တစ်စုံတစ်ခုမှာ ပေါက်မြောက်နေသူတိုင်းမှာ တူညီတဲ့အချက်တစ်ခုရှိတယ်။ အဲဒါကတော့၊ တစိုက်မတ်မတ် ရှိခြင်းပါပဲ။ တစိုက်မတ်မတ်ရှိတာဟာ နေရာတိုင်းမှာ အရေးကြီးတယ်။ အောင်မြင်ပေါက်မြောက်မှုအတွက်၊ အလိုအပ်ဆုံးအရာလို့လည်း ပြောလို့ရတယ်။ တစ်ခုခုမှာ တစိုက်မတ်မတ် လုပ်ရင်၊ အဆုံးစွန်ဆုံး ပေါက်မြောက် လာမှာပဲ။ တစိုက်မတ်မတ် လုပ်တာက အရေးကြီးတယ်။ စွဲစွဲမြဲမြဲလုပ်တာက အရေးကြီးတယ်။ ဒီဘက်ခေတ်မှာ လူတွေက ဆူလွယ်နပ်လွယ်တွေကိုပဲ ရှာကြံ လုပ်ကြတယ်။ ရေရှည် မရင်းနှီးချင်ဘူး။ ရေရှည် မမြုပ်နှံချင်ဘူး။ ခုထလုပ်၊ ခု အကျိုးအမြတ် ရချင်တယ်။ မစောင့်နိုင်ဘူး။ မအောင့်နိုင်ဘူး။ စွဲစွဲမြဲမြဲ မလုပ်ချင်ကြဘူး။ အနစ်နာခံ ပြီး မြုပ်နှံမှု မပြုချင်ကြဘူး။

လေကြီး မိုးကြီး

တော်တော်များများက အလုပ်တွေကို ကောက်ရိုးမီးစိတ်ဓာတ်နဲ့ လုပ်နေကြတယ်။ ဟုန်းခနဲ ထတောက်တယ်။ ပြီးတော့ ငြိမ်းသွားတယ်။ ပြောရင်တော့၊ ဆင်ဖမ်းမယ် ကျားဖမ်းမယ်။ လက်တွေ့မှာ ဆိတ်တောင်မှ လောက် လောက်လားလား မဖမ်းပြနိုင်ဘူး။ ရေရှည်လေ့လာဆည်းပူးမှုလုပ်တာ မတွေ့ရတော့ဘူး။ လိုအပ်တာကိုပဲ လေ့လာမယ်၊ မလိုအပ်တာ မလေ့လာဘူးဆိုတဲ့သဘော။ ပညာဆိုတဲ့သဘောက တိုက်ရိုက်အကျိုးပြုတာလည်း ရှိတယ်။ သွယ်ဝိုက်ပြီး အကျိုးပြုတာလည်း ရှိတယ်။ မလိုအပ်လို့ မလေ့လာသေးဘူးဆိုတာ တရားသေ ပြောလို့ ရတဲ့ကိစ္စ မဟုတ်ဘူး။ လိုလာတဲ့အချိန်မှာ လေ့လာဆည်းပူးထားမှု အခံ မရှိရင်၊ ဘာမှ လုပ်လို့ မရဘူး။

