စင်္ကာပူ အောင်မြင်ရခြင်း၏ အဓိက အကြောင်း (၄) ရပ်

ဒီဆောင်းပါးဟာ နိုင်ငံတည်ဆောက်ရေးနဲ့လည်း သက်ဆိုင်တယ်။ ဖွံ့ဖြိုးမှုဗေဒနဲ့လည်း သက်ဆိုင်တယ်။ စီးပွားရေးကို ဖွံ့ဖြိုးတိုးတက်အောင် ဘယ်လို တည်ဆောက်တယ်ဆိုတာကိုလည်း အကျဉ်းသဘောပြထားတယ်။ တိုတောင်းတယ်။ ကျစ်လစ်တယ်။ ထိထိမိမိရှိတယ်။ လိုရင်းကိုသာ ရေးသားတင်ပြထားတယ်။ ဖတ်ရတာ မအီဘူး။
ဒီလို ရှင်းလင်းတဲ့ အရေးအသားနဲ့ နိုင်ငံရေးစာပေတွေ ထွက်လာရင် သိပ်ကောင်းမှာပဲလို့ မှတ်ချက်ပြုမိပါတယ်။

အကြောင်းလေးပါး

စင်္ကာပူနိုင်ငံနှင့်ပက်သက်သော စာအုပ်တော်တော်များများကို လေ့လာကြည့်ရာ၊ စင်္ကာပူနိုင်ငံ အောင်မြင်သွားရ ခြင်း၏ အဓိက အကြောင်း ၃ ရပ်ကို တွေ့ရသည်။ ၎င်းမှာ –

(၁) မဟာဗျူဟာမြောက် ပထဝီအနေအထား
(၂) လူ့စွမ်းအား အရင်းအမြစ်
(၃) ဘာသာစကား
(၄) ခေါင်းဆောင်မှု စသည်တို့ ဖြစ်သည်။

(၁) မဟာဗျူဟာမြောက် ပထဝီအနေအထား

စင်္ကာပူနိုင်ငံ၏ တည်နေရာကို ကြည့်ပါ။ မလက္ကာရေလက်ကြား၏ ထိပ်ဝတွင် တည်ရှိနေသည်။ မလက္ကာ ရေလက်ကြားဆိုသည်မှာ ကမ္ဘာ့ရေကြောင်းကုန်သွယ်ရေးလမ်းကြောင်း၏ အဓိက ကုန်သွယ်ရေးလမ်းကြောင်း ဖြစ်သည်။ အဆိုပါ ရေလက်ကြားမှ နေ့စဉ် သန်းနှင့် ချီသော ကုန်စည်တန်ချိန်ပေါင်းများစွာ၊ ရေနံနှင့် ဓာတ်ငွေ့ ရည် အမြောက်အမြား ဖြတ်သန်းသွားလာနေရသည်။ ကမ္ဘာ့ရေကြောင်းကုန်သွယ်ရေးနှင့် အတူပါလာသော ကုန်စည်အမျိုးများ ဖြန့်ချိရာ၊ ထုတ်လုပ်ရာ၊ ဝန်ဆောာင်မှုပေးရာ ဌာနအဖြစ် စင်္ကာပူက သူ့နိုင်ငံကို ဖန်တီးထား သည်။ ဝန်ဆောင်မှုလုပ်ငန်းဖြင့် ကြီးပွားရာ ကြီးပွားကြောင်းတွေကို ဖန်တီးထားသည်။


ထို့အပြင် သင်္ဘောကျင်းဝန်ဆောင်မှု၊ ကုန်စည်အမျိုးမျိုးအတွက် ဝန်ဆောင်မှု၊ ခရီးသွားလာရေး၊ ဘဏ္ဍာငွေ ဖလှယ်ရေးဌာနအဖြစ်ပါ စင်္ကာပူက မလက္ကာရေလက်ကြားဒေသကို ဗဟိုပြု၍ ကြီးစိုးထားနိုင်ခဲ့သည်။ အဆိုပါ မလက္ကာရေလက်ကြားတွင် စင်္ကာပူတစ်ခုတည်း ရှိသလား ဆိုတော့။ မဟုတ်ပါ။ မလေးရှားနှင့် အင်ဒိုနီးရှားတို့ လည်း အပြိုင်တည်ရှိနေသည်။ သို့သော် ဘာ့ကြောင့် စင်္ကာပူကို ယှဉ်ပြိုင်နိုင်စွမ်း နိမ့်နေရသနည်း။ အဖြေကား လူ့စွမ်းအား အရင်းအမြစ် တည်ဆောက်ပုံ ကွာဟခြင်းပင် ဖြစ်သည်။

