ဗမာတွေဟာ အပုပ်အစပ်ကြိုက်တတ်သော သတ္တဝါပေလား မသိ။ ငပိနှင့် ငံပြာရည်ကို အတော်စားသည်။ အငံ လည်း အစားများသည်။ သီချင်းတွေကတောင် စပ်ဆိုသေးသည်။ ‘မြန်မာဆိုရင် ငပိကို မမေ့နဲ့…. စာပေမှာ ဗျည်းနဲ့သရ….တို့’ ။ ကျနော်ငယ်ငယ်တုန်းက ကြားခဲ့ဖူးသော သီချင်းဖြစ်သည်။ တွံတေးသိန်းတန် ဆိုတာဖြစ် သည်။ စပ်ဆိုသော တေးရေးဆရာကပဲ ဗမာ့ငပိကို တင်စားချင်လို့များလား မသိ။

ဗမာတွေ ကိုယ်တိုင်က ငပိစားကြသည်။ စားပုံစားနည်းများမှာမူ မတူ။ ထူးထူးကဲကဲ ငပိကို မျိုးစုံ လုပ်၍ စားကြ သည်။ ငပိရည်မှာမူ ဗမာအကြိုက်ဖြစ်သည်။ သို့သော် အညာပိုင်း ဗမာနှင့် အကြေပိုင်း ဗမာကမူ စားပုံစားနည်း ကွဲပြားသည်။ အညာ ဗမာသားက ငံပြာရည်ဆီချက်ကို ပိုကြိုက်သည်။ အကြေပိုင်းဗမာက ငပိရည်စပ်စပ်ကို ပို၍ ကြိုက်သည်။ အထူးသဖြင့် ရန်ကုန်သားများနှင့် ဧရာဝတီသားများက ငပိရည်ကို အစားများသည်။ ငပိရည်နှင့် အတို့အမြုပ်ကို စုံစုံလင်လင် ဖွယ်ဖွယ်ရာရာ ပြင်ဆင်စားသောက်တတ်သည်။ ရန်ကုန်မြို့လို နေရာမျိုးတွေ၊ ညဈေးများ၌ ငပိရည်နှင့် အတို့အမြုပ်အစုံအလင်ကို လမ်းဘေးမှာ လက်တွန်းလှည်းဖြင့် သီးသန့်ရောင်းသည်။ တို့စရာများမှာ အစုံအလင်။ အညာသား တောသား မန္တလေးသား ကျနော် မမြင်ဖူးသော တို့စရာများ မြောက် မြားစွာ တွေ့ရသည်။

ဒညင်းသီးပြုတ်၊ ဒညင်းသီးဆားရည်စိမ်၊ ခွေးတောက်ရွက်ပြုတ်၊ ငှက်ပျောဖူးပြုတ်၊ ကန်စွန်းရွက်ပြုတ်၊ ပင်စိမ်း၊ ပူစီနံ၊ နံနံပင်၊ မျှစ်ပြုတ်၊ ရှောက်ရွက်၊ သရက်ကင်း၊ သရက်သီး၊ ခရမ်းသီးပြုတ်၊ ခရီးသီးမီးဖုတ်၊ ခရမ်းကသော့သီး၊ ခရမ်းကြွပ်သီး၊ သခွားသီး၊ မုန်လာဥနီ (ခါကြက်ဥ) ၊ ရုံးပတီသီး၊ မုန်လာဥဖြူ အပြုတ်၊ တိုရချဉ်တည် (ပဲပင်ပေါက်ပြုတ်)၊ ဝေရာရွက်ပြုတ် (ဘောစကိုင်းရွက်ပြုတ်)၊ ဆလပ်ရွက်၊ ဂေါ်ဖီထုပ်၊ ပန်းမှုန်လာ၊ ပဲရွက်၊ ငရံ့ပတူရွက်ပြုတ်၊ ပဲဇောင်းခါးသီး… အို …. ငပိရည်နှင့် တို့စရာများမှာ အစုံအလင်။ ပေါပေါများများ။ မြောက်မြားစွာဖြစ်သည်။ ရေးနေရင်းတောင် သွားရည်ယိုသည်။