လူတွေအားလုံးမှာ သာမန်ဉာဏ်ရည်အဆင့်ကတော့ လူတိုင်းလိုလို ရှိနေပါတယ်။ အားလုံးမှာ နိမ့်လွန်းတာ၊ မြင့်လွန်းတယ်ဆိုတာ ရှားပါးပါတယ်။ တော်တော်များများဟာ ဉာဏ်ရည်အရာမှာ မတိမ်းမယိမ်းတွေချည်းပါပဲ။ ဒါပေမယ့် လူတွေရဲ့ ရောက်ရှိလာတဲ့ အဆင့်အတန်းတွေက အနိမ့်အမြင့် ကွာဟလွန်းတယ်။ အမြင့်ကြီးကို ရောက်သွားသူတွေက ရောက်သွားကြတယ်။ နိမ့်လွန်းတဲ့သူတွေကလည်း အင်မတန် နိမ့်လွန်းနေတယ်။ ဒီလို ကွာဟချက်ဟာ ဘယ်အရာကနေ ကွာသွားတာလဲ။ ကျနော် လေ့လာစူးစမ်းကြည့်တယ်။ လူတော်တော်များများ ကို လေ့လာမိတယ်။ စာအုပ်တွေထဲကနေလည်း ဘဝတွေကို လေ့လာတယ်။ ပြင်ပမှာလည်း လူတွေကို လေ့လာမိတယ်။ အလွှာစုံ၊ နယ်ပယ်စုံ၊ အဆင့်အတန်းပေါင်းစုံကို လေ့လာအကဲခတ်မိတယ်။

အနည်းစုက သူတို့လုပ်တဲ့အလုပ်မှာ ပေါက်မြောက်ကြတယ်။ အများစုက အလုပ်တွေကို ပြောင်းပြောင်းပြီး လုပ်ကြတယ်။ ဘယ်နေရာမှ မပေါက်မြောက်ကြဘူး။ ဘယ်နေရာမှ ခိုင်ခိုင်မာမာ မတည်ဆောက်နိုင်ကြဘူး။ ဘဝကို အဆင်ပြေရာ လှီးလွှဲလုပ်နေရင်း ရှင်သန်နေကြတယ်။ သူတို့ဟာ အသက်သာကြီးလာတယ်။ ရပ်တည်မှု မှာ ဆောက်တည်ရာ မရကြသေးဘူး။ ဘဝအဓိပ္ပာယ်၊ ဘဝအနှစ်သာရဆိုတာ ဝေလာဝေး။ သာမန် ဘဝရပ် တည်မှုမှာကို အသက်အိုမင်းတဲ့အထိ အခြေမခိုင်သေးကြတာ တွေ့ရတယ်။

ဒီလိုဖြစ်ရခြင်းရဲ့ အကြောင်းအရင်းက၊ တစိုက်မတ်မတ် မရှိခြင်းကြောင့်ပါပဲ။ အပြောင်းအလဲကို မလုပ်ဘဲ၊ မျက်စိမှိတ်ပြီး ဘုတ်ထိုင်ထိုင်နေတာကို ပြောတာ မဟုတ်ပါဘူး။ တစ်နေရာတည်းမှာ၊ နယ်ပယ်တစ်ခုတည်းမှာ ကျောက်ချနေတာကို ပြောတာ မဟုတ်ပါဘူး။ ဘာကိုမှ မပြောင်းမရွေ့ပဲ၊ ခြေကုတ်စွဲမြဲထားတာကို ပြောတာ မဟုတ်ပါဘူး။ တစိုက်မတ်မတ် ရှိခြင်း၊ တစိုက်မတ်မတ် လုပ်ကိုင်ခြင်း၊ တစိုက်မတ်မတ် အားထုတ်နေခြင်းဆို တာ အများကြီး အနှစ်သာရရှိပါတယ်။ ငုပ်မိသဲတိုင်၊ တက်နိုင်ဖျားရောက်ဆိုတာ ရှိတယ်။ တစ်ခုခုကို အဆုံးစွန် ထိ ပေါက်မြောက်အောင် လုပ်နိုင်ခြင်းဟာ စွမ်းအားဖြစ်ပါတယ်။

