||| မင်းသေ့ |||

၁။ အရပ်ဘက်စစ်ဘက် ဆက်ဆံရေး

စင်္ကာပူနိုင်ငံဟာ လွတ်လပ်ရေးရပြီးချိန်က စပြီး ၊ ပြည်သူ့တပ်မတော်ဆိုတဲ့ မိုဒယ်ကို ယူပြီးတည်ဆောက်ခဲ့ပါ တယ်။ အမျိုးသားစည်းလုံးညီညွှတ်ရေး စိတ်ဓာတ်၊ မိခင်ဖခင်သဖွယ် ဦးစီးအုပ်ထိန်းတယ်ဆိုတဲ့ သဘောကို ပရိုမိုးရှင်းလုပ်တယ်။ တပ်ဆိုတာ လူ့အဖွဲ့အစည်းအတွင်းက ပေါက်ဖွားလာတယ်လို့ မြင်အောင် ပုံဖမ်းထား တယ်။

စစ်မှုထမ်းစနစ်

စင်္ကာပူနိုင်ငံဟာ စစ်မှုမထမ်းမနေရ စနစ်ကို ကျင့်သုံးပါတယ်။ စင်္ကာပူနိုင်ငံသား အမျိုးသားတိုင်းဟာ စစ်မှု မထမ်းမနေရ ဖြစ်ပါတယ်။ အသက် ၁၈ နှစ်နဲ့ ၄၀ အကြားမှာ စစ်မှုထမ်းကြရတယ်။ ၂၀၀၄ ခုနှစ်မှာ၊ စစ်မှုထမ်း သက်တမ်းကို နဂိုက လပေါင်း (၃၀) ထမ်းဆောင်ကြရတာကနေ၊ (၂၄) လပဲ ထမ်းဆောင်ဖို့ ပြင်ဆင်ပြဌာန်းခဲ့ပါ တယ်။ စစ်မှုထမ်းသက်တမ်းကို ၆ လလျော့ချပေးလိုက်တာပါ။
စစ်မှု မထမ်းမနေရ စနစ်ကြောင့် စင်္ကာပူဟာ လေ့ကျင့်ရည်ပြည့်ဝပြီး စစ်သည် ၇ သောင်း ၂ ထောင် (၇၂၀၀၀) ကို အရံသင့်တည်ဆောက်ထားနိုင်ပါပြီ။ ယခု လက်ရှိ စင်္ကာပူမှာ စစ်မှုထမ်းနိုင်တဲ့ အင်အား ၃၁၂,၀၀၀ ရှိပါတယ်။ ဒါ့အပြင် လိုအပ်ရင် ၁၄ ရက်အတွင်း၊ အသက် ၄၀ မကျော်တဲ့ ယောက်ျားတွေကို စစ်ရေးပြင်ဆင်မှု လုပ်ပေးနိုင်တဲ့ အဆင့်မှာ ရှိပါတယ်။ ကြည်းတပ်၊ ရေတပ်၊ လေတပ် စတဲ့ စစ်ရေးအင်အားတွေကို ဖြည့်ဆည်းဖို့ ပြင်ဆင်ထားနိုင်စွမ်း ဖြစ်ပါတယ်။

မလေးတပ်သားတွေ

စင်္ကာပူက မလေးရှားက ခွဲထွက်စ အချိန်တုန်းက၊ စင်္ကာပူနိုင်ငံသား မလေးလူမျိုးတွေက စစ်မှုထမ်းဖို့ ငြင်းဆန် ကြပါတယ်။ အစပိုင်းမှာတော့ လူမျိုးရေး ကိစ္စနဲ့ အခက်အခဲ၊ ပြဿနာတွေ ရှိခဲ့တယ်။ သို့ပေမယ့် အခုတော့ ပြေလည်သွားပါပြီ။ အခု မလေးလူမျိုး စင်္ကာပူနိုင်ငံသား စစ်မှုထမ်းတွေက ကမ်းခြေစောင့် တပ်ဖွဲ့ဝင်တွေ ဖြစ်နေ ပါပြီ။ ကမ်းခြေစောင့်တပ်ဖွဲ့ဟာ စင်္ကာပူရဲ့ ပြည်သူ့တပ်မတော်အင်အားစု အစိတ်အပိုင်းတစ်ရပ်ဖြစ်ပါတယ်။

စစ်ရေးပြင်ဆင်မှု

စင်္ကာပူဟာ နိုင်ငံငယ်လေး ဖြစ်ပါတယ်။ ထူးခြားချက်ကတော့ ဆယ်စုနှစ် ၆ ခုကျော်ကာလအထိ နိုင်ငံရေးနဲ့ ငြိမ်းချမ်းရေးကို တည်ငြိမ်အောင် ထိန်းထားနိုင်တာဖြစ်ပါတယ်။ စင်္ကာပူဟာ အရှေ့တောင် အာရှနိုင်ငံတွေထဲ စစ်ရေးအရ စွမ်းရည်ထက်မြက်တဲ့၊ ခေတ်မီ ပရော်ဖက်ရှင်နယ်တပ်မတော်ကို တည်ဆောက်ထားနိုင်ခဲ့ပါတယ်။ စင်္ကာပူရဲ့ စစ်ရေး အသုံးစရိတ်သာ ဒေသတွင်းနိုင်ငံတွေထက် ပိုမြင့်ပါတယ်။ စင်္ကာပူဟာ စစ်ရေးမှာ တစ်ထီး တည်း မနေပါဘူး။ အင်္ဂလန်လို နိုင်ငံမျိုး၊ အမေရိကန်လိုနိုင်ငံမျိုး၊ ဒေသတွင်းမှာဆိုလည်း ဘရုနိုင်းလို နိုင်ငံမျိုး တွေနဲ့ စစ်ရေး ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ဆောင်ပါတယ်။

