@ တည်နေရာ ရန်ကုန် ကန်စွန်းရွက် အက်ဆေး

“ကန်စွန်းရွက် တစ်စီးဘယ်လောက်လဲဗျ….”
“တစ်စီး ၄၀၀…”
“ဗျာ… တစ်စီး ၄၀၀ ….”
“အမလေးဗျာ….”

အရွက်က ခပ်ဖားဖား။
အရိုးက တုတ်တုတ်။
အနွယ်က ရှည်ရှည်မျောမျော။
စိမ်းစိမ်းဖန့်ဖန့်။ ရိုးတံပွပွ။

ကန်စွန်းရွက်အမျိုးအစား တော်တော်များများ ရှိပါသည်။ သုံးလေး ငါးမျိုးလောက် ရှိပါသည်။ သို့သော် ရန်ကုန်မှာ အတွေ့ရများသည်ကတော့ ၊ နှစ်မျိုးသုံးမျိုးလောက်သာ။ ကန်စွန်းရွက်စားပါးဝသော ရန်ကုန်သူ/ ရန်ကုန်သားများကမူ ကန်စွန်းရွက်အရိုးတုတ်တုတ်ပွပွ ရှည်မျောမျောကို ပို၍ သဘောကျကြသည်။ နဂိုက ကျနော်လည်း မသိ။ အရိုးတံကြီးသည်ကို မကြိုက်။ အရွက်များတာကိုသာ ကြိုက်သည်။ သို့ပေသိ၊ အတော် ကြာကြာ စားကြည့်သောအခါ၊ အရိုးတံပွပွ တုတ်တုတ် ကန်ရွန်းရိုးက ပို၍ ချိုသည်၊ နုသည်ကို ခံစားရသည်။ ထို့ နောက် ကျနော်လည်း အဆိုပါ ရိုးတံပွပွ ကန်စွန်းရိုးကိုသာ ရွေး၍ စားဖြစ်တော့သည်။

ကန်စွန်းရွက်သည် ရန်ကုန်မြို့၏ အဓိက စားသောက်ကုန်ဖြစ်သည်။ လယ်စိုက် စပါးစိုက်ဒေသများဖြစ်သော၊ ပဲခူးနှင့် ဧရာဝတီတို့တွင်လည်း အများအပြားပေါက်ပွားသည်။ မြန်မာပြည်အနှံ့က ကန်စွန်းရွက် ပေါက်ရောက်နိုင် သော ပထဝီအနေအထားရှိသည်။ အေးလွန်း ခဲလွန်းသော ဒေသများတွင်မူ၊ ကန်စွန်းရွက်ကို တွေ့ရမည် မဟုတ်ချေ။ ဗမာအများစု နေထိုင်ရာ ဧရာဝတီမြစ်ဝှမ်းလွင်ပြင် ဒေသ တစ်လျှောက်လုံးက ကန်စွန်းရွက်တို့ ပေါက်ရောက်ရှင်သန်နိုင်သော နေရာများဖြစ်သည်။ သို့သော် ရန်ကုန်တွင်မူ၊ ကန်စွန်းရွက်၏ အင်ပါယာသည် ထွားကြိုင်းလှသည်။ မြို့လည်ခေါင်ကြီးတွင်လည်း ကန်စွန်းရွက်က ဧကရာဇ်လို မင်းမူနေသည်။ ဆင်ခြေဖုံး ရပ်ကွက်များတွင်လည်း၊ ကန်စွန်းရွက်က အာဏာစက် ပြင်းထန်လှပြန်သည်။ ကန်စွန်းရွက်၏ စွမ်းပကားသည်၊ ဆင်းရဲသား၊ လူလတ်တန်းစား၊ သူဌေးသူကြွယ်ပါ မကျန် ဩဇာလွှမ်းမိုး သက်ရောက်ထားနိုင်သော အင်အား ရှိသည်။

