၂၀၁၉ ဇွန်လထုတ် ၊ ချိုင်းနားတူဒေး မဂ္ဂဇင်းရဲ့ မျက်နှာဖုံးပါ ဖော်ပြချက်နဲ့ပတ်သက်ပြီး လူမှုကွန်ယက်စာမျက်နှာ မှာ မြန်မာတော်တော်များများဝေဖန် ရှုတ်ချတာကို တွေ့ရပါတယ်။ ဒါကို ဧရာဝတီသတင်းဌာနမှာ သတင်းတို တစ်ပုဒ်တွေ့ရတယ်။

သံရုံးထုတ် မဂ္ဂဇင်းတွေကတော့ နှစ်နိုင်ငံချစ်ကြည်စွာ ပေါင်းစည်းနေထိုင်ကြောင်း ပြသနိုင်မယ့် အပြုသဘော ဆောင် ရေးသားထုတ်ဝေမှုတွေကို လုပ်လေ့ရှိပါတယ်။ နှစ်ဖက်ကို လူမျိုးအားဖြင့်လည်းကောင်း၊ နိုင်ငံရေး အားဖြင့်လည်းကောင်း၊ စီးပွားရေးအားဖြင့်လည်းကောင်း၊ ယဉ်ကျေးမှု အနုပညာအားဖြင့်လည်းကောင်း ချစ်ချစ် ကြည်ကြည်ပေါင်းစည်းတာကို ပြနိုင်မယ့် ပုံရိပ်တွေကို ရွေးချယ် ဖော်ပြလေ့ရှိတယ်။ တစ်ဖက်မှာလည်း ပြည်ပ ရောက်နိုင်ငံသားတွေကို သတင်းမက်ဆေ့တွေ ပေးဖို့၊ အကာအကွယ် အစောင့်အရှောက်ပေးဖို့ ဆိုတာတွေကို ရည်ရွယ်ပြီး လုပ်ဆောင်တာတွေ ရှိတယ်။ ပြည်ပရောက်နိုင်ငံသားတွေ အချင်းချင်း အဆက်အသွယ်မပြတ် ပေါင်းစည်းနေထိုင်နိုင်ဖို့ အားပေး ကူညီတာတွေလည်း လုပ်ဆောင်တယ်။

သံရုံးတွေရဲ့ ရည်ရွယ်ချက်ကတော့ – –

• နှစ်နိုင်ငံ ကူးလူးဆက်ဆံရေး အဆင်ပြေအောင် လုပ်ပေးဖို့၊
• ရရှိနိုင်တဲ့ သတင်းအချက်အလက်တွေကို မိခင်တိုင်းပြည်အတွက် ထောက်လှမ်းဖို့၊
• ပြည်ပရောက် ကိုယ့်နိုင်ငံသားတွေရဲ့အခွင့်အရေးကို ကာကွယ်စောင့်ရှောက်ပေးဖို့ ၊
• မိခင်တိုင်းပြည်ရဲ့ အကျိုးစီးပွားကို ထမ်းဆောင်ဖို့၊
• မိခင်တိုင်းပြည်အတွက် ကိုယ်စားလှယ်တာဝန်ကို ထမ်းဆောင်ဖို့၊
• နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအားဖြင့် ပူးပေါင်းမှုတွေမှာ ကူညီလုပ်ဆောင်ဖို့၊
• ကိုယ့်နိုင်ငံအတွက် ဝါဒဖြန့်ချိဖို့….
စတဲ့ တာဝန်တွေကို ယူပါတယ်။