စင်္ကာပူဟာ ကိုယ့်ပြည်တွင်းရဲ့ ကာကွယ်ရေး၊ လုံခြုံရေးကဏ္ဍတွေမှာတင် မဟုတ်ဘဲ၊ နိုင်ငံ တကာ လူသားချင်း စာနာထောက်ထားမှု ကိစ္စရပ်တွေ၊ ငြိမ်းချမ်းရေးထိန်းသိမ်းခြင်းတွေနဲ့ ဒေသတွင်းဆိုင်ရာ၊ စစ်ရေးလေ့ကျင့်မှု တွေကို အာရုံစိုက်ပြီး လုပ်ဆောင်ပါတယ်။ ၁၉၆၆ နဲ့ ၂၀၀၁ ခုနှစ်အကြားမှာ၊ စင်္ကာပူရဲ့ စစ်ရေးအသုံးစာရိတ်ဟာ အစိုးရအသုံးစာရိတ်ရဲ့ ၂၄.၅ % ရှိပါတယ်။ ဒီပမာဏဟာဆိုရင် တိုင်းပြည် ဂျီဒီပီရဲ့ ၄.၅ % ဖြစ်ပါတယ်။

စတော့ဟုမ်း ငြိမ်းချမ်းရေးသုတေသနအဖွဲ့အစည်းရဲ့ လေ့လာချက်အရ၊ ၂၀၁၄ ခုနှစ်မှာ စင်္ကာပူဟာ အမေရိကန် ဒေါ်လာ ၉၈၄၁ သန်းကို ကာကွယ်ရေးမှာ သုံးစွဲခဲ့ပါတယ်။ ဒီပမာဏဟာဆိုရင် ဂျီဒီပီရဲ့ ၃.၃ % ဖြစ်ပါတယ်။ အစိုးရအသုံးစာရိတ်ရဲ့ ၁၈.၃ % ဖြစ်ပါတယ်။

ဂလိုဘယ်စစ်ရေးချဲ့ထွင်မှုညွှန်းကိန်းတွေအရ၊ စင်္ကာပူဟာ အစ္စရေးနိုင်ငံပြီးရင်၊ ကမ္ဘာမှာ ဒုတိယ အမြင့်ဆုံး စစ်ရေးချဲ့ထွင်မှုကို လုပ်တဲ့နိုင်ငံလို့ ဆိုပါတယ်။ စင်္ကာပူအစိုးရရဲ့ နိုင်ငံရေးအစီအစဉ်တွေထဲမှာ ကာကွယ်ရေနဲ့ စစ်ရေးမူဝါဒဆိုင်ရာကိစ္စရပ်တွေက ထိပ်တန်းက ပါဝင်နေပါတယ်။

ကာကွယ်ရေးအသုံးစာရိတ်တိုးမြှင့်လာမှု၊ လုံခြုံရေးပိုက်ကွန်များ ခဲ့ထွင်လာမှုဟာ စင်္ကာပူနိုင်ငံရဲ့ လုံခြုံရေးအရ စိုးရိမ်ချက်ကို ပြသနေပါတယ်။ တစ်ဖက်မှာလည်း ပြည်ပရေးရာ ကိစ္စတွေမှာ တန်ဖိုးမြင့်အောင် မြှင့်တင်ဖို့ ကြိုးစားလုပ်ဆောင်နေတာကိုလည်း တွေ့နိုင်ပါတယ်။

စစ်ဘက် အရပ်ဘက် ပါတီဘက်

ဘရုနိုင်းတို့၊ မလေးရှားတို့လိုပါပဲ။ စင်္ကာပူမှာ အရပ်ဘက်က စစ်ဘက်ကို ကောင်းကောင်း ထိန်းချုပ်ကွပ်ကဲနိုင် ပါတယ်။ အရပ်သားအုပ်ချုပ်မှု အပြည့်အဝရှိတယ်လို့ ဆိုလိုတာဖြစ်ပါတယ်။


စင်္ကာပူဟာ ဗြိတိသျှတို့၊ အမေရိကန်တို့ရဲ့ ကိုလိုနီဖြစ်ခဲ့တဲ့ လာအိုတို့၊ ဗီယက်နမ်တို့နဲ့ ဆင်တူပါတယ်။ စင်္ကာပူ ဟာ မလေးရှားကနေ ခွဲထွက်လိုက်တယ်။ ပြီးတော့ ပေါ်ပေါက်လာတဲ ပီအေပီ ကပဲ စင်္ကာပူ တပ်မတော်ကို ထူထောင်လိုက်တယ်။ အဲသည်အချိန်မှာ၊ စင်္ကာပူမှာ ကိုလိုနီဆန့်ကျင်ရေး တိုက်ပွဲ မရှိတော့ပါဘူး။ ဒီတော့ အရပ်သား ထိန်းချုပ်မှုအောက်မှာ တပ်ကို ကောင်းကောင်းစီမံခန့်ခွဲနိုင်ခဲ့တယ်။ စင်္ကာပူတပ်မတော်ဟာဆိုရင် လည်း၊ နိုင်ငံရေး ကင်းရှင်းမှု ရှိတယ်။ ပရော်ဖက်ရှင်နယ် တပ်မတော်ဖြစ်တယ်။

