ကျနော့် အတွက်၊ နိုင်ငံရေးအရ၊ ဒေသစာရီ ကြွရသည့် ကာလများက၊ တဖြည်းဖြည်း များပြားလာသည်။ ဒီမိုက ရေစီ ကို ချစ်သည်၊ မြတ်နိုးသည် ဆိုသည်မျိုးထက်၊ ဆင်ခြင်တုံတရားဖြင့် ယှဉ်သော နိုင်ငံရေး အခင်းအကျင်း ဖြစ်စေလိုခြင်းက၊ ကျနော့် ဆန္ဒဖြစ်သည်။ အညာဒေသ၊ မြေလတ်ဒေသ၊ တောင်ပေါ်ဒေသ၊ မြစ်ဝကျွန်းပေါ်၊ မြန်မာပြည်အောက်ပိုင်း၊ စသည်ဖြင့် မြို့နယ်ပေါင်း ၄၀ နီးပါးလောက်ကို၊ ကျနော် ခြေဆန့် သွားလာခဲ့သည်။ အကြိမ်ရေပေါင်းက ၆၀/ ၇၀ ကျော်။ ပုံသဏ္ဍာန်ပေါင်းစုံ၊ အခြေအနေ ပေါင်းစုံမှာ၊ နိုင်ငံရေးစာသင်ကြားမှု ခရီးစဉ် ကို ကျနော် စတင်ဖြစ်ခဲ့သည်။ အနယ်နယ်အရပ်ရပ်မှာလည်း၊ ဒေါင်းပျိုတို့ ဒေါင်းအိုတို့ အကြား ကျနော် ရှင်သန် ခဲ့သည်။ ၎င်းတို့နှင့်၊ ထိတွေ့ခဲ့သည်။ နီးစပ်ခဲ့သည်။ ရင်ဘတ်ချင်း ဂျပ်ပင်ထိုးခဲ့ကြသည်။ ဒေသအကြောင်း၊ အဖွဲ့ အစည်းအကြောင်း၊ ဖလှယ်ခဲ့ အကြံပေးခဲ့၊ နှီးနှောတိုင်ပင်ခဲ့သည်။

အလံတော်အောက်မှာ၊ တရားဝင် အဖွဲ့သားမဖြစ်စေကာမူ၊ ကျနော်သည် အဖွဲ့ဝင်နှင့်မခြား ရင်းနှီးကျွမ်းဝင်ခဲ့ ကြသည်။ ကျနော် လက်တွေ့နယ်ထဲက၊ ဒေါင်းများဖြင့် အတူပျံသန်းခဲ့ကြသည်။ သူတို့၏ လေဟုန်စီးမှု၊ အတောင်ဖြန့်ကျက်မှုများကို လေ့လာခွင့်ရခဲ့သည်။ အနာဂတ်ကို မှန်းဆကြည့်ရင်း၊ ကျနော်တို့ ပျံသန်းမှု နည်းနာ များကို၊ ထပ်မံလေ့လာခဲ့ကြသည်။ ကျနော် တွေ့သော နည်းများကို၊ ဖလှယ်သည်။ ဖြန့်ချိသည်။ ကျနော်မြင် သလောက် သဘောထား အမြင်မှတ်ချက်များပေးသည်။ လက်ရှိအခြေအနေမှာ၊ လက်တွေ့ ကျကျလုပ်ကိုင် တတ်မှုကို၊ သွေဖယ်မသွားရန် ကျနော် အမြဲပြောလေ့ရှိသည်။

ဖြစ်နိုင်ချေရှိတာ ကိုလုပ်တာ နိုင်ငံရေး။
ရန်သူကို မိတ်ဆွေဖြစ်အောင် လုပ်တာ နိုင်ငံရေး။
ဒီမိုကရေစီ ဆိုတာ မတည့်အတူနေဝါဒ။
အတိတ်က သင်ခန်းစာတွေကို၊ မပြတ် လေ့လာဖို့။
ကိုယ့်အကြောင်း၊ ကိုယ်သိဖို့။ ပတ်ဝန်းကျင်အကြောင်း သိဖို့။ လေ့လာဖို့ ။
အနီးကြည့်၊ အဝေးကြည့်များဖြင့် ဘက်မျှ စွာ ချဲ့ကြည့်ဖို့ ။
မှန်ပြောင်းများ နှင့် ပေတံများကို တစ်လှည့်စီ သုံးတတ်ဖို့ ။
….. စသည်ဖြင့် …. စသည်ဖြင့်….. ကျနော် ပြောဖူးသည်။