(၂) လူ့စွမ်းအား အရင်းအမြစ်

ခေတ်သစ်လူ့စွမ်းအား အရင်းအမြစ်ကို တည်ဆောက်ရာတွင် ချိတ်ဆက်မှု (၂) မျိုးဖြင့် အံဝင်ခွင်ကျရှိစေရမည်။ ၎င်းမှာ – (၁) နည်းပညာ နှင့် (၂) အိုင်တီ တို့ဖြစ်သည်။ အိုင်ဒီယာအသစ်တို့ပေါက်ဖွားရာ ရေခံမြေခံကို ကောင်း စွာ ဖန်တီးပေးရမည်။ အိုင်ဒီယာအသစ်တို့ ပေါက်ဖွားရာ ရေခံမြေခံမှာ ပညာရေးအပေါ် အခြေခံ၍ ထွက်ပေါ်လာ သည်။ ပညာရေးသည် သူ့ချည်းသက်သက်တည်ဆောက်ရုံဖြင့် နိုင်ငံကို ထိထိရောက်ရောက် အကျိုးပြုဖို့ နှေး ကွေးတတ်သည်။ နည်းပညာနှင့် အိုင်တီကို ပညာရေးဖြင့် တွဲဖက်ပေးသည်။ ထို့အပြင် ခေတ်သစ် ဦးနှောက် အရင်းများကို ထုတ်လုပ်နိုင်ရန် ပညာရေးတွင် စင်္ကာပူက ပြင်းပြင်းထန်ထန် ရင်းနှီးမြုပ်နှံခဲ့သည်။ အဆိုပါ ပညာ ရေးသည် လက်တွေ့အပေါ်အခြေခံ၍ အနာဂတ်ကို ရှေးရှုသော ပညာရေးစနစ်ဖြစ်ခဲ့သည်။

သယံဇာတအားဖြင့် ဘာမှ မရှိသော နိုင်ငံက လူကို အခြေပြု၍ နိုင်ငံကို တည်ဆောက်သွားသည်။ လူဟုဆိုရာ မှာလည်း မိမိနိုင်ငံအတွင်းက လူကိုချည်း ကျဉ်းမြောက်သော အမျိုးသားရေးအမြင်ဖြင့် ချည်းကပ်သည် မဟုတ်။ ကမ္ဘာကြည့်ကြည့်၍ လူများကို ရွေးချယ် မွေးထုတ်ခြင်းဖြစ်သည်။ လောလောဆယ် မွေးထုတ်၍ မရနိုင်သေး သော လူ့အရင်းများကို မွေးစားသည်။ ပျော်အောင်ထားသည်။ နေချင့်စဖွယ် ပတ်ဝန်းကျင်ဖြစ်အောင် စီရင်ပေး ထားသည်။ လုပ်ထုံးလုပ်နည်းများ တစ်ခြမ်းစောင်းခြင်း မဟုတ်။ ပညာကို မွေး,စား ခြင်း ဖြစ်သည်။


အရှည်ကြည့်ခြင်းဖြင့် လူ့အရင်းကို တည်ဆောက်ရာတွင် ပညာရေးစနစ်တစ်ခုတည်းဖြင့် စင်္ကာပူက အားမကိုး။ မူဝါဒလုပ်ထုံးလုပ်နည်းများဖြင့် တံခါးဖွင့်ပေးသည်။ လူတော်များ နေပျော်သော ဝန်းကျင်ဖြင့် ပညာလူသားများ ကို ကိုယ့်နိုင်ငံအတွက် အလုပ်လုပ်ပေးအောင် ဖန်တီးနိုင်ခဲ့သည်။ ဤကား စင်္ကာပူ၏ လူ့အရင်းဖန်တီးရေး လုပ်ထုံးလုပ်နည်းပင် ဖြစ်သည်။ တစ်နည်းအားဖြင့် ပညာအရင်း မွေးမြူရာ အစီအမံလည်း ဖြစ်သည်။

(၃) ဘာသာစကား

လီကွမ်ယုက ဖွံ့ဖြိုးတိုးတက်မှုကို ဘာသာစကားဖြင့် မချီနိုင်ခဲ့သည်။ အမျိုးသားရေးဝါဒတို့ ကြီးစိုးနေခဲ့စဉ် ကွန်ယက်ကမ္ဘာ၏ ဖြစ်တည်မှုကို အမြော်အမြင်ရှိရှိကြည့်မြင်နိုင်ခဲ့သည်။ ဒေသတွင်း နိုင်ငံများဖြင့်သာ စီးပွားရေး လုပ်ကိုင်ခဲ့ဖို့ ရည်ရွယ်ခဲ့လျှင် စင်္ကာပူသည် မန်ဒရင်းကိုသာ နံပါတ် (၁) ဦးစားပေး ရွေးချယ်ပေလိမ့်မည်။ သို့သော် ကမ္ဘာ့နိုင်ငံများနှင့် စီးပွားဖက်အဖြစ် ရည်ရွယ်ခဲ့သော လီကွမ်ယုက အင်္ဂလိပ် ဘာသာစကားကို နံပါတ် (၁) ဦးစားပေး ရွေးချယ်ခဲ့သည်။