ကျွန်ဓာတ်ခံ

လူတော်တော်များများဟာ သူတို့လုပ်တဲ့အလုပ်တွေကို တို့တိတို့တိသာ လုပ်ကြတယ်။ သာမန်ကာလျှံကာ လုပ်ကြတယ်။ ဖော့ပြီး လုပ်တယ်။ ဖိပြီး မလုပ်ဘူး။ ကောက်ရိုးမီးလို လုပ်တယ်။ ပြီးပြီးရော လုပ်တယ်။ စေတနာ မထည့်ဘူး။ ဉာဏ်မထည့်ဘူး။ တစ်နေ့ထက် တစ်နေ့ ပိုကောင်းအောင် မလုပ်ချင်ဘူး။ လုပ်ရိုးလုပ်စဉ်အတိုင်းပဲ ပြီးစလွယ်လုပ်တတ်ကြတယ်။ တာဝန်ကျေရုံ လုပ်တတ်ကြတယ်။ အကောင်းဆုံး အားထုတ်ပြီး လုပ်မယ် မရှိဘူး။ ပေးသလောက်နဲ့ တန်အောင်ပဲ လုပ်မယ်။ လုပ်အားကို ပိုမပေးဘူး၊ လုပ်အားကို ပိုမထုတ်ဘူး…. ဆိုတာ တွေ များတယ်။

ဘယ်အရာက အကျိုးအမြတ် ရလွယ်မလဲဆိုတာပဲ အမြဲရှာကြံနေတယ်။ ဆူလွယ်နပ်လွယ်တွေကို ရွေးလုပ် တယ်။ လုပ်ငန်းတစ်ခုကို ရေရှည် ယုံကြည်မှု တည်ဆောက်ပြီး လုပ်တာနည်းတယ်။ အမှတ်တံဆိပ်တစ်ခုကို လူအများက ယုံကြည်တယ်ဆိုတာ တစ်ရက် တစ်မနက်တည်းနဲ့ မရဘူး။ ကြော်ငြာတာတစ်ခုတည်းနဲ့လည်း မရဘူး။ တကယ်ကောင်းမှ၊ တကယ်အရည်အသွေးရှိမှ သုံးတဲ့သူက ယုံကြည်တာ။ ထုတ်ကုန်တစ်ခု၊ လုပ်ရပ် တစ်ခု၊ အနုပညာပစ္စည်းတစ်ခုခု၊ အားလုံးဟာ တူတူပါပဲ။ တစိုက်မတ်မတ်နဲ့ တစ်နေ့ထက် တစ်နေ့ ပိုကောင်း အောင် အားထုတ်နေသူတွေသာ အမြဲတမ်း ရှင်ကျန်ရစ်ကြတာ။

တစိုက်မတ်မတ် ဆိုတဲ့စကားလုံးရဲ့ ဆန့်ကျင်ဘက် စကားလုံးတွေ ရှိတယ်။
• ကောက်ရိုးမီး
• ဆူလွယ်နပ်လွယ်
• ပြီးပြီးရော
• ပြီးစလွယ်
• ဖြစ်ကတတ်ဆန်း
• ရောယိမ်းလိုက် ဘသားယိမ်းလိုက်
• ယောင်ဝါး
• ဝေ့ဝိုက်
• တတ်ယောင်ကား
• ဇော်ကန့်လန့်
• ဟိုမရောက် ဒီမရောက်
• အုတ်ရောရော ကျောက်ရောရော
• အပေါ်ယံ
• နှမ်းဖြူး
• ရေသာခို အချောင်လိုက် ……..