နောက်ကြည့်မှန်၊ ရှေ့မှန်၊ ကိုယ့်ဘာသာပြန်ကြည့်သည့် မှန်များ အကြောင်း ပြောဖြစ်သည်။
ထာဝရန်သူ၊ ထာဝရ မိတ်ဆွေ ဆိုသည်မျိုး မရှိ။ ထာဝရ အကျိုးစီးပွားသာ ရှိသည် ဟူသော သတိပေးချက်ဖြင့်၊ ချည်းကပ်တတ်ရန်လည်း၊ ကျနော် လက်တို့ သတိပေးဖြစ်သည်။ စစ်ဘောင်ကျယ်ခြင်း၊ ဒီမိုကရေစီဘောင်ကျဉ်း ခြင်းများကိုလည်း ကျနော် ပြောဖြစ်သည်။ အတိတ်သမိုင်းကိုလည်းကောက်သလို၊ အနာဂတ်ကိုလည်း ရှေးရှုပြီး ကျနော် ချည်းကပ်သည်။ ပဒေသာစုံမှု၊ ဗဟုဝါဒဖြင့် ရင်းနှီးကျွမ်းဝင်မှုကို ကျနော်တို့ အတူ လေ့ကျင့်ဖြစ်ကြ သည်။

ဤသို့ဖြင့်၊ မြန်မာနိုင်ငံ၏ အနာဂတ်တည်ဆောက်ရေး လမ်းစဉ်ကို ကျနော် စလှည့်သည်။ တတ်နိုင်သလောက် လှည့်သည်။ တကယ်တော့၊ ကျနော်မှာ ဘာမျှ လောက်လောက်လားသား တတ်ကျွမ်းသည်မျိုး မရှိ။ ယုံကြည် ချက်ဖြင့်၊ တစိုက်မတ်မတ် လေ့လာမှုက ရေရှည်မောင်းနှင်သွားမည်ဟု ကျနော် ယုံကြည်ထားသည်။ ယခုအထိ လည်း၊ ယုံကြည်ထားဆဲဖြစ်သည်။

အစက၊ အလံတော်အောက်မှ၊ ကျနော်တို့ ခြေဆန့်ဖို့ ကြိုးစားခဲ့သည်။ နောက်တော့၊ ကျနော်တို့ကို ခြေဆန့်ဖို့ လိုလားလက်ခံခဲ့ကြသည်။ ဘယ်ဒေသက၊ အလံတော်ဌာနချုပ်များ ကိုယ့်အိမ်မှတ်ပါ၊ ကိုယ့်ရာမှတ်ပါ ဟူသော၊ နွေးထွေးမှုများကို ကျနော်ကြုံရသည်။ ကျနော်ကလည်း၊ ကိုယ့်ဆွေမျိုးများကို တွေ့ရဆုံရသည့်သဖွယ်၊ နှလုံး သားချင်း ဖက်လှဲတကင်းဖြစ်မိသည်။ ကျနော်တို့ ဓာတ်တူသော သူများ စုမိကြသည် ထင်သည်။ ဓာတ်ဆိုတာ လည်း တူရာစုသော သဘောရှိသည် မဟုတ်လား။ အလံတော်အောက်က၊ တူရာ ဒေါင်းပျိုများ၊ ဒေါင်းအိုများ၊ အတောင်ဖြန့်ကျက်အားကောင်းသော ဒေါင်းများ၊ အသွေးအရောင်စုံဒေါင်းများ စသည်ဖြင့်၊ ကျနော်တို့ ရိုးသား စွာ ဓာတ်ကူးခဲ့ကြသည်။

