မူဝါဒ ဖြစ်စဉ်ကို အကျဉ်းသဘော ရေးသားထားတယ်။ မူဝါဒ ဖြစ်စဉ်မှာ – အစပြုတာ၊ ဖော်မြူလာထုတ်တာ၊ မူဝါဒ အကောင်အထည်ဖော်တာ၊ သုံးသပ်တာတွေ ပါဝင်တယ်။ ဒါကို ယေဘုယျသဘော နားလည်အောင် ရေးသား ထားတာတွေ့ရတယ်။ ပညာရပ်ဆိုင်ရာ အရေးအသား မဟုတ်ပဲ၊ အရပ်သားနားနဲ့ ကိုက်အောင် ရေးထားတယ်။ အကျဉ်းသဘောကို ခြုံငုံပြီး သိနိုင်လိမ့်မယ်။
နိုင်ငံတော် ယန္တရားကို မူဝါဒသမားတွေနဲ့ ဗြူရိုကရေစီ ယန္တရားက ဘယ်လို အချိတ်အဆက် မိမိ လုပ်ဆောင်တယ် ဆိုတာကို အထင်းသား တင်ပြနိုင်တဲ့ စာတမ်းဖြစ်တယ်။

အစိုးရက ပြဿနာပေါင်းများစွာကို သုံးသပ် ဆန်းစစ်ပြီး၊ အကျိုးကျေးဇူးများများရှိနိုင်မယ့် အစီအစဉ် တစ်ခုကို ရေးဆွဲပြီး အကောင်အထည်ဖော်တာကို မူဝါဒလို့ ခေါ်တယ်။ လူမှုပြဿနာတွေကများစွာ ရှိ နိုင်တယ်။ အစိုးရရယ်လို့ ဖြစ်လာရင် ပြဿနာတွေ ရှာရတယ်။ ပြဿနာတိုင်းကို အဖြေတစ်ခုချင်းစီနဲ့ ဖြေရှင်းလို့ မရနိုင်တာတွေက တစ်ပုံကြီးရှိတယ်။ ပြဿနာတွေရဲ့ အရင်းအမြစ်ကျတဲ့ အချက်ကို စစ်တမ်းတွေလုပ်၊ သုတေသနတွေလုပ်ပြီး ရှာဖွေသင့်က ရှာရတယ်။ ပြဿနာတွေကို ကောက်ချက်ဆွဲ မှားသွားရင် မူဝါဒတွေလည်း လွဲတော့တာပဲ။ ဒါကို အစိုးရတွေ သိထားသင့်တယ်။

တရားသေ ချဉ်းကပ်မှု

ပြဿနာတွေ အများကြီးဟာ အရင်းမူလ ဇစ်မြစ် တစ်ခုတည်းကလည်း လာချင်လာနိုင်တယ်။ မူလဇစ်မြစ်နှစ်ခုပေါင်းပြီးလည်း လာနိုင်တယ်။ ဘာဇစ်မြစ်မှ မရှိပဲ လက်ရှိ အကြောင်းတွေကြောင့်၊ အကျိုးတရား တစ်ခု ရုတ်တရက်ဖြစ်ပေါ်တာလည်း ဖြစ်ချင် ဖြစ်နိုင်တယ်။ လူမှုပြဿနာတွေကို ပုံသေ တွက်လို့ မရဘူး။ လူမှုပြဿနာတွေကို ရှုမြင်ဆန်းစစ်ရာမှာ၊ တရားသေ အတွေးအခေါ်မျိုးနဲ့ ဆန်းစစ် ရင် ဘယ်သောအခါမှ အဖြေမထွက်နိုင်ဘူး။ အဖြေထွက်ခဲ့ရင်လည်း၊ အဲ့ဒီ့ အဖြေဟာ အများကြီး လွဲ သွားလိမ့်မယ်။

မူဝါဒတွေက လူမှုပြဿနာတွေနဲ့ အဓိက ဆက်စပ်နေတယ်။ အထူးသဖြင့် ပြည်သူ့ရေးရာမူဝါဒတွေက၊ ပြည်သူ၊ လူမှု၊ အိမ်ထောင်စု စတဲ့ ပတ်ဝန်းကျင်တွေနဲ့ ဆက်စပ်ပြီး ဖြစ်နေတာ။ လူမှုသိပ္ပံနယ်မှာ တရား သေ တွေးမှုကို ရှောင်ရမယ်။ အထူးသဖြင့်၊ မူဝါဒချမှတ်သူတွေဟာ အစွဲတွေ၊ အခံတွေနဲ့ ပြဿနာကို ချည်းကပ်ရင်၊ လက်တွေ့မကျနိုင်ဘူး။ အစွဲနဲ့ စိတ်အခံကို အရောင်မဲ့ထားနိုင်မှ ပြဿနာတွေရဲ့ မူလ အရင်းခံကို သိမယ်။

ပြဿနာရဲ့ မူလအရင်းခံကိုသိရုံနဲ့ ပြဿနာရဲ့ အဖြေကို ရှာတွေ့တာ တော့ မဟုတ်ဘူး။ ပြဿနာရဲ့ အကြောင်းဟာ ဒေတာပဲ ဖြစ်တယ်။ ပေးထားချက်ပဲ ဖြစ်တယ်။ ကိုယ့်မှာက ဖော်မြူလာလိုနေသေး တယ်။ ဖော်မြူလာဆိုတာ လူမှုပြဿနာတွေကို ဖြေရှင်းနိုင်မယ့် သော့တွေပဲ။ မူဝါဒသမားတွေဟာ သော့တွေ အများကြီးကို ပိုင်ဆိုင်ထားရမယ်။ သော့တစ်ချောင်းတည်း ရှိတာဟာ မလုံလောက်ဘူး။ သော့ နှစ်ချောင်းရှိတာလည်း မလုံလောက်ဘူး။ အမျိုးအစား တူတဲ့ သော့တွေ အများကြီးရှိနေရုံနဲ့ လည်း မလုံလောက်သေးဘူး။ လူမှုပြဿနာ တွေကို ဖြေရှင်းရမှာ ဖော်မြူလာတွေကို အရှင်ထားပါ။ ဖော်မြူလာကို ပုံသေနည်းလို့ မြန်မာ မပြန်ချင်ပါ။ ပုံသေတွက်ဆတဲ့ နည်းမို့ ပုံသေနည်းလို့ခေါ်တာပါ။ လူမှုပြဿနာတွေကို ရှင်သန်နေတဲ့ ဖော်မြူလာတွေနဲ့ တွက်ဆစေချင်တယ်။ ပုံသေနည်းဆိုတာ တရားသေနည်းပဲ။

မူဝါဒ အဆင့်

မူဝါဒဖြစ်စဉ်မှာ အဆင့် (၄) ဆင့်ရှိတယ်။

(၁) မူဝါဒ အစပြုမှု
(၂) မူဝါဒ ချမှတ်မှု
(၃) မူဝါဒ အကောင်အထည်ဖော်မှု
(၄) မူဝါဒ သုံးသပ်မှု
စတဲ့ အဆင့်တွေ ဖြစ်ပါတယ်။

