ဒီခေါင်းစဉ်ကို ဆရာဇော်ဂျီရဲ့ကဗျာခေါင်းစဉ်ကို ယူလိုက်တာဖြစ်ပါတယ်။ ဆရာဇော်ဂျီရဲ့ကဗျာဟာ မြန်မာ ပြည်သူတွေနဲ့ မဝေးပါဘူး။ ကျောင်းသင်ရိုးပြဌာန်းစာအုပ်တွေမှာလည်းပါခဲ့တယ်။ ဆရာဇော်ဂျီရဲ့စာပေတွေ ကိုယ်တိုင်က အခုအချိန်ထိ၊ စာပေနယ်ပယ်မှာ ကျယ်ကျယ်ပြန့်ပြန့် ထုတ်ဝေဖြန့်ချိလို့ကောင်းတုန်း။ ဆရာဇော်ဂျီ ရဲ့ စာအုပ်တွေကလည်း အခုထက်ထိ ပုံနှိပ်နေရဆဲ… ရောင်းတန်းဝင်နေဆဲ…။

ဆရာဇော်ဂျီလို့ ပြောရင် တော်တော်များများက၊ ‘ဗေဒါလမ်း’ ကဗျာတွေကို သိကြတယ်။ ထို့အတူပဲ “သင်သေ သွားသော်” ကဗျာကို သိကြတယ်။ သင်သင်သွားသော်ကဗျာဆိုရင် မြန်မာတော်တော်များများ နှုတ်ထဲမှာ စွဲနေ တဲ့ကဗျာ။ ခုချက်ချင်း ရွတ်ဆိုရင်… ချက်ချင်း အလွတ်တန်း ထရွတ်နိုင်တဲ့ကဗျာ။ ဆရာဇော်ဂျီရဲ့ စာပေဩဇာ ဟာ မြန်မာ့လူ့အဖွဲ့အစည်းမှာ လွှမ်းမိုးသက်ရောက်မှု ကြီးကျယ်နေဆဲဖြစ်ပါတယ်။

ဆရာဇော်ဂျီဟာ လွတ်လပ်ရေးမရခင် (၁၂) နှစ်လောက်ကတည်းက တိုင်းပြည်အနာဂတ်ကို မျှော်ပြီး ကဗျာတစ် ပုဒ်ကို စပ်ခဲ့ပါတယ်။ “တို့တိုင်းပြည်” ကဗျာဖြစ်ပါတယ်။ ကြီးပွားရေးမဂ္ဂဇင်းမှာ ဖော်ပြခဲ့တဲ့ ကဗျာဖြစ်ပါတယ်။ ၁၉၃၅ ခုနှစ်ဟာ မြန်မာပြည်ရဲ့ လွတ်လပ်ရေးကြိုးပမ်းမှု ဒီရေမြင့်ဖို့ လီဗာဖိနင်းနေရတဲ့ကာလဖြစ်ပါတယ်။ အမျိုးသားရေး လှုပ်ရှားမှုတွေ၊ ဝံသာနုလှုပ်ရှားမှုတွေ၊ အလုပ်သမားလှုပ်ရှားမှု၊ ကျောင်းသားလှုပ်ရှားမှုတွေနဲ့ စာပေလှုပ်ရှားမှုတွေ အုံလိုက်ကျင်းလိုက် ခေါင်းထောင်ထလာတဲ့ကာလဖြစ်ပါတယ်။ ဒီလှုပ်ရှားမှုတွေရဲ့ အရှိန် အဟုန်ဟာ နယ်ပယ်တော်တော်များများကို ရိုက်ခတ်ပါတယ်။ အမျိုးသားရေးစိတ် ခေါင်းထောင်ထလာဖို့၊ နှိုးဆော်သူတွေ ရှိသလို ကိုယ့်အကျိုးစီးပွားနဲ့ ကိုယ် မှိန်းနေတဲ့ လူတွေလည်း ရှိပါတယ်။ လှုပ်ရှားမှုအသစ်နဲ့ အထိုင်အဟောင်းတို့ လွန်ဆွဲနေတဲ့ကာလလို့ ပြောလို့ရပါတယ်။ ဒီလိုအချိန်မှာ ဆရာဇော်ဂျီဟာ ‘တို့တိုင်းပြည်’ ကဗျာကို ရေးဖို့ အာရုံရခဲ့ဟန် တူပါတယ်။

