သန်းထွန်း (သို့) ပညာ သင်္ကေတ (သို့) မ, အ စေချင်သူ

စာအုပ် အမည် – ငါပြောချင်သမျှ ငါ့ အကြောင်း
ရေးသူ – ဒေါက်တာ သန်းထွန်း

စာအုပ္အညႊန္း

• ကျွန်တော် အတိုအထွာ မရေးဘူး… တဲ့။
• အထောက်အထားမရှိရင် ကျွန်တော် စာမရေးဘူး။
• အသိသစ်၊ အတွေးသစ်၊ အယူအဆသစ် မပါရင် စာအုပ်သစ် မရေးနဲ့။
• အလိမ္မာ စာမှာ ရှိတယ်လို့ ပြောလေ့ ပြောထရှိတယ်။ မယုံပါနဲ့။ အခုအခါ မကောင်းတဲ့စာအုပ်တွေက အထွက်နှုန်းသာနေတယ်။ စာအုပ်တွေ့တိုင်း မဖတ် ပါနဲ့။
• အဖြစ်အပျက်တွေကို စဉ်ပေးထားရုံနဲ့ သမိုင်းမဟုတ် ဘူး။ သမိုင်းအဖြစ်နဲ့ သုံးလို့ရမယ့် အထောက်အထား လို့ပဲ ဆိုနိုင်တယ်။
• ဘယ်သမိုင်းက ဘယ်အာဃာတနဲ့ရေးတယ်။ ဘယ်သမိုင်းကတော့ ဘယ်လို ဆိုတာတွေကို ပြောတာ က ပညာရပ်တစ်ခုပဲ။
အထက်ပါ စာကြောင်းများကို ကျွန်တော့် မှတ်စုထဲတွင် ရေးထားသည်။ ကြိုက်တာတွေကို ကောက်နုတ်ချက် ရေးသည့် အကျင့် စွဲမြဲလာတာ ၁၀ နှစ်ထဲ ရောက်လာပြီ။ ခေါင်းစဉ်ကို သန်းထွန်း မှတ်စုများ ဟု တပ်လိုက်သည်။

သမိုင်းကို ဘာ့ကြောင့် သင်ရမှာလဲ။

မ,အ အောင်လို့

ဒေါက်တာ သန်းထွန်း အကြောင်းကို အပြည့်အစုံ မသိပါ။ သူ့စာများ ဖတ်ရသလောက်သာ သိပါသည်။ သူ့စာ များကိုလည်း ကျွန်တော် အကုန် မဖတ်ဖူးပါ။ ဆယ်ပုံ့ တစ်ပုံ လောက်သာ ကောင်းကောင်း ထိတွေ့ဖူးသည်သာ။ အင်မတန် အထိအတွေ့နည်းသည်။ ကျွန်တော်က မြန်မာ့ ခေတ်ဟောင်း သမိုင်းများကို စိတ်မဝင်စားတာလည်း ပါမည်။ သို့သော် ကျွန်တော်နှင့် ထိစပ်သည်ဟု ထင်သည့် အပိုင်းများကိုကား မလွတ်တမ်း ဖတ်လေ့ရှိသည်။

သုတေသနထုံး၊ ကျော်စွာ ၁၀၀၊ ဂျပန်မှုထပ်တရာ၊ ဗြိတိသျှရာဇဝင်အကျဉ်းနှင့် ခေတ်သစ် တရုတ်-ဂျပန် ရာဇဝင်၊ ငါပြောချင်သမျှ ငါ့အကြောင်း စသည့် စာအုပ်များကို ကြိုက်သည်။ အခြား သမိုင်းပညာရပ်ဆိုင်ရာ စာ အုပ်များကိုကား ကျွန်တော် လိုက်၍ မမှီ။ နားလည်နိုင်စွမ်းပင် မရှိ။
ငါပြောချင်သမျှ ငါ့အကြောင်း နည်းတူ၊ ဆရာကြီး ဒေါက်တာသန်းထွန်း အကြောင်းကို ဆရာကြီး၏ တပည့်တစ်ဦးဖြစ်ခဲ့သူ ဝင်းမောင် (သမိုင်း) က ကျွန်တော် ပြောချင်သမျှ ကျွန်တော့်ဆရာ ဒေါက်တာသန်းထွန်း အကြောင်း ဆိုသည့် စာအုပ်အမည်ဖြင့် တစ်အုပ်ရေးထားသည်။ ဆရာဝင်းမောင် ရေးသော စာအုပ်နှင့် ယခု ငါ ပြောချင်သမျှ ငါ့အကြောင်း စာအုပ်ကို တွဲဖက် ဖတ်မိသည်။

