မူရင်းစာအုပ်အမည် – The instant Millionaire
မူရင်းစာရေးဆရာ – Mark Fisher
ဘာသာပြန်သူ – ဖေမြင့်

စာအုပ္အညႊန္း

နန်းရင်းဝန် ဒစ္စရလီ က ပြောဖူးသည်။
စကားလုံးများက လူကို အုပ်ချုပ်တာ…

စာဖတ်သမားတိုင်း တက်ကျမ်းစာအုပ်များနှင့် နှစ်ပါးသွား ကဖူးကြမည်ထင်သည်။ နည်းနည်း ကဖူးသူနှင့် များများ ကဖူးသူသာ ကွာလိမ့်မည်။ စာဖတ်သမားမှန်လျှင် တက်ကျမ်း တွေနှင့် ထိတွေ့မိကြစမြဲ။ သို့သော် စာဖတ်သမားတွေက စာဖတ်သက်ကလေး ဝါရင့်လာလျှင်၊ မာန ထောင်လွှားချင် လာကြရိုး ထုံးစံရှိသည်။ အချို့ က စာပေကိုပင် ကာပြန်ချင်လာကြသည်။ ကိစ္စမရှိပါ။ စာပေကို ဖတ်ရှုလျှင် လွတ်လပ်တာ အကောင်းဆုံးပဲ ဖြစ်သည်။ သို့သော် လွတ်လပ်ခြင်းသည် စော်ကားရန် မဟုတ်။

ထားတော့။ ကျွန်တော် စာအုပ်ရီဗျူးများရေးခြင်းသည် လူတတ်၊ လူကြီးများအတွက် မဟုတ်။ လူတတ် လူငယ် များအတွက်လည်း မဟုတ်။ ဖွင့်ထားသော စိတ်ရှိသည့် မည်သူ့အတွက်မဆို စေတနာဖြင့် ရည်ညွှန်းသည်။

မိတ်ဆွေလည်း တက်ကျမ်းဖတ်သူများကို အထင်သေးသည့် စိတ်ရှိလျှင် ဖတ်လက်စ ယခု စာကို ဤနေရာတွင် ရပ်ပါ။

ဆယ်ကျော်သက် ဘဝကနေ ကျော်လွန်သည့် တိုင်အောင်၊ တက်ကျမ်းများ နှင့် ကျွန်တော် မကင်းလွတ်သေး။ မကြာမကြာ ထိတွေ့ဖြစ်နေသေးသည်။ စာဖတ်သမားဘဝအစမှာ၊ တက်ကျမ်းများက တက်ကြွစိတ်နှင့် ကြွတက်သည့် စိတ်ကို ပူးတွဲပေးခဲ့သည်ပင်။ ပညာရပ်ဆိုင်ရာများကို နှစ်နှစ်ခြိုက်ခြိုက် နှစ်သက်သည့်အချိန်က စ၍ ငွေကြေး ချမ်းသာကြွယ်ဝမှု အတွက် သီးသန့် ကျွန်တော့်ဘဝကို အားမထုတ်ဖို့ ပြတ်ပြတ်သားသား ဆုံးဖြတ်ထားခဲ့သည်။ ပရော်ဖက်ရှင်နယ်ဘဝကပင် ဘဝရပ်တည်မှု ခိုင်မာအောင် လုပ်ဖို့ ရည်သန်ထားသည်။

မူရင်း စာရေးဆရာ မာ့ခ်ဖစ်ရှာ က အောင်မြင်ကြီးပွားအောင် အားထုတ်ရာတွင်၊ လုပ်သင့်လုပ်ထိုက်သည့် သဘောတရား တစ်ချို့ပေးခဲ့သည်။ စာအုပ်က ဝတ္ထုဆန်ဆန် ရေးသားထားခြင်းဖြစ်သည်။ တကယ်တော့ ကျွန်တော်က ဝတ္ထုများကို မကြိုက်တတ်။ ဟိုးယခင်က အထင်ပင် သေးခဲ့ဖူးသေးသည်။ ရသသမားများကို လည်း ရှုတ်ချဖူးခဲ့သေးသည်။ သို့သော် တက်ကျမ်းများကို လုံးလုံးထွေးထွေး ဖတ်ရှုရင်း၊ ဖေမြင့်၏ ဘာ့ကြောင့် ခုထိ မချမ်းသာသေးတာလဲ စာအုပ်ကို ဖတ်ဖြစ်သည်။ (စကားချပ် – ယခု ဤသို့ သဘောထား လုံးဝ မရှိတော့ပါ)