စစ်အစိုးရလက်ထက်က တရုတ်

စစ်အစိုးရလက်ထပ်တွေမှာ၊ တရုတ်က မြန်မာပြည်သူလူထုရဲ့ထင်မြင်ချက်၊ သဘောထားအမြင်နဲ့ပတ်သက်ပြီး ဂရုမစိုက်ပါဘူး။ အစိုးရချင်း ဆက်ဆံရေးကိုသာ ဂရုစိုက်ပါတယ်။ အစိုးရ – အစိုးရချင်း ဆက်ဆံရေး၊ တပ် – တပ် ချင်း ဆက်ဆံရေးသာလျှင် အရေးကြီးတယ်လို့ ခံယူပါတယ်။ မြန်မာအစိုးရပုံစံဟာ စစ်အစိုးရဖြစ်တော့ တပ်နဲ့ တရုတ်အစိုးရအကြားဆက်ဆံရေးဟာ နီးကပ်ခဲ့တယ်။ မြန်မာစစ်အစိုးရဟာ တိုင်းပြည်ကို ဖိဖိစီးစီး၊ ပိပိပြားပြား အုပ်ချုပ်နိုင်လို့ တရုတ်အစိုးရအတွက် မြန်မာလူထုအပေါ် တရုတ်အမြင်က အရေးမပါဘူး။ ဂရုစိုက်စရာလည်း မဟုတ်ခဲ့ဘူး။ ဂရုစိုက်စရာလည်း မလိုတဲ့အနေအထားဖြစ်တယ်။ ဒါ့ကြောင့် တရုတ်အစိုးရအနေနဲ့ အစိုးရချင်း ဆက်ဆံရေး အဆင်ပြေဖို့သာ အလေးထားခဲ့တယ်။

မြစ်ဆုံရှော့ခ်

၂၀၁၀ ရွေးကောက်ပွဲအပြီး တက်လာတဲ့ ဦးသိန်းစိန်အစိုးရနဲ့ပတ်သက်ပြီးတော့လည်း အစကနဦးပိုင်းမှာ ယခင် လို အချိုးမျိုးနဲ့သာ ဆက်ဆံခဲ့တယ်။ သို့ပေမယ့် မြစ်ဆုံကိစ္စနဲ့ပတ်သက်ပြီး မြန်မာပြည်သူတွေရဲ့ အုံလိုက်ကျင်း လိုက် ကန့်ကွက်ရှုတ်ချမှုကို ခံရချိန်အပြီး၊ ဦးသိန်းစိန်အစိုးရက မြစ်ဆုံစီမံကိန်းကို သူ့အစိုးရသက်တမ်းအတွင်း မလုပ်ပါလို့…. ရွေ့ဆိုင်းလိုက်အပြီးမှာတော့ တရုတ်အတွက် ရှော့ခ် (shock) တစ်ခု ရလို့သလိုဖြစ်သွားခဲ့တယ်။

တရုတ်ရဲ့အပြုအမူနဲ့ပတ်သက်ပြီး အမြဲတမ်းလိုလို ခေါင်းငြိမ့်ငုံ့ခံနေတဲ့ မြန်မာဟာ အနာဂတ်မှာ တရုတ် ပြုသမျှ နုတော့မယ့် အခြေအနေ မဖြစ်နိုင်တော့ဘူးဆိုတာကို သတိပေးလိုက်သလို ဖြစ်သွားတယ်။ တစ်ဖက်မှာလည်း ဦးသိန်းစိန် အစိုးရက နိုင်ငံတကာအသိုင်းအဝန်းရဲ့ တရားဝင်မှုကို ရဖို့ အနောက်ကမ္ဘာနဲ့ ကူးလူးမှုတွေ ပိုလုပ် လာတယ်။ ထူးထူးခြားခြားအနေနဲ့ အမေရိကန်သမ္မတကို မြန်မာပြည်ခြေချနိုင်အောင်ထိ ဆွဲဆောင်နိုင်ခဲ့တယ်။

မြစ်ဆုံလို လက်ပံတောင်းလို စီမံကိန်းမျိုးမှာ မြန်မာလူထုရဲ့ ဆန့်ကျင်ကန့်ကွက်မှုကို ဒုလိုက်ဒေးလိုက် ခံနေရချိန်။ မြန်မာအစိုးရကလည်း ပြည်သူ့ဘက်ကို သာသာထိုးထိုးယိမ်းပစ်လိုက်ချိန်။ အမေရိကန် မြန်မာ ဆက်ဆံရေး လမ်းသစ်ဖောက်လိုက်ချိန်။ စတဲ့ ဖြစ်ရပ်တွေကြောင့် တရုတ်ဟာ မြန်မာနဲ့ပတ်သက်ပြီး သူ့ရဲ့ နိုင်ငံ ခြားရေး ပေါ်လစီကို ပြန်ပြောင်းစဉ်းစားလာခဲ့တယ်။

