ကျောင်းသားဘဝကို ကျနော် လွမ်းသည်။ ကျောင်းသား ဘဝက၊ ကျနော်တို့ ရိုးသားနိုင်ကြသည်။ အခုတော့ အဲ သလို မဟုတ်ကြတော့။ အသက်တွေ ကြီးလာတာနဲ့ အမျှ ကျနော် ရိုးသားမှုများ ပျောက်ဆုံးကုန်သည်။ ဘယ်လို ဘယ်ကဲ့သို့ကြောင့်မှန်းမသိ၊ ကျောင်းသားဘဝတွေကို ကျနော် မကြာမကြာ လွမ်းတတ်လာသည်။ ကျောင်းသား ဘဝဆိုသည်မှာ၊ တက္ကသိုလ်ကျောင်းသားဘဝထက်၊ အခြေခံပညာကို သင်ယူခဲ့သည့် ကျောင်းသားဘဝကို ပို၍ လွမ်းသည်။ အသက်ပိုငယ်သော ကာလက၊ ရိုးသားသော ကာလတွေ ပိုများခဲ့သည် မဟုတ်လား။

အဲ…. ရိုးသားမှု အကြောင်းပြောရင်း၊ စိုင်းစိုင်းခမ်းလှိုင်အကြောင်း ပြောရအုံးမည်။ သုမောင်လို… ေဩာ်… ဒါနဲ့ စကားမစပ်… ပေါ့လေ။

ဟိုကောင် စိုင်းစိုင်း သီချင်းတွေကို၊ ကျနော် မကြိုက်ပါ။ သူအနုပညာကို မကြိုက်တာ ဆိုတာထက်၊ သူ့ကို ကောင်မလေးတစ်သိုက် သည်းသည်းလှုပ်ဖြစ်နေတာကိုကြည့်ပြီး၊ ကျနော် စိုင်းစိုင်းကို မျက်စိစပါးမွှေး စူးနေမိ သည်။ တကယ်တော့ အဲ့ဘဲကြီးကို ကျနော် ဂျေကပ်တာ ဖြစ်ဖို့များသည်။ မည်သို့ပင်ဆိုစေကာမူ၊ သူ့ရဲ့ သီချင်း တစ်ပုဒ်ကို အခုထိ စွဲစွဲမြဲမြဲ ခံစားမိနေတုန်း။

“ဒီဘဝတစ်ခုမှာ…. ဆုံဆည်းခဲ့တာ… သူငယ်ချင်းများစွာ… အတူရှိခဲ့တာ….” စသည်ဖြင့်….
မူလတန်း….အလယ်တန်း….အထက်တန်း… ဘဝတွေ…. ငါတွေးရင်း ရင်တွေခုန်…. ဆိုလားပဲ….။ သည်လိုနှင့် ကျနော် ဤသီချင်းကို ကျက်ခဲ့သည်။ ကျနော် စိုင်းစိုင်းခမ်းလှိုင်၏ ရမ်သမ်ကို မမှီပါ။ သူ့စကားလုံးတွေကို ပြန် နားထောင်ချင်လျှင်၊ အင်တာနက်မှာ ချက်ချင်းရှာပြီး နားထောင်သည်။

သီချင်းနားထောင်ရင်း၊ ကျနော့် ခေါင်းက တစ်လှုပ်လှုပ်။ တစ်ငြိမ့်ငြိမ့်။ စိန်ပန်းတွေကို ကျနော်လွမ်းသည်။ ကျနော်တို့ကျောင်း လမ်းနဘေးမှာ စီတန်းထားသည် စက်ဘီးစတင်းကို လွမ်းသည်။ ကျနော် ကောင်မလေး တစ်ယောက်၏ ခြင်းထဲမှာ ကဗျာတွေ၊ စာတွေကို တိတ်တိတ်ပုန်း ထည့်ပေးခဲ့ဖူးတာကိုလည်း လွမ်းသည်။ အဲ့တုန်းက ကျနော် ရှက်တတ်သည်။ ဒါ့ကြောင့် ပုန်းလျှိုးကွယ်လျှိုး လုပ်တာဖြစ်သည်။ အခုတော့ မျက်နှာပြောင် တတ်ပြီ။ အသက်က ကြီးလာပြီကိုး။ ရှက်ကြောများလည်း ပျက်ကုန်သည်။ ရိုးသားမှုများလည်း အကြွင်းအကျန် သာ။ အားလုံး ပြောင်သလင်းခါလျက်။

နောက် သီချင်းတစ်ပုဒ်ကို ကျနော် ဆက်ပြီး ရွတ်သည်။
“ဒီအချိန်…. ကျောင်းတော်ကြီးရဲ့အလည်မှာ… စိန်ပန်းတွေလည်း ပွင့်နေပြီကွာ… အချိန်စက်ဝိုင်းများက၊ ကုစား မစွမ်းနိုင်ပါ…. လွမ်းရယ် မပြေဘူး… ကျောင်းသား ဘဝ…. အို… တို့ ကျောင်းသားဘဝ…”