ပီအေပီက တပ်မတော်ကို တည်ထောင်သူဖြစ်သော်လည်းပဲ၊ ပါတီနဲ့ တပ်မတော်အကြား တိတိကျကျ သတ် သတ်မှတ်မှတ် ပိုင်းခြားထားမှု ရှိတယ်။ တပ်တွင်းမှာ အမဲတမ်း အမှုထမ်းတွေဟာ ပါတီနဲ့ မဆက်နွှယ်ရဘူး။ ပါတီလုပ်ငန်းတွေမှာ ပါဝင်ပတ်သက်မှု မရှိရဘူး။

သို့ပေမယ့် စင်္ကာပူမှာ ပါတီနဲ့ တပ်အကြား ထိပ်ပိုင်းဆက်ဆံရေး တစ်ရပ်ရှိပါတယ်။ တပ်နဲ့ ပါတီအကြား ထိပ် ပိုင်းခေါင်းဆောင်တွေ ပေါင်းစည်းမှုတွေ ရှိနေတယ်။ နိုင်ငံရေးဘက်၊ စစ်ဘက်နဲ့ ဗြူရိုကရက်တစ် ထိပ်ပိုင်း ခေါင်းဆောင်တွေအကြားမှာ ဒွန်တွဲဖြစ်တည်နေတာတွေ ရှိတယ်။ တစ်ဖက်မှာလည်း အရပ်ဘက် ထိန်းချုပ်မှု ရှိနေတာကို ငြင်းဆန်လို့ မရဘူး။

အငြိမ်းစား စစ်ဘက်ခေါင်းဆောင်တွေနဲ့ အုပ်ချုပ်ရေး အရာရှိတွေဟာ စင်္ကာပူရဲ့ အုပ်ချုပ်ရေးထိပ်ပိုင်းအလွှာမှာ ရှိနေပါတယ်။ ၂၀၁၂ ခုနှစ်မှာ၊ အစိုးရဝန်ကြီးအဖွဲ့ ၁၅ ယောက်ဟာ စစ်ဘက်အရာရှိဟောင်းတွေ ဖြစ်ပါတယ်။ အဲသည်အထဲမှာ ဝန်ကြီးချုပ် လီရှန်လွန်းလည်း ပါဝင်ပါတယ်။ စစ်ဘက်ဆိုင်ရာ သင်ကြားမှုတွေမှာလည်း တပ်တွင်း ကိစ္စရပ်တွေအပြင်၊ စစ်ဘက်နဲ့ မသက်ဆိုင်တဲ့ အရေးအရာတွေကိုလည်း ထည့်သွင်းသင်ကြားတာ တွေ့ရပါတယ်။ စင်္ကာပူမှာ တပ်တွင်း စီနီယာအရာရှိတွေကို အရပ်ဘက် အုပ်ချုပ်ရေးဌာနတွေမှာ တာဝန်ထမ်း ဆောင်ဖို့၊ တက္ကသိုလ်တွေမှာ တာဝန်ထမ်းဆောင်ဖို့ စေလွှတ်ပါတယ်။ ဒါဟာ အုပ်ချုပ်ရေးအတွေ့အကြုံတွေကို လေ့ကျင့်သင်ကြားပေးခြင်း သဘောဖြစ်ပါတယ်။

စစ်ဘက်ဝန်ထမ်းတွေဟာ အရပ်ဘက်ဌာနတွေမှာ ပြောင်းရွေ့တာဝန်ထမ်း ဆောင်လို့ ရပါတယ်။ သို့ပေမယ့် ဒါဟာ စင်္ကာပူနိုင်ငံရေးအပေါ် တပ်မတော်ရဲ့ ဩဇာလွှမ်းမိုးမှုကို ကြီးထွား လာ စေတဲ့ အချက်လို့ တော့ မဆိုလိုပါဘူး။ ဒါပေမယ့် ပီအေပီ (ပါတီ) တွင်းမှာ ခေါင်းဆောင်မှုကောင်းကောင်းတွေ ပေါ်ထွက်လာဖို့ လိုပါတယ်။ နိုင်ငံရေးအရာ သက်လုံကောင်းတဲ့၊ စွမ်းရည်ပြည့်တဲ့ မျိုးဆက်သစ်ခေါင်းဆောင် တွေကို မွေးထုတ်ဖို့ လိုပါတယ်။ စင်္ကာပူနိုင်ငံကို ဦးဆောင်ဖို့ နိုင်ငံရေး ခေါင်းဆောင်မှုကို စဉ်ဆက်မပြတ်တည် ဆောက်ဖို့ လိုကြောင်း ပြဆိုနေပါတယ်။

စစ်စီးပွားရေး မရှိဘူး

စင်္ကာပူဟာ ထိုင်းတို့၊ အင်ဒိုနီးရှားတို့၊ ဗီယက်နမ်တို့၊ လာအိုတို့ နဲ့ မတူပါဘူး။ ဒီနိုင်ငံတွေမှာက တပ်ကိုယ်တိုင်က စီးပွားရေးကို ထဲထဲဝင်ဝင် လုပ်ဆောင်ကြပါတယ်။ အဲသည်နိုင်ငံတွေလို စင်္ကာပူ တပ်မတော်က ငွေကြေး ရှာဖွေနိုင်တဲ့ အဖွဲ့အစည်း မဟုတ်ပါဘူး။ စင်္ကာပူမှာ စစ်စီးပွားရေး လုပ်တယ်ဆိုတဲ့ ရှုပ်ထွေးမှု မရှိဘူး။