တို့တိုင်းပြည်ကဗျာမှာ ကဗျာပိုဒ် သုံးပိုဒ်ပါပါတယ်။ ကဗျာပိုဒ် သုံးပိုဒ်စလုံးမှာ၊ ‘ထလော့မြန်မာ’ ဆိုတဲ့ စကားလုံးနဲ့ ချီပြီး ဖွဲ့ပါတယ်။ မှိန်းနေတဲ့မြန်မာတွေကို ပုတ်နှိုးလိုက်တယ်လို့ ဆိုနိုင်တယ်။ ပျင်းနေတဲ့သူ၊ မှိန်းနေတဲ့သူ၊ အိပ် ပျော်နေတဲ့သူ၊ ငေးမှိုင်နေတဲ့သူတွေကို ပုတ်နှိုးလိုက်တာဖြစ်ပါတယ်။ ကဗျာရဲ့ အစက “ထလော့ မြန်မာ ၊ အို မြန်မာတို့” တဲ့…..။

@@@

တို့ တိုင်းပြည်

ထလော့ မြန်မာ ၊ အို မြန်မာတို့
တို့ရွာ တို့မြေ ၊ တို့ရွာမြေဝယ်
စေတီ စပါး ၊ များလည်း များ၏။
များပါလေလဲ ၊ တမွဲမွဲနှင့်
ဆင်းရဲကာသာ၊ ကာလကြာလျှင်
ယာစကာမျိုး၊ တညှိုးညှိုးနှင့်
ပုထိုးမြင့်မောင်း ၊ ကျောင်းကြို ကျောင်းကြား
လှည့်လည်သွားလျက်
မစားလေရ ၊ ဝမ်းမဝ၍
ဆွမ်းမျှ မတင်နိုင် ရှိမည်တည်း။

ထလော့ မြန်မာ ၊ အို မြန်မာတို့
တို့ရွာ တို့မြေ ၊ တို့ရွာမြေဝယ်
ရေချိုသောက်ရန် ၊ မြစ်ချောင်းကန်နှင့်
သီးနှံချိုပျား ၊ များလည်း များ၏။
များပါလေလဲ၊ တမွဲမွဲနှင့်
ဆင်းရဲကာသာ ၊ ကာလကြာလျှင်
မြင်သာမြင်ရ ၊ မစားရ၍
တောကပြိတ္တာ ဖြစ်မည်တည်း။

ထလော့ မြန်မာ ၊ မြန်မာ ထလော့
အားမပျော့နှင့် ၊ မလျှော့လုံ့လ
သူက စ၍ ၊ ငါက အားလုံး
လက်ရုံးမြားမြောင် ၊ ဉာဏ်မြားမြောင်နှင့်
စွမ်းဆောင်ကြလေ၊ ဆောင်ကြလေလော့
ဤမြေ ဤရွာ ၊ ဘယ်သူ့ရွာလဲ
ဤယာစပါး ၊ ဘယ်သူ့စပါးလဲ
ထားလော့ တာဝန် ၊ ပွန်လော့ လုပ်ငန်း
ဉာဏ်ရှေ့ပန်း၍
တစ်ဝမ်း တစ်စိတ် ညီစေသတည်း။ ။

ဇော်ဂျီ (ကြီးပွားရေးမဂ္ဂဇင်း၊ အတွဲ ၃ ၊ အမှတ် ၁၁ ၊ ဩဂုတ် ၁၉၃၅)

ငယ်ငယ်တုန်းက ကျောင်းပြဌာန်းစာမှာ ပါခဲ့ဖူးတဲ့ ကဗျာဖြစ်ပါတယ်။ တို့တိုင်းပြည်ကဗျာဟာ စာပေကလောင်နဲ့ တိုင်းပြည်တည်ဆောက်ရေးကို လုပ်ခဲ့တဲ့ ကဗျာဖြစ်ပါတယ်။