ငပိရည်သည် ဘုရင်မင်းမြတ်နှင့်တူသည်။ သူ့ကို ကြိုက်သူအဖို့ သူ့ချည်းသက်သက်ဖြင့်လည်း ခံတွင်းတွေ့ သည်။ တို့စရာအစုံအလင်နှင့် အခြံအရံအသင်းအပင်းများနှင့်လည်း တည့်ခင်းနိုင်သည်။ ငပိရည်သည် အပေါင်း အသင်းများသည်။ သူ့ မိတ်ဆွေများ များစွာ ရှိသည်။ သူသည် အားလုံးနှင့်တည့်အောင် ပေါင်းနိုင်သည်။ သူသည် ကိန်းကြီးခမ်းကြီး မနိုင်၍လား မသိ။ သူ့ကို ဆင်းရဲသားကလည်း ဖက်လှဲတကင်းပေါင်းဖက်သည်။ သူဌေးသူကြွယ်ကလည်း လိုလိုလားလား ပေါင်းသင်းသည်။ ဤအချက်သည်ပင် ငပိရည်၏ ဒစ်ပလိုမေစီလား မပြောတတ်။ မိတ္တဗလာဋီကာကျမ်းကို ရေကျိုသောက်ထားသော ငပိရည်ပါတကား။

ငပိကို ငါးအမျိုးမျိုးနှင့်လုပ်သည်။ ငဇင်ရိုင်းနှင့် လုပ်သော ငပိမှာ ဈေးကြီးသည်။ စား၍ ကောင်းသည်။ ငပိနှင့် လောက်…. ရွှေနှင့်ကျောက်… မဟုတ်လား။ ငပိမှန်လျှင် လောက်နှင့် မကင်းပါ။ လောက်ကလည်း ငပိကြိုက် သည်။ ငပိကလည်း လောက်နှင့်ပျော်သည်။ အင်မတန် ကျင်လည်နိုင်သော ငပိပါတကား။

ကျနော်က မြစ်ဝကျွန်းပေါ်သား မဟုတ်၍ ငပိအကြောင်း သိပ်မသိပါ။ သို့သော် အခြေခံလူတန်းစား နင်းပြား ပီပီ ငပိနှင့် ရင်းနှီးပါသည်။ ငယ်ရွယ်စဉ် ကလေးဘဝကတည်းက ရင်းနှီးပါသည်။ အလွန်အမင်းလည်း ဖက်လှဲ တကင်း ရှိခဲ့ပါသည်။

ယခုလည်း ထို့အတူပင် ငပိနှင့် ရင်းနှီးနေပြန်သေးသည်။ ငယ်ငယ်တုန်းက ချစ်ကြိုက်ခဲ့သော ငပိနှင့် ပြန်ပေါင်း ထုပ်ရင်း ငပိဋီကာကို အပီအပြင် ဖွဲ့သီနေပြန်သည်။

ငပိရည်ကို ဆနွင်းလေးခပ်ပြီး ရေထည့်။ ပွက်ပွက်ဆူအောင် ကြို။ အရိုးငင်။ ဟင်းချိုမှုန့်လေး ပစ်ထည့်။ ငရုပ်သီး စိမ်းမီးဖုတ်လေး ထည့်။ ကြက်သွန်နီမီးဖုတ်လေး ပစ်ထည့်။ ငရုပ်သီး အကျက်မှုန့်လေး ထောင်းထည့်။ ဇွန်းနှင့် မွှေလိုက်။ ခပ်ပစ်ပစ်စားမလား။ ခပ်ကျဲကျဲလား။ ငပိရည်ကတော့ ခပ်ပျစ်ပျစ်သာကောင်းသည်။ ထို့နောက် ငပိ ကို သူ့အပေါင်းအဖော်တို့စရာများနှင့် နှစ်ပါးသွား က,ခိုင်းလို့ ရပြီ။

