး ရရှိဖို့ အင်မတန် ခက်လှ၏။

“လီ” သည် “ချူး” နှင့်လက်တွဲဖော်အဖြစ် တစ်သက်တာလုံး ချစ်ခင်ကြင်နာစွာ ပေါင်းဖက်နေနိုင်ခြင်းသည်ပင်၊ ထူးခြားသော အရည်အသွေးပင်ဖြစ်သည်။ “လီ” သည် သူချစ်သော ဇနီးအတွက် ခင်ပွန်းကောင်း ဖြစ်ခဲ့သည်။ “လီ” သည် ကမ္ဘာတွင် ကံအကောင်းဆုံး ပုရိသယောက်ျားတစ်ယောက် ဖြစ်ခဲ့သည်။ “ချူး” သည်လည်း ကမ္ဘာ တွင် ကံအကောင်းဆုံး မိန်းမ တစ်ယာက်ဖြစ်ခဲ့သည်။ ထိုမျှမက “လီ” သည် သူ့၏ သားသမီးများကိုလည်း၊ ပေါက်မြောက်ထူးချွန်သော လူတော် လူကောင်းများဖြစ်အောင် ပြုစုပျိုးထောင်နိုင်သော ဖခင်ကောင်း တစ်ယောက်ဖြစ်ခဲ့သည်။ ထိုမျှမက၊ သူ့လုပ်ဖော်ကိုင်ဖက် သူငယ်ချင်းများ အတွက် မိတ်ဆွေကောင်း တစ်ယောက်ဖြစ်ခဲ့သည်။ ဤသို့ပင် ရပ်မနေသေး၊ သူ့ပါတီအတွက် ခေါင်းဆောင်ကောင်းဖြစ်ခဲ့သည်။ သူ့ဝန်ကြီးအဖွဲ့၌ ဝန်ကြီးချုပ်ကောင်းဖြစ်ခဲ့သည်။ သူ့နိုင်ငံအတွက် ခေါင်းဆောင်ကောင်း ဖြစ်ခဲ့သည်။ နိုင်ငံတကာ အသိုင်းအဝန်း၌ အင်မတန် အဖိုးတန်သော လေ့လာသုံးသပ်သူအဖြစ်၊ သူ့အသိများကို ဖြန့်ချိ ပေးနိုင်ခဲ့သူဖြစ်သည်။

လီကွမ်ယု စာအုပ်ဖြင့်၊ လူမှသည် နယ်ပယ်၊ နယ်ပယ်မှသည် နိုင်ငံ၊ နိုင်ငံမှသည် နိုင်ငံတကာ၊ နိုင်ငံတကာမှ သည် ကမ္ဘာ သို့ ဖြန့်ကျက် ခြေဆန့် ကျက်စား နိုင်ကြပါစေကုန်သတည်း….။

မင်းသေ့
၂၂ / ၃ / ၂၀၁၇
နံနက် ၁ နာရီ ခွဲ

စင်္ကာပူ ခေါင်းဆောင်ကြီး လီကွမ်ယု
Previous post မာန
Next post နောက်ကြည့်မှန်