အကျိုးဆက်ကတော့ ပြည်တွင်းစစ်ဟာ စစ်အေး ပုံစံကနေ စစ်ပူပုံစံကို ပြောင်းလာရခြင်းပဲဖြစ်ပါတယ်။ တရုတ်က တစ်ကွက်တည်းကို ကိုင်ပြီး မကစားဘူး။ ဖဲချက်တွေကို ကိုင်ထားတယ်။ ဝှက်ဖဲတွေလည်း မြောက် မြားစွာ ရှိတယ်။ တရုတ်အတွက် အကျိုးစီးပွားကောင်းကောင်းရဖို့၊ မြန်မာကို ဘက်ပေါင်းစုံကနေ ချုပ်ပြီး ကစားနိုင်မှ သူ့အတွက် အသာစီးရမယ်ဆိုတာကို ကောင်းကောင်းနားလည် သဘောပေါက်တယ်။

ဒါ့ကြောင့် တရုတ်လူမျိုးတွေ မြောက်မြားစွာ စီးဝင် ကျင်လည်နေတဲ့ မြန်မာပြည်၊ တရုတ်ရင်းနှီးမြုပ်နှံမှုတွေ မြောက်မြားစွာ ရှိနေတဲ့ မြန်မာပြည်မှာ၊ တရုတ်တွေ ဆက်လက် အကျိုးအမြတ်ရနိုင်သေးတဲ့ မြန်မာပြည်မှာ ၊ အတွဲညီညီ မျှကစားနိုင်မှ တော်ကာကျမယ်လို့ ယူဆကြတယ်။

တရုတ်ရဲ့ ပီအာ

တရုတ်ရဲ့ ဗဟိုအစိုးရ ပေါ်လစီနဲ့ ယူနန်အစိုးရ ပေါ်လစီတို့အကြား ကွာခြားချက်ရှိနိုင်ပါလိမ့်မယ်။ လက်တွေ့မှာ ကိုယ့်နိုင်ငံအကျိုးစီးပွားအတွက် လုပ်ကိုင်ကြတာဖြစ်လို့၊ တရုတ်မှာ မြန်မာကို ကိုင်တွယ်ဖို့ ဗဟိုအစိုးရနဲ့ ပြည်နယ်အစိုးရအကြား လိုသလိုလှည့်ပတ်ကျင့်သုံးတဲ့ ဆက်ဆံရေးနည်းနာတွေ ရှိနေပါတယ်။ လူမျိုးစုလက် နက်ကိုင်တွေရဲ့နောက်ကွယ်မှာ တရုတ်က ထောက်ပံ့ကူညီသလို၊ ပါတီ – ပါတီချင်း ဆက်ဆံရေးကောင်းမွန် အောင်လည်း ဦးသိန်းစိန်အုပ်ချုပ်မှုကာလနှောင်းပိုင်းတွေမှာ ကြိုးပမ်းလုပ်ဆောင်လာတာတွေ့ရပါတယ်။ တစ်ဖက်မှာလည်း ယဉ်ကျေးမှုချင်း ဆက်ဆံရေး တိုးမြှင့်တာတွေကို ယခင်ကထက် ပိုလုပ်လာပါတယ်။ မြန်မာ ပြည်က သတင်းစာဆရာ၊ ဂျာနယ်လစ်တွေကိုခေါ်ပြီး တရုတ်အပေါ် အမြင်မစောင်းအောင် ကြိုးပမ်းတာလည်း တွေ့ရပါတယ်။ ဒီ/ချုပ်အစိုးရတက်လာပြီး ကနဦးကာလတွေမှာ ပါတီဝင်နဲ့ ကိုယ်စားလှယ်အမတ်တွေကို တရုတ်က ငွေဖောဖောသီသီသုံးပြီး လေ့လာရေးခရီးတွေ ခေါ်ပါတယ်။ တော်တော်များများလည်း သွားကြလာ ကြတာ ပီတိဖြစ်ပုံရပါတယ်။

ဒီအချက်တွေဟာ ဘာကို ပြသလဲဆိုရင်၊ တရုတ်ဟာ မြန်မာပြည်အသွင်ကူးပြောင်းရေးကာလအတွင်းမှာ အစိုးရ အစိုးရ ချင်းဆက်ဆံရေးအပါအဝင် ပီတူပီ (P2P – People to People) ပြည်သူ ပြည်သူချင်း ဆက်ဆံရေးကို ထပ်ပေါင်းဇောင်းပေးလာတာကို တွေ့ရတယ်။