ဦးဆောင်ပုံ

စင်္ကာပူတပ်မတော်ဟာ အရပ်ဘက်ဦးဆောင်မှု အောက်မှာ ရှိတဲ့ လုံခြုံရေးကဏ္ဍရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။ အရပ်သားဦးဆောင်တဲ့ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်မှာ တပ်က ရှိတယ်။ ကာကွယ်ရေး ဝန်ကြီးအောက်မှာ တပ်က အမိန့်ကို ကျေပွန်စွာ နာခံတယ်။ ရံဖန်ရံခါ စစ်ဘက်အရာရှိဟောင်းတွေက တပ်ရဲ့ အဓိက ဌာနတွေကို ဦးဆောင်ပါတယ်။ လုံခြုံရေးနဲ့ ထောက်လှမ်းရေးလို့ ဌာနမျိုး။ ကာကွယ်ရေးဆိုင်ရာ စီမံကွပ် ကဲမှု အဖွဲ့လို မျိုး။ တပ်သားအင်အားဗဟိုဌာနလို နေရာမျိုးတွေမှာ ဦးဆောင်ကြပါတယ်။

စင်္ကာပူမှာ တပ်ကောင်စီ ရှိပါတယ်။ တပ်ကောင်စီကို ကာကွယ်ရေးဝန်ကြီး၊ ကာကွယ်ရေးဦးစီးချုပ်၊ စီနီယာ ဝန်ကြီး၊ အခြားဝန်ကြီးတွေ၊ သမ္မတက ထပ်ပေါင်း ခန့်အပ်တဲ့ အရာရှိ ၄ ယောက်နဲ့ ဖွဲ့စည်းတယ်။ တပ်ကောင်စီ အရေးကြီး ဆုံးဖြတ်ချက်တွေကို ချတယ်။ တပ်ကောင်စီကို ဝန်ကြီးချုပ်က ဦးဆောင်တယ်။ အခြားဝန်ကြီးတွေ လည်းပါတယ်။ ကာကွယ်ရေးဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီး၊ နိုင်ငံခြားရေးဝန်ကြီး၊ သတင်းနှင့် အနုပညာ ဝန်ကြီး၊ ကာကွယ်ရေးဝန်ကြီးကဲ့သလို့ အရေးပါတဲ့ ထောက်လှမ်းရေး စီနီယာအရာရှိတွေ ပါဝင်တယ်။
အမျိုးသား လုံခြုံရေးစီမံကွပ်ကဲမှုဆိုင်ရာ အတွင်းရေးမှူးကို ဝန်ကြီးချုပ်ရုံးအောက်မှာ ရှိတဲ့ ဌာနရဲ့ အကြီးအကဲ အဖြစ် သတ်မှတ်တယ်။ အဲသည်ကနေ တစ်ဆင့် အရပ်ဘက်နဲ့ စစ်ဘက် ဆိုင်ရာ လုံခြုံရေးကိစ္စရပ်တွေကို ဝန်ကြီးချုပ်ရုံးက စီမံကွပ်ကဲတယ်။

၂။ နိုင်ငံရေးဓလေ့ နဲ့ အရပ်ဘက်အဖွဲ့အစည်း ပုံစံ

အာရှတန်ဖိုးအယူအဆ

အာရှတန်ဖိုး အယူအဆနဲ့ ပတ်သက်ပြီး၊ စင်္ကာပူရဲ့ ခေါင်းကောင်ဖခင်ကြီး လီကွမ်ယု နဲ့ ဝန်ကြီးချုပ်ဟောင်း ဂိုချောက်ထောင်တို့ လက်ထပ်တွေမှာ အကျယ်လောင်ဆုံး ဒီဘိတ်ဖြစ်ခဲ့ပါတယ်။ အာရှတန်ဖိုး အယူအဆမှာ၊ လူ့အသိုင်းအဝိုင်းကို ဦးစားပေးစဉ်းစားရမယ်၊ အလုပ်ကိုကြိုးစားလုပ်ရမယ်၊ အမိန့်ကို နာခံရမယ်ဆိုတဲ့ ယူဆ ချက်တွေ ပါပါတယ်။ အာရှတန်ဖိုး အယူအဆက၊ မိသားစုဆိုတာ လူ့အဖွဲ့အစည်းရဲ့ အခြေခံယူနစ်လို့ မှတ်ယူ တယ်။ တစ်ဦးချင်းအခွင့်အရေးထက်၊ အများစုအခွင့်အရေးဟာ ပိုအရေးကြီးတယ်။ တစ်ဦးချင်း အကျိုးစီးပွား ထက် လူအများရဲ့ အကျိုးစီးပွားက ပိုအရေးကြီးတယ်လို့ ယူဆတယ်။ နိုင်ငံတော်ဆိုတာ လူမှုပန်းတိုင်ကို အရောက်ပို့ပေးသူဖြစ်လို့၊ သူက အာဏာ လိုတယ်။ လူအများကို ကိုယ်စားပြုတယ်လို့ ပြဌာန်းချက်တွေ ထား တယ်။

နိုင်ငံတော်ဆိုတာ အမိအဖ နေရာမှာ ရှိတယ်။ အစိုးရဟာ ပြည်သူကို မိခင်ဖခင်သဖွယ် အုပ်ချုပ်တယ်ဆိုတဲ့ အယူအဆကို တည်ဆောက်ထားတယ်။ ဒါဟာ အာရှတန်ဖိုး အယူအဆရဲ့ အဓိက မဏ္ဍိုင်အတွေးအခေါ်တွေပဲ ဖြစ်ပါတယ်။