ဖေမြင့် စာအုပ်တော်တော်များများသည် ကျွန်တော် ဘဝကို ပြောင်းလဲပစ်ခဲ့ဖူးသည်။ အပြောင်မြောက်ဆုံးဘဝ တစ်ခု တည်ဆောက်ခြင်း၊ စနစ်တကျ လေ့ကျင့် တည်ဆောက်ထားသော စိတ်၏ သတ္တိစွမ်းအားများ၊ ရပ်ဆဲကွန်းဝဲ၏ စိန်မြေဧကပေါင်းများစွာ၊ reader digest ထဲမှ ဘာသာပြန်ထားသော မဖြစ်နိုင်ဘူးဆိုတာ သေချာပြီလား၊ ဦးနှောက်တွင်ရင်းနှီးမြုပ်နှံပါ၊ နှလုံးသား အာဟာရ (၁)၊ (၂)၊ (၃) အစရှိသဖြင့် ဆယ်ကျော်သက် ဘဝတွင် ဖေမြင့် စာအုပ်များက အတော် လွှမ်းမိုးခဲ့သည်။

ကျွန်တော့် စာဖတ်အကျင့် တစ်ခုရှိသည်။ စာရေးဆရာ တစ်ယောက်ကို ကြိုက်မိပြီဆိုလျှင် အဆိုပါ စာရေးဆရာ ရေးသည့် စာအုပ်မှန်သမျှကို အကုန်နီးပါး ဖတ်ရှုတတ်ခြင်းပင်ဖြစ်သည်။ ဖေမြင့် ရေးသားထားသော စာအုပ်ပေါင်း အုပ်ရေ ၄၀ ကျော်ရှိသည့်အနက် ၃၅ အုပ်ကျော်လောက်ကို ကျွန်တော် ကောင်းကောင်းဖတ်ခဲ့ သည်။ အချို့ကို ကြေကြေညက်ညက် ဝါးစားပြီး ဖတ်ခဲ့သည်။ အဆိုပါ စာအုပ်တွေထဲမှ မာ့ခ်ဖစ်ရှာ စာအုပ် ဘာသာပြန်စာအုပ်သည် ကြေညက်ခဲ့သည့် စာအုပ်များထဲမှ တစ်အုပ်ဖြစ်ခဲ့သည်။

စာအုပ်တွင် အနှစ်အသားပိုင်း (၂) ပိုင်းကို ကျွန်တော် ဆုပ်ကိုင်လိုက်မိသည်။
နံပါတ် (၁) က စကားလုံးတွေ၏ စွမ်းအင်ကို ကောင်းစွာ သဘောပေါက်စေသည့် အပိုင်း။
နံပါတ် (၂) က စာအုပ်များအပေါ် လူတွေ သဘောထားသည့် အချက် (၂) ချက်မှ ကင်းလွတ်စေရေး အပိုင်း။