စီးပွားရေးတိုးတက်မှုကြောင့် ငွေပေါလာတဲ့ တရုတ်ဟာ ငွေပိုတွေကို ကောင်းကောင်းအသုံးချနိုင်တာတွေ့ရပါ တယ်။ ယခင် ငတ်ပြတ်နေတဲ့တရုတ်ပြည်ဟာ ဘယ်နိုင်ငံက ဘာကို ရမလဲဆိုတာပဲ ချောင်းနေတယ်။ ယခု ကြွယ်ဝလာတဲ့ တရုတ်ပြည်ကတော့ ငွေပိုတွေကို ဂုဏ်သိက္ခာအတွက်သော်လည်းကောင်း၊ ဆက်ဆံရေး ပြေ လည်စေဖို့သော်လည်းကောင်း၊ ယုံကြည်မှုအတွက်သော်လည်းကောင်း သုံးစွဲရမယ်ဆိုတာကို ကောင်းကောင်း နားလည်လာတယ်။
ဒါ့ကြောင့် တရုတ်ဟာ မြန်မာပြည်သူလူထုကို မျက်နှာမှုတဲ့အစီအစဉ်တွေကို ထပ်တိုးစဉ်းစားလာတယ်။ မြန်မာ ကျောင်းသားတွေကို တရုတ်ပြည်ခေါ်ပြီး စကောလားရှစ်တွေ ခပ်များများပေးလာတယ်။ မြန်မာနဲ့ပတ်သက်ပြီး ပီအာ (ပြည်သူ့ဆက်ဆံရေး – PR) လုပ်ငန်းရပ်တွေကို ပိုပြီးချဲ့ထွင်လာတယ်။

တရုတ်ရင်းနှီးမြုပ်နှံမှု

မြန်မာပြည်ရဲ့နိုင်ငံခြားရင်းနှီးမြုပ်နှံမှုမှာ တရုတ်ရဲ့ရင်းနှီးမြုပ်နှံမှုဟာ ထိပ်ဆုံးမှာ ရှိနေပါတယ်။ အထူးသဖြင့် Extractive Industry လို့ခေါ်တဲ့ သယံဇာတ တူးဖော်ရေးစီမံကိန်းတွေမှာ တရုတ်ရဲ့ရင်းနှီးမြုပ်နှံမှုက ကြီးပါတယ်။ စွမ်းအင်ကဏ္ဍအပါအဝင် ကုန်ထုတ်လုပ်ရေးကဏ္ဍတွေမှာလည်း တရုတ်ရဲ့ရင်းနှီးမြုပ်နှံမှုက ထုလိုက် ထည်လိုက်ရှိနေပါတယ်။ စိုက်ပျိုးရေးကဏ္ဍမှာလည်း တစ်ရှုးငှက်ပျောစိုက်တာ၊ ဖရဲစိုက်တာ၊ သခွားစိုက်တာ တွေမှာ တရုတ်တွေ ကြီးစိုးလွှမ်းမိုးထားတာ ရှိတယ်။

ဇီးရိုးဘတ်ဂျက်

တရုတ်ရဲ့မြန်မာ့စီးပွားရေးအပေါ် ချုပ်ကိုင်မှုဟာ သူ့ဆီက ဓနဥစ္စာကို သယ်လာပြီး ရင်းနှီးမြုပ်နှံတာ တစ်ခုတည်း မဟုတ်ပါဘူး။ မြန်မာပြည်တွင်းမှာ တရားမဝင် နေထိုင်တဲ့ တရုတ်တွေ မြောက်မြားစွာ ရှိပါတယ်။ ရွေ့ပြောင်းလာတဲ့ တရုတ်လုပ်သားတွေလည်း အများအပြားရှိပါတယ်။ ဒီ့နောက်ပိုင်း ထူးထူးခြားခြားဖြစ်လာတာ ကတော့ ဇီးရိုးဘတ်ဂျက် တွေလို့ခေါ်တဲ့ ငွေဗလာမဲ့တရုတ်တွေ မြန်မာပြည်တွင်းမှာ အမြဲတမ်း နေထိုင်လာတဲ့ ကိစ္စဖြစ်ပါတယ်။

