“ကျည်ဆန်ထက် မြေဖြူကို ပိုကြောက်နေသလော….”
သို့တည်းမဟုတ်….
ကျည်ဆန်ထက် မြေဖြူက စွမ်းလို့… သင်းသတ်ခြင်းလော….
အရှိတရားကို ဆန်းစစ်ကြပါ။

ပညာရေးစနစ်အတွင်းက သားကောင်များ နှင့်
ပညာရေးစနစ်အတွင်းက သားကောင်းများ။
ကျနော်တို့ ဘာကို ရွေးချယ်ကြမည်နည်း။

ဖြတ်သန်းမှုများဖြင့်

ကျနော့်အခြေခံပညာရေးဖြတ်သန်းမှုက၊ သူငယ်တန်းအပါအဝင် ဆယ့်တစ်နှစ်။ တက္ကသိုလ်ကျောင်းသားဘဝက ၅ နှစ်။ ပေါင်း ဆယ့်ခြောက်နှစ်တိတိ ကျောင်းသားဘဝကို ကျင်လည်ခဲ့သည်။ အသက်ခြောက်ဆယ်က၊ လူ့ သက်တမ်းပြည့်သည်ဆိုလျှင်၊ လူ့ဘဝ၏ သုံးပုံ,ပုံ တစ်ပုံနီးပါးကို ကျောင်းသားဘဝဖြင့် ဖြတ်သန်းခဲ့သည်။ ကျနော်တို့အားလုံးလိုလိုပင်၊ ကျောင်းသားဘဝကို ကျနော့်နီးပါး ကြုံခဲ့ ဖြတ်သန်းခဲ့ပါလိမ့်မည်။ အချို့က နှစ်ကာ လပို၍ပင် ဖြတ်သန်းရအုံးမည်။ မဟာတန်း၊ ပါရဂူတန်းများအထိ တက်ရင်း၊ ကျောင်းသားတစ်ပိုင်း လူကြီးတစ် ပိုင်းဖြစ်ခဲ့သော ဘဝများ၊ မြောက်များစွာရှိလိမ့်မည်။

ထို့ကြောင့်၊ ကျနော်တို့အားလုံးတွင် ကျောင်းသားဘဝနှင့်ပက်သက်၍ ပြောစရာများ များစွာ ရှိမှာ သေချာသည်။ ခေတ်တစ်ခေတ်နှင့်တစ်ခေတ် ဖြတ်သန်းပုံခြင်း မတူသော ကျောင်းသားများအတွက်၊ ပြောစရာ အကြောင်း အရာများ တူညီလိမ့်မည် မဟုတ်။ မဆလခေတ်ကို ဖြတ်သန်းခဲ့သော ကျောင်းသားတစ်ယောက်၏ ဘဝနှင့် ၈၈ အရေးအခင်းကာလအတွင်း၊ ကျောင်းသားဘဝကို ဖြတ်သန်းခဲ့ကြရသော ကျောင်းသားဘဝတို့ မတူညီနိုင်။ ကျောင်းသားအသီးသီးမှာ၊ ဖြတ်သန်းမှုအတွေ့အကြုံကိုယ်စီရှိကြသည်။