မူဝါဒ အစပြုမှုက အမျိုးမျိုးဖြစ်နိုင်တယ်။ ပြဿနာတွေကလည်း စဖြစ်နိုင်တယ်။ အစိုးရကိုယ်တိုင်က လည်း ဖြစ်နိုင်တာပဲ။ လော်ဘီ အုပ်စုတွေကနေလည်း လာနိုင်တယ်။ လွှတ်တော်ကနေလည်း လာနိုင် တယ်။ ပညာတတ်အုပ်စုတွေက အစပြုတာလည်း ဖြစ်ချင် ဖြစ်နိုင်တယ်။ ဒါပေမယ့် ပြဿနာရဲ့ အရင်း အမြစ်ပေါ်မှာ အခြေခံပြီးမှပဲ အစပြုလို့ရတယ်။ ပြဿနာဟာ မူဝါဒရဲ့ အစပဲ။
မူဝါဒ ချမှတ်တာကိုတော့ အစိုးရတွင်း ပုဂ္ဂိုလ်တွေကလည်း လုပ်တယ်။ ပညာရှင်အုပ်စုတွေ၊ အကြံပေး အုပ်စုတွေကလည်း လုပ်တယ်။ တက်ကနိုကရက်တွေကလည်း လုပ်လေ့ရှိတယ်။ သူတို့ကတော့ ဖော်မြူလာထုတ်ပေးတယ်။ ရေးဆွဲပေးတယ်။ အတည်ပြု ဆုံးဖြတ်တာကတော့ အုပ်ချုပ်ရေးဖြစ်ဖြစ်၊ လွှတ်တော် ဖြစ်ဖြစ် တစ်ခုခုကသာ လုပ်နိုင်ပါတယ်။

မူဝါဒကို အကောင်အထည်ဖော်တဲ့ အဖွဲ့အစည်းရှိပါတယ်။ ဝန်ကြီးဌာနရဲ့ အလုပ်က မူဝါဒကို အ ကောင်အထည်ဖော်တဲ့ အလုပ်မှာ အဓိက တာဝန်ခံရပါတယ်။ ဝန်ကြီးဌာနရဲ့အောက်မှာ ဗြူရိုကရေစီ ယန္တရားရှိတယ်။ ဗြူရိုကရေစီဆိုတာ မူဝါဒ အကောင်အထည်ဖော်တဲ့ အဓိက ယန္တရားဖြစ်ပါတယ်။ ဝန်ကြီးဌာနက မူဝါဒ အကောင်အထည်ဖော်မှုကို တာဝန်ခံပြီး၊ ဗြူရိုကရေစီက မူဝါဒ အကောင်အထည် ဖော်မှုကို တာဝန်ယူရပါတယ်။

မူဝါဒ သုံးသပ်တဲ့ အဆင့်ကို တာဝန်ယူတဲ့ ဇာတ်ကောင်တွေရှိပါတယ်။ အဓိကကတော့၊ လွတ်လပ်တဲ့ မီဒီယာနဲ့ အရပ်ဘက် အဖွဲ့အစည်းတွေက ဒီတာဝန်ကို ယူပါတယ်။ အစိုးရက သူ့အလုပ်တွေကို သူကိုယ်တိုင် သုံးသပ်တာလည်း ရှိပါတယ်။ ဒါပေမယ့် မီဒီယာနဲ့ အရပ်ဘက် အဖွဲ့အစည်းတွေလောက် အမှီအခို မကင်းကြဘူး။ နောက်ပြီး သုတေသန အဖွဲ့အစည်းတွေကလည်း မူဝါဒတွေကို သုံးသပ်တာ တွေ လုပ်ပါတယ်။

မူဝါဒ အဖွင့်

မူဝါဒဆိုတာ တစ်ဦးတစ်ယောက်တည်း အကျိုးအတွက် မဖြစ်စေရဘူး။ အုပ်စုတစ်ခု၊ အဖွဲ့တစ်ခုတည်း အတွက်လည်း မဖြစ်စေရဘူး။ အများပြည်သူအပေါ် အခြေပြုရတယ်။ အများရဲ့ အကျိုးစီးပွားကို ရှေး ရှုရတယ်။ မူဝါဒတွေကို အစပြုသူကတော့ အစိုးရပဲ ဖြစ်ပါတယ်။ မူဝါဒတွေ ဖြစ်လာဖို့ ပြဿနာတွေ ရှိရတယ်။ ရည်ရွယ်ချက်တွေ၊ ရည်မှန်းချက်တွေရှိရတယ်။
အစိုးရတစ်ရပ်ဟာ နိုင်ငံတော်ရဲ့ ရေရည်ရှည်မှန်းချက်ကို အကောင်အထည်ဖော်ဖို့အတွက် မူဝါဒတွေ ကို ချမှတ်တတ်တယ်။ ဒီလိုပဲ ပြဿနာတွေကို ဖြေရှင်းဖို့ မူဝါဒတွေကို ချမှတ်ပြီး အကောင်အထည် ဖော်တယ်။ မူဝါဒတွေကို အကောင်အထည်ဖော်ဖို့ စည်းမျဉ်းတွေ၊ ဥပဒေတွေ လိုတယ်။ ဒါကို သက် ဆိုင်ရာ အဖွဲ့အစည်းတွေက လုပ်တယ်။ ဝန်ကြီးဌာနတွေက လုပ်သင့်ရင်လုပ်တယ်။ လွှတ်တော်က လုပ်သင့်ရင် လုပ်တယ်။

မြန်မာနိုင်ငံမှာကျတော့၊ ဥပဒေကို လွှတ်တော်က လုပ်ပြီး၊ နည်းဥပဒေနဲ့ လုပ်ထုံးလုပ်နည်းကို သက် ဆိုင်ရာ ဝန်ကြီးဌာနနဲ့ ဦးစီးဌာတွေက လုပ်တယ်။ ပြီးတော့မှ လွှတ်တော်က အတည်ပြုတယ်။ မူဝါဒတွေကို လုပ်တဲ့နေရာမှာ ပုံစံ အမျိုးမျိုးရှိပါတယ်။

• ပြည်သူတွေအတွက် လုပ်တဲ့ ပြည်သူ့ရေးရာ မူဝါဒတွေ
• စီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့ ချမှတ်တဲ့ စီးပွားရေး မူဝါဒတွေ
• နိုင်ငံ့ကာကွယ်ရေး၊ လုံခြုံရေးအတွက် ချမှတ်တဲ့ လုံခြုံရေး မူဝါဒတွေ

