ကျနော် ပထမနှစ်တက္ကသိုလ်ကျောင်းသားဘဝတုန်းက၊ ထိခိုက်မှု တစ်ခုဖြစ်ခဲ့ဖူးသည်။ လက်မကို ဘလိတ်ဓား နှင့် ခွဲမိခြင်းဖြစ်သည်။ ဒဏ်ရာက အတော်နက်သည်။ တစ်လက်မနီးပါးလောက် ပြဲသွားသည်။ အခုထိ ညာဘက် လက်မှမှာ၊ အလျားလိုက် အမာရွတ်က ရှိနေသေးသည်။ သည်ဒဏ်ရာ ရခဲ့ပုံက၊ ဒီလို။

ကျနော်က၊ မုတ်ဆိတ်ရိတ်သည်။ ဓားကို အကျီ ၤ အိတ်ကပ်ထဲ ဓားဖုံးစက္ကူလေးသာ အုပ်ပြီး ထည့်ထားသည်။ ပြီး တော့ ကျနော် အကျီ ၤကို လျှော်ဖို့၊ ဆပ်ပြာရည် စိမ်သည်။ ဓားကို မထုတ်မိဘဲ လျှော်မိသည်။ ပြီးတော့ အကျီ ၤ တစ်ခုချင်းစီကို၊ လက်နှစ်ဖက်နှင့် လိမ်ပြီး ရေညစ်သည်။ အဲ့မှာ စသည်။ လက်က ရေနူးနေသည်။ ကိုယ်က၊ အား နှင့် အကျီ ၤက ရေကို ကုန်အောင် အားနဲ့ ညစ်ထည့်လိုက်သည်။ လက်က ပူကနဲ ဖြစ်သွားသည်။ သွေးတွေ ဖြာ ထွက်ကုန်သည်။ လက်ကို ငုံ့ကြည့်လိုက်သည်။ သွေးတွေက နီလို့ ရဲလို့။ ကျနော့် လက်က တဆတ်ဆတ် တုန် နေသည်။ ဆေးထည့်ပြီး၊ ကျနော့် လက်ကို ပတ်တီး စီးထားလိုက်သည်။

အဲ့သည့်နေ့ညက၊ ကျနော် စာရေးဖြစ်သည်။ ကျနော် ဒဏ်ရာရသည်က၊ ညာဘက် လက်မ။ ကျနော်ကလည်း၊ ညာသန်။ ဘောပင်နှင့် စာကို ညာလက်ဖြင့်၊ ငယ်ငယ်ကတည်းက ရေးခဲ့သည်။ လက်က၊ ဒဏ်ရာက ညအထိ နာနေတုန်း။ လက်ကို မြှောက်လိုက်လျှင်၊ ကောင်းကောင်း မြှောက်လို့မရ။ တုန်ပြီး လက်က အောက်ပြန်ကျလာ သည်။

လက်က၊ ဒဏ်ရာကို အံတုပြီး ကျနော် စာ နှစ်မျက်နှာ အပြည့် စာရေးခဲ့သည်။ စာမျက်နှာ၏ ထိပ်ဆုံးမှာ၊ ဝါကျ တစ်ကြောင်း ကျနော်ရေးချလိုက်သည်။

“အနုပညာက ထာဝရ၊ ဝေဒနာက တစ်ခဏ” ဟူ၍။

လက်က တုန်တုန်ယင်ယင် နှင့်။ လက်ရေးကလည်း မပီမသ။ ဘောပင် ကို ခပ်ဖွဖွသာ ကိုင်နိုင်သည်။ သည်လိုနှင့် ကျနော် စာရေးနိုင်ခဲ့သည်။

ကျနော်ဖတ်ဖူးသော ပန်းချီဆရာတစ်ယောက်အကြောင်းရှိသည်။ အနောက်တိုင်းက ထင်သည်။ သူ့က မတော် တဆမှုကြောင့်လားမသိ၊ သူ့လက်ချောင်းတွေ ပြတ်ထွက်ကုန်သည်။ ဒါတောင် သူသေသည်အထိ၊ သူ့လက်ကို စုတ်တံကို လက်မှ ကြိုးချည်ပြီး ပန်းချီကားတွေ ဆွဲသွားသည်။ သူ့အကြောင်းကို ဖတ်မိပြီး၊ သိပ်မကြာခင်မှာ၊ ကျနော် အခုလို ဒဏ်ရာရခြင်းဖြစ်သည်။ သည်စိတ်ကြောင့်ပင်၊ လက်ကဒဏ်ရာ နာနာကျင်ကျင်နှင့် စာရေးရန် ကျနော် ကြိုးစားခဲ့ခြင်း ဖြစ်ဟန်တူသည်။