စစ်အစိုးရလက်ထက်မှာ၊ လူဖြစ်လာပြီး အမျိုးသားရေးဝါဒ သွတ်သွင်းခံရသည့် ပညာရေးစနစ်အောက်က၊ လူ လတ်ပိုင်းအများအပြားလည်း မြန်မာနိုင်ငံမှာ အလွှာတစ်ခုအနေဖြင့် ရှိနေသည်။ ခေတ်ပြောင်း၊ စနစ်ပြောင်း အသွင်ကူးပြောင်းရေးကာလမှာ၊ လူလားမြောက်လာကြသည့် လူငယ်ခြေတက်မျိုးဆက်လည်း ထုလိုက် ထည် လိုက် ရှိလာသည်။ ကျနော် အနယ်နယ်အရပ်ရပ် လှည့်လည်ပြီး၊ သင်ကြားရေး ကိစ္စများကို လုပ်သောအခါ အများဆုံးအတွေ့ရများသည်မှာ၊ နိုင်ငံရေးမျိုးဆက်အုပ်စုနှင့် ကျောင်းသားလူငယ် အုပ်စုက အများဆုံးဖြစ် သည်။
ကျနော်တို့ကိုယ်တိုင်၊ ကျောင်းသားဘဝကို နှစ်ပေါင်းများစွာ ဖြတ်သန်းလာခဲ့သည်ဖြစ်၍၊ ကိုယ့်ဘဝကို ကိုယ် ပြန်ကြည့်ပြီး အတိတ်ကောက်ကြောင်းများ ရှိနေခဲ့သလို၊ အခြား ကျောင်းသားဟောင်းများ၊ ဖြစ်မြဲ ဖြစ်ဆဲ ကျောင်းသား အရွယ်စုံနှင့် ဆွေးနွေးသည်။ မေးမြန်းသည်။ သူတို့ မေးတာ ကျနော်ဖြေသည်။ ကျနော်မေးတာ သူတို့ ဖြေကြသည်။ ထိုသို့ဖြင့်၊ ကုန်ကြမ်းများများ ကျနော်ရလာသည်။ အများဆုံးသော၊ အတွေးအမြင်များမှာ၊ ကိုယ့်ဘဝနှင့် ဆက်စပ်ပြီး ဖြစ်တည်လာသော အကြောင်းအချင်းအရာများက ပိုများသည်။

သကာအုပ်မထားသော အရှိတရားများ

သိပ်မကြာခင်ရက်ပိုင်းလောက်က၊ မကွေးမြို့ကို ရောက်သည်။ မြေလတ်ကျောင်းသားအုပ်စုနှင့်တွေ့သည်။ သင် တန်းအတွက်ဖြစ်သည်။ ကျနော်က သင်တန်း ပထမဆုံးရက်မှာသင်ကြားဖို့ ဖြစ်သည်။ တက္ကသိုလ်၊ ကောလိပ် ပေါင်းစုံက ကျောင်းသားများဖြစ်သည်။ ကျောင်းသားများနှင့် စကားပြောရင်း၊ သူတို့ဘဝထဲက နိုင်ငံရေးအရှိ တရားများကို နှိုက်ထုတ်နိုင်ဖို့ ကျနော်အမြဲကြိုးစားလေ့ရှိသည်။
ကျောင်းသားများထံမှ၊ စာအုပ်ထဲက၊ သတင်းစာ စာနယ်ဇင်းများထဲက၊ မရနိုင်သည့် သဘောထားအမြင်မှတ် ချက် အစစ်အမှန်များကို သကာမအုပ်ပဲ တွေ့နိုင်သည်။ ကျနော်တို့ လက်ရှိ မျိုးဆက်၏ ရင်တွင်းက အဇ္ဈတများ ကို မြင်အောင်ကြည့်သင့်သည်။ အထူးသဖြင့်၊ တည်ဆဲ ခေါင်းဆောင်များအတွက် အထူးအရေးကြီးသည်။

ကျနော်တွေ့ဖူးသမျှ ကျောင်းသားတိုင်းလိုလိုမှာ၊ သိချင်စိတ်၊ တတ်ချင်စိတ်၊ လေ့လာချင်စိတ်၊ ဆည်းပူးချင်စိတ်၊ ဝေဖန်ပိုင်းခြားကြည့်မြင်လိုစိတ် ထက်သန်ကြသည်။ သို့သော် လက်ရှိအခင်းအကျင်းသည် သူတို့နှင့် မအပ်စပ်။ သိခွင့်နှင့် ဝေဖန်ပိုင်းခြား ဆန်းစစ်ခွင့်ကို ကန့်သတ်ထားသော၊ တနည်း သင်းသတ်ခြင်းခံရသော အရိပ်အရောင် များကို ကျနော် အခိုင်အမာတွေ့ရသည်။ ဝမ်းနည်းစရာကောင်းလှသည်။