ပြည်သူ့ရေးရာ မူဝါဒတွေမှာ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး စတဲ့ ကဏ္ဍတွေအတွက် ချမှတ်တဲ့ မူဝါဒတွေ ပါဝင်တယ်။ စီးပွားရေးမူဝါဒတွေမှာ၊ ဘဏ္ဍာရေး ပေါ်လစီ၊ ငွေကြေးပေါ်လစီ၊ ပို့ကုန်သွင်းကုန် ပေါ်လစီ (တနည်း) ကုန်သွယ်ရေး မူဝါဒတွေ၊ ဆင်းရဲမွဲတေမှု လျော့ချရေး မူဝါဒတွေ အများအပြား ပါ ဝင်တယ်။ နိုင်ငံတော်နဲ့ သက်ဆိုင်တဲ့ မူဝါဒတွေမှာ အရေးကြီးတဲ့ မူဝါဒနှစ်ရပ် ရှိပါတယ်။

(၁) နိုင်ငံခြားရေး မူဝါဒနဲ့ (၂) ကာကွယ်ရေးနဲ့ လုံခြုံရေး မူဝါဒ တွေပဲဖြစ်ပါတယ်။
မူဝါဒတွေဟာ၊ ရေးရာအလိုက် ကွဲပြားကြတယ်။ ကဏ္ဍအလိုက် ကွဲပြားကြတယ်။ ရည်ရွယ်ချက် အလိုက်ကွဲပြားကြတယ်။ ပြဿနာအလိုက်လည်း ကွဲပြားလေ့ရှိတယ်။ တခါတရံ အစိုးရကပဲ ချမှတ်တဲ့ မူဝါဒတွေထဲမှာကိုပဲ မူဝါဒတစ်ခုနဲ့ တစ်ခု ထိပ်တိုက်ဖြစ်နေတဲ့၊ ဆန့်ကျင်ဘက်ဖြစ်နေတဲ့ မူဝါဒတွေ ရှိပါ တယ်။ ဒါဟာ မူဝါဒချမှတ်သူတွေမှာ ကျယ်ပြန့်တဲ့၊ ဆက်စပ်တွေးခေါ် မြော်မြင်တဲ့ စွမ်းရည် နိမ့်လို့ ဖြစ်ပါတယ်။ ဒါကို သတိထားရပါမယ်။

မူဝါဒ လုပ်တဲ့ သူတွေဟာ၊ မူဝါဒတွေ ရေးဆွဲနေရုံနဲ့ မလုံလောက်ပါဘူး။ ရှိပြီးသား မူဝါဒတွေ၊ ရှိခဲ့တဲ့ မူဝါဒတွေရဲ့ ဆန့်ကျင်တဲ့ အချက်တွေကို ရှာဖွေရမယ်။ လက်တွေ့ ကွင်းဆင်းရမယ်။ မူဝါဒကွင်းဆက် ထဲမှာ ရှိတဲ့ လုပ်ငန်းနယ်ပယ်က ရှိတဲ့ သူတွေနဲ့ စကားပြောရမယ်။ မေးမြန်းရမယ်။ ဆွေးနွေးရမယ်။

ဒါဟာ မူဝါဒကို သုံးသပ်တာ။ ဆင်ခြင်တာ၊ တန်ပြန်မေးခွန်းထုတ်တာဖြစ်ပါတယ်။ မူဝါဒတစ်ခုကို အကောင်အထည်ဖော်နေဆဲမှာရော၊ အကောင်အထည်ဖော်ပြီးစဉ်မှာရော၊ လုပ်ရမယ့် အရာဖြစ်ပါ တယ်။ ပြည်သူ့ရေးရာ မူဝါဒတွေထဲမှာ စီးပွားရေး မူဝါဒတွေလည်း ရောစပ်နေပါတယ်။ ပြည်သူ့ရေးရာ မူဝါဒ တွေကို အကြမ်းဖျင်း ကဏ္ဍတွေ ခွဲကြည့်ရင် အခုလို တွေ့ရပါတယ်။

• စိုက်ပျိုးရေး မူဝါဒ
• သတင်းနှင့် ဆက်သွယ်ရေး မူဝါဒ
• ထုတ်ကုန် မူဝါဒ
• ပညာရေး မူဝါဒ
• စီးပွားရေး မူဝါဒ
• စွမ်းအင် မူဝါဒ
• သဘာဝ ပတ်ဝန်းကျင် ဆိုင်ရာ မူဝါဒ
• နိုင်ငံခြားရေး မူဝါဒ
• ကျန်းမာရေး မူဝါဒ
• လူနေအိမ် မူဝါဒ
• မက်ခရို စီးပွားရေး မူဝါဒ
• ငွေကြေးမူဝါဒ
• နိုင်ငံတော် ကာကွယ်ရေး မူဝါဒ
• လူဦးရေ မူဝါဒ
• ဥပဒေဆိုင်ရာ ပြည်သူရေးရာ မူဝါဒ
• လူမှုရေးနှင့် ယဉ်ကျေးမှု ဆိုင်ရာ မူဝါဒ
• ပို့ဆောင်ဆက်သွယ်ရေး မူဝါဒ
• မြို့ပြ မူဝါဒ
• ရေ မူဝါဒ

ဥပဒေနဲ့ ပြည်သူ့ရေးရာ မူဝါဒအကြား အဆက်အစပ်

မူဝါဒလုပ်ပြီးရင်၊ မူဝါဒအကောင်အထည်ဖော်ဖို့ လိုအပ်တဲ့ ဥပဒေ၊ စည်းမျဉ်းတွေ ရေးရမှာက အပိုင်း တစ်ပိုင်း ဖြစ်ပါတယ်။ မူဝါဒချပြီးရင် ဥပဒေရေးရမယ်။ စည်းမျဉ်းဆွဲရမယ်။ ဥပမာ – ဒီမိုကရေစီ အစိုးရ တစ်ရပ်က အခွန်မရှိပဲ မူဝါဒတွေကို အကောင်အထည်ဖော်ဖို့ ငွေ မရှိနိုင်ဘူး။ ဒီတော့ ပြည်သူတွေဆီ က အခွန်ကောက်ရမယ်။ အခွန်တွေကို စုရမယ်။ ဝင်ငွေခွန်တို့၊ ရောင်းဝယ်ခွန်တို့၊ အမြတ်ခွန်တို့၊ စားသုံးခွန်တို့၊ လိုင်စင်ခွန်တို့ ဒါတွေ ပါတယ်။

အခွန်ကောက်ဖို့အတွက် ဘယ်လို စည်းမျဉ်းစည်းကမ်းတွေ သတ်မှတ်ပြီး ကောက်မလဲဆိုတာကို လွှတ် တော်က ပြဌာန်းတယ်။ ဒီမိုကရေစီ အစိုးရမှာ အခွန်ဥပဒေက သိပ်အရေးကြီးတယ်။ အခွန်ဟာ အစိုးရ နဲ့ ပြည်သူအကြားမှာ ရှိတဲ့ ပဋိညာဉ်ပဲ။ နားလည်မှုပဲ။ စာချုပ်ပဲ။ အစိုးရက ပြည်သူ့ဆီက အခွန်ယူလို့ အစိုးရက ပြည်သူကို ဝန်ဆောင်မှုပြန်ပေးဖို့ တာဝန်ယူရတယ်။ တာဝန်ခံရတယ်။ ပြည်သူကလည်း၊ အစိုးရကို ယုံယုံကြည်ကြည်နဲ့ ကျသင့်တဲ့ အခွန်ကို ပြည့်ပြည့်ဝဝပေးဖို့ ဆန္ဒရှိရမယ်။ ဒါကြောင့် အခွန်ဟာ အစိုးရနဲ့ ပြည်သူ့အကြားမှာရှိတဲ့ ပဋိညာဉ်ပဲ လို့ ပြောတာ ဖြစ်တယ်။