ငပိရည်မှာ ဘဝလောကဓံကို ဆူကြုံနိမ့်မြင့်ကြုံရပြန်သည်။ ဆင်းရဲသားကျောမွဲတို့၏ စားပွဲပေါ်တွင် ငပိရည် သည် အဓိက ဇာတ်ကောင်အဖြစ် ကပြအသုံးတော်ခံသည်။ သူဌေးသူကြွယ် လူဂုဏ်တန်တို့ စားပွဲဝိုင်းတွင်မူ ဇာတ်ပို့၊ ဇာတ်ရံအဖြစ်သာ က,ပြ အသုံးတော်ခံရသည်။ ထို့မျှ မကသေး။ ချီးမွှမ်းခြင်း၊ ကဲ့ရဲ့ခြင်း ဒဏ်ကလည်း မလွတ်သေး။

လူတို့က ထမင်းရယ်ဆာ…. ဟာလှပေါ့လေး… ဆိုလို့၊ ငပိရည်နံ့လေးသင်းနေလျှင် “ငပိရည်ကို မွှေးလိုက်တာ ဗိုက်တောင်ဆာလာပြီ…. အမြန် ကျက်ပါတော့ဗျို့” ဆိုပြီး တမ်းတမ်းတတ် မျှော်လင့်ခံရတတ်သည်။ လူတို့ ဗိုက် ပြည့်ဗိုက်တင်းပြီး ထမင်းကို ငပိရည်နှိုင်းချင်းနဲ့ အဝအပြဲစားပြီးသွားလျှင်မူ “မိန်းမရေ… လက်ဆေးရေ ဇလုံလေး အမြန် ယူခဲ့တော့…ဟ … ဒီမှာ လက်မှာ ငပိရည်နံ့ စွဲနေပြီ…” ဟူ၍ ပြောတတ်သေးသည်။ ငပိရည်ကြိုက်သော သူများ ချစ်သူရည်းစားထားလို့ ချိန်းတွေ့ချိန်များတွင်မူ ငပိရည်ကြိုဖြင့် နယ်စားထားသော လက်ကို ဆပ်ပြာဖြင့် သေချာ ဆေးသွားသင့်သည်။ ချစ်သူ့လက်ဖမိုးလေးကို တယုတယ နမ်းလိုက်လျှင် ငပိရည်ကြောင့် ဒရမ်မာ ခင်းရဖွယ် ရှိသည်။ ဤကား သတိချပ်ဖွယ်။

ငပိရည်သည် ဗားရှင်းအမျိုးမျိုး ရှိသေးသည်။ ငရုပ်သီးစိမ်း ထည့်မလား။ ငါးကျင်းသားသေား အတုံးလိုက် ထည့် မလား။ ငရုပ်သီးကြော်မှုန့်ထည့်မလား။ ကြက်သွန်ဖြူထောင်းထည့်မလား။ အမျိုးမျိုး အရသာကို ဖန်တီးနိုင်သေး သည်။ ငါးငပိရည်က ငပိရည်စပယ်ရှယ်လစ်များ လုပ်စားတတ်သော ဗားရှင်းဖြစ်သည်။

ငပိရည်။ ငံပြာရည်။ ခရမ်းချဉ်သီး ငပိချက်။ အမျိုးမျိုး လုပ်၍ စားနိုင်သည်။ ငပိသည် ချဉ်ပေါင်ကြော်ထဲတွင် ပါသည်။ ချည်ရည်ဟင်းထဲတွင်လည်း ပါသည်။ ဒန့်သလွန်ဟင်းချိုထဲတွင် ပုဇွန်ခြောက်မထည့်နိုင်လျှင် ၊ ရေနွေး ကျွက်ကျွက်ဆူထဲ ငပိလုံးလေး လက်တစ်ဆစ်လောက်ပစ်ထည့်လိုက်။ ပြီးမှ ဒန့်သလွန်ရွက်လေး ခပ်လိုက်။ ဤသို့ဖြင့် ဟင်းချိုတစ်ခွက်ရနိုင်သေးသည်။