ကျနော်တို့ လူ့အဖွဲ့အစည်းတွင်၊ ရီနေးဆန့်ခေတ်ကို ဘယ်တော့ရောက်ပါမည်နည်း။ ဆင်ခြင်တုံတရား အဓိ ပတိထားသည့် လူ့အဖွဲ့အစည်း ဘယ်အချိန်ဖြစ်ပါမည်နည်း။ ဝိဘဇ္ဇဝါဒကို ဦးစားပေးသည့် လူ့အဖွဲ့အစည်း ဘယ်တော့ဖြစ်ပါမည်နည်း။

ဝမ်းနည်းဖွယ်ကောင်းသည်မှာ၊ ပညာရေးစနစ်ကြီးတစ်ခုလုံးသည်၊ အာဏာတို့ ဆုပ်ကိုင်ထားသည့် လူ့အလွှာ၏ အောက်မှာ အမြဲ ကန့်သတ်ခံနေရခြင်းဖြစ်သည်။ လွတ်လပ်စွာ ပညာသင်ကြားခွင့်၊ သင်ယူခွင့်၊ လွတ်လပ်စွာ လေ့လာခွင့် မရှိ။ အထူးသဖြင့်၊ ပညာရေးစနစ်အတွက် ပညာရေးဝန်ထမ်းများကို အဓိကမွေးထုတ်နေသည့်၊ ပရဝှဏ်၌ လုံးဝမရှိ။ ဝါဒဖြန့်ချိရေး ယန္တရားတစ်ရပ်ကို၊ တည်ဆောက်လေ့ကျင့်သင်ကြားပေးနေသည်ဟုပင် ထင် ရသည်။ ဝမ်းနည်းစရာ။ ကျနော်တို့အတွက် ဝမ်းနည်းစရာ။

အနာဂတ် မျိုးဆက် ကလေးငယ်များကို၊ ပညာသင်ကြားပေးရန် လေ့ကျင့်သင်ကြားပေးသည့် ယန္တရား စနစ်မှာ သံချေးတက်နေသော အတွေးခေါ်များ အုပ်စိုးနေသည်။ ယခင်က ကျောင်းသားများ တော်လှန်ရေးလုပ်ခြင်းကို ကျနော်အနေနှင့်၊ သိပ်အားမပေးချင်။ သို့သော် တားဆီးကန့်ကွက်ခြင်းလည်း ကျနော် မလုပ်။ တားဆီးနိုင်စွမ်း လည်း မရှိပါ။ မည်သို့ပင်ဖြစ်စေ၊ ဆင်ခြင်တုံတရားရှေ့ထားသော တော်လှန်ရေးများကို ကျနော် လိုလားသည်။ အထူးသဖြင့်၊ လူ့အဖွဲ့အစည်းကို မြေဖြူများ ကိုင်၍ မောင်းနှင်နေသော၊ လူ့အဖွဲ့အစည်းကို ပို၍ ကောင်းသော ပို၍ ထက်မြက်သော၊ ပို၍ လွတ်လပ်သော ပရဝုဏ်၌ ရှိနေစေလိုသည်။ တီထွင်ဖန်တီး၍ စူးရှသော အတွေး အခေါ်များဖြင့် ရှေ့ဆောင်သော လူ့အဖွဲ့အစည်း ရှေ့ဆောင် လူငယ်ပညာတတ်များဖြင့် မြန်မာ့ပညာရေးစနစ် ကို မောင်းနှင်စေလိုသည်။ သို့သော်…. လူကြီးများမှာ… အာဏာကိစ္စနှင့် အကျိုးစီးပွားကိစ္စက လွဲ၍ အခြား မစဉ်းစားကြ။