ဒီမိုကရေစီ မဟုတ်တဲ့ အစိုးရတွေမှာ၊ နိုင်ငံတော် ဝင်ငွေကို ပြည်သူဆီကနေ မယူဘူး။ သယံဇာတကို ရောင်းလို့ရတဲ့ ငွေကနေ ယူတယ်။ အစိုးရက ဒါကို စဉ်းစားတယ်။ ပြည်သူ့ဆီက ငါ ငွေယူမထားဘူး။ ဒါကြောင့် ငါ လုပ်ပေးချင်မှ လုပ်ပေးမယ်။ ပြည်သူအပေါ် တာဝန်ခံစရာ မလိုဘူး။ ငါကောင်းတယ် ထင်ရာကို လုပ်မယ်။ ဘာလို့လဲ ဆိုတော့ ငါ သူတို့ဆီက ဘာငွေမှ ယူမထားလို့ပဲ။ ဒီတော့ အစိုးရက သူ ငွေ များများရဖို့ စီးပွားရေးနဲ့ သယံဇာတ အရင်းအမြစ်တွေကို ချုပ်ကိုင်တယ်၊ လက်ဝါးကြီးအုပ် တယ်။ အဲ့ဒီက ငွေရတာကိုး။ အစိုးရက ဒီလို လုပ်တဲ့ အခါမှာ ပြည်သူက ဘာမှ လုပ်စရာ မကျန်တော့ ဘူး။ စီးပွားရေး လုပ်ငန်းတွေကို ပြည်သူက မလုပ်ပဲ အစိုးရကချည်း ဝင်လုပ်နေသလို ဖြစ်နေတော့၊ နိုင်ငံ့ရဲ့ ဓနကလည်း ပြည်သူ့လက်ထဲမှာ မရှိဘူး၊ အစိုးရလက်ထဲမှာပဲ ရှိတယ်။ ဒီတော့ ပြည်သူက ဆင်းရဲတယ်။ အခွန်လည်း မပေးနိုင်ဘူး။ ပေးလည်း မပေးချင်ဘူး။ အစိုးရနဲ့ ပြည်သူအကြားမှာ ယုံကြည်မှု ကွင်းဆက်က ဒီမှာ စပြီး ပျက်သွားတယ်။

လွှတ်တော်ဆိုတာက ပြည်သူက ရွေးကောက်ထားတဲ့ အမတ်တွေနဲ့ ဖွဲ့ထားတာ။ အခွန်ကနေရတဲ့ ငွေ တွေကို အစိုးရစီမံကိန်းတွေမှာ ဘယ်လောက်သုံးမလဲဆိုတာကို လွှတ်တော်အမတ်တွေကပဲ အတည် ပြုပေးတယ်။ ဒါဟာ မူဝါဒဖြစ်စဉ်မှာ ပါဝင်တဲ့ အချက် ဖြစ်ပါတယ်။

လွှတ်တော်က အစိုးရ ဘတ်ဂျတ်ကို အတည်ပြုတဲ့နေရာမှာ အောက်ပါအချက်တွေပါဝင်တယ်။
• တစ်နှစ်အတွင်း အစိုးရရဲ့ အသုံးစာရိတ် ဘယ်လောက်ထားမလဲ
• ဘယ်ဝန်ကြီးဌာနတွေကို ဘတ်ဂျတ်ဘယ်လောက်အထိ ခွဲပေးမှာလဲ (ဥပမာ – ပညာရေး ဝန် ကြီးဌာနအတွက် ကျပ်ငွေ ၅ ဘီလီယံ သုံးမယ်၊ ကျန်းမာရေးဝန်ကြီးဌာနအတွက် ကျပ်ငွေ ၇ ဘီလီယံ သုံးမယ် စသဖြင့်)
• အစိုးရက နိုင်ငံတော်ဝင်ငွေကို ဘယ်က ရှာမလဲ (အခွန်ကလား၊ ချေးငွေလား၊ ရေနံကုမ္ပဏီ တွေ ဆီကလား)

မူဝါဒတိုင်းက ဥပဒေတော့ မလိုပါဘူး။ အထူးသဖြင့်၊ နိုင်ငံရေးစနစ်တွေနဲ့ ပက်သက်တဲ့ မူဝါဒတွေက ဥပဒေမလိုဘူး။ တချို့နိုင်ငံတွေမှာ ဝန်ကြီးဌာနတွေက လုပ်တဲ့ မူဝါဒတော်တော်များများကို လွှတ်တော် က အတည်ပြုပေးရတယ်။ တချို့နိုင်ငံတွေမှာတော့ မူဝါဒတိုင်းက လွှတ်တော်ရဲ့ အတည်ပြုချက်မလို ဘူး။ ကိုယ်ပိုင် ဆုံးဖြတ်ချက်နဲ့ အကောင်အထည်ဖော်လို့ရတယ်။ လွတ်လပ်တယ်။ သို့ပေမယ့် အခြေခံ မူဘောင်အပေါ်မှာတော့ ရှိရတယ်။

ဥပမာ – ပညာရေး ဝန်ကြီးဌာနအတွက် အသုံးစာရိတ် ၅ ဘီလီယံ ရတယ်ပဲ ဆိုကြပါစို့။ ဝန်ကြီးဌာနက ဒီငွေကို ကိုယ်လိုအပ်သလို အစီအစဉ်တွေ ချမှတ်ပြီးသုံးစွဲလို့ရတယ်။ ဘယ်စီမံကိန်းမှာ ဘယ်လောက် သုံးမယ်။ ဘယ်အစီအစဉ်အတွက် ဘယ်လောက် လျာထားတယ်ဆိုတာကို လွတ်လွတ်လပ်လပ် ဆုံး ဖြတ်နိုင်တယ်။ အသုံးပြုနိုင်တယ်။ အခြေခံကျောင်းတွေအတွက်ဘယ်လောက်၊ တက္ကသိုလ်တွေ အတွက် ဘယ်လောက်၊ သုတေသနအတွက်ဘယ်လောက်၊ စသဖြင့် ကိုယ့်ဘာသာ အစီအစဉ်ရေးဆွဲ ပြီး အကောင်အထည်ဖော်နိုင်တယ်။ ဒီလိုလုပ်တဲ့နေရာမှာ လွှတ်တော်ရဲ့ အတည်ပြုချက် မလိုဘူး။ ဒါပေမယ့် တခြား တစ်ဖက်မှာလည်း ဒီလိုအစီအစဉ်တွေ၊ စီမံကိန်းတွေကို ဝန်ကြီးဌာနကရေးဆွဲပြီး ဘယ်စီမံကိန်းအတွက် ဘယ်လောက်သုံးမယ်ဆိုတာကို လွှတ်တော်ကို တင်ပြရပြန်တယ်။ ဒါကို ဖတ် ရှုပြီး လွှတ်တော်က အတည်ပြုမှ လုပ်ရတာတွေလည်း ရှိတယ်။ တခါတရံ လွှတ်တော်က ဝန်ကြီးဌာန က အသေးစိတ်ရေးဆွဲထားတာတွေကို ပြင်တာ၊ ဖြည့်တာ၊ ပယ်တာတွေလည်း လုပ်တတ်တယ်။