သူငယ်နာ မစင်

ပတ်ဝန်းကျင်ကို လေ့လာကြည့်ပါ။ ကိုယ့်နဘေးက လူတွေကို ဆန်းစစ်ကြည့်ပါ။ တော်တော်များများဟာ ဟိုမရောက်ဒီမရောက်တွေ များပါတယ်။ ယောင်ဝါးတွေ များတယ်။ အုတ်ရောရော ကျောက်ရောရောတွေ များတယ်။ ကောက်ရိုးမီးတွေလည်း ပေါတယ်။ ဒီလိုစရိုက်တွေ များတဲ့လူ့အဖွဲ့အစည်းဟာ၊ တဖြည်းဖြည်းနဲ့ ချိနဲ့ လာပါလိမ့်မယ်။ မြန်မာ့လူ့အဖွဲ့အစည်းမှာ ဒီလို စရိုက်လက္ခဏာတွေကို နေရာတိုင်းမှာ တွေ့နေရပါတယ်။ လူ့အဖွဲ့အစည်းတိုင်းမှာတော့ ဒီလိုစရိုက်တွေ ရှိနေတာချည်းပါပဲ။ သို့ပေမယ့် မြန်မာပြည်ဟာ အတိုင်းအတာ တစ်ခုထက် လွန်ပြီး ရှိနေပါတယ်။ အကန့်အသတ်ထက် ကျော်လွန်ပြီး ဖြစ်နေပါတယ်။ လုပ်ငန်းတွေဟာ မတွင် ကျယ်ဘူး၊ မကြီးပွားဘူး။ လူတွေမှာ ပရော်ဖက်ရှင်နယ်လစ်ဇင် ပျက်သုဉ်းနေတယ်။ တာဝန်ယူမှု တာဝန်ခံမှု မရှိကြဘူး။ ခေါင်းရှောင်တယ်။ လွှဲချတယ်။ အပြစ်ဖို့တယ်။ ဆင်ခြေပေးတယ်။ ဒီလိုနဲ့ လူ့အဖွဲ့အစည်းမှာ သူငယ်နာမစင်တဲ့ လူကြီးတွေ များပြားလာတယ်။

အလုပ်တစ်ခုကို တစိုက်မတ်မတ် မလုပ်ဘူး။ ပြီးစလွယ်လုပ်တယ်။ ပြီးပြီးရော လုပ်တယ်။ ဖြစ်ကတတ်ဆန်း လုပ်တယ်။ အိယောင်ဝါးနဲ့ ဝေ့နေတယ်။ ဝိုက်နေတယ်။ သိသလိုလို တတ်သလိုလို ဟန်ဆောင်နေတယ်။ မေးရင် မသိဘူး။ မမေးရင် သိတယ်ဆိုတဲ့ လူတွေ များတယ်။ လောက်လောက်လားလား မရှိကြဘူး။ ခြောက် ခြားလောက်အောင် တတ်သိမနေဘူး။ အပီပြင်ဆုံး၊ အပြောင်မြောက်ဆုံးလုပ်တယ်ဆိုတာ မရှိဘူး။ လွယ်လွယ် အားထုတ်ပြီး၊ လွယ်လွယ် အောင်မြင်ချင်တယ်။ ကျေကျေလည်လည် လေ့ကျင့်ထားတာ မရှိဘူး။ အပေါ်ယံပဲ။
ဒီလိုနဲ့ပဲ မြန်မာ့လူ့အဖွဲ့အစည်းရဲ့ အရည်အသွေးဟာ ကျသထက် ကျလာတယ်။ နိမ့်သထက် နိမ့်လာတယ်။ လူတစ်ဦးချင်းစီမှာ အားကိုးထိုက်တာ၊ ယုံကြည်ထိုက်တာတွေ လျော့လာတယ်။ တော်တော်များများက ရောယိမ်းလိုက် ဘသားယိမ်းလိုက်တွေသာ များနေတယ်။ မှီးလိုက်သူ၊ ရေသာခို အချောင်လိုက်တဲ့သူက များ နေတယ်။ ခိုင်းရင် လုပ်တယ်။ အသိစိတ်ဓာတ်ရှိရှိ မလုပ်ဘူး။ ကျွန်ဓာတ်ခံရှိနေတယ်။ သခင်ဓာတ်ခံ မရှိဘူး။