တို့မြန်မာ

မြန်မာပြည်ဟာ ပထဝီအနေအထားအရသော်လည်းကောင်း၊ ရာသီဥတု ၊ ရေခံမြေခံ ၊ တည်နေရာ အကျယ် အဝန်း၊ မြေပေါ် မြေအောက် သယံဇာတ အားဖြင့် ကြွယ်ဝတဲ့နိုင်ငံဖြစ်ပါတယ်။ ကြီးပွားရာ ကြီးပွားကြောင်းဖြစ်ဖို့ အထောက်အပံ့အကောင်း အပြည့်အဝရှိတဲ့ နိုင်ငံလို့ ဆိုလို့ရပါတယ်။ ဒါပေမယ့် လက်ရှိ မြန်မာပြည်ဟာ ဆင်းရဲ နေတယ်။ မွဲတေနေတယ်။ ဆင်းရဲမွဲတေခြင်းဆိုတဲ့ စကားစပ်နှစ်ရပ်ဟာ ပူးတွဲပြီး အစဉ် တည်ရှိနေတယ်။ မြန်မာ ပြည်ဟာ အကြောင်းကောင်းတွေ ရှိနေပါလျက်နဲ့ အကျိုးကောင်းတွေ ဘာ့ကြောင့် မဖြစ်ထွန်းရသလဲ။

တိုင်းပြည်ရဲ့အခြေအနေဟာ နေရာတိုင်းလိုလို၊ နယ်ပယ်တိုင်းလိုလို၊ အဆင့်တိုင်းလိုလိုမှာ အတွင်းလှိုက်လို့ ပျက်စီးနေပါတယ်။ နှုန်းစံကျင့်ဝတ်အရလည်း ပျက်စီးတယ်၊ စည်းမျဉ်းစည်းကမ်းအရလည်း ယိုယွင်းတယ်၊ လုပ်ကိုင်ဆောင်ရွက်မှုအရလည်း ညံ့ဖျင်းတယ်၊ ရုပ်ပိုင်းအရ ပျက်ယွင်းမှုတွေ အများကြီး ရှိသလို၊ နာမ်ပိုင်းအရ ချိနဲ့နေတာတွေလည်း မြောက်မြားစွာ ရှိနေပါတယ်။

“ရွှေကျောင်းပြောင်ပြောင် ဝမ်းခေါင်ခေါင်” လို့ ရေးတယ် မဟုတ်လား။ မြန်မာပြည်မှာ စေတီ စပါး ပေါများတယ်။ သီချင်းတွေကဆိုရင် “စပါးရွှေဝါ တောင်လိုပုံ၊ ဆီကိုရေချိုး ၊ ဆေးရိုးမီးလှုံ” လို့ ဆိုကြတယ် မဟုတ်လား။ စပါး ဆို တောင်လို ပုံအောင် ပေါတဲ့တိုင်းပြည်။ ဆီကို ရေချိုးရလောက်အောင် ပေါကြွယ်ဝတဲ့ တိုင်းပြည်။ ဆေးရိုး မီးထည့်လှုံလောက်ရအောင် ကြွယ်ဝတဲ့တိုင်းပြည်။

