ဘာလို့ အဖိုးကြီးလို့ ခေါ်သလဲ။ တန်ဖိုးကြီးလို့ အဖိုးကြီးလို့ ခေါ်ခြင်းဖြစ်သည်။ တန်ဖိုးကြီးခြင်း၏ အကြောင်းများ၊ များရှိသည်။
• ပညာနှင့် အတွေ့အကြုံ။
• အတွေ့အကြုံနှင့် ဖြတ်သန်းမှုက ရသည့် ပညာ။
• ဘဝနှင့် ရင်းပြီး ရခဲ့သော ဒဿနများ။
• မတူသော ခေတ်စနစ်၊ အခြေအနေမှ ဒုက္ခများ။ ခလုတ်ကသင်းများ။။

လေ့လာသင်ယူ၍ မရနိုင်သော၊ ပညာများရှိကြောင်း၊ သည့်နောက်ပိုင်း ကျနော် လက်ခံလာရသည်။ ဖြတ်သန်းမှုနှင့် တွေ့ကြုံမှုများက ဝယ်ယူလို့မရသော အရာများ၊
သင်ယူလို့မရသော အရာများဟု
ကျနော်လက်ခံလာသည်။
ယခင်က၊
ကျနော့်အတွေးများမှာ ဤသို့
မဟုတ်။ လေ့လာသင်ယူနိုင်ရင်၊ ဘာမဆို ဖြစ်နိုင်တယ်… သိနိုင်တယ်၊ မြင်နိုင်တယ်…. ခံစားနိုင်တယ် လို့ ကျနော် ပြင်းပြင်းထန်ထန် ယူဆခဲ့သည်။

ယခုတော့၊ အချို့သော လက်သီးဆုပ်များကို ကျနော် ဖြည်ခဲ့ရသည်။ ဖြည်ရသော အကြောင်းများလည်း၊ ကြုံမိ ဆုံမိသောကြောင့်ဖြစ်သည်။ လေ့လာသင်ယူ၍ မရသော အရာများတွင်၊ ခံစားချက်နှင့် ပက်သက်သည်များ လည်း အမြောက်အမြား ပါဝင်သည်။ သိမှု၊ မြင်မှုကိုလည်း လုပ်ယူလို့ ရနိုင်သည်။ သို့သော် ကိုယ်တိုင် စိတ်ထဲ၊ ဦးနှောက်ထဲ၊ အသွေးအသားထဲက အလိုအလျောက်သိမြင်ခြင်းနှင့်၊ မှတ်မိအောင် စွဲမြဲအောင် လုပ်ယူထားခြင်း နှင့် မတူ။ မတူ။ လုံးဝ မတူ။ အခုလည်း မတူ။ နောက်များလည်း တူနိုင်မည် မထင်။

လေ့လာမှုသည် အရေးကြီးသည်။ လေ့လာမှု နည်းတူ ဖြတ်သန်းမှုကလည်း အရေးကြီးသည်။ ပို၍ အရေးကြီး သည်မှာ၊ လေ့လာမှုနှင့် ဖြတ်သန်းမှုတို့ကို တိနိုင်၊ ညှိနိုင်မှု ဖြစ်သည်။ အရေးအကြီးဆုံးမှာ၊ လေ့လာမှုနှင့် တွေ့ ကြုံမှု၊ တွေးခေါ်မှုများမှ လွတ်မြောက်ရေးဖြစ်သည်။ သို့သော် ကျနော်တို့ လို အညတရများက၊ လွတ်မြောက်ဖို့ ခဲယဉ်းလှသည်။ ခဲယဉ်းသော်လည်း၊ ခဲယဉ်းသည့် အရာကို လွယ်ကူအောင် အထုံများ ဖြည့်ကျင့်ထားရမည်မှာ မိမိတာဝန် မဟုတ်လား။

စာရေးဆရာ ဖေမြင့်က၊ သူ့စာအုပ်တစ်အုပ်မှာ ဤသို့ရေးသည်။ လူသည် တစ်နေ့ထက် တစ်နေ့ အသိဉာဏ် သာရမည်။ တစ်နေ့တစ်ခြား ဦးနှောက်အလေးချိန် ပိုစီးလာရမည် ဟူ၍ ရေးသည်။ ဗုဒ္ဓအဟော၌၊ ဤသို့ ရှိသေး သည်။ မင်္ဂလသုတ်မှာ ဟောထားခြင်းဖြစ်သည်။ ကုသိုလ်၊ ပညာ၊ ဥစ္စာ ရဖို့ သင့်ရာ ဒေသ အမြဲနေ… ရှေးက တင်ကြိုပြုခဲ့ဖူးသည့် ကောင်းမှု အထူး ရှိပါစေ… ဟူ၍။