စာရေးခြင်းကို ကျနော် နှစ်သက်သည်။ ကျနော် တစ်သက်လုံး တစိုက်မတ်မတ်လုပ်သွားမည့် အလုပ်က၊ စာရေး ခြင်း အလုပ်ပဲလို့ ကျနော် ပြဌာန်းထားသည်။ စာရေးခြင်းသည်၊ မလွယ်ကူပါ။ လက်က ကလောင်ကို ကိုင်နိုင်ရုံ ဖြင့်၊ စာရေး၍ မရ။ စာရေးရန် လိုအပ်သော ခန္ဓာကိုယ် အစိတ်အပိုင်းများ ရှိသည်။

စာရေးသူ တစ်ယောက်က၊ လူတွေထဲကို တိုးဝင်ရမည်။ ထို့အတွက်၊ သူဟာ သွားနိုင်လာနိုင်၊ ထိုင်နိုင် ထနိုင်၊ လှုပ်ရှားနိုင်မှ ကောင်းသည်။ သို့မဟုတ်ပါက၊ စာအုပ်တွေ ဖတ်ပြီးသာ၊ စာရေးရဟန်ရှိသည်။ နောက်ထပ်အရေး ကြီးသည်မှာ၊ စာအုပ်များကို ဖတ်ရန် ဖြစ်သည်။ စာအုပ်များကို ဖတ်ရန်၊ စာပေသမား၊ စာရေးမည့်သူက မျက်စိ အားကောင်းမှ ရမည်။ မျက်လုံး များ သန်စွမ်းရန် လိုသည်။ ကျနော်တို့က၊ စာဖတ်ခြင်းကို မျက်စိဖြင့် အဓိကထား လုပ်ကြသည်။ မျက်လုံးသည်၊ စာရေးသူများအဖို့ ၊ အင်မတန် အဖိုးတန်သည်။

ကျနော် စဉ်းစားသည်။ ကျနော့် မျက်စိတွေ ကွယ်သွားလျှင် ဘယ်လိုလုပ်မည်နည်း။ ကျနော် မကြာခဏတွေး ဖြစ်သော အတွေးဖြစ်သည်။ အခု တိုက်တိုက်ဆိုင်ဆိုင်၊ ကျနော် မျက်စိဆေးတွေ သောက်နေရသည်။ မနေ့က တစ်ညလုံး၊ အိပ်ရာထဲမှာ လူးလိမ့်နေရသည်။ ဘယ်ဘက် မျက်လုံးက မျက်ရည်ပူတွေ လိမ့်ဆင်းနေသည်။ မျက် ခွံတွေကလည်း၊ ယောင်နေသည်။ ဖူးလို့ ဖောင်းလို့။ မျက်ဝတ်တွေက၊ မနက်ခင်း အိပ်ရာထတော့၊ ဘယ်ဘက် မျက်လုံးမှာ အပြည်။ ပြင်ပကို ကောင်းကောင်းကြည့်လို့မရ။ ညာဖက်မျက်လုံး တစ်ဖက်တည်းဖြင့်၊ ကျနော် ကြည့်နေရသည်။