ကျနော် ငယ်ငယ်တုန်းက စားခဲ့ရသော ကန်စွန်းရွက်မှာမူ အရွက်သာ စား၍ ကောင်းသည်။ အရိုးက မကောင်း။ ရင့်လေလေ မာရေကျောရေ နိုင်လေလေဖြစ်သည်။ ထို့ကြောင့် ကျနော်တို့ ငယ်ငယ်က လယ်ကန်သင်းရိုးပေါ် က ကန်စွန်းပင်ကို ကြော်မစား။ ချဉ်ရည်ချက်စားသည်။ ကျနော် မွေးဖွားဇာတိသည် မန္တလေး။ မန္တလေး အရှေ့ ရှမ်းရိုးမ အစပ် တောမကျ မြို့လေးဖြစ်သော ပုသိမ်ကြီး။ ပုသိမ်ကြီး၌ တောကန်စွန်းများသာ အတွေ့ရများ သည်။ မန္တလေးက ရန်ကုန်လောက် ရေ မပေါ။ လယ်စိုက် ဧရိယာအတွင်းနှင့် ရေစပ်သော ချောင်းမြောင်းထဲမှာ သာ ပေါက်ရောက်ကြသည်။ ပေါက်ရောက်ကြသော ကန်စွန်းရွက်များမှာမူ၊ ခပ်ညိုညို၊ စိမ်းညိုညို။ မိုးရာသီ ရေပေါလျှင် ကန်စွန်းရိုး နည်းနည်းပွသည်။ အညွှန့်ခပ်ရှည်ရှည်ရသည်။ နွေရာသီ ရေရှားချိန်တွင်မူ၊ ကန်စွန်းရွက် မာမာကျစ်ကျစ် အညွှန့်ခပ်ပုပုသာရသည်။ အရွက်ဖားတာကို ရွေး၍ ဝယ်ရသည်။ ခူးရသည်။ ရံဖန်ရံခါ အိမ် ရှေ့ မြောင်းထဲတွင် ကန်စွန်းရိုးများ ချထားလိုက်သည်။ ကန်စွန်းနွယ်များ ပစ်ထားလိုက်သည်။ ရေနှင့်အတူ ကူးလူး၍ ၎င်းတို့ ရှင်သန်ပေါက်ရောက်ကြသည်။ တခါတရံ ခူး၍ ချဉ်ရည်ကြိုသည်။ အရွက်ဖားဖားများများ ရလျှင်၊ ကြော် စားသည်။ ကြော်လိုက်လျှင်မူ မဲမဲ ညစ်ညစ်။ သိပ်မဟန်။ သို့သော် ကြိုက်ပါသည်။

ရန်ကုန်မြို့ပြက ကန်စွန်းရွက်များမှာမူ ထိုသို့ မဟုတ်။ နည်းနည်း ဆွဲဆောင်မှု ရှိသည်။ ရန်ကုန်ကိုယ်တိုင်က ပင်လယ်ဆိပ်ကမ်းမြို့ဖြစ်သည်။ နွေမှာ အတော်ပူပြင်းသည်က လွဲလို့၊ မိုးရာသီ၌ မိုးသည် မပြတ်။ သဲသဲမဲမဲ လည်း ရွာသည်။ တစိမ့်စိမ့်လည်း ရွာသည်။ ရွာလိုက် တိပ်လိုက်လည်း ဖြစ်သည်။ တစ်နေ့လုံး တစ်ညလုံး မပြတ် ရွာသည်လည်း ရှိသည်။ ဆင်ခြေဖုံး ရပ်ကွက်များနှင့် ၊ ရထားလမ်း တစ်လျှောက်တွင် ချောင်းမြောင်းများ ရှိ၍ ရေဓာတ်ကလည်း မြေပထဝီ၌ အီစိမ့်ဝင်နေသည်။ ဤအခြေအနေသည် ကန်စွန်းပင်အတွက် အင်မတန် ကောင်းသော ပတိရူပ အခင်းအကျင်းဖြစ်သည်။ ထို့ကြောင့် ကန်စွန်းပင်များသည်၊ ရန်ကုန်မြို့အဝင် ရထား လမ်း တစ်လျှောက်တွင် ရာဇပုလ္လင်ကို အစဉ်စိုးမိုး နေရာယူထားနိုင်သည်။

ကန်စွန်းရွက် ဈေးကွက်သည် ရန်ကုန်၌ အင်မတန်ကြီးသည်။ ဝယ်လိုအားက ထုလိုက်ထည်လိုက် ရှိသလို၊ ရောင်းလိုအားကလည်း မလျော့။ ကန်စွန်းရွက်သည် သုံးရာသီလုံး ရနိုင်သည်။ ကန်စွန်းပင်သည် ရာသီသုံးပါး လုံးမှာ စိုးစံနိုင်သည်။