အလုပ်မဖြစ်ရေး အလိုမရှိ

နောက်ဖြစ်လာလတ္တံ့သော မျိုးဆက်ကို မတည်ဆောက်ဘူးဆိုလျှင်၊ ကျနော်တို့ ဘာကို တည်ဆောက်ကြမည် နည်း။ ပညာနှင့် ကျန်းမာရေးကို မတည်ဆောက်လျှင်၊ ကျနော်တို့ ဘာကို ဦးစားပေးကြအုံးမည်နည်း။ အကျိုး စီးပွား ဝေမျှရေးများအကြားသာ၊ ပြာယာခတ်နေလျှင် တဖြည်းဖြည်းနှင့် အာဏာသက်တမ်းကုန်သွားမည်သာ ရှိ မည်။ အနာဂတ်အတွက်၊ အကြောင်းကောင်းများ မဖြစ်။

ပန်းပဲဆရာများ ညံ့လျှင်၊ ပန်းပဲပစ္စည်းများ ညံ့မည်။ တုံးမည်။ မလှုပ်၊ မရှုပ်၊ မပြုတ် ကျင့်ထုံးများက၊ စင်္ကာပူကို ကျော်နိုင်ပါမည်လား။ ကျနော်တို့ ဆင်ခြင်ကြရန်ဖြစ်သည်။ အကြောက်တရားများဖြင့် မွေးဖွားလာသော လူကြီး များက၊ အကြောက်တရားများနှင့် သူတို့ ကလေးများကို ဖက်တွယ်ထားစေလိုသည်။ ပညာဖြန့်သော ဆရာ လောင်းများက၊ အကြောက်တရားဖြင့် ပုံသွင်းခံရလျှင်၊ ကျနော်တို့ ညီတွေ၊ ညီမတွေ၊ သားတွေ၊ သမီးတွေ၊ တူတွေ၊ တူမတွေ၊ ဘယ်လိုလူစားမျိုးဖြစ်လာမည်နည်း။ ကျနော့် ဆန္ဒအရမူ၊ ဤသို့သော ရေပုပ်အိုင်အတွင်း၊ ကျနော့်မျိုးဆက်ကို ဝကွက် မအပ်နိုင်။

တော်လှန်သင့်က တော်လှန်ရမည်။ ဆင်ခြင်တုံတရား အဓိပတိထားသော တော်လှန်ရေးများဖြင့်၊ အသက်သွင်း ဖို့ လိုချင်က လိုမည်။ ကျနော်တို့ အတွက်၊ ခရီးကား မပြီးဆုံးသေး။ ဆရာကြီး လူထုစိန်ဝင်းပြောသလို၊ ဒီမိုကရေ စီသည် နောက်ဆုံးပန်းတိုင်မဟုတ်။ ကျနော်တို့ အတွက် ဒီမိုကရေစီသည် နောက်ဆုံးပန်းတိုင်မဟုတ်။ ဒီမိုကရေ စီထက် အရေးကြီးသော၊ အနှစ်သာရပြည့်ဝသော လူ့အလွှာကို တည်ဆောက်ရန် အရေးကြီးသော ရည်မှန်း ချက်ကြီးရှိနေသည်။ ကျနော်တို့အတွက် အန္တိမပန်းတိုင်ဆိုတာ ရှိမည် မဟုတ်။ သေဆုံးသွားသည်အထိ၊ လုံ့လ ထုတ်မှု ကုန်ခမ်းသွားမည် မဟုတ်။

• တော်လှန်ရေးနှင့် တည်ဆောက်ရေးတို့ဖြင့် ဘက်ညီသော နိုင်ငံတည်ဆောက်ရေး၊
• တော်လှန်ရေးနှင့် တည်ဆောက်ရေးတို့ဖြင့် ဘက်ညီသော အသွင်ကူးပြောင်းရေး၊
• ဆင်ခြင်တုံတရားနှင့် လွတ်လပ်ခွင့်တို့ဖြင့် တည်ဆောက်သော လူ့အဖွဲ့အစည်းဦးနှောက်တစ်ခုဖြစ်ဖို့ ကျနော်တို့ ကြိုးစားရအုံးမည်။

မင်းသေ့
ည ၇ း ၀၄
၁၃ ၊ ဇွန်လ ၊ ၂၀၁၇

Previous post “ မန္တလေး မန္တလေး မန္တလေး ”
Next post ကျောင်းသားဘဝ