ဒေါက်တာ သန်းထွန်း၏ ပြတ်သားမှု၊ လူ့ဂွစာကျမှု၊ တစ်ချောင်းတည်းသော စိတ်ရှိမှု၊ လောကွပ်မဲ့မှု၊ ရဲရင့်မှု၊ ပညာရှင်ပီသမှု၊ ပညာရပ်ဆိုင်ရာကျင့်ဝတ် လိုက်နာမှု၊ ကိုယ့် ကိုယ်ကို ယုံကြည်မှု ခိုင်မာမှု၊ ထောင့်စေ့၍ စေ့စပ် သေချာမှု၊ တိကျသေသပ်မှု၊ စသည့် အရည်အချင်းပေါင်း မြောက်များစွာကို မျက်ဝါးထင်ထင် မြင်ရသည်။

ဒေါက်တာ သန်းထွန်း သူ့အကြောင်း၊ ရေးထားသော သူ့စာအုပ် ကို ဖတ်နေရင်းပင်၊ လူ့ဂွစာ၊ လူ့ဘုဂလန့်ကြီး ကို စိတ်အတွင်း က ဖိုးဝရုပ်ကြီးလို ချစ်စရာ ကောင်းနေသည်ဟု မြင်နေသည်။ ဒေါက်တာ သန်းထွန်းက မဝေ့ဘူး။ မဝှိုက်ဘူး။ ဒဲ့ဒိုးပြောသည်။ ဒဲ့ဒိုး ရေးသည်။ ဝေ့လည်ကြောင်ပတ် လုပ်နေသည့် လူတွေနှင့် ထိတွေ့နေရတာများလာသော ကျွန်တော့်အဖို့ ဆရာကြီး၏ စရိုက်ကို ပိုမို သဘောကျနေသည်လား မပြော တတ်။ ဆရာကြီး က သမိုင်း သုတေသနတွေ လုပ်တဲ့ နေရာမှာ၊ ဇွဲနပဲ ပြင်းထန် သည်။ အပေါ်ယံ မလုပ်တတ်ခြင်း သည်ပင် ဆရာကြီးအပေါ် အနှစ်ခြိုက်ဆုံး အချက်ဖြစ်ခဲ့သည်။

စိတ်ကူးများရင် သမိုင်း မဟုတ်၊ သမိုင်းဟုတ်ရင် စိတ်ကူး မပါ… တဲ့။ ကြည့်စမ်း။ တိကျလိုက်တာ။ ပြတ်သား လိုက်တာ။ ထပ်ပြီး ပြောသေးသည်။ မှန်နန်းထဲမှာပဲ ရုပ်ရှင်ရိုက်ဖို့ ဇာတ်ညွှန်းက ရေးပြီးသား ပါနေတယ်။ ဒါမျိုး ငါတို့ မသုံး…. တဲ့။ (စာ – ၂၉)

သမိုင်းလိမ်၊ သမိုင်းတု၊ နိုင်သူတွေသာ သမိုင်းရေးတဲ့ ခေတ်မှာ ဆရာကြီးက ဖောက်ထွက်နိုင်ခဲ့သူ။
ငါရေးတာ မဖတ်ရင်၊ ငါ့မှာ မဆုံးရှုံးဘူး၊ နင်တို့မှာ ဆုံးရှုံးတာ… လို့ ပြောခဲ့သည်။ ဆရာကြီးက အကောင်းဆုံး အစွမ်းကုန် ရှာဖွေ ဖော်ထုတ်သည်။ ဖော်ထုတ်ပြီးသည့် အရာတွေကို အမြဲ ဖြန့်ချိဖို့ ကြိုးစားသည်။ ဆရာကြီး၏ သုတေသနနှင့်ပက်သက်သော အညွှန်းစာများ၌လည်း contribution လုပ်ဖို့ ပြောဖူးသည်။

ဆရာကြီး၏ စာရေးသားဖြန့်ချိခြင်းအပေါ် ထားသည့် သဘောထားများကို ကျွန်တော် သိပ်ကြိုက်သည်။