ထိုရွေးချယ်မှုအတွက် ရိုက်ခတ်မှု များလည်း ကြုံခဲ့ရသည်။ လီကွမ်ယုသည် ထင်မြင်ချက်များကို ကျော်ကြည့် နိုင်ခဲ့သော ခေါင်းဆောင်တစ်ယောက်ဖြစ်သည်။ မလက္ကာရေလက်ကြားတွင် မလေးရှားနှင့် အင်ဒိုနီးရှားနိုင်ငံများ ထက် ခေါင်းတစ်လုံးသာသွားခြင်းသည် ဘာသာစကား၏ အားသာချက်ကြောင့်ဖြစ်သည်။ ဂလိုဘယ်နိုင်ငံသား များနှင့် ဆက်သွယ်မှု အလွယ်ကူဆုံး စင်္ကာပူကို ဘာသာစကားဖြင့် ဖန်တီးနိုင်ခဲ့သည်။

ဖောက်သည်များအား အဆင်ပြေလွယ်ကူစွာ ဆက်ဆံ၊ သွားလာစေသည့် အားသာချက်ကို ဘာသာစကားက အထောက်အကူပြုခဲ့သည်ပင် ဖြစ်သည်။ စင်္ကာပူက အင်္ဂလိပ်ဘာသာစကားကို တရားဝင်ရုံးသုံး ဘာသာစကား အဖြစ် ပြဌာန်းစဉ်၊ ကျွန်တော်တို့ နိုင်ငံ၌ အင်္ဂလိပ်စာကို ကျွန်စာ၊ တိရိစ္ဆာနကထာအဖြစ် ပညတ်သည့်ကာလကို နှိုင်းယှဉ်စဉ်းစားကြည့်နိုင်သည်။ မြန်မာနိုင်ငံ၏ ဆင်းရဲရခြင်း အကြောင်း တစ်ရပ် ဖြစ်နိုင်မည်။

(၄) ခေါင်းဆောင်မှု

လီကွမ်ယု၏ ခေါင်းဆောင်မှုကို လစ်ဘရယ်ဒီမိုကရေစီစစ်စစ်ခေါင်းဆောင်မှုဟု မည်သူကမျှ မသတ်မှတ်ချေ။ သို့သော် စဉ်းစားကြည့်ရန် တစ်ချက် ရှိသည်။ လစ်ဘရယ်ဒီမိုကရက်တစ်မဟုတ်သော လူတစ်ယောက်ထံမှ ဒီမိုကရေစီစံပြနိုင်ငံတော်ကြီးဖြစ်သည့် အမေရိကန်သမ္မတအဆက်ဆက်က အဘယ့်ကြောင့် အကြံညံများ ရယူ နေရသနည်း။ လီကွမ်ယုသည် အမေရိကန်သမ္မတအဆက်ဆက်က သူ့၏အမြင်နှင့် အကြံဉာဏ်များကို တရေး တယူ အာရုံစိုက် နားထောင်ခဲ့ရသည်။

အကြံဉာဏ်ဟူသည် ဒီမိုကရက်တစ် ဖြစ်ခြင်း၊ မဖြစ်ခြင်းနှင့် တိုက်ရိုက်သက်ဆိုင်ပါသလော။ မေးခွန်းထုတ်ကြည့် ရန် လိုသည်။ ယခုအချိန်ထိ လီကွမ်ယုသည် နိုင်ငံရေးအာဏာကို သူ့ပါတီနှင့်သာ သက်ဆိုင်စေရန် လုပ်ဆောင် ထားနိုင်ခဲ့သည်။ သို့သော် လီ၏ ဦးဆောင်မှုကား စင်္ကာပူကို လူလားမြောက်မှုထက်သာလွန်သော အခြေအနေ ကို ပို့ဆောင်ပေးခဲ့ပြီ။ စင်္ကာပူပြည်သူက ချမ်းသာကြွယ်ဝမှုနှင့် ခေတ်မီမှုကို ခံတွင်းတွေ့နေကြပြီ။ စီးပွားရေးကို အပျက်ယွင်းမခံနိုင်။ အစိုးရအပြောင်းအလဲကြောင့် လက်ရှိအနေအထားများ ယိုင်နဲ့သွားမှာကို စိုးရိမ်ကြသည်။
ဤကဲ့သို့ စိုးရိမ်မှုများဖြစ်ပေါ်လာခြင်း အကြောင်းက လီကွမ်ယု၏ ခေါင်းဆောင်မှုကြောင့်ဖြစ်သည်။ လီကွမ်ယု က နိုင်ငံရေးခေါင်းဆောင်မှုကို ဝါဒဖြင့် ပုံဖော်ခဲ့သည် မဟုတ်။ ရလဒ်ဖြင့် ပုံဖော်ခဲ့သည်။ လီကွမ်ယုသာ လက်တွေ့သမားမဟုတ်ဘဲ အိုင်ဒီယော်လိုဂျီတစ်ခုခုကို စွဲမြဲသော လူသားဖြစ်လျှင် ယနေ့စင်္ကာပူဟူသည် ဖြစ်လာနိုင်စရာ အကြောင်းမရှိ။