ကျနော် သီချင်းတွေကို အော်ဆိုသည်။ သည်လိုနှင့် ကျနော့် အပေါင်းအသင်းတွေကြားမှာ၊ စကားပြောရင် ကျနော့်စကားသံက အာကျယ်အာကျယ်ဖြစ်လာသည်။ ကျနော့် ငယ်သူငယ်ချင်းတွေ အားလုံးလိုလို၊ ကျနော့် ကို စတွေ့တုန်းက အမြင်ကပ်လှသည်ဟု ဆိုသည်။ သိပ်မုန်းစရာကောင်းသောသူဟု ငယ်သူငယ်ချင်း မိန်းက လေးများက ပြောသည်။ ကျနော်က သူငယ်ချင်းတွေရဲ့ အချစ်ကို မခံရ။

နောက်ဆုံးမှ…. သူတို့က ကျနော့်ကို သနားပြီး၊ သူငယ်ချင်းအဖြစ် သတ်မှတ်ပုံရသည်။ ကျနော့် သူငယ်ချင်း တွေက၊ ကျနော့်ကို အမြင်ကပ်ကပ်နှင့် ပေါင်းကြ သင်းကြရှာသည်။ သူတို့ကြောင့်ပင်၊ ကျနော့် ဘဝ အထီးကျန် မဖြစ်ခဲ့။ ကျနော့်မှာ သူငယ်ချင်းပေါင်း များစွာ မရှိပါ။ အနည်းအကျဉ်းသာ ရှိပါသည်။

မိန်းကလေး သူငယ်ချင်းများဆို၊ အင်မတန် နည်းလှပါသည်။ အတန်းထဲက၊ အတန်းဖော်မိန်းကလေးများဆို လျှင်၊ အသက်ကြီးခါမှ ပြန်လည် ပြောဖြစ်ဆုံဖြစ်ကြရင်း၊ ရင်းနှီးမှုများ ရသွားရသည်။ ပြန်တွေ့တော့လည်း သူတို့ ကို ကျနော် ငယ်ပေါင်းကြီးဖော်လို သဘောထားနိုင်သွားသည်။ ကျနော့် စရိုက်က၊ မိန်းကလေး သူငယ်ချင်းများ ကို ပွင့်ပွင့်လင်းလင်း ပြောဆိုဖို့ တွန့်ဆုတ်လှသည်။ သည်အကျင့်က တက္ကသိုလ်ကျောင်းသားဘဝပြီးဆုံးလို့ လုပ်ငန်းခွင်ထဲ ဝင်တုန်းကအထိတောင် မပျောက်သေး။ ဆိုးလှသည်။

နောက်ဆုံး၊ သူငယ်ချင်းတွေ အားလုံးက၊ ကျနော့် မူလဓာတ်ခံကို ဖမ်းမိသွားသည့် တစ်နေ့၊ ကျနော်တို့ ရင်းနှီး သော မိတ်ဆွေများ ဖြစ်သွားကြသည်သာ။ သူငယ်ချင်းတွေက၊ ကျနော့်အပေါ် ရိုးသားကြသည်။ ကျနော်က၊ မတောက်တစ်ခေါက် စာလေးတွေ ဖတ်ရင်း၊ သူတို့အပေါ် ဆရာကြီး လုပ်ချင်သည်။ ဒါကိုပင် သူတို့က နားလည် သည်းခံပြီး ပေါင်းကြရှာသည်။ ကျနော်က လေကြီးသည်။ သူတို့နှင့်တွေ့လျှင်၊ စကားလုံးကြီးများဖြင့် ပစ်ပေါက် တတ်သည်။ သူတို့ သည်းခံရှာသည်။ အခုအချိန်ထိ၊ သည်ကောင်တွေ ကျနော့်ကို မကြာမကြာ ဆက်သွယ်နေ တုန်း။ သူတို့သတိရအောင်လည်း ကျနော်က လုပ်တတ်သည်ကိုး။ အရင်က ကျနော် ဒီလို ပညာတွေ မတတ်။ သူငယ်ချင်းတွေကို တန်ဖိုးထားတတ်သည့်စိတ်ဓာတ်က၊ ဘယ်လိုလုပ် ရောက်လာသည် မသိ။

ကျနော် အထီးကျန်လျှင်၊ သူငယ်ချင်းတွေကို တစ်ယောက်ပြီး တစ်ယောက် ဖုန်းတွေ ဆက်သည်။ မက်ဆေ့တွေ ပို့သည်။ စသည်။ နောက်သည်။ သူတို့က အရင်က ဒီကောင် ခပ်တည်တည်ပါ။ အခုမှ ဘာတွေ လာပေါနေ သလဲဆိုပြီး၊ ကျနော့်ကို ဟားသည်။ သူတို့ ကျနော့်ကို ဟားတာကိုပင် ကျနော်က ကြိုက်သည်။