• ငါ စာရေးတာ လက်သွက်ပါတယ်၊ မြသန်းတင့်ကိုတော့ မမီဘူး။ အဲ့ဒါ ဟုတ်ပါတယ်။ မြသန်းတင့်ရေးတဲ့ စာမျိုး ငါ မရေးပါ။ ရေးပြီးတဲ့ စာ အရေအတွက်ပေါ်မှာ ဂုဏ်မယူပါ။ ကိုယ်အထူးပြုလေ့လာတဲ့ ဘာသာရပ်မှာ တစ်ကမ္ဘာလုံးက အရင်ဘယ်သူမှ မပြောသေးတာ မသိသေးတာကို ရှာပြဖို့၊ ကြိုးစားပါ တယ်။ ရှာရတဲ့ အခါ ကျန်ရစ်အောင် စာနဲ့ ရေးခဲ့ပါတယ်။ “ငါ စာရေးဆရာ မဟုတ်”

ဆရာကြီး၏ စာအုပ်တွေ ဖတ်ရင်း ကျွန်တော် မှတ်စုစာအုပ်ထဲတွေ ရေးမှတ်သော မှတ်စုများ ရှိသည်။

• အင်္ဂလိပ်စာ တတ်ချင်ရင် အင်္ဂလိပ်စာ များများဖတ်ပါ။
• သီလဆိုတာ စောင့်ထိန်းရတာ၊ ပေးစရာ ယူစရာ မဟုတ်ပါ။
• သုတေသနစလုပ်ပြီ ဆိုကတည်းက ဘယ်သူမှ မသိသေးတာကို သိအောင်ရှာရတော့တာပဲ။
• အသစ်အဆန်းတစ်ခု သိပြီဆိုတဲ့အခါမှာ၊ တစ်ယောက်တည်း သိလို့ ဘာမှ အရာ မရောက်ဘူး။ ဘယ်တော့မှ အရာရောက်သလဲဆိုတော့ သူများ လက်ထဲရောက်သွားမှ အရာရောက်တယ်။
• သမိုင်းကို ရေးတဲ့အခါ ပထမ အထောက်အထား ရှာရမယ်။ အထောက်အထားမရှိဘဲနဲ့ သမိုင်း မဖြစ်ပါဘူး။ အထောက်အထား မရှိဘဲနဲ့ရေးတာတွေကို သမိုင်းစစ်စစ်လို့ မခေါ်နိုင်ဘူး။
• အလုပ်ကတော့ ပထမ မှတ်တမ်းကို စစ်ဆေး၊ အဲဒါပြီးရင် မှတ်စုထုတ်၊ ထုတ်ပြီး မှတ်စုကို စာတမ်းဖြစ် အောင် ရေး။
• သမိုင်းဆိုတာ ဘာလဲလို့ မေးရင် ကျွန်တော်တို့က လွယ်လွယ်ပဲ ဖြေပါတယ်။ အကြောင်းရယ်၊ အဖြစ်အပျက် ရယ်၊ အကျိုးရယ် ဒီသုံးခုဆက်မှ သမိုင်း ဖြစ်တယ်။
• သမိုင်းဆိုတာ၊ ကျွန်တော်တို့ လူ့ဘဝမှာ ရှိတဲ့လူသားတွေရဲ့ ခရီးလမ်းကြောင်းရဲ့ မှတ်တမ်း။
• သမိုင်းဆိုတာကတော့ ပြီးပြီးသား ကိစ္စပဲ။
• လူဆိုတာ အရာအားလုံးမှာ မထူးချွန်နိုင်တာကြောင့်၊ မိမိရွေးချယ်ရာ ပညာရပ်ကို တစိုက်မတ်မတ် လုပ်ဖို့၊ တစ်ဖြောင့်တည်းသော စိတ်ထားဖို့ လိုတယ်။
• ပညာရှင်ဆိုသည်မှာ အသိပညာရှင်၊ အတတ်ပညာရှင် အနုပညာရှင်။ ပညာရှင်မပါလျှင် တောင့်တင်း ခိုင်မာသော လေးစားချစ်ခင်ခြင်းခံရသော ငြိမ်းချမ်းသာယာသော နိုင်ငံတော် ဖြစ်ပေါ် မလာနိုင်။
• တို့အမျိုးသား ယဉ်ကျေးမှု အမွေအနှစ်တွေဟာ အထုအထေ အများကြီး ရှိတယ်။ တစ်ဦးတစ်ယောက် တည်း လူတစ်စုတည်း လေ့လာလို့ မကုန်နိုင်ပါဘူး။ ကိုယ့်မှာ ရှိတာကို အများပြည်သူကို မခြွင်းမချန် တင်ပြရမယ်။ လေ့လာချင်လို့ လာတဲ့သူကိုလည်း လေ့လာခွင့်ပေးရမယ်။ ဝှက်မထားရဘူး။ ကိုယ်က ဝှက်ထားရင် သူများ ကလည်း ကိုယ့်ကို ဝှက်ထားမှာပဲ ဖြစ်တယ်။ ကိုယ့်ဆီမှာ ရှိတာကို ကိုယ်မသုံးခင်၊ သူများက ယူသုံးသွားမှာပဲ လို့ မတွန့်တိုရဘူး။ ဘယ်သူက သုံးသုံး ပြည်သူတွေမှာ အကျိုးရှိတယ်ဆိုရင် ကျေနပ်နှစ်သိမ့်ရမယ်။ ဒါတွေ ဟာ တစ်ဦးတစ်ယောက်တည်း သုံးလို့လည်း ကုန်သွားမှာ မဟုတ်ဘူး။ ဒီတော့ကိုယ့်မှာ ဘာတွေရှိတယ်ဆို တာ သူများကို ပြော၊ သူများကို လေ့လာခွင့်ပေး၊ ဒီအခါ သူများကလည်း သူတို့မှာ ရှိတာတွေကို ပြောလာ လိမ့်မယ်။ လေ့လာခွင့်ပေးလာလိမ့်မယ်။ ဒီလိုအပေးအယူတွေရှိလာရင်၊ တိမ်မြုပ်နေတဲ့ ရှေးဟောင်း အမျိုး သားအမွေအနှစ်တွေဟာ အချိန်မြန်မြန်နဲ့ ပြည်သူတွေလက်ထဲ ပြန်ပြီး ရောက်လာလိမ့်မယ်။