ဒီနေရာမှာ ပြောချင်တာက၊ ဝန်ကြီးဌာနတွေရဲ့ လုပ်ပိုင်ခွင့် လွတ်လပ်ခြင်း၊ မလွတ်လပ်ခြင်းက နိုင်ငံ တစ်ခု ချင်းစီအပေါ်မှာ မူတည်တယ်။ နိုင်ငံအတွင်းမှာရှိတဲ့ အင်စတီကျူးရှင်းတွေရဲ့ အရည်အသွေးနဲ့ အတွေ့အကြုံအပေါ်မှာ မူတည်တယ်။ မူတွေ၊ စနစ်တွေ ဘယ်လို အသက်ဝင်သလဲ ဆိုတဲ့ အပေါ်မှာ လည်း မူတည်တယ်။ ဒီအရာတွေက မူဝါဒ ဖြစ်စဉ် ထဲမှာ ပါဝင်ပါတယ်။

မူဝါဒတွေက ဥပဒေတွေကို ကျော်ပြီး လုပ်နိုင်ရင် လုပ်နိုင်တဲ့ မူဝါဒတွေ ရှိပါတယ်။ နိုင်ငံတော် အကျိုး အတွက် ဥပဒေဘောင် အပြင်ဘက်ကနေ လွှတ်ပေးလိုက်ရတဲ့ မူဝါဒတွေ ရှိပါတယ်။ ဥပမာ – နိုင်ငံ တော် ကာကွယ်ရေးနဲ့ လုံခြုံရေး မူဝါဒတွေ ဖြစ်ပါတယ်။ ကာကွယ်ရေး ဝန်ကြီး ဌာနပဲ ဆိုကြပါစို့။ ကိုယ့် နိုင်ငံအတွင်းမှာ မလုပ်နိုင်တဲ့ စစ်လက်နက်ပစ္စည်းတွေကို တခြား နိုင်ငံကနေ ဝယ်ယူနိုင်ဖို့ ဥပဒေတွေ ကို ကျော်ပြီး ခွင့်ပြုပေးရတာတွေ ရှိတယ်။ ဒီတစ်ပိုင်းမှာတော့ ဥပဒေက မလိုသေးဘူး ဆိုတဲ့ သဘော ဖြစ်ပါတယ်။

ဝန်ကြီးဌာန တစ်ခုချင်းစီမှာ အစီအစဉ်တွေ အများကြီး ရှိပါတယ်။ အဲ့ဒါတွေအတွက် ဘတ်ဂျတ်တွေ လည်း ရှိတယ်။ ဝန်ကြီးဌာနတစ်ခုက အစိုးရမဟုတ်တဲ့ အဖွဲ့တွေ၊ လူမှုအခြေပြု အဖွဲ့တွေကို အစီ အစဉ်အရ၊ ငွေကြေးထောက်ပံ့လို့ရပါတယ်။

ဥပမာ – ပညာရေး ဝန်ကြီးဌာနပဲ ဆိုကြပါစို့။ ပညာရေးဝန်ကြီးဌာနဟာ ကျောင်းတွေ၊ တက္ကသိုလ်တွေ က ဆရာ၊ ဆရာမတွေကို လစာပေးနိုင်တယ်။ လစာတိုးပြီးလည်း ပေးနိုင်တယ်။ ဘာလို့လဲဆိုတော့ ဆရာဆရာမဆိုတာ အစိုးရဝန်ထမ်းပဲ။ ကိုယ့်ဝန်ထမ်းကို ကိုယ် လစာပေးဖို့ တာဝန်ရှိတာပဲ။ ဒါပေမယ့် ဝန်ကြီးဌာနမှာ သက်ကြီးပညာရေးအတွက် အစီအစဉ်တွေ ချမှတ်ထားတယ်ဆိုကြပါစို့။ သက်ကြီး ပညာရေးကို လုပ်နေတဲ့ အရပ်ဘက် အဖွဲ့တွေရှိတယ်။ အစိုးရမဟုတ်တဲ့ အဖွဲ့တွေ ရှိတယ်။ သူတို့ကို အစိုးရ ဘတ်ဂျတ်ထဲကနေ သက်ကြီးပညာရေး အစီအစဉ်တွေအတွက် အထောက်အပံ့တွေ ပေးနိုင်ပါ တယ်။ အဖွဲ့ထဲက သက်ကြီးပညာရေးလုပ်နေတဲ့သူတွေအတွက် ငွေသုံးရင် ဒီအစီအစဉ်က အစိုးရ ဘတ်ဂျတ်နဲ့လုပ်တဲ့ သူတို့ အစီအစဉ်ပဲ ဖြစ်ပါတယ်။

ပြည်သူ့ရေးရာမူဝါဒဆိုတာ အကဲဆတ်တဲ့ မူဝါဒဖြစ်ပါတယ်။ အစိုးရအကျိုးစီးပွားအတွက် အလုပ်လုပ် တာ မဟုတ်ဘူး။ အစိုးရအတွက် အလုပ်လုပ်တာ မဟုတ်ဘူး။ ပြည်သူ့အကျိုးအတွက် အစိုးရက စီစဉ် တဲ့ မူဝါဒ။ အကယ်၍ မိမိကိုယ်တိုင်က ဒီမိုကရေစီ နိုင်ငံသားဆိုရင်၊ အစိုးရရဲ့ မူဝါဒတွေကို လွှမ်းမိုးပြု ပြင်နိုင်ဖို့အတွက် အခွင့်အရေးရှိပါတယ်။ အစိုးရကို လော်ဘီလုပ်လို့ရတယ်။ လူထုတွေကနေတစ်ဆင့် အစိုးရမူဝါဒတွေကို လွှမ်းမိုးလို့ရအောင် လုပ်လို့ရတယ်။

ဥပမာ – ပညာရေး ဝန်ကြီးဌာနက လူမျိုးစု ဘာသာစကားနဲ့ အသုံးပြုနိုင်တဲ့ ကျောင်းသုံးစာအုပ်တွေ ဖွံ့ဖြိုးမှုမှာ အသုံးစရိတ်တိုးသင့်တယ်လို့ ယူဆရင်၊ မင်းဟာ အစိုးရရဲ့ မူဝါဒကို ပြောင်းဖို့ လော်ဘီလုပ် နိုင်တယ်။