လာဘ်စားတဲ့ မြန်မာ

ယှဉ်ပြိုင်မှုကြီးမားလာတဲ့ တရုတ်ပြည်တွင်းလုပ်သားဈေးကွက်ကနေ ပိုလျှံထွက်လာတဲ့ လုပ်သားစုသာ အိမ်နီး ချင်းနိုင်ငံတွေကို စိမ့်ဝင်လာပါတယ်။ လူဦးရေ ပေါ်လစီ လျော့လျော့ရွဲရွဲ ဖြစ်နေတဲ့ မြန်မာအဖို့ တရုတ်ရဲ့ ခွင် ကို ချဲ့ထွင်လို့ အကောင်းဆုံးအချက်ဖြစ်လာပါတယ်။ စီးပွားရေးအရ တရုတ်က ဈေးကွက်လုသလို၊ လုပ်သားဈေး ကွက်မှာလည်း တရုတ်က မြန်မာအစားဝင်လာတာရှိပါတယ်။ အထူးသဖြင့် ဆောက်လုပ်ရေး လုပ်ငန်းတွေမှာ ၊ သယံဇာတ တူးဖော်ထုတ်လုပ်ရေး လုပ်ငန်းတွေမှာ တရုတ်လုပ်သားတွေ မြန်မာပြည်တွင်းမှာ အများအပြား စိမ့်ဝင်နေပါတယ်။ ပြည်တွင်းမှာလည်း လဝက (လူဝင်မှုကြီးကြပ်ရေး) နဲ့ လက်ဝါးရိုက်ပြီး တရုတ်လုပ်သားတွေ ခိုးသွင်းတဲ့ကိစ္စဟာ အများအပြား ရှိနေပါတယ်။ မြန်မာပြည်ရဲ့ခြစားမှု လာဘ်စားမှုဟာ ဗြူရိုကရေစီယန္တရားမှာ အတုံးလိုက်အတစ်လိုက်ရှိပါတယ်။ တရုတ်ကို မုန်းတဲ့ မြန်မာဟာ လာဘ်ထိုးရင်တော့ တရုတ်ကို ဝင်ခွင့်ပေး လိုက်ပါတယ်။ ဒါဟာ တရားဥပဒေ စိုးမိုးရေးပြဿနာဖြစ်ပြီး၊ ပေါ်လစီ လျော့ရွဲနေတဲ့ ဖြစ်စဉ်ကို ပြတာဖြစ်ပါ တယ်။