အာရှစတိုင်ဒီမိုကရေစီ

အာရှတန်ဖိုးနဲ့ အနောက်တိုင်းတန်ဖိုးခံယူချက်တွေဟာ မတူကြဘူး။ ကွဲပြာခြားနားကြတယ်။ နိုင်ငံတော်နဲ့ လူ့အဖွဲ့အစည်းအကြား ဆက်ဆံရေး၊ နိုင်ငံရေးအဖွဲ့အစည်းတွေရဲ့ ပုံစံတွေဟာ ကွဲပြားတယ်။ အာရှရေမြေ သဘာဝနဲ့ ကိုက်ညီတဲ့ ဒီမိုကရေစီကို တည်ဆောက်ရမယ် ဆိုတဲ့ ခံယူချက်တွေ ရှိတယ်။ စကားလုံးတစ်လုံး တည်း ပြောမယ်ဆိုရင်တော့၊ အာရှစတိုင်နဲ့ ဒီမိုကရေစီ လို့ ပြောရပါမယ်။

အာရှ စရိုက်နဲ့ အနောက်တိုင်း စရိုက်တို့အကြား အခြေခံကွာဟချက်များရှိပါတယ်။ တန်ဖိုးနှစ်ခုအကြား အငြင်းအခုန်ဟာ အခုထိ မပြီးသတ်သေးဘူး။ ဒီနှစ်ခုကို ကောင်းကောင်းနားလည်နိုင်ဖို့၊ ကျကျနန စီမံထားတဲ့ နှုန်းစံအမျိုးမျိုး လိုကောင်းလိုပါလိမ့်မယ်။

လူထုယုံကြည်မှု

အာရှဘာယိုမီတာတိုင်းတာချက် ဆိုပြီး စင်္ကာပူနိုင်ငံသားတွေကို စစ်တမ်းကောက်မှုတွေ လုပ်ခဲ့ဖူးတယ်။ ဒီစစ် တမ်းမှာ စင်္ကာပူနိုင်ငံမှာ ကျင့်သုံးတဲ့ နိုင်ငံရေးစနစ်၊ လူထုနဲ့ နိုင်ငံရေး သဘောထားအမြင်တွေ စတဲ့ အချက်တွေ အပေါ် အခြေခံပြီး စစ်တမ်းကောက်ခဲ့ဖူးပါတယ်။ ဒီစစ်တမ်းရဲ့ တွေ့ရှိချက်ကတော့ စင်္ကာပူ ပြည်သူလူထုဟာ သူ့နိုင်ငံက အစိုးရပေါ်မှာ ယုံကြည်မှု မြင့်မားတယ်ဆိုတာ တွေ့ရပါတယ်။ ယုံကြည်မှုလို့ ပြောတဲ့နေရာမှာ၊ အစိုးရက တည်ဆောက်ထားတဲ့ အင်စတီကျူးရှင်းတွေရဲ့ ခိုင်မာအားကောင်းမှုအပေါ်မှာ ပြည်သူလူထုက အပြည့်အဝ ယုံကြည်မှုရှိနေတာ တွေ့ရတယ်။ ဒါဟာ အခြားသော ဒေသတွင်း နိုင်ငံတွေမှာ ရှိတဲ့ နိုင်ငံတွေ ထက် သာလွန်နေတာကို တွေ့ရပါတယ်။

၂၀၁၄ ခုနှစ်မှာ ထုတ်တဲ့ အစီရင်ခံစာအရ၊ ယုံကြည်မှု ရာခိုင်နှုန်း ဒီဂရီက ၈၈.၈ % ရှိတာကို တွေ့ရပါတယ်။ ဒါဟာ အံ့အားသင့်စရာ ဖြစ်ပါတယ်။ ပြည်သူတွေဟာ သူ့ကို အုပ်ချုပ်တဲ့ အစိုးရအပေါ်မှာ ၉၀ ရာခိုင်နှုန်း နီးပါး ယုံကြည်မှု ရှိထားတယ်ဆိုတာ ထူးထူးခြားခြား ဖြစ်ရပ်ဖြစ်ပါတယ်။

အသေးစိတ် ခွဲပြောရရင်၊ အစိုးရအဖွဲ့အပေါ်မှာ ၈၇.၇% ယုံကြည်မှုရှိကြောင်းပြတယ်။ တရားရုံးတွေအပေါ်မှာ ၈၉.၁ % ယုံကြည်မှု ရှိကြောင်းပြတယ်။ လွှတ်တော်အပေါ်မှာ ၈၅.၉ % ယုံကြည်မှုရှိကြောင်းပြတယ်။ အရှေ့တောင်အာရှနိုင်ငံတွေထဲမှာ စင်္ကာပူ မဟုတ်တဲ့ အခြားနိုင်ငံတွေဆိုရင်၊ အစိုးရအပေါ် ယုံကြည်မှု ရာခိုင်နှုန်း ၆၀ ကျော်နဲ့ ၇၀ ကျော်ကြားမှာပဲ ရှိတာတွေ့ရပါတယ်။ ဒါပေမယ့် စင်္ကာပူမှာ ၉၀ ရာခိုင်နှုန်း နီးပါးရှိ တယ်ဆိုတော့ ဒါဟာ ထူးခြားမှတ်တမ်းဖြစ်ပါတယ်။