ဗြူရိုကရေစီ ယန ္တရား

ဗြူရိုကရေစီဆိုတာ မူဝါဒကို အကောင်အထည်ဖော်တဲ့ အင်စတီကျူးရှင်းဖြစ်တယ်။ ပြည်သူ့ဝန်ဆောင် မှုနဲ့ ပြည်သူ့ပြဿနာတွေကို ဖြေရှင်းပေးတဲ့ အဓိက ယန္တရားဖြစ်တယ်။ နိုင်ငံတော်ရဲ့ အုပ်ချုပ်မှု ယန္တရားကို အဓိက မောင်းနှင်တဲ့ အောက်ခြေအဖွဲ့အစည်းလည်း ဖြစ်တယ်။
ဗြူရိုကရေစီကို အဆင့်လိုက် အဆင့်လိုက် ဖွဲ့စည်းထားတယ်။ အထက်အောက် ပုံစံလို့ ခေါ်တယ်။ အောင်ခြေကနေ လုပ်ထုံးလုပ်နည်းအတိုင်း အဆင့်ဆင့် တက်ပြီး လုပ်ဆောင်ရတဲ့ သဘောရှိတယ်။ လခစားဝန်ထမ်းဖြစ်တယ်။ အထက်အမိန့်နဲ့ လုပ်ထုံးလုပ်နည်းအတိုင်း တိတိကျကျ လုပ်ဆောင်ရ တယ်။ လုပ်ထုံးလုပ်နည်းဟာ ဗြူရိုကရေစီရဲ့ အသက်ဖြစ်တယ်။ အထူးသဖြင့် ဥပဒေ၊ စည်းမျဉ်းနဲ့ လုပ် ထုံးလုပ်နည်း၊ ညွှန်ကြားချက်တွေဟာ အင်စတီကျူးရှင်းတွေလို့ ခေါ်တယ်။

အင်စတီကျူးရှင်းတွေ အားမကောင်းရင်၊ အသက်မဝင်ရင်၊ လက်တွေ့မကျရင် ဗြူရိုကရေစီပျက်တယ်။ ဗြူရိုကရေစီဟာ အုပ်ချုပ်ရေးနဲ့ ဝန်ဆောင်မှုကို ဘက်မျှအောင် ထိန်းပြီး လုပ်ဆောင်တဲ့ ယန ္တရားဖြစ် တယ်။ အထက်အမိန့်တွေက တင်းကျပ်လွန်းရင် ကြိုးနီစနစ်ဖြစ်သွားတတ်တယ်။ ဗဟိုချုပ်ကိုင်မှု တင်း ကျပ်လွန်းတဲ့ စနစ် ဖြစ်သွားတတ်တယ်။

မူဝါဒ အသက်ဝင်မှု ဖြစ်စဉ်

ဗြူရိုကရေစီဟာ စနစ် တစ်ခုကို ချမှတ်ပြီး အစီအစဉ်တကျ လည်ပတ်တဲ့ ယန္တရားဖြစ်တယ်။ သူ့မှာ ယေဘုယျထုတ်ထားတဲ့ ပုံစံ ရှိပါတယ်။

• ကျစ်လစ်တဲ့ အုပ်ချုပ်မှုပုံစံ ရှိတယ်။ အာဏာတွေက ထက်-အောက် သဘောသွားလာတယ်။
• တူညီတဲ့ နှုန်းစံတွေ၊ စည်းမျဉ်းတွေနဲ့ စနစ်တစ်ခုလုံးကို မောင်းနှင်တယ်။
• အမိန့်၊ ညွှန်ကြားချက်တွေနဲ့ ထိန်းချုပ်တဲ့ စီမံခန့်ခွဲမှု ပုံစံ ဖြစ်တယ်။
• သတင်း၊ ဆက်သွယ်မှုနဲ့ ပူးပေါင်းလုပ်ဆောင်မှုတို့နဲ့ စီစဉ်တယ်။
• အရင်းအမြစ်နဲ့ လုပ်ပိုင်ခွင့်တွေကို ဆုပ်ကိုင်ပြီး မူဝါဒကို အသက်ဝင်စေတယ်။
မူဝါဒကို အပိုင်းလိုက် အကောင်အထည်ဖော်ကြတယ်။

ပညာရေးမူဝါဒကို အကောင်အထည်ဖော်တဲ့သူတွေက ဆရာ၊ ဆရာမတွေ ဖြစ်တယ်။
ပြည်သူ့ကျန်းမာရေးမူဝါဒကို အကောင်အထည်ဖော်တဲ့ သူတွေက ဆရာဝန်တွေနဲ့ ဆေးမှူး၊ သူနာပြု တွေ ဖြစ်တယ်။

ရပ်ကွက်၊ မြို့၊ ရွာကို အုပ်ချုပ်တဲ့သူတွေက အုပ်ချုပ်ရေးမှူးတွေ ဖြစ်တယ်။
တည်ငြိမ်ရေးအတွက် ရာဇဝတ်မှုတွေကို ထိန်းချုပ်တာကတော့ ရဲတွေပဲ။
လူဝင်မှု ကြီးကြပ်ရေးတို့၊ အခွန်တို့၊ ကညန တို့ စသဖြင့် ဆိုင်ရာဆိုင်ရာ အလုပ်တာဝန်တွေကို ထမ်း ဆောင်တဲ့ ဝန်ထမ်းတွေလည်း ပါဝင်ပါတယ်။

ဒီတော့ မူဝါဒကို အကောင်အထည်ဖော်တဲ့သူတွေက သူ့အဆင့်လိုက်အဆင့်လိုက်၊ လုပ်ငန်းတာဝန် တွေ ကွဲပြားကြတယ်။ သဘောသဘာဝလည်း ကွဲပြားကြတယ်။ ပုံသဏ္ဍာန်အရလည်း ကွဲပြားကြ တယ်။ အလုပ်အကိုင်ပေါင်းစုံ၊ ကျွမ်းကျင်မှုပေါင်းစုံ ပါဝင်တယ်။ စနစ်တွေ၊ စည်းမျဉ်းတွေကလည်း ရှုပ် ထွေးတယ်။ ဒါကို အခွင့်ကောင်းယူပြီး၊ အဂတိလိုက်တာတွေ၊ ခြစားတာတွေ ရှိတတ်တယ်။ စနစ်က အသက်မဝင်ရင်၊ ဝန်ထမ်းစာရိတ်တွေကြောင့် နိုင်ငံတော် ဘဏ္ဍာကို ဖြုန်းပစ်သလိုဖြစ်တတ်တယ်။ လူ အရင်းအမြစ်တွေလည်း ဆုံးရှုံးတယ်။ ဌာနတစ်ခုမကောင်းရင်၊ အိမ်သာတစ်ခုလို ဖြစ်သွားတတ်တယ်။ ဥပမာ – ဘယ်လောက်သန့်တဲ့ ရေသန့်ပဲ ဖြစ်ဖြစ်၊ အိမ်သာထဲမှာ ထည့်ထားရင် အိမ်သာသုံးတဲ့ရေပဲ ဖြစ်သွားမှာပဲ။ အိမ်သာသုံးတဲ့ သန့်သက်ရေကို ဘယ်သူ သောက်မှာလဲ။ ဒီရေက သောက်ဖို့အတွက် သင့်ပါတော့မလား။ စဉ်းစားစရာဖြစ်ပါတယ်။