ဇ, ပျောက်နေတဲ့လူတွေ

လူတစ်ဦးချင်းစီဟာ ကိုယ့်အားသာချက်ကို ကိုယ်ရှာနေရမယ်။ ကိုယ့်,ဇ ကို ကိုယ်ရှာနေရမယ်။ ကိုယ့်,ဇ ဆိုတာ ကိုယ့်ဗီဇကို ပြောတာ။ ကိုယ်ထူးချွန်ပြောင်မြောက်နိုင်မယ့် ကိုယ်စွမ်းကိုယ်စကို ပြောတာ။ ကိုယ့်,ဇ ကို ကိုယ် ရှာပြီး ထူးချွန်သထက် ထူးချွန်အောင် တည်ဆောက်မယ်၊ လေ့ကျင့်မယ်၊ ဖြည့်ဆည်းနေမယ်ဆိုတာ မရှိကြဘူး။ အုတ်ရောရော ကျောက်ရောရောတွေ များတယ်။ တစ်ဦးချင်းမှာ ဘာမှ ရေရေရာရာ မရှိကြဘူး။ ဒါ့ကြောင့်လည်း တစ်ယောက်ချင်းစီက ပျက်ယွင်းနေတော့၊ လူ့အဖွဲ့အစည်းကြီးတစ်ခုလုံးက ပျက်သလို ဖြစ်နေတယ်။ ဒီလိုဖြစ် နေတာကိုလည်း ဆင်ခြင်ဆင်လက်တွေက ပေးကြတယ်။ နှမ်းတစ်လုံးတည်းနဲ့ ဆီ မဖြစ်နိုင်ဘူး…. တဲ့။ အများ သောက်တော့ မိုးခါးရေ လိုက်သောက်ရမှာပေါ့….တဲ့။ ဒီလိုလူတွေကို ပတ်ဝန်းကျင်မှာ အများအပြားတွေ့နေရ တယ်။

မြန်မာပြည်မှာ နောက်ထပ်ကြီးစိုးနေတဲ့ စရိုက်တစ်ခုရှိတယ်။ အဲဒါတော့ ‘ခွင်တွေ့တုန်း ရိုက်ပလိုက်မယ်’ ဆိုတဲ့ စရိုက်ဖြစ်ပါတယ်။ ရတုန်းယူထား၊ နောက်တော့ မသေချာဘူး…. ဆိုတဲ့သဘော။ ခွင်တွေ့တုန်း ရိုက်ထား… ဆိုတဲ့ စရိုက်တွေ များနေတယ်။ အမှီးကျက် အမှီးစား၊ ခေါင်းကျက် ခေါင်းစားလို့ ပြောလို့ ရမယ်။

သူငယ်နာ မစင်တဲ့လူကြီးတွေ များလာတဲ့လူ့အသိုင်းအဝိုင်းဟာ ဆင်းရဲတာ မဆန်းပါဘူး။ သူငယ်နာမစင်တဲ့ လူကြီးတွေ များလာတဲ့ လူ့အဖွဲ့အစည်းဟာ ချိနဲ့ ပျက်ယွင်းလာတာ အဆန်းမဟုတ်ပါဘူး။ လူကြီးလူကောင်း စိတ်ဓာတ်ဆိုတာ ဘာလဲဆိုတာ ပြန်မေးခွန်းထုတ်နေရတဲ့အနေအထား။ အထူးသဖြင့်၊ ကျပ်တည်းစွာ ရုန်းကန် ရှင်သန်နေရတဲ့ မြို့ပြတွေမှာ လူ့စရိုက်၊ လူ့သဘာဝတွေကို အရိုင်းဆန်ဆန် အတောင့်တိုက် တွေ့ရတယ်။ လူ့အဖွဲ့အစည်းမှာ စည်းကမ်းဆိုတာ မရှိဘူး။ ကျင့်ဝတ်ဆိုတာ နားမလည်ဘူး။ ကျင့်ထုံးဆိုတာ မသိဘူး။ အားလုံးဟာ အဆင်ပြေသလို ဖင်လှည့်ခေါင်းလှည့်နဲ့ လုပ်ကိုင်နေကြတယ်။