ကျွန်တော် ဖတ်မိမိချင်း၊ ခဏ ခဏ လက်တွေ့ကျင့်သုံးမိသည့် သဘောတရား (၂) ခုပင်ဖြစ်သည်။
နံပါတ် (၁) သဘောတရား၌ တိကျသော စကားလုံးများတွင် စွမ်းအင်ရှိကြောင်း လက်တွေ့ပြသသည်။ ရည်မှန်းချက်ထားတဲ့ နေရာမှာ ငါ တစ်နေ့ သူဌေးကြီးဖြစ်ရမယ်ကွ… ဆိုတဲ့ ရည်မှန်းချက်နဲ့ ငါ အသက် (၃၀) မှာ ငွေ သိန်း ပေါင်း (၂၀၀၀) ချမ်းသာရမယ်ဆိုတဲ့ ရည်မှန်းချက် နှစ်ခု အကြားက ကွာခြားချက်ကို ထုတ်ပြသည်။ ဒီ အချက်ကနေ ရည်မှန်းချက် ထားသည့် နေရာတွင် ယောင်ဝါး၊ မည်ကာမတ္တထားသည့် ရည်မှန်းချက်နှင့် တိတိကျကျ ပြတ်ပြတ်သားသား ရှင်းရှင်းလင်းလင်း၊ အချိန်အတိအကျဖြင့် ထားသည့် ရည်မှန်းချက်မျိုးက အရည်အသွေး ပိုမြင့်ကြောင်း သိလိုက်ရသည်။ ငါ တစ်နေ့ ပညာတတ်ကြီး ဖြစ်ရမယ်ကွ ဆိုတဲ့ သူက ယောင်ဝါး ဖြစ်နိုင်ချေများသည်။ ငါ အသက် ဘယ်လောက်မှာ၊ ဘယ်ပညာရပ် နယ်ပယ်မှာ ဘယ်အဆင့်မှာ ရောက်နေရ မယ် ဆိုတဲ့ အချိန်၊ နေရာ၊ အဆင့် သတ်မှတ်ချက် တိတိကျကျ ရှိထားသည့် ရည်မှန်းချက်များကသာ အောင်မြင်မှုကို ထိုးတင်နိုင်ကြောင်း ကျွန်တော် စွဲစွဲ မြဲမြဲ ယုံကြည်မိသည်။

ဆရာတော် ဦးဇောတိက ရေးသားထားသည့် စာအုပ်များတွင်လည်း၊ ရည်မှန်းချက်၊ ဆုံးဖြတ်ချက်နှင့်ပက်သက်၍ ဤသဘောဆန်ဆန် ရှုမြင်ထားသည်ကိုလည်း ကျွန်တော် ဖတ်ဖူးသည်။
ဆရာတော်က ဘယ်လိုရေးသလဲ ဆိုတော့… ပြတ်သားတဲ့ ဆုံးဖြတ်ချက် ချလိုက်တာနဲ့ စွမ်းအင်တွေ အလိုလိုရလာတယ်… တိကျတဲ့ ရည်မှန်းချက် ချလိုက်တာနဲ့ ခွန်အားတွေ အလိုလိုရလာတယ်… တဲ့နော်

နောက်ပြီး၊ ရည်မှန်းချက်ကို စိတ်ထဲမှာပဲ ဒီအတိုင်း ချမှတ်လိုက်သူထက်၊ စာရွက်ထဲတွင် တိတိကျကျ ရေးသား ရေးရဲတဲ့သူ ဘယ်လောက် သာလွန်သလဲဆိုသည့် အချက်ကို ရေရေလည်လည် သိလိုက်ရသည်။ အဲ့ဒီကအစ၊ ကျွန်တော့် ထားသည့် ရည်မှန်းချက်များကို ယောင်ဝါး၊ ဝေ့လည်ကြောင်ပတ် မဖြစ်ဖို့ သတိထားရတော့သည်။

ဤကား ရည်မှန်းချက် ချမှတ်ပုံနှင့် ပက်သက်၍ စကားလုံးများ၏ သက်ရောက်မှု စွမ်းအားကို နက်နက်နဲနဲ သိလိုက်ရသော အချက်တစ်ခုတည်း။

နံပါတ် (၂) သဘောတရားက၊ စာအုပ်တွေနှင့်ပက်သက်ပြီး လူတွေ ထားတဲ့ သဘောထား (၂) ရပ်ကနေ ကင်းလွတ်အောင် သတိထားတတ်ဖို့ သတိပေးလိုက်သည့် ဝတ္ထု အဓိကဇာတ်ကောင် ပါမောက္ခကြီး၏ နောက်ဆုံး အမှာစကားဖြစ်သည်။