ရွေးကောက်ပွဲ

စင်္ကာပူနဲ့ ပတ်သက်ပြီး အနုတ်လက္ခဏာဆောင်တဲ့ အမြင်တွေလည်း ရှိပါတယ်။ အထူးသဖြင့် ရွေးကောက်ပွဲ စနစ်နဲ့ ပတ်သက်ပြီး အတော်များများက ပြောကြပါတယ်။ ဒီနေရမှာမှာတော့ ချွင်းချက်ဖြစ်ပါလိမ့်မယ်။ စင်္ကာပူ နိုင်ငံမှာ ကျင်းပတဲ့ ရွေးကောက်ပွဲတွေဟာ ဘယ်လာက် တရားမျှတမှု ရှိသလဲ ဆိုတဲ့ တိုင်းတာချက်ဖြစ်ပါတယ်။ ရွေးကောက်ပွဲတွေအပေါ်မှာ ကောက်ယူတဲ့ စစ်တမ်းတွေအရ ယုံကြည်မှု ဒီဂရီက ၁၀.၂ % လောက်ပဲ ရှိတာ တွေ့ရပါတယ်။ ဒါဟာအတော် နိမ့်တဲ့ အဆင့်မှာ ရှိပါတယ်။

စင်္ကာပူနိုင်ငံက ပါတီစုံစနစ်ကို ကျင့်သုံးပါတယ်။ ရွေးကောက်ပွဲကို တိုင်းတဲ့ နေရာမှာ လွတ်လပ်သလား၊ တရားမျှတသလားဆိုတဲ့ အခြေခံ နှစ်ချက်နဲ့ တိုင်းတာပါတယ်။ စင်္ကာပူနိုင်ငံရဲ့ ရွေးကောက်ပွဲတွေဟာ လွတ်လပ်တယ်။ သို့ပေမယ့် တရားမျှတမှုတော့ မရှိပါဘူး။ ဒီမိုကရေစီ နည်းကျ ရွေးကောက်ပွဲဖြစ်ဖို့၊ အခြေခံ တစ်ချက်မှာ ချွတ်ယွင်းနေတာတွေ့ရပါတယ်။ ဒါပေမယ့် ဒါဟာ အံ့အားသင့်စရာတော့ မဟုတ်ပါဘူး။

ကောက်ချက်၊ မှတ်ချက်

အခြားသော စစ်တမ်းတွေကလည်း အခုလို ကောက်ယူမှုတွေ လုပ်ခဲ့ပါတယ်။ ဖော်ပြချက်တွေကတော့၊ ပီအေပီ အစိုးရဟာ နိုင်ငံရေး ဦးဆောင်မှု ကောင်းမွန်တယ်၊ စီးပွားရေးအခွင့်အလမ်းကောင်းအောင် လုပ်ပေးနိုင်တယ် ဆိုတဲ့ အချက်တွေကို ပြပါတယ်။ ပိုပြီး ပြတ်ပြတ်သားသားရှင်းရှင်းလင်းလင်း တွေ့ချင်မြင်ချင်တယ်ဆိုရင်တော့၊ အာရှဘာယိုမီတာက တွေ့ရှိတဲ့ အချက်အလက်တွေနဲ့ အခြားသော ဒေသတွင်းနိုင်ငံတွေ အကြား နှိုင်းယှဉ် တိုင်းတာမှုတွေ လုပ်ဖို့ ကောင်းပါတယ်။

စင်္ကာပူးရီးယန်းလို့ ခေါ်တဲ့ စင်္ကာပူနိုင်ငံသားတွေဟာ အစိုးရအပေါ် ဘာ့ကြောင့် အမှတ်များများ ပေးရသလဲ ဆိုတဲ့ ကောက်ချက်တွေ ရှိပါတယ်။ စင်္ကာပူဟာ စီးပွားရေး တိုးတက်တယ်၊ ဖွံ့ဖြိုးတယ်၊ ခြစားမှုကို အမြင့်ဆုံးထိ ကာကွယ်ပေးထားတယ်၊ လူ့အခွင့်အရေးကို ကာကွယ်ပေးတယ်၊ ပြည်သူ့ဝန်ဆောင်မှုလည်း ကောင်းမွန်တယ်။ ဒါပေမယ့် တခြားတစ်ဖက်မှာလည်း မနှစ်မြို့စရာ ကိစ္စ တချို့ရှိနေပါတယ်။ အစိုးရအပေါ်မှာ ဝေဖန်တာ၊ လွတ်လပ်စွာ ပြောဆိုခွင့်၊ လွတ်လပ်စွာ စုရုံးခွင့်၊ လွတ်လပ်စွာ အသင်းအပင်းဖွဲ့ပိုင်ခွင့် စတာတွေကို ကန့်သတ် ထားတာ တွေ့ရပါတယ်။ ဒါဟာ နိုင်ငံသားအခွင့်အရေး ချို့တဲ့တာပဲဖြစ်ပါတယ်။