• နိုင်ငံရေးဟာ၊ နိုင်ငံတည်ဆောက်ရေးဖြစ်သည်။
• ပြည်သူ့အစာအိမ်ပြဿနာကို လျစ်လျှူမရှု သင့်။
• လက်တွေ့နိုင်ငံရေးမှာ၊ လက်တွေ့ကျကျ ချည်းကပ်တတ်မှုက အရေးကြီးသည်။
• လေ့လာသင်ယူမှုက၊ သမိုင်းအမှားများကို ဖာထေးနိုင်သည်။
• အကြွင်းသုညဂိမ်း စက်ကွင်းထဲ ထွက်ဖို့ အရေးကြီးသည်။
• ငါ နှင့် မတူ ငါ့ရန်သူ၊ ရန်သူ မိတ်ဆွေ အမြင်၊ ဖြူမည်း နိုင်ငံရေး လမ်းကြောင်းတို့၏ ချို့တဲ့မှုများ
စသည်ဖြင့်…. ကျနော်တို့၏ သဘောထားလက်တံများကို ဖြန့်ကျက်ဖို့ ကြိုးစားခဲ့ကြသည်။

ယခုဆိုလျှင်၊ အလံတော် နေ့စွဲများမှာ ၄ နှစ်တင်းတင်းပင် ပြည့်ခဲ့ပြီ။ မြို့နယ် တစ်ခုချင်းစီသည်၊ ကွင်းတစ်ကွင်း ဆိုလျှင်၊ ကျနော် ကန်ခဲ့သော ကွင်းတွေ အတော်ရှိလာပြီ ဟု ဆိုနိုင်ပြီ။ အစပိုင်းက၊ စိတ်ပျက်အားလျော့မှုများ က တဖြည်းဖြည်း ပါးလျလာသည်။ နိုင်ငံရေးမှာ ကျနော့်မျှော်လင့်ချက်များ၊ ရောင်ခြည်ပြန်သန်းလာသည်။ နိုင်ငံ ရေးနှင့် နိုင်ငံတည်ဆောက်ရေးကို တစိုက်မတ်မတ် လုပ်နေသင့်ကြောင်း ကျနော် ယုံကြည်မိသည်။

ဘာမှ ဖြစ်မလာဘူး၊ သည့်အတွက် ဘာမှ မလုပ်တော့တာ ကောင်းတယ်… ဟု ထင်ထားလျှင်လည်း၊ ထင်သည့် အတိုင်း ဘာမှဖြစ်လာမည် မဟုတ်။ လုပ်လျှင်ဖြစ်သည်။ တစ်ခုခု လုပ်နေလျှင် တစ်ခုခုတော့ ဖြစ်လာလိမ့်မည်။ ဘာမှ မလုပ်လျှင်၊ ဘာမှ မဖြစ်မလာ။ အလံတော် ဝန်းကျင်မှာ နေပြီး၊ ဘေးထိုင် ဘုပြောသမားများလည်း၊ လှမ်း တွေ့ရသည်။ ၎င်းတို့ကို ပြန်ကြည့်လိုက်တော့၊ ယခင်ကလည်း သည်လို။ ယခုလည်း သည်လို။ နောင်လည်း သည်လိုပဲ ဖြစ်မည် ထင်သည်။ ကိုယ့်အထင်အမြင်က၊ ကိုယ့်ကြမ္မာကို ဖန်တီးသည် မဟုတ်လား။

ထို့ကြောင့်၊ ကျနော်တို့ အထင်အမြင်များကို အကောင်းဘက်သို့ ရှေးရှုကြစို့ ။
စာအုပ်များ ထိုင်ဖတ်ပြီး၊ နိုင်ငံရေး သဘောထား အမြင်များ ရေးသားဖြန့်ချိနေခြင်းထက်၊ လက်တွေ့ ဖြတ်သန်းမှု များဖြင့်၊ မှတ်ချက်များ ပေးလျှင် နိုင်ငံရေး အရွေ့က ပို၍ သိသာလာမည်။ နိုင်ငံရေးစိစစ်သူများက၊ ပုံနှိပ်ထား သော သတင်းများနှင့်၊ ဒစ်ဂျစ်တယ်မီဒီယာ စခရင်ထက်က၊ အချက်အလက်များကို ကျော်ကြည့်နိုင်မှ ကောင်း မည်။ အာဏာနိုင်ငံရေးသမားတို့၊ လက်ခံဖို့ ခက်သော မှတ်ချက်အမြင်များမှာ၊ အလကား အကြောင်းမဲ့ ဖြစ်လာ သည် မဟုတ်။ အကြောင်းတရားတို့ ညီညွှတ်၍ အကျိုးတရားတို့ ပေါ်ပေါက်လာသည်ဟု ဆိုနိုင်သည်။
ကျနော် တို့၊ ကိုယ့်မှန်ကို ကိုယ်ပြန်ကြည့်ကြစို့။
ကြည့်သော မှန်ကလည်း ကိုယ်လုံးပေါ်မှန် ဖြစ်မှ ကောင်းသည်။
နှောင်းခေတ်က မှန်များ ဆိုလျှင်လည်း၊ ကြည်အောင် ပြဒါးများ ပြန်သုတ်ကြစို့။
မှန်အပေါ်က ဖုံများ ပြန်ခါကြစို့ ။