တို့တိုင်းပြည်မှာ …

တို့တိုင်းပြည်မှာ၊ ကမ္ဘာမှာ အမြင့်မြတ်ဆုံးလို့ သမုတ်ကြတဲ့ ဗုဒ္ဓဘာသာကိန်းဝပ်တဲ့တိုင်းပြည်။ တောင်မို့မို့ရှိရင် စေတီရှိတဲ့တိုင်းပြည်။ စေတီနဲ့ ကျောင်းကန်ဘုရားတွေဟာ ရွှေလို ဝင်းအိနေတဲ့တိုင်းပြည်။ သို့ပေမယ့် ဒီလိုနိုင်ငံ မျိုးဟာ ခြအစားဆုံး၊ လာဘ်အစားဆုံး၊ အဂတိအလိုက်စားဆုံး၊ အခိုးဆုံး အဝှက်ဆုံးတိုင်းပြည်စာရင်းမှာပါနေ တယ်။ လက်နက်ကိုင်တိုင်ပွဲတွေနဲ့ အိပဲ့အိပဲ့ ပြည်တွင်းစစ်ဖြစ်နေတဲ့တိုင်းပြည်ဖြစ်တယ်။
တို့တိုင်းပြည်မှာ၊ ဆန်လည်းပေါတယ်။ စပါးလည်းပေါတယ်။ ငါးလည်းပေါတယ်။ နွားလည်းပေါတယ်။ ဆန်ဆီ ဆား ငရုပ် ကြက်သွန် လက်ဖက် ဝါ ချည် ပြောင်း ပဲ နှမ်း စတဲ့ စားနပ်ရိက္ခာသယံဇာတ ပေါများတယ်။ တို့တိုင်း ပြည်မှာ ငတ်လို့သေတဲ့ မသာ မရှိဘူး။ သို့ပေမယ့် စားချင်တာ မစားရဘဲ သေသွားတဲ့ မသာတွေ မြောက်မြားစွာ ရှိတယ်။ တို့တိုင်းပြည်ဟာ မြေပေါတယ်။ တစ်မျှော်တစ်ခေါ်ကြီး ရှုမျှော်လို့ မဆုံးတဲ့ မြေဧရိယာတွေ မြောက်မြား စွာ ရှိတယ်။ သို့ပေမယ့် တို့တိုင်းပြည်မှာ တစ်သက်နဲ့ တစ်ကိုယ် အိမ်ပိုင်ရာပိုင်လေးနဲ့ မနေရဘဲ သေသွားတဲ့ သူတွေ မြောက်မြားစွာ ရှိတယ်။

တို့တိုင်းပြည်ရဲ့မြေကြီးဟာ အဆီအနှစ်ပြည့်ဝတယ်။ ဘယ်နေရာမှာ ဘယ်အရာကို ချစိုက်စိုက် အလွယ်တကူ ပေါက်တယ်။ မြေလည်း ပေါတယ်။ ရေလည်းပေါတယ်။ ရာသီဥတုလည်း သမမျှတတယ်။ စိုက်လို့ ပျိုးလို့ လွယ် တယ်။ ထွန်လို့ ယက်လို့ ရတယ်။ မွေးလို့ မြူလို့ရတယ်။ သို့ပေမယ့် တို့တိုင်းပြည်မှာ တောင်းစားနေတဲ့ ယာစကာ မျိုးတွေ နေရာတိုင်းမှာရှိတယ်။ ယာစကာ ဆိုလို့ လမ်းဘေးမှာတင် ရှိတာ မဟုတ်။ ကြီးကျယ်ခမ်းနား တဲ့ အဆောက်အအုံကြီးထဲမှာလည်း ယာစကာမျိုးတွေ ပေါလို့ များနေတယ်။

တို့တိုင်းပြည်မှာ ရေနံထွက်တယ်။ ကျောက်စိမ်းထွက်တယ်။ ပတ္တမြားထွက်တယ်။ ကျောက်မီးသွေးထွက်တယ်။ ကျွန်းသစ်ထွက်တယ်။ မြေအောက်သယံဇာတတွေ ပေါပေါများများထွက်တယ်။ ထုလိုက်ထည်လိုက်လည်း ထွက်တယ်။ သို့ပေမယ့် တို့တိုင်းပြည်ဟာ သယံဇာတကျိန်စာသင့်နေတယ်။ သယံဇာတကြောင့် စစ်ပွဲတွေ ဖြစ် နေသလို၊ သယံဇာတကြောင့်လည်း အာဏာရှင်သက်ဆိုးရှည်ခဲ့တယ်။ တို့ပြည်မှာထွက်တဲ့ ကျောက်မျက်ရတနာ တွေကို တို့ပြည်သူတွေ မဝတ်ဆင်နိုင်ကြဘူး။ နိုင်ငံခြားတိုင်းပြည်တွေကို ရောက်သွားတဲ့ ကျောက်သံပတ္တမြား တွေအတွက်လည်း နိုင်ငံတော်က အခွန်ဘဏ္ဍာကောင်းကောင်းကန်းကန်း မရဘူး။ မြင်သာမြင်ရ မကြင်ရတဲ့ တို့တိုင်းပြည်။