အရပ်ဘက်အား

ပညာရှင်တွေရဲ့ သုံးသပ်ချက်အရ၊ စင်္ကာပူနိုင်ငံသားတွေရဲ့ အစိုးရအပေါ် ကျေနပ်မှု၊ မကျေနပ်မှုတွေဟာ ဘယ်သို့ ဘယ်ပုံဖြစ်သလဲဆိုတာ အခုလို ဖော်ထုတ်ခဲ့ကြပါတယ်။ စင်္ကာပူမှာ နိုင်ငံတော်နဲ့ လူမှုအသိုက်အဝန်း အကြားမှာ ပြင်းထန်တဲ့ လွန်ဆွဲမှု မရှိပါဘူး။ ဒီလိုပဲ ဒီမိုကရက်တစ် အပြောင်းအလဲဖြစ်ဖို့ လုံလောက်တဲ့ တွန်းအား မရှိဘူး။ ဖိအား မရှိဘူး။ ဒါ့ကြောင့် ဒီမိုကရေစီအရွေ့ဟာ အရပ်ဘက်လူမှုအသိုက်အဝန်းက တွန်းတဲ့ အားလျော့နေတာ တွေ့ရပါတယ်။


၁၉၆၅ ခုနှစ်မတိုင်ခင်က၊ စင်္ကာပူမှာ အရပ်ဖက်အဖွဲ့အစည်းတွေ ခိုင်ခိုင်မာမာ အားကောင်းခဲ့တယ်။ အလုပ်ဖြစ် တဲ့ အရပ်ဖက်အဖွဲ့အစည်းတွေလည်း ရှိခဲ့တယ်။ စေတနာ့ဝန်ထမ်း အဖွဲ့တွေလည်း အားကောင်းခဲ့တယ်။ ဒါပေမယ့် အခု လက်ရှိအခြေအနေနဲ့ နှိုင်းယှဉ်ရင်တော့ ဆန့်ကျင်ဘက်အနေအထားဖြစ်နေပါပြီ။

ပီအေပီရဲ့ မဟာဗျူဟာ

ပီအေပီ အာဏာရလာတော့၊ အရပ်ဘက်အဖွဲ့အစည်းတွေကို နိုင်ငံရေးအရ သင်းသတ်မှုတွေ လုပ်ခဲ့ပါတယ်။ အဲသည်တုန်းက စင်္ကာပူမှာ လက်ဝဲယိမ်း အလုပ်သမား သမဂ္ဂတွေ ရှိတယ်။ ကျောင်းသားသမဂ္ဂတွေ ရှိတယ်။ ယဉ်ကျေးမှု အသင်းအဖွဲ့တွေ ရှိတယ်။ ဒီလို များပြားစွာသော အရပ်ဘက်အဖွဲ့အစည်းတွေကို ပီအေပီက မဟာဗျူဟာ ကျကျ ကိုင်တွယ်ခဲ့တယ်။


မသိမသာ ဖိနှိပ်ကန့်သတ်တာတွေ လုပ်တယ်။ အစိုးရနဲ့ ပူးပေါင်းအောင် ဆွဲဆောင်စည်းရုံးရေးတွေ လုပ်တယ်။ တစ်ဖက်ကလည်း လူစုလူဝေးနဲ့ လှုပ်ရှားလို့ကောင်းမယ့် နေရာတွေကို ကန့်သတ်ထားလိုက်တယ်။ တံတိုင်း ကာသလို စည်းခြား ကန့်သတ်ပစ်လိုက်ကြတယ်။ ဒီလိုနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေ၊ သမဂ္ဂတွေရဲ့ လှုပ်ရှားမှု ခွင်တွေဟာ ကျဉ်းလာတယ်။ နောက်ပြီး အစိုးရက စပွန်ဆာလုပ်ပြီး ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းတွေရဲ့ လက်အောက်ကို သွတ်သွင်းခံလိုက်ကြရတယ်။

ဂွန်ဂိုတွေ

GONGO *Government Owned Non-Government Organization

ဥပမာ ပီအေပီ ရဲ့ စပွန်ဆာနဲ့ ၁၉၆၃ မှာ၊ နိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂကွန်ဂရက်လို အဖွဲ့မျိုးကို ဖွဲ့စည်း ပေး လိုက်တယ်။ တချိန်တည်းမှာပဲ တရုတ်ကုန်သည်ကြီးများအသင်းလို အဖွဲ့မျိုးကို ဖွဲ့စည်းပေးလိုက်ပြန်တယ်။ ဘာသာရေးဆိုင်ရာအဖွဲ့တွေကိုလည်း ဖွဲ့စည်းပေးလိုက်ပြန်တယ်။ ဗလီတို့ ချက်စ်ကျောင်းတို့နဲ့ ပတ်သက်ပြီး အသင်းအဖွဲ့တွေ၊ ကောင်စီတွေ ဖွဲ့ပေးတယ်။

အခြား လူမှုရေးကဏ္ဍတွေအပေါ်မှာလည်း အစိုးရရဲ့ ထိန်းချုပ်မှု အောက်မှာ ရှိအောင် လုပ်လိုက်ကြတယ်။ ဥပမာ – တိရိစ္ဆာန်အခွင့်အရေး၊ သဘာဝပတ်ဝန်း ကျင်ကာကွယ်ရေး စသည်ဖြင့် အစိုးရကို တန်ပြန်လှုံ့ဆော်ပြီး အကျပ်အတည်းတွေ့ဖို့ အလားအလာရှိနိုင်တဲ့ ကိစ္စရပ်တွေကိုလည်း အစိုးရက အလျင်နေရာယူ ကြီးကြပ်ဖွဲ့ စည်းပေးလိုက်ကြတယ်။