( စာအုပ်နဲ့ပက်သက်ပြီး လူတွေထားတတ်တဲ့ သဘောထားအမှား နှစ်မျိုးလုံးနဲ့ ကင်းဝေးအောင် သတိထားပါ။ တချို့လူတွေက စာအုပ်ထဲပါတာတွေကို အလကား စာတွေ့တွေပါကွာလို့ သဘောထားတတ်ကြတယ်။ ဘေးဘိုးစဉ်ဆက်ရဲ့ ကိုယ်တွေ့တွေ၊ လူမျိုးတစ်ရာ့တစ်ပါးရဲ့ ဘဝတွေ၊ လုပ်ငန်းနယ်ပယ်ပေါင်းစုံက ပုဂ္ဂိုလ်တွေ ရဲ့ အတွေ့အကြုံတွေကို မှတ်တမ်းတင်ထားတယ် ဆိုတာ သူတို့ မသိဘူး၊ သူတစ်ပါးရဲ့ အတွေ့အကြုံတွေက သင်ခန်းစာ ယူနိုင်ရင် ကိုယ့်ဘဝမှာ အမှားအယွင်း ဘယ်လောက် ကင်းစင်မယ်၊ ကိစ္စများစွာမှာ လူတကာထက် တစ်ပန်းသာမယ်ဆိုတာ သူတို့ မသိကြဘူး။ )

(နောက်လူတစ်မျိုးကျတော့ စာထဲပါတာ မှန်သမျှ လုံးဝဥဿုံ ယုံကြည်တတ်ကြတယ်။ အဲဒီအတိုင်း တစ်သွေ မတိမ်း လိုက်နာ လုပ်ဆောင်တတ်ကြတယ်။ စာအုပ်စာတမ်းပြုစုတဲ့ လူတွေဆိုတာ ဉာဏ်ပညာရှိတဲ့ ပုဂ္ဂိုလ်တွေ ပါ။ သူတို့ အတွေ့အကြုံ အသိပညာတွေကို ဖြန့်ချိကြတာပါ။ တစ်နည်းပြောရင်တော့ သူတို့ လျှောက်ခဲ့တဲ့ ခရီး လမ်းအကြောင်းကို ပြန်ပြောင်း ပြောပြသူတွေပေါ့။ ဒါပေမယ့် မင်းတို့ ငါတို့ လျှောက်ရမယ့် ခရီးလမ်းက သူတို့ ခရီးလမ်းတွေနဲ့ ထပ်တူကျချင်မှ ကျမယ်၊ တူတဲ့ နေရာတူပြီး ကွဲလွဲတဲ့နေရာမှာ ကွဲလွဲမယ်၊ အဲဒါကို သတိထားပြီး တူညီတာ တိုက်ဆိုင်တာ ကိုယ့်အတွက် အကျိုးပြုမှာကို ရွေးထုတ်အသုံးပြုတတ်ဖို့ လိုတယ်၊ ဘာနဲ့ ရွေးမလဲ ဆိုတော့ မင်းရဲ့ ကိုယ်ပိုင်ဉာဏ်ပေါ့၊ ဦးနှောက်ပေါ့။)

(ဒါပေမယ့် များသောအားဖြင့် လူတွေဟာ မစဉ်းစားကြဘူး၊ စဉ်းစားရမှာကို ကြောက်ကြတယ်။ ရေသာခိုပြီး သူများကို စဉ်းစားခိုင်းတယ်။ ဒါပေမယ့် တကယ်တမ်းကျတော့ ဒါဟာ သူများဦးနှောက်ဆီမှာ ကျေးကျွန်ခံတဲ့ သဘောပဲ၊ မင်းဦးနှောက်ဟာ စဉ်းစားတဲ့ ဦးနှောက် ဖြစ်ပါစေ၊ ဘယ်သူ တစ်ဦးတစ်ယောက်ဆီမှ ကျေးကျွန်မခံ ဘဲ ပညာရှိများစွာရဲ့ ဦးနှောက်က ထွက်တဲ့ အသိဉာဏ်ကို မိမိဘဝနဲ့ လိုက်လျောညီထွေအောင် စုစည်း ဆင်ခြင် သုံးစွဲတတ်တဲ့ လွတ်လပ်တဲ့ ဦးနှောက်မျိုးဖြစ်ပါစေ) စာ / ၂၀၄ – ၂၀၅