ငွေမည်း မှ ငွေဖြူ

တစ်ဖက်မှာလည်း တရုတ်ရဲ့ရင်းနှီးမြုပ်နှံမှုဟာ ငွေဖြူကနေ လာတာ မဟုတ်ပါဘူး။ နယ်စပ်ဒေသမှာ ဘိန်းနဲ့ ချမ်းသာလာတဲ့တရုတ်ဟာ သူ့ရဲ့ငွေကို ငွေမည်းကနေ ငွေဖြူလုပ်ဖို့ လုပ်ငန်းပြတာတွေ ရှိပါတယ်။ ဒီလိုနည်း နဲ့ မြန်မာပြည်မှာ တရုတ်လုပ်ငန်းစုတွေ အမြောက်အမြားပေါ်လာတယ်။ ဘိန်းထုတ်လုပ်ရေး၊ ဘိန်းဖြန့်ဖြူးရေး နဲ့ ဘိန်း ရောင်းချရေးတွေကနေ ထွက်လာတဲ့ ငွေမည်းတွေဟာ မြန်မာပြည်တွင်းမှာ တရုတ်ကုမ္ပဏီတွေ မှိုလို ပေါက်လာခြင်း အကြောင်းတရားတွေဖြစ်ပါတယ်။
တရုတ်ဟာ မြန်မာပြည်တွင်းမှာ ကောင်းရောင်းကောင်းဝယ်လည်း လုပ်ကိုင်စားသောက်ကြသလို တရားမဝင် လုပ်ငန်းတွေနဲ့ ကြီးပွားတာတွေလည်း မြောက်မြားစွာ ရှိလာပါတယ်။ မြန်မာဟာ တရုတ်ကို မုန်းတယ်လို့ ဆိုပေမယ့် တရုတ်သူဌေးက ပေးတဲ့ လာဘ်ကိုတော့ မျှော်ပါတယ်။ အမှီးကျက်အမှီးစား ခေါင်းကျက်ခေါင်းစား လုပ်ငန်းတွေနဲ့ ချမ်းသာလာတဲ့တရုတ်တွေဟာ မြန်မာအစိုးရဝန်ထမ်းတွေကို လာဘ်ငွေ ကောင်းကောင်း ထိုးပါ တယ်။ ဆင်းရဲချို့တဲ့ပြီး မလောက်ငှတဲ့ မြန်မာအစိုးရဝန်ထမ်းကလည်း လာဘ်ငွေကို ကြိုက်ပါတယ်။ လာဘ်ထိုး တာကို လက်ခံပြီး တရုတ်ကို လုပ်ပိုင်ခွင့်ပေးတယ်။ ပါမစ်ပေးပါတယ်။ တရုတ်ဟာ မြန်မာအစိုးရ အာဏာပိုင် တွေနဲ့ ပေါင်းပြီး မြေယာအများအပြားကို သိမ်းပိုက်ထားပါတယ်။ တစ်ဖက်ကလည်း မြေကစားပြီးတော့ မြေယာ ကို ရအောင် ဝယ်ယူသလို၊ မြန်မာက လိုလိုချင်ချင် မက်မက်မောမော ရောင်းအောင်လည်း ငွေပုံပေးပြီး မြေဝယ်ပါတယ်။ မြေစာရင်းတို့၊ ဂျီအေဒီ (အထွေထွေအုပ်ချုပ်ရေးမှူး) ထွေ / အုပ်တွေနဲ့ ပေါင်းပြီးတော့ မြေယာ သိမ်းဆည်းမှုတွေ၊ မြေယာလုပ်ပိုင်ခွင့်တွေကို ရယူထားပါတယ်။

ဒါဟာ ဘာကို ပြသလဲဆိုရင် မြန်မာပြည်ရဲ့ လျော့ရွဲနေတဲ့ ဗြူရိုကရေစီနဲ့ ခြစားနေတဲ့ အုပ်ချုပ်ရေးကို ပြသတာ ဖြစ်ပြီး၊ ငွေမည်းနဲ့ ချမ်းသာလာတဲ့ နယ်စပ်က ခိုးဝင် တရုတ်တွေဟာ မြန်မာပြည်ကို ဘယ်လို စိမ့်ဝင်လာသလဲ ဆိုတာကို ပြတဲ့ ဖြစ်ရပ်တွေကို ပြောတာဖြစ်ပါတယ်။

မြန်မာမှာ တရုတ်မုန်းတီးမှု အားကြီးလာတယ်။ တရုတ်မုန်းတီးရေးအမြင်တွေဟာ မြန်မာတိုင်းလိုလိုမှာ ရှိနေပါ တယ်။ သို့ပေမယ့် တရုတ်နဲ့ပတ်သက်ပြီး ထိခိုက်နစ်နာခံရတဲ့ မြန်မာမှာ တရုတ်မုန်းတီးရေးစိတ် ပိုပြီး အားကြီး ပါတယ်။ တရုတ်ဟာ မြန်မာပြည်ရဲ့ ဘယ်နေရာမဆို ရှိနေပါတယ်။ ရန်ကုန်လို မန္တလေးလို မြို့ကြီးတွေမှာလည်း အမြောက်အမြား ရှိပါတယ်။

မြန်မာပြည်ပေါက် တရုတ်နွယ်ဖွား

ကိုလိုနီခေတ်က စိမ့်ဝင်လာတဲ့ တရုတ်တွေဟာ နှစ်ကာလ ကြာညောင်းနေပါပြီ။ မြန်မာပြည်ပေါက် တရုတ်နွယ် ဖွားတွေဟာ မြန်မာတွေနဲ့ ဘယ်လို ငြိမ်းချမ်းအောင် ပူးပေါင်းနေထိုင်ကြမလဲဆို တာ ကောင်းကောင်းနားလည် ပါတယ်။ သူတို့ဟာ ဒေသနဲ့ လိုက်လျောညီထွေအောင် နေနိုင်ကြတယ်။ ဌာနမြန်မာတွေထဲမှာပဲ မြန်မာပြည် ပေါက် တရုတ်နွယ်ဖွားတွေဟာ တစ်သားတည်းဖြစ်အောင် နေတတ်ကြတယ်။ ဒါ့ကြောင့် ရှေးယခင်က မြန်မာ နဲ့ တရုတ်အကြား တင်းမာမှုတွေဟာ ကိုလိုနီခေတ်လောက်ကလွဲလို့ သိပ်များများစားစား မရှိခဲ့ဘူး။ အထင်ကရ တရုတ် – ဗမာ အဓိကရုဏ်း ဖြစ်ရပ်တစ်ချို့က လွဲလို့ပေါ့။