လူမှုပြုပြင်ရေး

မြန်မာပြည်ရဲ့ ပြုပြင်ပြောင်းလဲရေး အဖြေဟာ လူ့အဖွဲ့အစည်းမှာ ရှိနေပါတယ်။ နိုင်ငံရေးဟာ အဖြေမဟုတ် ဘူး။ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုဟာ လူမှုတော်လှန်ရေး၊ လူမှုပြုပြင်ပြောင်းလဲရေး မပါဘဲနဲ့ မအောင်မြင်နိုင်ဘူး။ တစ်ပွဲထိုးပဲဖြစ်မယ်။ ဆေးမှီးတိုပဲဖြစ်လိမ့်မယ်။ ခံယူချက်၊ ယုံကြည်ချက်နဲ့ လုပ်ကိုင်ကြတဲ့လူတွေ နည်းလာ တယ်။ အကျိုးအမြတ်ကို ကြည့်ပြီး လုပ်ကြတဲ့လူတွေ များလာတယ်။ အကျိုးအမြတ်နဲ့ ယုံကြည်ချက်ဟာ မျှခြေ ပျက်လာတယ်။ လူ့အဖွဲ့အစည်းမှာ ပျက်သထက် ပျက်လာတာတွေကို အများကြီးတွေ့နေရတယ်။
မြန်မာ့စရိုက်အရ ကိုယ်ပျက်တာကို ကိုယ်မမြင်ဘူး။ လက်ညှိုးထိုးတယ်။ အပြစ်ဖို့တယ်။ ဒီလိုနဲ့ ပြီးသွားတယ်။ ကိုယ့်ကိုယ်ကို မကြည့်ဘူး။ တပါးသူကို ကြည့်တယ်။ ကိုယ်နဲ့ လူမျိုးကွဲ၊ အသွင်ကွဲကို လက်ညှိုးထိုးတယ်။ ပြီးတော့လည်း ဖာသိဖာသာ နေမြဲ၊ စားမြဲအတိုင်း။

မြန်မာ့လူ့အဖွဲ့အစည်းမှာ ပြဿနာအများကြီး ရှိနေပါတယ်။ လူမှုစရိုက်မှာ စံထားရမယ့်အရာတွေ ပျောက်လာ တယ်။ ပျက်လာတယ်။ တိမ်ကောလာတယ်။ လူတွေဟာ အရိုင်းဆန်လာတယ်။ တောရိုင်းဥပဒေသ ဖြစ်ထွန်း လာတယ်။ နိုင်ရာစား၊ ကြီးသူနိုင်… ဖြစ်လာတယ်။ ယဉ်ကျေးမှုဟာ ရုပ်ပိုင်းပိုဆန်လာတယ်။ ခေတ်မီပစ္စည်းတွေ အသုံးအဆောင်တွေ သုံးဆောင်လာနိုင်တာကို ယဉ်ကျေးမှုလို့ ထင်နေကြတယ်။ စိတ်ဓာတ်ဆိုင်ရာယဉ်ကျေးမှု နဲ့ လူမှုဓလေ့မှာတော့ ဦးညွှတ်ချင်စရာတွေ ပျောက်ဆုံးလာတယ်။ ဒီစရိုက်တွေကပဲ မြန်မာ့လူ့အဖွဲ့အစည်းကို ပျက်သုဉ်းအောင် ဖျက်ဆီးမယ့်အရာတွေ ဖြစ်ပါတယ်။

ဒါတွေကိုလည်း သတိမမူ ဂူမမြင်… တဲ့ သူတွေက အများသား။ ဖာသိဖာသာ နဲ့ ၊ အမှုမဲ့ အမှတ်မဲ့နေကြရင်း မြန်မာပျက်သုဉ်းခန်းဟာ နှစ် (၅၀) မကြာဘူး။ ကြုံလာကြမယ် ထင်ပါတယ်။ သတိထားကြပါကုန်။

မင်းသေ့
နေ့လယ် ၁ း ၀၁
၈ ၊ ၈ ၊ ၂၀၁၉ ။
ရန်ကုန်မြို့ ။

Previous post စင်္ကာပူနိုင်ငံ၊ ကဏ္ဍ နှစ်ရပ်
Next post တတ်ယောင်ကား ဘွဲ့ရ ပညာမတတ်