ကွန်ဖြူးရှပ်ကလည်း၊ ထိုနည်း လည်းကောင်း မိန့်ထားဖူးသည်။ “ပညာရနိုင်တဲ့အရပ်မှာ မနေဘူးဆိုရင်၊ ထိုသူကို ဘယ်လိုလုပ် ပညာရှိ ပုဂ္ဂိုလ်လို့ ပြောနိုင်တော့မှာလဲ” ဟူ၍ မိန့်ဖူးသည်။

ကျနော်တို့က၊ ရည်မှန်းချက်တစ်ခုကို ရောက်ဖို့ ရည်မှန်းချက်အတွက် အထောက်အပံ့ဖြစ်စေမည့် အကြောင်း တရားများကို ဖြည့်ထား၊ ကျင့်ထား၊ သိုမှီးထားဖို့ ကောင်းသည်။ ရည်မှန်းချက်သည်၊ အကျိုးတရား ဆိုလျှင်၊ ကြိုး စားအားထုတ်ခြင်းသည် အကြောင်းတရားဖြစ်သည်။ အကြောင်းတရားတို့ ညီညွတ်မျှတစွာ အကျိုးမပေးဘဲ၊ အကျိုးတရားတို့ ဘယ်သော အခါမှ မဖြစ်ထွန်း။

ကြိုးစားမှုများထဲတွင်၊ ပါဝင်သော အချက်များရှိသည်။ အဓိပတိထားရမည့် အချက်များဖြစ်သည်။
o ဆန္ဒာဓိပတိ
o ဝီရိယာဓိပတိ
o စိတ္တာဓိပတိ
o ဝီမံသာဓိပတိ

ဆန္ဒဇောပြင်းပြရင်၊
ဝီရိယအားကောင်းရင်၊
စိတ်ဓာတ်ပြင်းပြရင်၊
ပညာအကြီးအမှူးပြုရင် အောင်မြင်သည်။ ပေါက်မြောက်သည်။ ထွန်းပေါက်သည်။

လေ့လာမှုလည်း လိုသည်။ အတွေ့အကြုံလည်း လိုသည်။ လေ့လာသမျှ၊ တွေ့ကြုံသမျှကို ဆင်ခြင်စဉ်းစားပြီး၊ အတုယူခြင်း၊ သင်ခန်းစာယူခြင်းလည်း လိုသည်။ အတုယူခြင်းသည် ကောင်းသော၊ မှန်သော အရာများအတွက် ဖြစ်သည်။ သင်ခန်းစာယူခြင်းသည်၊ ဆိုးသော၊ မှားသော အရာများအတွက်ဖြစ်သည်။

လေ့လာမှု၌၊ စဉ်ဆက်မပြတ် လေ့လာမှု၊ တစိုက်မတ်မတ် လေ့လာမှု၊ နက်နက်နဲနဲ လေ့လာမှု၊ ကျယ်ကျယ် ပြန့်ပြန့် လေ့လာမှု၊ ဘဝတစ်လျှောက်လုံး လေ့လာမှု မပြတ် ရှိထားရမည်။ ကောက်ရိုးမီးများသည်၊ ပညာအရာ၌ မပေါက်မြောက်။ ဟိုစပ်စပ် ဒီစပ်စပ်သမားများက၊ ဘယ်အရာမှ မဖြစ်မြောက်။ အမြဲ အပျက်တွေး တွေးနေသူ များက၊ ဘယ်နေရာမှ အရာ မဝင်။ အရာမဝင်မှတော့ အရာလည်း ရောက်သူ မဖြစ်နိုင်။

စိတ်ဇောပြင်းပြမှုကလည်း၊ အရေးကြီးသည်။ အမြဲ စိတ်မှာ လိုလားတောင့်တနေသည့် ချင်ခြင်းကို မပြတ်ထား နိုင်မှ ကောင်းသည်။ လိုချင်တောင့်တမှု ချင်ခြင်းကို၊ မပြတ်မွေးမြူနေမှ၊ လူ့ခန္ဓာအင်ဂျင်က အမြဲ လှုပ်လှုပ်ရှား ရှား ရုန်းကန်နေလိမ့်မည်။ သည် အချက်သည် အရေးကြီးသည်။