စကား၊ စကား ပြောပါများ၊ စကားထဲက ဇာတိပြ…တဲ့။ ဒေါက်တာ သန်းထွန်း၏ စကားများက သန်းထွန်းဆို သည့် လူတစ်ယောက်၏ ဇာတိရုပ်ကို အကောင်းဆုံး ပြဆိုသော သက်သေပြချက်များပင်ဖြစ်သည်။

ပညာရပ်ဆိုင်ရာ နယ်ပယ်တွင် အခြေချ နေထိုင်သူများအဖို့၊ ပညာ့သဘောကို နှိုက်နှိုက်ချွတ်ချွတ်လေ့လာထား ရမည်။ ပညာဆိုတာ ဘာလဲ။ ပညာရှင်ဆိုတာ ဘာလဲ။ လေ့လာမှုဆိုတာ ဘာလဲ။ သုတေသနဆိုတာ ဘာလဲ။ ပို့ချမှု သင်ကြားပြသမှု ဆိုတာ ဘာလဲ။ အသစ် အသစ် ဆိုတာ ဘာလဲ။ ပညာရှင်များနှင့် မထိတွေ့ဘဲ ပညာရှင် မဖြစ်။ ပညာရှင်အကြောင်း မလေ့လာဘဲ၊ ပညာရှင် မဖြစ်။ ပညာနယ်ပယ်တွင် နေထိုင်သူအဖို့ သန်းထွန်းနှင့် မထိတွေ့ဖူးလျှင်၊ ရွက်ကြမ်းရေကျို အဆင့်နှင့် ဇာတ်သိမ်းသွားရလိမ့်မည်။

ရှာလိုက်၊ ပညာဆိုတာ ဘာလဲ။
ပညာရှင်ဆိုတာ ဘယ်လိုလူမျိုးကို ခေါ်တာလဲ ဆိုတာကို ရှာလိုက်။
ပညာရှင်ဆိုတဲ့ ဇာတိရုပ်ကို ရှာလိုက်။
ရွက်ကြမ်းရေကျိုအဆင့်နဲ့ မကျေနပ်နဲ့။
သူများ ပါးစပ်ဖျား လမ်းဆုံးမနေနဲ့။

မင်းသေ့
မတ်လ / ၂၀၁၇

Previous post ယောနသံ
Next post စကားလုံးများ၏ စွမ်းအား