စားလျှင် နူးညံ့သည်။ အရသာမှာ မြန်မာအကြိုက် ခံတွင်းလိုက်စရာဖြစ်သည်။ ဟင်းတစ်မယ်အဖြစ် လွယ်ကူ သည်။ အာဟာရတန်ဖိုးလည်း မြင့်သည်။ ကျနော် ငယ်ငယ်တုန်းက အဖေပြောပြဖူးသည်မှာ၊ ကန်စွန်းရွက်မှာ သံဓာတ်ကြွယ်ဝ၍ သွေးအားကောင်းသည်ဟု ဆိုသည်။ ဟုတ်သည် မဟုတ်သည်ကိုမူ တိတိကျကျ မသိ။ ငယ်ငယ်တုန်းက ကန်စွန်းရွက်ကြော်ကို နင်းကန် စားခဲ့ဖူးသည်။ ထို့နောက် လက်မောင်း လက်ဖျံပေါ်တွင် သွေး ကြောများ ခုံးထနေသည်။ ဒါ ကန်စွန်းရွက် စားလို့ပဲ… ဟု မှတ်ယူလိုက်သည်။

ဝယ်လိုအားကြီးမြင့်သော ကန်စွန်းရွက်သည်၊ ရန်ကုန်မှ လွဲသော အခြား မြို့ရွာများတွင် ဈေးပေါသည် ဆိုပါစေမူ ရန်ကုန်၌ ဈေးမပေါ။ ပို၍ပင် ဈေးကြီးသည်ဟုပင် ဆိုရမည်။ ယခု ကန်စွန်းရွက် တစ်စီး ၄၀၀။ နောက်တစ်ဆိုင် က ခပ်တင်းတင်း ထပ်ဆိုသည်။ ကန်စွန်းရွက် တစ်စီး ၃၀၀။ အမလေးဗျာ… ဟုသာ တ,နိုင်တော့သည်။ ကန်စွန်းရွက်ဝယ်ရမှာ လက်တွန့်လိုက်ရသည်။

ရန်ကုန်က ကန်စွန်းရွက်သည် မာနကြီးသည်။ အညာမျိုးပေမယ့်၊ အညာ မဆန်။ မြို့ပြဆန်သည်။ အဆင့် အတန်းမြင့်မားသော မြို့ပြကြီးနှင့်အတူ ကန်စွန်းရွက်သည် အဆင့်မြင့်ချင်သည် ထင်သည်။ ကန်စွန်းရွက်ဈေး ကို ကြည့်၍၊ မြန်မာပြည်၏ ငွေတန်ဖိုးကို တွက်လို့ရသည်။ ဆင်းရဲသား အောက်ခြေနင်းပြားလို သုံးကျပ်တွက် နည်း ဖြင့် တွက်စရာ မလို။ အခေါက်ရွှေဈေး စုံစမ်းစရာ မလို။ ကန်စွန်းရွက်သည် မာနကြီးသည်။ ၃၀၀ အောက် က မဆင်း။ ၂၀၀ ဟု ဆစ်လျှင်၊ ဈေးသည်က ပါးရိုက်လွှတ်လိုက်မည်။ ရန်ကုန်မြို့ပြက ကုန်စိမ်းသည်များသည် လည်း မြို့ပြက ကန်စွန်းရွက်နည်းတူ မာနကြီးလှသည်။ ဝယ်ချင်ဝယ်…၊ မဝယ်ချင်နေ….၊ ခပ်ချေချေပင်။

ရန်ကုန်မြို့၏ ကန်စွန်းရွက် စက်ရုံမှာ ဘယ်နေရာ၌ ရှိသည် မသိပါ။ ဆင်းရဲသား နင်းပြားများ၏ မိလ္လာ ရင်းမြစ် များကို ဂုတ်သွေးစုပ်၍ ကန်စွန်းပင်မှာ တန်ခိုးထွားနေသည်လား မပြောတတ်။ လှိုင်သာယာဘက်က ချောင်း မြောင်းထဲမှာလား၊ သို့တည်းမဟုတ်…. သင်္ကန်းကျွန်းဘက်မှာလား၊ အင်းစိန်ထောင်ထဲကရော ကန်စွန်းရွက် ထွက်သလား။ အင်းစိန်ထောင်ထဲ ကျနော် မရောက်ဖူး၍ ကျနော်တော့ တိတိကျကျ မသိပါ။