မနေ့တစ်နေ့ကတည်းက၊ ဘယ်ဖက်မျက်လုံး ညာဖက်ထောင့်က အောင့်တောင့်တောင့်။ မျက်တတ်တတ် ဖြစ် နေသည်။ ညက အတော်ဆိုးသည်။ အခုထက်ထိ၊ မျက်လုံးက မသက်သာချင်။ ကျနော့် မိတ်ဆွေသူငယ်ချင်း ဆရာဝန်ကြီးဆီ၊ ဖုန်းဆက်သည်။ မက်ဆန်ဂျာက၊ ပုံတွေ ပို့ပေးပြီး သူ့ကို အကူအညီတောင်းသည်။ သူ့က ဆေးတွေ ညွှန်းသည်။ ဘယ်လို နေထိုင် ဆိုပြီး ပြောသည်။ ကျနော် လိုက်နာပါသည်။ သူ့ပြောသေးသည်။ မျက်လုံးကို သန့်ရှင်းစွာထားဖို့၊ လက်နှင့် မပွတ်ဖို့။ နာရီဝက်ခြား တစ်ခါ ကောင်မလေးကို တစ်ရှုးဖြင့်၊ မျက်ဝတ် သုတ်ပေးဖို့ပါ ဂရုတစိုက် ပြောရှာသည်။ သို့ပေမယ့်…. ကျနော့်မှာ ဆေးတွေသာ ရှိသည်။ ကောင်မလေး ဟူသည်ကား၊ ဗလာ နတ္ထိ။ ကျနော့် အစ်မတော်ကလည်း၊ အလုပ်သွားသည်။ ဆေးဝယ်ဖို့တောင်၊ အိမ်က အဖေ့ ကို အကူအညီတောင်းပြီး ဝယ်ရသည်။ အဲ… ထားတော့။ ကျနော် ပြောတာများသွားပြီ။

ကျနော် တွေးသည့်အတွေးစကို ပြန်ဆက်မည်။ မျက်လုံးတွေ ကွယ်သွားလျှင်၊ ကျနော် ဘာနှင့် စာဖတ်မည် နည်း။ ကျနော် နားတွေနဲ့ ဖတ်မည်။ ကျနော် နားတွေ ကောင်းသေးသည်။ ကျနော်တို့က နားတွေနဲ့ စာဖတ်ဖို့ သိပ်မစဉ်းစားမိကြ။ စာဖတ်ရာ၌၊ မျက်လုံးတွေကလည်း ဖတ်သည်။ နားတွေကလည်း ဖတ်သည်။ မျက်စိတွေ ကောင်းလျှင်၊ နားတွေ ကောင်းလျှင် ကျနော် စာတွေအများကြီးရေးနိုင်လိမ့်မည်။ မျက်စိတွေ ကွယ်သွားလျှင်၊ လည်း နားတွေ မထိုင်းသရွေ့ ကျနော့်မှာ လေ့လာသင်ယူစရာတွေ ရှိနေသေးသည်။ ကျန်နေသေးသည်။ ဒါဆို ကျနော့် လေ့လာမှုများ၊ မသေနိုင်တော့။

နောက်ပြီး ဆက်တွေးသည်။ အကယ်၍ ကျနော့်လက်ချောင်းတွေ မရှိလျှင်၊ ကျနော် ဘာနှင့် စာရေးမည်နည်း။ ကျနော် တွေးထားပြီးသားရှိသည်။ ပညာဖြန့်ခြင်း အလုပ်ကို၊ စာရေးခြင်းဖြင့်သာ လုပ်၍ ရသည် မဟုတ်။ အခြား နည်းပေါင်း မြောက်မြားစွာ ရှိနေပြီးဖြစ်သည်။ စာရေးခြင်းသည် ပညာကို ရေးသားဖြန့်ချိခြင်း တစ်မျိုးဖြစ်သည်။ လက်တွေဖြင့် စာရေးလို့ မရလျှင်၊ ပါးစပ်ဖြင့် စာရေးမည်။ ကျနော့် နုတ်မှ စကားတွေ ပီပီသသ ပြောနိုင်သေး သရွေ့၊ စကားတွေကို စာအဖြစ်၊ စာအုပ်အဖြစ်၊ စကားလုံးတွေအဖြစ် အက္ခရာတင်နိုင်သေးသည်။

စာရေးခြင်းသည်၊ အက္ခရာ သင်္ကေတများဖြင့် ပညာကို ဖြန့်ချိခြင်းဖြစ်သည်။ စာတွေကို မျက်လုံးက ဖတ်သည်။ စာဖတ်ခြင်းသည်၊ ပညာကို မျက်လုံးတွေဖြင့် လေ့လာခြင်းဖြစ်သည်။