စိတ်ဆောင်မှု၊ ဝီရိယဦးဆောင်မှု နောက်မှာ ပညာနှင့် အောင်မြင်မှုက လိုက်သည်။ သို့်မဟုတ်က မလွယ်။ ဇာတ် လမ်းတွေ ထဲတွင်၊ အောင်မြင်ပေါက်မြောက်သူဖြစ်ဖို့ ၁၅ စက္ကန့်သာ လိုသည်။ တကယ့်လက်တွေ့မှာ၊ ဤသို့ မဟုတ်။ အနည်းဆုံး ၁၅ နှစ်ကြာသည်။ သို့သော် ဤ ၁၅ နှစ်က၊ အိရော အိရော လုပ်နေပါက၊ ဘယ်အရာမှ မဖြစ်မြောက်။ အောင်မြင်မှုသည်၊ ထိုင်စောင့်နေရမည့် အရာ မဟုတ်။ ကိုယ်တိုင်လုပ်ယူမှ ရသော အရာဖြစ် သည်။

နေ့စဉ် စက္ကန့် နာရီ မလပ် အောင်မြင်မှုကိုဖြစ်စေသော အကြောင်းတရားများကို လုပ်နေမှ၊ ရည်မှန်းချက်သည်။ တဖြည်းဖြည်း ရုပ်လုံး ကြွလာသော သဘောရှိသည်။ အချိန်တွေကို၊ လူကစောင့်လို့ရသည်။ လူတစ်ယောက် သည် ငယ်ငယ်ရွယ်ရွယ်နှင့် အဖိုးကြီး ဖြစ်လို့ရသည်။ အချိန်ထက် မမြဲရှေ့ရောက်နေအောင်ကြိုးစားနေသူ အဖို့ ငယ်ငယ်ရွယ်ရွယ်နှင့် ခရီးတစ်ခုကို အလျင်ရောက်နေနိုင်သည်။ ရောက်အောင်လည်း လုပ်နိုင်သည်။

အသက် ၃၀၊ အသက် ၄၀ မှာ ရနိုင်မည့်၊ ပညာနှင့် အတွေ့အကြုံကို အခု အသက် ၂၀ ကျော်မှာ ရအောင် လုပ်လို့ မရဘူးလား။ အကုန်အစင် မဟုတ်တောင် ရာခိုင်နှုန်း တော်တော်များများကို လေ့လာသင်ယူ၍သော် လည်ကောင်း၊ ပြဿနာများကို ကိုယ်တိုင် ရှာဖွေ ထိတွေ့ခြင်းဖြင့်သော်လည်းကောင်း လုပ်လျှင် ဖြစ်နိုင်သည်။ အသက် ၅၀၊ ၆၀ မှာ ရနိုင်မည့် ပညာနှင့် အတွေ့အကြုံကို အခု သက် ၃၀ ကျော် ၄၀ မှာ ရအောင် လုပ်လို့ မရ ဘူးလား။ အကယ်၍ ရအောင် လုပ်နိုင်သည် ဆိုလျှင်၊ ထိုသူသည် အချိန်ထက် ရှေ့ရောက်နေသူ ဖြစ်သည်။ အချိန်၏ ရှေ့မှာ ပြေးနေသူဖြစ်သည်။

အချိန်ရှေ့မှာရောက်နေဖို့၊ အချိန်၏ ရှေ့မှာ ပြေးနိုင်ဖို့ လုပ်ရမည့် အလုပ်က တစ်ခုတည်း ရှိသည်။
• အလုပ်ဖြစ် အောင်လုပ်။
• ပုံမှန်ပြီးစီးမည့် အချိန်ထက် စောစောပြီးနိုင်အောင် လုပ်။
• ပြီးစီးမှုက အရေးကြီးသည်။
• ပြီးသည့် အလုပ်များ သေသပ်ကျန စနစ်တကျ ပြီးဖို့က ပိုအရေးကြီးသည်။
• သေသပ်စနစ်ကျနေသော အလုပ်များများများပြီးအောင်၊ လုပ်။

ဤအုတ်ချပ်များက၊ ငယ်ငယ်ရွယ်ရွယ်နှင့် အဖိုးကြီးတစ်ယောက်ဖြစ်ဖို့ ပြုစွမ်းနိုင်လိမ့်မည်။

အဖိုးကြီး၊ အက်ဆေး ဤတွင် ပြီး၏။
ငယ်တုန်းရွယ်တုန်းမှာတင်၊ အဖိုးကြီးဖြစ်နိုင်ကြပါစေ။

မင်းသေ့
မွန်းလွဲ ၁၂ း ၁၅
၅ ၊ ဇူလိုင်၊ ၂၀၁၇

Previous post ကျောင်းသားဘဝ
Next post အလံတော်အောက်က နေ့စွဲများ