ဒီလိုပဲ အဲသည်အဖွဲ့တွေကို အစိုးရရဲ့ ရုံးဌာနတွေနဲ့ ပူးပေါင်းလုပ်ဆောင်ဖို့ တိုက်တွန်းတယ်။ အစိုးရလုပ်ဆောင် သမျှ ကိစ္စရပ်တွေအပေါ် သုံးသပ်ချက်တွေ ပေးဖို့ ဖွဲ့စည်းထားတဲ့ Feedback Mechanism လို့ မှတ်ယူ အောင် လုပ်တယ်။ ဒီအဖွဲ့တွေကိုလည်း ထောက်ပံ့ကြေးတွေ ပေးတယ်။ ရံပုံငွေတွေ ပေးတယ်။

မိုဒယ်အသစ်

ဒီလုပ်ရပ်ဟာ၊ အစိုးရနဲ့ အတိုက်အခံဖြစ်စေမယ့် အရပ်ဘက်အဖွဲ့အစည်းတွေအကြား သိမ်မွေ့တဲ့ ချုပ်နှောင်မှု ဖြစ်ပါတယ်။ တစ်ဖက်မှာလည်း အစိုးရရဲ့ အလုပ်တွေကို ဝေဖန်ဖော်ထုတ်နိုင်မယ့် အစုအဖွဲ့တွေကို အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်အောင်၊ အပြုသဘောဆောင်တဲ့ မဟာဗျူဟာကို အကောင်အထည်ဖော်လိုက်တာပဲဖြစ်ပါ တယ်။

အထူးသဖြင့် အလုပ်ရှင်နဲ့ အလုပ်သမားအကြား အတိုက်အခိုက်တွေ မဖြစ်စေဘဲ၊ ပိုမို စေးကပ်အောင် ပေါင်း စည်းလိုက်နိုင်တဲ့ စံပြ ပုံစံတစ်ခုပါပဲ။ စင်္ကာပူနိုင်ငံရဲ့ ပုံစံသစ် ကော်ပိုရိတ်မိုဒယ် ဖြစ်ပါတယ်။ နိုင်ငံတော်နဲ့ လူ့အဖွဲ့အစည်းအကြား ဆန်းသစ်တဲ့ ပေါင်းကူး ဆက်နွှယ်ရေး ပုံစံ ဖြစ်ပါတယ်။

ပြင်ဆင်ပြဌာန်းချက်တွေ

စင်္ကာပူဟာ ဥပဒေကြောင်းအရ ပြင်ဆင်၊ ပြဌာန်းမှုတွေကိုလည်း စနစ်တကျ လုပ်ခဲ့တယ်။
• ၁၉၆၉ မှာ အလုပ်သမားအက်ဥပဒေနဲ့ စက်ရုံအလုပ်ရုံများ ဆိုင်ရာ အက်ဥပဒေတို့ကို ပြင်ဆင်၊ ပြဌာန်းခဲ့တယ်။
• ၁၉၇၂ မှာ ကဏ္ဍသုံးခုခွဲခြားဖွဲ့စည်းထားတဲ့ နိုင်ငံလုံးဆိုင်ရာ လုပ်ခ/လစာ ကြီးကြပ်ရေးကောင်စီကို ဖွဲ့စည်းလိုက်တယ်။
• ၁၉၈၁ မှာ ကုန်သွယ်ရေးအငြင်းပွားမှုဆိုင်ရာအက်ဥပဒေကို ပြဌာန်းတယ်။
စင်္ကာပူဟာ တောင်ကိုရီးယားတို့၊ ဂျပန်တို့နဲ့ မတူပါဘူး။ စင်္ကာပူမှာ နိုင်ငံတော်နဲ့ အဓိက စီးပွားရေးလုပ်ငန်းစုကြီး တွေအကြားမှာ အင်စတီကျူးရှင်းအရ ချိတ်ဆက်မှု နည်းပါးပါတယ်။ အကြောင်းကတော့၊ ပီအေပီ အစိုးရဟာ ပြည်တွင်း စီးပွားရေး လုပ်ငန်းတွေကို မြင့်တင်ခြင်း ဆိုတာထက်၊ ပြည်ပက နိုင်ငံစုံကော်ပိုရေးရှင်းကြီးတွေနဲ့ မဟာဗျူဟာမြောက် မိတ်ဖက် ချိတ်ဆက်လုပ်ဆောင်မှုတွေကြောင့်ဖြစ်ပါတယ်။

အခုဆိုရင် စင်္ကာပူနိုင်ငံမှာ ရှိတဲ့ အလုပ်သမားသမဂ္ဂ အဖွဲ့ဝင်တွေဟာ ၂၃.၇ ရာနှုန်းမြင့်လာပါတယ်။ သူရဲ့ နဘေးက မလေးရှားကတော့ ၁၀.၅ % ပဲ ရှိပါတယ်။ ဒါပေမယ့် စင်္ကပူနိုင်ငံမှာ ရှိတဲ့ အလုပ်သမားလှုပ်ရှားမှု တွေဟာ နိုင်ငံရေးအရ လှုပ်ရှားကြတာတော့ မဟုတ်ပါဘူး။ နိုင်ငံရေးကိစ္စတွေကို အရေးဆိုတောင်းဆို လှုပ်ရှား တာ မဟုတ်ပါဘူး။ အလုပ်သမားရေးသက်သက်သာ လှုပ်ရှားတဲ့ သမဂ္ဂတွေ ဖြစ်ပါတယ်။

Ref:

Aurel Croissant and Philip Lorenz, Comparative Politics of Southeast Asia: An Introduction to Governments and Political Regimes

Previous post နိုင်ငံရေးမိတ်ဆက်
Next post ယောင်ဝါး လူ့အဖွဲ့အစည်း