ကန်စွန်းရွက်ကို လက်လီ/ လက်ကား ဖြန့်ကြပါသည်။ တစ်နိုင်တစ်ပိုင် စိုက်သူများလည်း များပြားသည်။ ချောင်း မြောင်း အကွက်အကွင်းများ၌ စည်ပင်ကို အခွန်ဆောင်၍ စီးပွားဖြစ် စိုက်သူများလည်း များပြားသည်ဟု ဆို သည်။ ကန်စွန်းရွက်သည် စိုက်ပျိုးက လွယ်ကူသည်။ ရှင်သန်ပေါက်မြောက်ရာ၌လည်း ချေးမများ။ ဒေါင် ကျကျ ပြားကျကျ ရှင်သန်နိုင်သော မျိုးရိုးဓာတ်ခံရှိသည်။

ရန်ကုန်မြို့ပြ၏ အိမ်ထောင်စု မီးဖိုချောင်များ၌ ကန်စွန်းရွက်သည် မိန့်မိန့်ကြီး ထိုင်နေသည်။ ဝန်ထမ်းနှင့် သာမန် လက်လှုပ်လက်စား လူတန်းစားတို့၏ လုပ်ငန်းခွင်အသွား လက်စွဲထမင်းချိုင့်ထဲတွင်လည်း အခန့်သားနေရာယူ ထားနိုင်သည်။ အင်မတန် လက်တံကျယ်ပြန့်သော ကန်စွန်းရွက်ပါ တကား။

ထို့နောက် မပြီးသေး။

မှောင်မိုက်မိုက်ညများ။ နီယွန်မီးရောင်စုံညများ။ မြို့ပြညများ၊ ဟိုတယ် စားသောက်ဆိုင်များ၏ စားဖိုဆောင်မှာ လည်း မင်းမူနိုင်နေသေးပြန်သည်။ ယမကာညများကို ကန်စွန်းပလိန်းဖြင့် ဖြတ်သန်းကြသည်။ နည်းနည်း တောင့်တောင့်တင်းတင်း ယမကာသမားများက မှိုကန်စွန်းဖြင့် ဖြတ်သန်းသည်။ ကန်စွန်းရွက်သည် ဟိုတယ်၊ စားသောက်ဆိုင်များတွင်လည်း ကြီးစိုးလွှမ်းမိုးထားချေသေးသည်။ ဩဇာတိက္ကမကြီးမားလှသော ကန်စွန်းရွက် ပါတကား။

ရန်ကုန်ရောက်၊ ဘားလမ်းနေ ၊ မြို့ပြလူသားတစ်ယောက်အဖြစ် ရောက်ရှိခဲ့သည့် ကျနော့် ညနေစာ ဖြတ်သန်းမှု များတွင်လည်း ကန်စွန်းရွက်ကပင် လွှမ်းမိုးထားပြန်သည်။ လ၏ အဦးအစနေ့ရက်များတွင် ဒယ်နီထဲက ကန်စွန်းရွက်မှာ ခပ်ရွှင်ရွှင်။ မှိုလုံးလုံး ချိုချိုများနှင့် တစ်ဖန်၊ အက်မှို ရှည်ရှည်လျားလျားလေးများဖြင့် တစ်ဖုံ နှစ်ပါးသွား က,နိုင်ကြသည်။ လကုန်ရက်များတွင်မူ ထိုသို့ မဟုတ်။ တစ်ကိုယ်တော် က,ပြ အသုံးတော်ခံရသည်။ ဘားလမ်း (၃) လွှာပေါ်က တိုက်ခန်း ပြတင်းကို ခပ်ကျယ်ကျယ်ဖွင့်၍ ဒင်နာတော် သုံးဆောင်ရသည်။ လေသာ ပြင် ပြတင်းမှ ဆူးလေရှန်ဂရီလာ၏ မိုးထိထောင်ထွက်နေသော လူဂုဏ်တန်တို့ မီးရောင်များက တစ်လှပ်လှပ်။ ဆာကူရာတာဝါပေါ်က စီဘီဘဏ် လိုဂိုကြီးက ထင်ထင်ရှားရှား။ ဆူးလေ စကွဲယားကလည်း ငွားငွားစွင့်စွင့် ပနာတင့်နေသည်။

လက်ထဲ၌မူ ကန်စွန်းရိုးပွပွက ရေကို ဆီဟန်ဆောင်၍ လိမ့်ကျံထားပြန်သည်။ အင်မတန် မာယာများသော မြို့ပြ ကန်စွန်းညများပါတကား…..။

မင်းသေ့
ည ၉ း ၄၁
၂၆ ၊ ဩဂုတ် ၊ ၂၀၁၉
ရန်ကုန်မြို့။

Previous post @ တည်နေရာ ရန်ကုန် မုန့်ဟင်းခါး အက်ဆေး
Next post ဒေါက်တာဇော်စိုး အမှာစာ