အထက်ပါ စာပိုဒ် (၃) ပိုဒ်က မူရင်းအတိုင်း ဖြစ်သည်။
စာသမားဖြစ်သူ ကျွန်တော့်အတွက် ပဋိပဒါနည်းကျ စာဖတ်နည်းကို တွေ့ရှိသွားသည်။ အစွန်းရောက်သော စာဖတ်နည်းများဖြင့် နှစ်ပါးသွားခဲ့သည်မှာ ကျွန်တော့်အဖို့ ကြာညောင်းလှပြီ။ ထို့နောက် ကိုယ့်ခေါင်းနဲ့ကိုယ် စဉ်းစားတတ်ဖို့ အမြဲ သတိရှိစေခဲ့သည်။ စာသည် အတွေးဘောင်ကို ကျယ်စေရန် အတွက်၊ အတွေးကို ချဲ့စေရန် အတွက် ကောင်းကောင်း အသုံးပြုတတ်ခဲ့သည်။ နောက်ဆုံး ကောက်ချက်နှင့် ဆုံးဖြတ်ချက်များသည် စာပါ အချက်များ၏ လွှမ်းမိုးမှုက ကင်းနိုင်သမျှ ကင်းအောင် အားထုတ်တတ်လာသည်။ သတိရှိလာမိသည်။ အသိဉာဏ်ဆိုင်ရာ ကိစ္စရပ်မှာ ကိုယ့်အားကိုယ်ကိုးတတ်ဖို့ သတိထားတတ်အောင် လုပ်ပေးခဲ့သည်။

နောက်ဆုံး ဗုဒ္ဓ အဟောဖြင့် တိရ၊ ညှိရသော်….
ဓမ္မသည် နိဗ္ဗာန်ကမ်းသို့ ဆိုက်ရောက်ရန် ဖောင်သာ ဖြစ်သည်။ ကမ်းသို့ ဆိုက်ရောက်ပြီးသော် ဖောင်ကို ထားပစ်ခဲ့ရန်သာ၊ ဖောင်ကို သယ်ဆောင်သွားရန် မဟုတ်။ ဓမ္မသည် အန ္တိမပန်းတိုင် မဟုတ်။ လွတ်မြောက်ခြင်း သည်သာ ခရီးပန်းတိုင်ဖြစ်သည်။

စာအုပ်များသည်လည်း ထိုနည်း လည်းကောင်းပင်။ မှန်ကန်သော စိတ်သဘောထားနှင့် ထိရောက်၊ အသုံးကျ သော ဆုံးဖြတ်ချက်များ အတွက် ဖောင်သာဖြစ်သည်။ စာအုပ်သည် ကိရိယာ တစ်ခုသာဖြစ်သည်။ စာအုပ်သည် အန္တိမပန်းတိုင် မဟုတ်။ အသိဉာဏ် မြင့်မားတိုးတက်စေခြင်းအတွက် ကိရိယာသာဖြစ်သည်။

“ အတ္တဟိ အတ္တာနော နာထော ”

ကိုယ့်အားကိုယ်ကိုး၊ ကိုယ့်ဉာဏ်နဲ့ ကိုယ်စဉ်းစား၊ ကိုယ့်ဦးနှောက်နဲ့ ကိုယ်စဉ်းစား။ သူများနှာခေါင်းပေါက်နှင့် အသက်မရှုနဲ့။ သူများဦးနှောက်ဆီမှာ ကျွန်မခံနဲ့။
စကားလုံးတွေနဲ့ မသိစိတ်ကို လှည့်စား အနိုင်ယူလိုက်။

မသိစိတ်ကို စကားလုံးတွေနဲ့ ခိုင်းစေလိုက်၊ လွှမ်းမိုးလိုက်၊ ချုပ်ကိုင်လိုက်။
မသိစိတ်ကနေ မထင်မှတ်တဲ့ စွမ်းရည်တွေ ရလာလိမ့်မယ်။ ထင်မထားတဲ့ စွမ်းအားတွေ ထွက်လာလိမ့်မယ်။

မင်းသေ့
မတ်လ / ၂၀၁၇

Previous post သန်းထွန်း (သို့) ပညာ သင်္ကေတ (သို့) မ, အ စေချင်သူ
Next post လူ့သမိုင်း