ဗမာတို့က ငပိကို အမျိုးမျိုးလုပ်စားသည်။ ရခိုင်မုန့်တီတွင်မူ ငပိထောင်းစပ်စပ်လေးပါသေးသည်။ ကျနော်တို့က တော့ ရခိုင်မုန့်တီဟု မခေါ်၊ အာပူလျှာပူဟု ခေါ်သည်။ အာပူလျှာပူထဲတွင် ငပိထောင်းစပ်စပ်လေး ခပ်ထည့်မှ စပ်စူးစူးနှင့် သောက်လို့ကောင်းသည်။ ဗမာတို့က မနက်ခင်းမှာ ထမင်းကြော်နှင့် မနက်စာ စားတတ်သည်။ ရံဖန် ရံခါ စားတော်ပဲနှင့် ထမင်းဆီဆမ်း။ မနက်ခင်း ပွဲတော်တည်ခင်းလျှင် ငပိထောင်းစပ်စပ်လေးထဲ သံပုရာသီး စိတ် လေး ညစ်ထည့်။ အဘယ်မျှ ကောင်းသနည်း။ စားဖူးသူသာ သိပါသည်။ အဖိုးကြီးများသည် ငပိထောင်းလေး များဖြင့် နံနက်စာ စားရသည်ကို ကြိုက်နှစ်သက်သည်။ ငပိသည် ထိုမျှနှင့် မပြီးသေး။ သူ့၏ အခန်းကဏ္ဍမှာမူ ကြီးမားစွာ ကျန်ရှိနေသေးသည်။

ထန်းရည် ငပိ လူမသိစေနဲ့…. တဲ့။

ဤစကားကို အညာထန်းတောထဲ ပျော်ဖူးသူများ သိပါလိမ့်မည်။ ထန်းရည်နှင့် ငပိသည် ဘယ်လို လိုက်မှန်းမသိ လိုက်ဖက်ပါသနည်း။ ကမ္ဘာမှာ အင်မတန် လိုက်ဖက်၍ အတွဲအစပ်ညီသော စုံတွဲလင်မယားကို ပြပါဆိုလျှင် ထန်းရည်နှင့် ငပိကို လက်ညှိုးထိုး၍ ပြရလိမ့်မည်။ ဤမျှ အသုံးဝင်သော ငပိဖြစ်သည်။

အညာမှာ ရောင်းသော ငပိမှာ မကောင်းပါ။ ငပိသည် ငါးမများ။ ဆားသာ များသည်။ ထို့ကြောင့် ငပိမှာ ငါး အရသာ မရှိ။ ဆားအရသာ သာ ရှိသည်။ ဤသို့စားရဖန်များသော် အဆီပိတ် သွေးတိုးဖြင့် ဘဝနိဂုံးချုပ်ကြပါအံ့။ ထို့နောက် ရှိသေးသည်။ ငပိတွေထဲ ဓာတ်မြေဩဇာများ ထည့်သည်ဟု ကြားရသည်။ ဤသို့ဖြင့် ငပိ၏ ဂုဏ် အင်ကို နှိမ့်လိုက်ကြသည်။ သိနားလည်သူတို့ ငပိကို မစားရဲကြတော့။ ငပိကို ဇာတ်ပျက်အောင် ခင်းသူများ ဖြစ်သည်။ ငပိသည် ဆူကြုံနိမ့်မြင့်ကို ခံရပြီးဖြစ်သည်။ ငါးမပေါသော အညာဒေသအတွက် ငါးကို မပုတ်မသိုး အောင် ဆားဖြင့် သိပ်ထားသော ငပိသည် ခံတွင်းမြိန်စရာဖြစ်တတ်သေးသည်။ ဧရာဝတီသား ၊ ရန်ကုန်သား များအတွက် နေ့စဉ် မပါမဖြစ် ဇာတ်ကောင်ကြီးလည်းဖြစ်သေးသည်။ တောင်ပေါ်သားများကမူ ငပိကို ဘယ်ပုံ ဘယ်သို့ သဘောထားသည် မသိ။ ကျနော် တောင်ပေါ်သားဖြစ်မှ ငပိအကြောင်း အခန်းဆက် ထပ်၍ ရေးပါ အုံးမည်။

မင်းသေ့
ည ၉ း ၅၉
၉ ၊ ၉ ၊ ၂၀၁၉ ။
ရန်ကုန်မြို့။

Previous post သူတို့ သူတို့…. သူတို့
Next post တို့တိုင်းပြည်