သူတို့က၊ ကျနော် လုပ်သည် အလုပ်တွေကြောင့်၊ ချီးမွမ်းစကားဆိုလျှင်၊ ကျနော် မကြိုက်။ မင်း ဟိုးအရင်တုန်း က ဂျစ်တူးတူး၊ ပေဆုတ်ဆုတ်၊ စကားပြောတာ ဒေါင့်မကျိုးဘူး…. လေလုံးကကြီးသေး… ကိုယ်ထင်ရာ ကိုယ် လုပ်၊ ကိုယ် ပြောချင်တာ ပြောသွား… အရိပ်အကဲ နားမလည်…. အထူအပါးနားမလည်…. စသည်ဖြင့် ကျနော့် ကို စွပ်စွဲပစ်တင်ပြီး ပြောလျှင်၊ ကျနော် သွားကြီးဖြီးပြီး သူငယ်ချင်းကိုကြည့်ပြီး တစ်ဟားဟားရယ်နေတတ်ပြီ။

လောကကြီးကပဲ၊ ကျနော့်ကို ပြောင်းလဲသွားစေသည်လား မပြောတတ်။ ဦးအေးမောင်က၊ ရေးသည်။ ဗီဇနှင့် ပတ်ဝန်းကျင်….တဲ့။ ဗီဇ နှင့် ပတ်ဝန်းကျင်တို့၏ အညမည ဆက်စပ်မှု သဘောတရားများကို ရေးသည်။ ဟုတ် လည်း ဟုတ်နေသည်။ ကျနော်တို့ တတွေက ပတ်ဝန်းကျင်၏ ပြဌာန်းမှုများကို မလွန်ဆန်နိုင်။ ငုံလျှိုးဗီဇများကို လည်း သင်းမသတ်နိုင် ဖြစ်ကြရသည်။ ဤအချက်သည်ပင်၊ လူသား မဟုတ်လား။

ကျနော် လူသားစင်စစ်ဖြစ်ချင်သည်။ ကျနော် လူဖြစ်အောင် ကိုယ့်ကိုယ်ကို မွေးမြူသည့် လုပ်ငန်းများကို လုပ် ဖြစ်နေသည်။ လူသားဆန်ခြင်းကို ကျနော် ကြိုက်နှစ်သက်လာသည်။ ဘာရယ်ကြောင့်မှန်းမသိ၊ ကျနော့် လူ့တို့ မှားတတ်သော အမှားများကို မှားချင်လာသည်။ လူတို့ ကြုံတွေ့ရမည့် ဆူကြုံနိမ့်မြင့်တွေအကြားမှာ ကျနော် ပျော်တတ်လာသည်။ ကျောင်းသားဘဝကနှင့် မတူ။

အကျင့်ဗီဇတွေဆိုတာ ပြောင်းလဲတတ်သည့် သဘောရှိသည် မဟုတ်လား။ ကျနော်တို့ ကိုယ်တိုင်က၊ ကောင်း သောအကျင့်တွေကို မွေးမြူတတ်ဖို့ လိုသည် မှန်ပါ၏။ သို့ပေမယ်.. ကောင်းသော အကျင့်တို့ဖြင့်၊ ကျနော်တို့ တင်းကျပ်စွာ နေထိုင်မှု ကြာလာသော အခါ ကျနော်တို့ လူသားဆန်မှု ပျောက်ဆုံးကုန်သည်။

လူသားဆန်မှုကို ကျနော် ချစ်သည်။ လူ့သဘာဝထဲမှာ နေထိုင်ရတာ ကျနော်ကြိုက်သည်။ ကျောင်းသားဘဝက လို ရိုးရှင်းသော စိတ်ထား ကျနော်ရချင်သည်။ ဘာအနှောင်အဖွဲ့၊ ဘာမျှော်လင့်ချက်မှ မပါသော သူငယ်ချင်း များကို ကျနော် တောင့်တသည်။ ဤခံစားချက်ကိုရဖို့၊ ကျနော် ကြိုးစားခဲ့သည်။ မူလတန်း၊ အလယ်တန်း၊ အထက်တန်းတုန်းက၊ သူငယ်ချင်းတွေကို ကျနော် လိုက်ရှာသည်။ တွေ့သည်။ သူတို့နှင့်တွေ့ပြီး၊ ဒီလိုခံစား ချက်မျိုးကို ကျနော် ရှာဖွေသည်။ မွေးမြူသည်။