အကျော်အမော် ဆရာတော်ကြီးများ အကြောင်း ဆက်စပ်ပြီးတွေးမိသည်။ မိုးကုတ်ဆရာတော်ကြီး၊ သည် စာ အုပ် တစ်အုပ်မျှ မရေးခဲ့။ သို့သော် ဆရာတော်ကြီး၏ ဟောတရားများကို တိတ်ရီကော်ဒါဖြင့်၊ အသံသွင်းထား၍ ယခုထက်ထိ မိုးကုတ် ဝိပဿနာတရားများ၊ မြန်မာရော၊ ကမ္ဘာမှာပါ ဖြန့်ကျက်နိုင်ခဲ့သည်။ ဆရာတော်ကြီး၏ အသံသွင်းတရားများကိုပင်၊ စာအုပ်အဖြစ် အက္ခရာတင်ပြီး၊ အများအပြား ထုတ်ဝေထားပြီးဖြစ်သည်။

နောက်၊ အရှင်ဇနကာဘိဝံသဖြစ်သည်။ မဟာဂန္ဓာရုံဆရာတော်ကြီးက၊ ကျမ်းစာပေါင်း မြောက်မြားစွာလည်း ရေးခဲ့သည်။ တရားများလည်း ဟောခဲ့သည်။ ဆရာတော်ကြီး၏ တရားများကို အသံဖိုင်များဖြင့်၊ နာယူနိုင် သည်။ ပညာဖြန့်ခြင်းကို၊ စာရေးခြင်း၊ တရားဟောခြင်း၊ စာသင်၊ စာချခြင်းဖြင့် ဖြန့်ချိနိုင်ခဲ့သူတည်း။

လယ်တီ ဆရာတော်ကြီးခေတ်က၊ တိတ်ရီကော်ဒါများ မတွင်ကျယ်ခြင်းကြောင့်၊ လယ်တီဆရာတော်ကြီး ဟော တရားများကို မှတ်တမ်း မတင်နိုင်ခဲ့။ သို့သော် လယ်တီဆရာတော်ကြီးက၊ ဒီပနီပေါင်းများစွာ ရေးသားခဲ့ခြင်း ကြောင့်၊ ယခုထက်ထိ လက်တီတရားများ၊ ဒီပနီများသည် သာသနာအတွက် အကျိုးများနေသည်။

ယခုခေတ်၊ နာမည် ကျော်ကြားသော ပါမောက္ခချုပ်ဆရာတော်ကြီး၊ သီတဂူဆရာတော်ကြီး နှင့်အခြားသော ဓမ္မကထိက ဆရာတော်ကြီးများသည်၊ ကျမ်းစာများလည်း ရေးသည်။ တရားများလည်း ဟောသည်။ ဟော သည့်တရားတိုင်းကိုလည်း၊ အသံရော၊ ရုပ်ရော မှတ်တမ်းတင်နိုင်ခဲ့သည်။ အိုင်တီဖွံ့ဖြိုးလာခြင်းကြောင့်ပင်၊ ဆရာတော်ကြီးများသည် ဈာန်အဘိဉာဉ်များ ရသည့်သဖွယ်၊ ကမ္ဘာနေရာအနှံ့အပြားကို တရားများ အချိန်တိုင်း ဟောနိုင်သကဲ့သို့ပင် ဖြစ်နေသေးသည်။ ခေတ်သည် ဆန်းကျယ်ပေစွ။

ထိုမျှမက၊ သယ်ယူပို့ဆောင်ရေး လမ်းကြောင်းများ မြန်ဆန်မြင့်မားလာခြင်းကြောင့် ကမ္ဘာအနှံ့ကို လေယာဉ်ဖြင့် ကြွချီ၍ ဓမ္မစက်ကို ဖြန့်ကျနိုင်ကြသည်။ ဝမ်းသာဖွယ်ကောင်းပေစွ။

ဤကား၊ ကျွန်ုပ်၏ ဝေဒနာက တစ်ခဏ ဟူသော နှလုံးသွင်းမှုဖြင့် ရေးသော အက်ဆေး တစ်ပုဒ်ပင် ဖြစ်ပါသည်။

မင်းသေ့
နေ့လည် ၁၁ း ၀၁
၂ ၊ ဇူလိုင်လ၊ ၂၀၁၇

Previous post အက်ဆေးတစ်ပုဒ် ရေး၍ ဖိတ်ကြားခြင်း
Next post နိုင်ငံရေးစာပန်းချီ ( ၈ – ၈ – ၈၈ )