ဗြူရိုကရက်

ဗြူရိုကရက်ဆိုတာ ရွေးကောက်ခံ မဟုတ်။ ခန့်အပ်ဖြစ်တယ်။ အောက်ကနေ အဆင့်ဆင့် ရာထူးတာ ဝန်တွေကို ထမ်းဆောင်ပြီး အဆင့်ဆင့် တက်လာခြင်းဖြစ်တယ်။ အတွေ့အကြုံနဲ့ ကျွမ်းကျင်မှု၊ အပေါ် အခြေခံပြီး ရာထူးမြင့်မြင့်တွေ ရလာကြတယ်။ တာဝန်ကြီးကြီးတွေ ယူလာကြတယ်။ အစိုးရသာ ပြောင်းလဲချင် ပြောင်းလဲမယ်၊ ဗြူရိုကရေစီကို ဖျက်သိမ်းလို့ မရ။ ဖြုတ်ပစ်လို့မရ။ ဗြူရိုကရေစီဟာ ဘယ်အစိုးရတက်တက် အစိုးရတွေဟာ ဗြူရိုကရေစီနဲ့ တွဲဖက်ပြီး အလုပ်လုပ်ရတယ်။ ပြည်သူ့အုပ် ချုပ်ရေးနဲ့ ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းတွေကို လုပ်ဖို့ ဗြူရိုကရေစီကို အစိုးရက ဦးဆောင်ရတယ်။ လမ်းညွှန်ရတယ်။ ပြုပြင်ရတယ်။ တည်ဆောက်ရတယ်။ စွမ်းရည်မြှင့်ပေးရတယ်။

ဗြူရိုကရေစီဆိုတာ အုပ်ချုပ်ရေးနဲ့ ဝန်ဆောင်မှုရဲ့ အသက်ဖြစ်တယ်။ အစိုးရတိုင်းရဲ့ ကိရိယာဖြစ် တယ်။ ဗြူရိုကရက်ဆိုတာလည်း ဗြူရိုကရေစီရဲ့ မင်းသား ဖြစ်တယ်။ ဗြူရိုကရက်ကောင်းတွေကို တက်ခနိုကရက်ကောင်းတွေနဲ့ ဝန်းရံရမယ်။ ဗြူရိုကရက်ကို ဖောင်ကြီးတို့၊ ဇီးပင်ကြီးတို့လောက် သင်တန်းတွေ ပို့ပြီး အလိုအလျောက် ပြီးပြည့်စုံသွားမယ်လို့ မမှတ်နဲ့။
အချုပ်ပြောရရင်၊ ဗြူရိုကရေစီဆိုတာ ပြည့်အစေခံ ယန္တရား ဖြစ်တယ်။ ဗြူရိုကရက်ဆိုတာ ပြည်သူ့ အစေခံဖြစ်တယ်။ ဗြူရိုကရက်တွေကို အစေခံ ခေါင်းဆောင်မှု (Servant Leadership) သင်တန်း တွေ ပေးဖို့ လိုတယ်။

ဗြူရိုကရေစီရဲ့ အခန်းကဏ္ဍ

ဗြူရိုကရေစီဆိုတာ တစ်ခုတည်းပါ။ ဒါပေမယ့် ကြီးတယ်။ ကျယ်တယ်။ ရှုပ်တယ်။ များပြားတယ်။ တာဝန်တွေကို လက်တွေ့ ထမ်းဆောင်ရတယ်။ လက်တွေ့အကောင်အထည်ဖော်ရတယ်။ နိုင်ငံရေး အရ၊ အုပ်ချုပ်သူတွေ ပြောင်းနိုင်တယ်။ လွှတ်တော်က ပြောင်းနိုင်တယ်။ သမ္မတ၊ ခေါင်းဆောင်က ပြောင်းနိုင်တယ်။

အုပ်ချုပ်သူတွေက မူဝါဒတွေချတယ်။ ဆုံးဖြတ်တယ်။ လွှတ်တော်က ဥပဒေတွေ ပြဌာန်းတယ်။ ဗြူရိုက ရေစီက မူဝါဒတွေကို အကောင်အထည်ဖော်တယ်။ ဥပဒေတွေကို အသက်ဝင်အောင် လုပ်တယ်။ ဒါဟာ အင်စတီကျူးရှင်းတွေ အတွဲအစပ်ညီညီ လှုပ်ရှားဆောင်ရွက်ခြင်း ဖြစ်ပါတယ်။ အစိုးရဆိုတာ အကျိုးစီးပွားတွေကို စုစည်းအကောင်အထည်ဖော်ဖို့ အုပ်ချုပ်ရေးအာဏာကို ကိုယ်စားပြုပြီး ရယူပြီး သား အဖွဲ့အစည်းဖြစ်တယ်။ မူဝါဒတွေကို ပြဿနာတွေကတစ်ဆင့် ယူလာတယ်။ ပြဿနာတွေကို ဆန်းစစ်ပြီး မူဝါဒလုပ်ပြီးရင်တော့ ဗြူရိုကရေစီရဲ့ တာဝန်ပဲဖြစ်တော့တယ်။

ဒီမှာ နိုင်ငံရေးသမားနဲ့ ဗြူရိုကရက်တွေအကြား ပဋိပက္ခတွေ ဖြစ်တတ်ကြတယ်။ အထူးသဖြင့် အာဏာ အသွင်ကူးပြောင်းရေး ဖြစ်စဉ်မှာ ဖြစ်တတ်ကြတယ်။ မြန်မာနိုင်ငံမှာ၊ နိုင်ငံရေးသမားတွေနဲ့ ဗြူရိုကရက် တွေအကြား ပဋိပက္ခဖြစ်ခဲ့တဲ့ သာဓကတွေ ရှိတယ်။ “ဦး၊ ဗိုလ်၊ သခင်” အကွဲ ဆိုတာ နိုင်ငံရေးသမား၊ စစ်သားနဲ့ ဗြူရိုကရက်တို့အကြား ပဋိပက္ခဖြစ်တယ်။

• နိုင်ငံရေးသမားတွေ အုပ်ချုပ်ရေးအာဏာရလာရင် မူဝါဒကို ဆုံးဖြတ်ဖို့၊ ချမှတ်ဖို့ တာဝန်ရှိ တယ်။
• ဗြူရိုကရက်တွေက မူဝါဒကို အကောင်အထည်ဖော်ဖို့ တာဝန်ရှိတယ်။
မူကနေ စပြီး မှားလာရင်၊ နိုင်ငံ ဆုတ်ယုတ်မယ်။