တို့တိုင်းပြည်မှာ မြစ်ချောင်း အင်းအိုင်တွေ ပေါများတယ်။ စိုက်ပျိုးရေးဖြစ်ထွန်းတယ်။ စိုက်ပျိုးရေးဖြစ်ထွန်းလို့ မွေးမြူရေးလည်း ဖြစ်ထွန်းတယ်။ ဒါ့ကြောင့် တို့တိုင်းပြည်မှာ သားငါးသီးနှံပေါများတယ်။ ဒါပေမယ့် တို့တွေဟာ ငယ်စဉ်ဘဝမှာ အသားငါး ကောင်းကောင်း မစားရဘူး။ နွားနို့ ကြက်ဥ ဘဲဥ တွေကို အလျှံပယ် မစားနိုင်ဘူး။ ဒါ့ကြောင့် တို့တတွေဟာ ပရိုတိန်းဓာတ်ကောင်းကောင်း မရဘူး။ ဒါ့ကြောင့် တို့တတွေရဲ့ ကိုယ်ခန္ဓာတွေက မထွားဘူး။ မသန်ဘူး။ ပိန်နေတယ်။ ကြုံလှီနေတယ်။ လူစဉ်မမှီဘူးဖြစ်နေတယ်။ သက်ကြီးပုတွေ ဖြစ်နေတယ်။ တို့တိုင်းပြည်ရဲ့ လူငယ်တွေရဲ့ ကိုယ်လုံးကိုယ်ထည်တွေဟာ အများအားဖြင့် ထွားကြိုင်းသန်မာမှု ရှိမနေဘူး။ နဘေးကပ်ရပ်က တိုင်းပြည်က လူငယ်တွေနဲ့ ယှဉ်ရင် သိပ်ဝမ်းနည်းစရာကောင်းတာပဲ။

• တို့တိုင်းပြည်ဟာ မြင်သာ မြင်ရ မကြင်ရတဲ့ ဘဝ။
• တို့တိုင်းပြည်ဟာ မြင်သာမြင်ရ မစားရတဲ့ မဝ။
• တို့တိုင်းပြည်ဟာ ပေးကား ပေး၏ မရ။ ကျွေးကား ကျွေး၏ မဝ။
• တောက ပြိတ္တာဖြစ်နေတဲ့ ဘဝ။

ဆရာဇော်ဂျီရဲ့ တို့တိုင်းပြည် ကဗျာဟာဆိုရင် အခုဆို နှစ်ပေါင်း (၈၄) နှစ်တိတိပြည့်ပါပြီ။ ဒါပေမယ့် ကဗျာတဲ့က ဟောကိန်းဟာ အခုထိ မှန်နေသေးတယ်။ ကဗျာထဲက ဟောကိန်းဟာ မှန်နေလို့၊ ကဗျာကိုပဲ ချီးမွှမ်းရမလား။ သို့တည်းမဟုတ် တို့တိုင်းပြည်အတွက်ပဲ ဝမ်းနည်းရမလား….။ ဒွိဟများဟာ စိတ်အစဉ်မှာ ကဆုန်ဆိုင်းပြေးလွှား နေပါတယ်။

မင်းသေ့
ည ၉ း ၅၉
၂၈ ၊ ဩဂုတ် ၊ ၂၀၁၉
ရန်ကုန်မြို့။

Previous post တည်နေရာ ရန်ကုန် ငပိရည် အက်ဆေး
Next post မြန်မာဖြစ် တရုတ်မုန်းတီးရေးအမြင်