ကျနော်အနေဖြင့်၊ အလံတော်အောက်က နေ့စွဲများ ထပ်မံ များပြားလာလိမ့်မည်ဟု ထင်သည်။ ရိုးသားမှုနှင့် ဆင်ခြင်တုံတရားတို့က၊ လက်ကမ်းကြိုဆိုမှုများကို ပိုမို ခိုင်မြဲ ကျယ်ပြန့်စေမည်ဟု ကျနော်ယုံကြည်သည်။ လမ်း ချင်းတူသူများ၊ လူချင်းတွေ့ဖို့ ကျနော်တို့ အကြောင်းဖန်လာအုံးမည်။ တူသော ဓာတ်များ စုကြမှ၊ ဓာတ်ပေါင်းစု ၏ စွမ်းအင်တစ်ခုကို ကျနော်တို့ နိုင်ငံ ရကြလိမ့်မည်။

ကျနော့်အတွက်၊ ရည်ရွယ်ချက်တူ၊ လမ်းကြောင်းတူ၊ ယုံကြည်ချက်၊ ခံယူချက် တူသူ မည်သူနှင့်မဆို၊ လက်တွဲ ရန် ဝန်မလေး။ ခရီးလမ်းကို အတူ လျှောက်ကြရန်လည်း၊ မခက်ခဲ။ အမြင်မတော်လျှင်၊ ဖေးမ လက်တို့ သတိ ပေးဖို့လည်း မတွန့်ဆုတ်။ ကိုယ့်ကိုယ်ကို ပြန်ဆင်ခြင်ကြဖို့လည်း၊ မနှောင့်နှေး။

ကျနော်က၊ စည်းရုံးရေးအလုပ်များ မလုပ်။ ဆော်ဩရေး အလုပ်များကို လုပ်သည်။ အမြင်မတော် ဆင်တော်နှင့် ခလောက်များတွေ့လျှင်၊ ဆားအိုးများကို နဘေးက လူများသို့ ပစ်ပေးလိုက်သည်။ လူထုမျက်နှာကို ကြည့်ဖို့၊ ပြောသည်။ ရံဖန်ရံခါလည်း၊ လူထုနောက်မှီးဆွဲ ရန်မှ ကင်းဝေးအောင် လုပ်ကြဖို့ ကောင်းသည်။

ကျနော်က အစွဲအလမ်းကြီးသည်။ သံယောဇဉ် တွယ်တတ်သည်။
နှောင်ကြိုးများကိုလည်း၊ ပြတ်ပြတ်သားသား ဖြတ်တတ်သည်။
ဆန့်ကျင်ဘက်၊ အယူအဆများကို ကျနော့် ခေါင်းထဲမှာ ရောကျိုထားသည်။

အဖန်ဓာတ် နှင့် အချိုဓာတ်ကို စားသုံးသူအကြိုက် ရောဖျော်တတ်သော၊ လက်ဖက်ရည်ဆရာလိုမျိုး စွမ်းရည် ကျနော် တည်ဆောက်ထားသည်။ အလံတော်အောက်မှာ၊ သမာရိုးကျ လမ်းများဖြင့်၊ ကျနော်တို့ ချည်းကပ်လျှင် အလုပ်မတွင်။

ရိုးသားမှုဓာတ်ခံကို ပို၍ ထူလာအောင် လုပ်ဖို့အတွက်၊ ကျနော့်ကို ကျနော် သတိပေးဆဲ။
လက်သည်းဖြင့် ကိုယ့်ဘာသာ ဆိတ်မိ ဆွမိဆဲ။

မင်းသေ့
ညနေ ၆ း ၂၀
၈ ၊ ဇူလိုင် ၊ ၂၀၁၇
တန့်ဆည်မြို့။

Previous post အဖိုးကြီး
Next post သူတို့ သူတို့…. သူတို့