ကျနော် တစ်ချို့တစ်ဝက်ပြန်ရပါသည်။ သို့သော် အကုန်အစင် မဟုတ်။ ကျနော်တို့ တစ်တွေ အသက်ကြီးကုန် ကြပြီ။ အသက်အရွယ်နှင့် ဖြတ်သန်းမှုများက၊ ကျနော်တို့ကို အရောင်ဆိုးပစ်လိုက်ကြသည်။ ကျနော် သူတို့နှင့် ပြန်တွေ့လျှင်၊ ကလေးတစ်ယောက်လို ပြောမိဆိုမိသည်။ ကျနော် လူသားဆန်သော ခံစားမှုမျိုးကို တဒင်္ဂဖြစ် ဖြစ်ရပစ်လိုက်ချင်သည်။ ထို့ကြောင့်…. ငယ်သူငယ်ချင်းတွေနှင့် မိတ်ဆွေသူငယ်ချင်းများအကြားမှာ… ဘာအထာမှ ကျနော်မထားတော့။ သူတို့တွေ ဘာထင်ထင်ကွာ… ငါဟာ စိတ်လွတ်ကိုယ်လွတ် ကလေးတစ် ယောက်လို ပြုမူပစ်လိုက်မည်ဆိုသော ပြဌာန်းချက်ကို အကြိမ်ကြိမ် ပြုမူဖို့ ကြိုးစားခဲ့သည်။

ကျနော် မလွတ်မြောက်သေးပါ။ ကျနော် အဖြူထည်ဆန်ချင်သည်။ ကျောင်းသားဘဝကို လွမ်းသည်။ သူတို့နှင့် ပြန်တွေ့ပြီး၊ လူသားဆန်မှုကို ကျနော် ရှာဖွေချင်သည်။ အသက်တွေကြီးလာ၊ အလုပ်တွေ လုပ်ပါများလာသည် နှင့် ကျနော် ပိုလုံခြုံချင်လာသည်။ ထို့ကြောင့်…. ကျနော့် နံဘေးတွင် တံတိုင်းများ ခတ်ထားမိသည်။ တံတိုင်း များက အချိန်ကြာကြာဆောက်ပါများလာသည့်အခါ၊ ကြီးလာသည်။ မြင့်လာသည်။ ထုလိုက် ထည်လိုက်ဖြစ်လာ သည်။ တံတိုင်းများအကြားမှာ၊ လူသားဆန်မှု ကျနော် ပျောက်လာသည်။ သည်အချက်ကို ကျနော်မုန်းသည်။

လူသားဆန်မှုနှင့် ကျောင်းသားဘဝကို ကျနော် လွမ်းသည်။ ကျနော် လွမ်းသည်။
လူသားဆန်မှု ကျနော့်ထံလာပါ။
ကျနော် ကျောင်းသားဖြစ်ချင်သည်။
ကျနော်ဆောက်ခဲ့သော တံတိုင်းများကို၊ လူသားဆန်မှုကို ရှာဖွေရင်း၊ တစ်စစီ ကျနော် ဖြိုဖျက်နေသည်။
ကျောင်းသားဘဝကလို၊ အစက ပြန်စလိုက်ပါတော့လား။
ဒါဆိုလျှင်၊ ကျနော် မပင်ပန်း။ အခုတော့၊ ကျနော် ပင်ပန်းနေရပြီ။

ကျနော့်သူငယ်ချင်းများကို ရင်တွင်းစကား တစ်ခုကျနော် ပြောလိုက်ချင်သည်။

“သူငယ်ချင်းတွေလာပါ။ ငါတို့ အသက်တွေ၊ ငါတို့ ဖြတ်သန်းမှုတွေ၊ ငါတို့ ပြစ်ချက်တွေ ခဝါချခဲ့ပါ။
တို့…. ကလေးတွေလို စကားပြောကြရအောင်လား။ ကလေးတွေလို…. နေကြရအောင်လား။ ဒီလိုဆိုရင်၊ ကလေးတစ်ယောက်ရဲ့စရိုက်နဲ့အတူ ငါတို့ ရိုးသားမှုတွေ ပြန်ပါလာမယ် ထင်တယ်။ ဒါက ငါ့…. အတ္တနဲ့ မျှော်လင့်ခြင်းလည်း ဖြစ်ကောင်းဖြစ်မှာပေါ့….. ဖြစ်တာ မဖြစ်တာ အပထား။ ကလေးတစ်ယောက်က စကား စရာအရုပ်ကလေးကို တပ်မက်သလို၊ ငါ…. လူသားဆန်ခြင်းကို ရိုးသားစွာ တပ်မက်လာတယ်….”

ကျနော် ပင်ပန်းမှုတွေက လွတ်ချင်ပြီ။

မင်းသေ့
ည ၁၀ း ၁၁
၂၂ ၊ ဇွန်လ ၊ ၂၀၁၇

Previous post မဒကသ မှ တစ်ဆင့်
Next post အဖိုးကြီး