တရုတ်ကုန်စည်

စစ်အစိုးရလက်ထက်မှာ တရုတ်နဲ့ မြန်မာအကြား နယ်စပ်စည်းဟာ ပိုပြီး နီးကပ်လာတယ်။ တရုတ်နဲ့ မြန်မာ အကြား ကုန်သွယ်ရေးစီးဆင်းမှုကလည်း အင်အားကြီးလာတယ်။ မြန်မာတွေရဲ့နေ့စဉ်ဘဝ အသုံးအဆောင် တွေမှာ တရုတ်ပစ္စည်းတွေနဲ့ မလွတ်ကင်းနိုင်လောက်တဲ့အခြေအနေထိဖြစ်လာတယ်။ မြန်မာတစ်ယောက်ရဲ့ နဘေး ပတ်ပတ်လည် ဆယ်ပေ ပတ်လည် အတွင်းမှာ တရုတ်လုပ်ပစ္စည်းနဲ့ကို မကင်းနိုင်တဲ့ အခြေအနေဖြစ် လာတယ်။

တရုတ်မုန်းတီးရေးအမြင်

တရုတ်အပေါ် မြန်မာရဲ့အမြင်က အနှုတ်လက္ခဏာ ဘက်ကို ဆောင်ပါတယ်။ အဲသည်လို အနှုတ်လက္ခဏာ ဘက်ကို ဆောင်ရခြင်း အကြောင်းအရင်းတွေကလည်း မြောက်များစွာ ရှိနေလို့ဖြစ်ပါတယ်။ စီးပွားရေးမှာ လာဘ်မြင်တဲ့ တရုတ်ဟာ မြန်မာပြည်တွင်းမှာ ကြီးပွားတယ်။ အာဏာပိုင်ကို ငွေပေးစည်းရုံးနိုင်တဲ့တရုတ်ဟာ မြန်မာတွေထက် စီးပွားရေး လုပ်ပိုင်ခွင့် ပိုရလာတယ်။ ဆင်းရဲငတ်ပြတ်ဖူးတဲ့ တရုတ်ဟာ အောက်ခြေ အလုပ် ကို တန်ဖိုးထားပြီး လုပ်လို့ ကြီးပွားလာတာလည်း ရှိတယ်။

တရုတ်က ဈေးကွက်လုလို့ မြန်မာအတွက် နေရာပျောက်တဲ့ မြန်မာကလည်း တရုတ်ကို မုန်းတယ်။ ဝီရိယ ရှိပြီး ပြောင်ပြောင်ရောင်ရောင်ဖြစ်လာတဲ့ တရုတ်ကို ပျင်းပြီး ခွေအိပ်နေတဲ့ မြန်မာက မနာလိုဝန်တိုပြီး တရုတ်ကို မုန်း လာတာလည်း ရှိတယ်။ ရေခံမြေခံကောင်းမရတဲ့ မြန်မာဟာ ဘိန်းရောင်းပြီး ချမ်းသာလာတဲ့ တရုတ်ကို မယှဉ် နိုင်လို့ မြန်မာက တရုတ်ကို မုန်းလာတာလည်း ရှိတယ်။ မျိုးချစ်စိတ်အရ မြန်မာကို ချစ်သော်လည်းပဲ အကျိုးစီးပွားချင်း တုပ်နှောင်ချီပိုးခြင်းခံနေရတဲ့ မြန်မာစစ်ဗိုလ်ချုပ်တွေဟာ တစ်ဖက်က တရုတ်ကို မလွန်ဆန်နိုင် သလို၊ တစ်ဖက်လည်း တရုတ်ကို မုန်းတီးနာကျည်းစိတ်ဖြစ်နေတယ်။ ခြံဝန်းအကျယ်ကြီးတွေနဲ့ အုတ်တံတိုင်း မြင့်မြင့် အဆောက်အအုံထုကြီးထည်ကြီးနဲ့ တရုတ် သူဌေးအိမ်တွေကို ကြည့်ပြီး အလိုလို တရုတ်မုန်းတီးစိတ် ဖြစ်လာတဲ့ မြန်မာတွေလည်း မြောက်မြားစွာ ရှိတယ်။