လက်တွေ့ကျသော၊ အမြော်အမြင်ရှိသော (ကမ္ဘာကြည့်ကြည့်သော)၊ ဝါဒမှိုင်းများမှ ကင်းလွတ်သည့် အိုင်ဒီယာ အပေါ် အခြေခံ၍ လီက စင်္ကာပူကို ခေါင်းဆောင်နိုင်ခဲ့သည်။ လီ၏ ကိုယ်ရည်ကိုယ်သွေးကို ယေဘုယျလေ့လာ ကြည့်လျှင်၊
• ပညာရှင်လိုတော်သော နိုင်ငံရေးသမား၊
• နိုင်ငံရေးသမားထက် မြော်မြင်၊ ဆုံးဖြတ်ရဲသော ပညာတတ်၊
• တော်လှန်ရေးသမားထက် ပြတ်သားသော နိုင်ငံရေးသမား၊
• အိုင်ဒီယာသမားထက်တော်သော လက်တွေ့သမား၊
• လက်တွေ့သမားထက်သာသော အိုင်ဒီယာသမား၊

လီကွမ်ယုသည် လေယူရာ ယိမ်းသူ မဟုတ်။ အစွဲတရားဖြင့် မိမိအိုင်ဒီယာကို ကျောက်ချထားသူ မဟုတ်။ လက်တွေ့ကင်းသော အတွေးသမားသက်သက်လည်း မဟုတ်။ လက်တွေ့ကိုသာ ရှေးရှုသော အိုင်ဒီယာမဲ့ သမားလည်း မဟုတ်။ ယခု လီကွမ်ယုသည် အခွင့်အလမ်းကို ပြတ်သားသော ဆုံးဖြတ်ချက် များဖြင့် နိုင်ငံကို တည်ဆောက်ခဲ့သူ။ သူ့မှာ နိုင်ငံရေးသမားထက် ပိုသော သံတမန်အရည်အသွေးရှိသည်။ ဂလိုဘယ်ခေတ် မတိုင်မီကပင် ရှေးရိုးအယူအဆများမှ ဖောက်ထွက်နိုင်ခဲ့သော စွန့်ဦးတီထွင် နိုင်ငံရေးသမား၊ နိုင်ငံ့ခေါင်းဆောင် တစ်ယောက်ဖြစ်သည်။

အနှစ်ချုပ်

နိုင်ငံတစ်ခု ဖွံ့ဖြိုးတိုးတက်ရန် အခြေခံရမည့် အကြောင်းအရင်းများရှိသည်။ တစ်နိုင်ငံနှင့် တစ်နိုင်ငံကား တူညီ နိုင်မည် မဟုတ်ချေ။ မိမိတွင် ရှိသည့် အားသာချက်ကို အခွင့်အလမ်းအဖြစ် ဖန်တီးနိုင်ဖို့သာ လိုသည်။ စင်္ကာပူ သည် ပထဝီအနေအထားအရ အားသာချက်ကို ပညာအရင်း၊ မူဝါဒအစီအရင်များဖြင့် အသုံးမချနိုင်ပါက ယခု ကဲ့သို့ ဖြစ်လာနိုင်စရာ အကြောင်းမရှိ။ မရှိတာတွေကို ဘေးဖယ်ထား၊ ရှိထားတဲ့ အရာကို မြင်အောင်ကြည့်ပြီး နိုင်ငံတည်ဆောက်ရေးကို လုပ်ဆောင်သွားသည့် အိုင်ဒီယာကို ချီးကျူးရမည်။ လေးစားရမည်။ မြန်မာအတွက် ကား စံပြနိုင်ငံတည်ဆောက်ရေးနည်းနာ တစ်ရပ် ရမည်ဟု ယူဆရသည်။

မင်းသေ့

Next post မူဝါဒ ဖြစ်စဉ်