မူကောင်းသော်လည်းပဲ၊ မူကို အသက်ဝင်အောင် မလုပ်ရင်၊ မူကို အကောင်းကောင်း အကောင် အထည်မဖော်နိုင်ရင်၊ ပြည်သူက အကျိုးမရ။ နိုင်ငံရေးအာဏာယူထားတဲ့ နိုင်ငံရေးသမားလည်း မျက်နှာမရဖြစ်တတ်တယ်။

ဗြူရိုကရေစီဆိုတာ စနစ်တစ်ခု၊ ယန ္တရားတစ်ခုပဲ။ စာလေး တစ်ပုဒ်လောက်နဲ့ အကုန်အစင် နားလည် နိုင်ဖို့ မဖြစ်နိုင်ဘူး။ ဒါပေမယ့်၊ သဘောတရား အနှစ်ချုပ်ကလေး ရနိုင်အောင်ပဲ ကြိုးစားနိုင်ပါတယ်။

ဗြူရိုကရေစီဟာ လိုအပ်တာထက် ကြီးနေရင် အစိုးရဟာ နေရာတကာ ဝင်ပါနေသလို၊ ဖြစ် နေလိမ့်မယ်။ ဗြူရိုကရေစီဆိုတာ နိုင်ငံ့ရဲ့ စီးပွားရေး၊ လူမှုရေးမှာ catalyst လို့ခေါ်တဲ့ ဓာတ် ကူပစ္စည်း အဆင့်လောက်ပဲ ရှိသင့်တယ်။ သူဟာ အဓိက ဒြပ်စင် မဟုတ်ရဘူး။ ဒြပ်စင် တစ်ခုနဲ့ တစ်ခု ဓာတ်ပြုရာမှာ ပိုပြီး ဓာတ်ပြုအားကောင်းအောင် ပံ့ပိုးပေးတဲ့ ဓာတ်ကူပစ္စည်း ပဲ ဖြစ်သင့်ပါတယ်။
နိုင်ငံတော်ရဲ့ လက်တံတွေ ရှည်ခြင်း၊ မရှည်ခြင်းကို ဗြူရိုကရေစီယန္တရားကို ဖွဲ့စည်းထားပုံ ကို လေ့လာပြီး တိုင်းတာကြတယ်။
နိုင်ငံတော်ရဲ့ လက်တံတွေ သန်စွမ်းမှု ရှိခြင်း၊ မရှိခြင်းကို ဗြူရိုကရေစီယန္တရားရဲ့ စွမ်းရည်နဲ့ တိုင်းတာတယ်။
လက်တံတွေ ရှည်တိုင်းလည်း၊ သန်စွမ်းတာ မဟုတ်။ လက်တံတွေ သန်စွမ်းတိုင်းလည်း လက်တံတွေ မရှည်ကြ။ လက်တံတွေလည်း ရှည်တဲ့ လက်တံတွေကလည်း သန်စွမ်းတဲ့ နိုင်ငံတွေ ရှိတယ်။ လက်တံလည်း မရှည်၊ သန်စွမ်းမှုလည်း မရှိတဲ့ နိုင်ငံတွေလည်း ရှိတယ်။ ဒါကို ဖူကူရားမားက မိုဒယ်တစ်ခုနဲ့ ထုတ်ပြထားဖူးပါတယ်။

အထွေထွေမှတ်စု

(၁) မူဝါဒချမှတ်ရာတွင် အချက်အလက် အပေါ် မူတည်သည်။ အချက်အလက်သည် ပေးထား ချက်များ ဖြစ်သည်။ ဖော်မြူလာတစ်ပုဒ်အား တွက်ထုတ်ရာတွင်၊ ပေးထားချက်များ မစုံလျှင် အဖြေ၌ မသိကိန်းများ များစွာပါဝင်တတ်သည်။ မသိကိန်းများပါဝင်သော အဖြေကို ကိုယ်၍ အသုံးပြုလျှင် လက်တွေ့၌ မအောင်မြင်တတ် ချေ။

(၂) ထို့ကြောင့် နံပါတ (၁) ဖော်မြူလာကောင်း ရအောင် တည်ဆောက်တတ်ရမည်။ နံပါတ် (၂) အနေဖြင့် ဖော်မြူလာ၌ လိုအပ်သော အချက် အလက်များကို နှိုက်နှိုက်ချွတ်ချွတ် ရယူတတ်ရမည်။ အချက်အလက်မှန်ကန်ခြင်းသည် မူဝါဒချမှတ်ခြင်း၌ အရေးကြီးသည်။ အချက်အလက်မှားလျှင် မူဝါဒလွဲမည်။

(၃) မူဝါဒကို ဆုံးဖြတ်သူသည် မူဝါဒထုတ်တတ်သူများအား ဝန်းရံထားရန် လိုအပ်သည်။ အကြံပေးအဖွဲ့များ၊ သုတေသနအဖွဲ့များသည် မူဝါဒကောင်းအဖြစ် ဖော်ဆောင်ပေးသော အစုအဖွဲ့များဖြစ်သည်။

(၄) မူဝါဒများသည် အချက်အလက်အပေါ်၌လည်း အခြေခံရသည်။ သဘောတရားကောင်းအပေါ်လည်း အခြေ ခံသည်။ အချက်အလက်သည် ပေးထားချက် ဖြစ်ပြီး၊ သဘောတရားသည် ဖော်မြူလာဖြစ်သည်။ အဖြေသည် မူဝါဒဖြစ်ပြီး အဖြေကို ကိုင်သုံးခြင်းကို ဗြူရိုကရေစီက လက်တွေ့လုပ်သည်။

(၅) လုပ်ထုံးလုပ်နည်းတွေ၊ စည်းမျဉ်းတွေ ရှုပ်ထွေးလွန်းရင်၊ ခြစားမှု ဖြစ်နိုင်တဲ့ အလားအလာကို အားပေးရာ ရောက်တယ်။

(၆) မလုပ်၊ မရှုပ်၊ မပြုတ် ဆိုတာ လူ့အရင်းအမြစ်ကို သတ်တဲ့ ရန်သူပဲ။
(၇) လာဘ်စားမှ သူခိုးမဟုတ်ဘူး။ ရုံးတက်ချိန်ကို နောက်ကျပြီးမှ လာတာ၊ ရုံးဆင်းချိန်မှာ စောပြီး ဆင်းတာ၊ အတင်းတုတ်၊ လေထ၊ မယောင်ရာ ဆီလူးတာတွေဟာလည်း သူခိုးစာရင်းဝင်တယ်။

မင်းသေ့

၂၀ ရက် – ၅ လ – ၂၀၁၆ ။

Previous post စင်္ကာပူ အောင်မြင်ရခြင်း၏ အဓိက အကြောင်း (၄) ရပ်
Next post အိန္ဒိယ မြန်မာ ဆက်ဆံရေး