ဘာ့ကြောင့်

ဒါတွေ အားလုံးရဲ့ အကြောင်းဆက်ကတော့ —
• ပေါက်ကွဲလာတဲ့ တရုတ်ပြည်ရဲ့ လူဦးရေကြောင့်
• ယှဉ်ပြိုင်မှုမြင့်လာတဲ့ တရုတ်ပြည်တွင်းဈေးကွက်တွင်းက ပိုလျှံယိုဆင်းမှုများကြောင့်
• တရုတ်ရဲ့မဟာဗျူဟာ ပါးနပ်မှုကြောင့်
• မြန်မာရဲ့ တရုတ်နဲ့ မကင်းနိုင်မှုကြောင့်
• မြန်မာက တရုတ်အပေါ် အမှီအခို လွန်ကဲခဲ့မှုကြောင့်
• မြန်မာပြည်တွင်းက တရုတ်ရင်းနှီးမြုပ်နှံမှု ကြီးထွားနေခြင်းကြောင့်
• တရုတ်ရဲ့ အမှီးကျက် အမှီးစား ခေါင်းကျက်ခေါင်းစား စီးပွားရေးလုပ်ငန်းများကြောင့်
• အမြဲတမ်း ဈေးနှိမ်ခံရပြီး အကျိုးအမြတ်ခွဲဝေမှု တစ်ဖက်စောင်းနင်းဖြစ်နေတဲ့ တရုတ်စီမံကိန်းများ ကြောင့်
• မြန်မာရဲ့ ဗြူရိုကရေစီ ခြစားမှု၊ လာဘ်စားမှု၊ အဂတိလိုက်စားမှုများကြောင့်
• တရားမဝင် တရားလူဦးရေ စိမ့်ဝင်တိုးပွားလာမှုကြောင့်
• တရုတ်နဲ့ မြန်မာအကြား ဆင်းရဲချမ်းသာမှု ကွာဟချက် ကြီးမားမှုကြောင့်
• မြန်မာအစိုးရရဲ့ တရုတ်အပေါ် ကျင့်သုံးတဲ့ နိုင်ငံခြားရေး ပေါ်လစီချွတ်ယွင်းချက်ကြောင့်
• တရုတ်နဲ့ မြန်မာအကြား နယ်စပ်မျဉ်း ထိစပ်မှု ရှည်လျားခြင်းကြောင့်
• တရုတ်အထောက်အပံ့ရှိသော လူမျိုးစုလက်နက်ကိုင်များကြောင့်
• တရုတ်က မြန်မာအပေါ် ရှေးယခင်ကလို ပဏ္ဏာဆက်ပြည်နယ်တစ်ခုလို့ သတ်မှတ်ထားခြင်းကြောင့်
• မြန်မာပြည်တွင်းက အနောက်ယိမ်း အုပ်စုကြောင့်
• တရုတ်၏ မြန်မာပေါ် ကျင့်သုံးသည့် ပီအာ ညံ့ဖျင်းမှုကြောင့်

ဒီအချက်တွေမှာ အငြင်းပွားစရာ ရှိကောင်းရှိနိုင်ပါတယ်။ သို့ပေမယ့် မြန်မာရဲ့ တရုတ်မုန်းတီးရေး အမြင်အပေါ် စဉ်းစားနိုင်မယ့် အကြောင်းအချက်တွေ ဖြစ်နိုင်မယ်လို့ ယုံကြည်ပါတယ်။

မင်းသေ့
ည ၇ း ၅၅
၁၇ ၊ စက်တင်ဘာ ၊ ၂၀၁၉ ။
ရန်ကုန်မြို့။

Previous post တို့တိုင်းပြည်
Next post စာဖတ်သမားသို့ / စာအုပ်မိတ်ဆက်ပွဲ