အိမ်နီးချင်း နိုင်ငံတို့ဟာ အမြဲတမ်း မဟာဗျူဟာ မိတ်ဖက်နိုင်ငံများ ဖြစ်တယ်… တဲ့…။
အစိုးရသစ်သက်တမ်းမှာ ဆက်ဆံရေးသစ်တွေ ဖြစ်လာမယ်။
ပူးပေါင်းဆောင်ရွက်မှု အသစ်တွေ ဖြစ်လာမယ်။
နယ်ပယ်အသစ်၊ ကဏ္ဍအသစ်တွေလည်း တိုးချဲ့ ပူးဝင်လာလိမ့်မယ်။
နိုင်ငံရေးမှာ အသေးစိတ်မသိရခင်၊ အကြမ်းဖျင်း ယေဘုယျတွေကို နှိုက်ထုတ်နိုင်ရမယ်…။
ဒီစာတမ်းက… သမိုင်း အချက်အလက်ရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်ပါလိမ့်မယ်။

အိန္ဒိယ မြန်မာ ဆက်ဆံရေး သမိုင်းသစ်

၈၀ ရာခိုင်နှုန်းသော မြန်မာတို့သည် ဗုဒ္ဓဘာသာများဖြစ်သည်။ ဗုဒ္ဓဘာသာသည် အိန္ဒိယဒေသမှ စတင်ပြန့်နှံ့လာသည်။ အိန္ဒိယဒေသကို မဇ္ဈိမဒေသ ဝိဂြိုလ်ပြုသည်။ မဇ္ဈိမဒေသသည် ဗုဒ္ဓဝါဒပေါက် ဖွားရာ ဘူမိနက်သံမြေဖြစ်သည်။

နိုင်ငံရေးအရ၊ အိန္ဒိယနှင့် မြန်မာသည် ဗြိတိသျှကိုလိုနီနိုင်ငံများ ဖြစ်ခဲ့ဖူးသည့် အတွေ့အကြုံချင်းတူ ညီသည်။ ကိုလိုနီခေတ်က၊ မြန်မာသည် အိန္ဒိယ၏ ပြည်နယ်တစ်ခုဖြစ်ခဲ့သည်။ ထိုအချိန်မှ စတင်၍ အိန္ဒိယလူမျိုးအများစုသည် မြန်မာပြည်တွင်း စိမ့်ဝင်ပျံ့နှံ့လာခဲ့သည်။ ထိုမျှမက မြန်မာလူငယ်များ သည် အိန္ဒိယရှိ ကလကတ္တားတက္ကသိုလ် ပညာသင်သွားရောက်ခဲ့သည်။ အကြောင်းမှာ ၁၉၂၀ ခုနှစ်အထိ မြန်မာနိုင်ငံ၌ တက္ကသိုလ်ဟူ၍ မရှိခဲ့ချေ။ တက္ကသိုလ်တည်ထောင်ပြီးစီးချိန်တွင်လည်း အိန္ဒိယသို့ ပညာသင်သွားဆဲ ဖြစ်သည်။

အိန္ဒိယနှင့် မြန်မာ၌ အမျိုးသားရေးလှုပ်ရှားမှုများ တစ်ချိန်တည်း တစ်ပြိုင်နက်တည်း စတင်ခဲ့သည်။ နှစ်ဖက် အမျိုးသားခေါင်းဆောင်အချင်းချင်းလည်း အဆက်အသွယ်ရှိခဲ့သည်။ ၁၉၄၀ ၌ အိန္ဒိယ အမျိုးသားရေးဝါဒီတို့က ဗမာ့တော်လှန်ရေးခေါင်းဆောင်များကို ညီလာခံတက်ရန် ဖိတ်ကြားခဲ့ သည်။ ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်၍ ခေါင်းဆောင် ၁၀ ဦး သွားရောက်ခဲ့သည်။ ဗိုလ်ချုပ်က အဆိုပါ ညီလာခံ၌ မိန့်ခွန်းပြောခဲ့သည်။

၁၉၄၄ တွင် အိန္ဒိယ လွတ်လပ်ရေး တပ်ဦးဟုခေါ်သည့် အိန္ဒိယ အမျိုးသား တပ်မတော် ဌာနချုပ် သည် စင်္ကာပူမှ မြန်မာသို့ ပြောင်းရွှေ့ခဲ့သည်။ အဆိုပါ တပ်မတော်ကို ဆူဟ ချန်ဒရာဘို့ (စ) ဦးဆောင်ခဲ့သည်။ တပ်မတော်အဖွဲ့ဝင်များသည် မြန်မာလူထု၏ ဧည့်ဝတ်ကျေပွန်မှုကို ယခုအချိန် အထိ သတိရနေဆဲ ဖြစ်သည်။

ဒုတိယကမ္ဘာစစ်ကြီးပြီးနောက်၊ ဗိုလ်ချုပ်အောင်ဆန်းကို မြန်မာပြည်လွတ်လပ်ရေးအတွက် လန်ဒန် သို့ စေ့စပ်ညှိနှိုင်းရန် ဖိတ်ခေါ်ခဲ့သည်။ ဗိုလ်ချုပ်သည် လန်ဒန်သွားစဉ် အိန္ဒိယ အမျိုးသားရေးခေါင်း ဆောင် နေရူးနှင့်တွေ့ဆုံရန် ဒေလီသို့ ရောက်ရှိခဲ့သည်။ နေရူးက ဗိုလ်ချုပ်ကို သူ့၏ ကုတ်အင်္ကျ ီ ကို ပေးသည်။ အင်္ဂလန်၏ အအေးဓာတ်ကို ကာကွယ်နိုင်ရန် အတွက် ဖြစ်သည်။ ဗိုလ်ချုပ်တွင် အအေးဒဏ်ကို ကာကွယ်ရန် မည်သည့် အနွေးထည်မျှ မပါသည်ကို နေရူးက သိသည်။
၁၉၄၇ ခုနှစ်တွင်လည်း အိန္ဒိယ၏ ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရေး ကျွမ်းကျင်သူများက မြန်မာ ပြည်၏ ဖွဲ့စည်းပုံ အခြေခံဥပဒေသစ် မူကြမ်းရေးဆွဲရာတွင် များစွာ ကူညီပေးခဲ့သည်။ အိန္ဒိယသည် ၁၉၄၇ ခုနှစ်တွင် လွတ်လပ်ရေးကို ကြေညာနိုင်ခဲ့ပြီး၊ မြန်မာက ၁၉၄၈ ခုနှစ်တွင် လွတ်လပ်ရေးကို ကြေညာနိုင်ခဲ့သည်။ မြန်မာ့ဝန်ကြီးချုပ် ဦးနုသည် အိန္ဒိယဝန်ကြီးချုပ် နေရူး၏ အရင်းနှီးဆုံး မိတ်ဆွေ ဖြစ်သည်။ ကိုလိုနီခေတ်လွန် ခေါင်းဆောင်များဖြစ်သည့် နေရူးနှင့် ဦးနုတို့ပူးပေါင်း၍ ဘက်မလိုက်လှုပ်ရှားမှုများကို စတင်တည်ထောင်ခဲ့ကြသည်။ အဆိုပါ အချိန်များ၌ အမေရိကန်ဦး ဆောင်သည့် အနောက်အုပ်စုနှင့် ဆိုဗီယက်ဦးဆောင်သည့် အရှေ့အုပ်စုတို့အကြား အားပြိုင်မှု ပြင်း ထန်ခဲ့သည် ဖြစ်ရာ၊ ဘက်မလိုက်နိုင်ငံများ(ကြားနေနိုင်ငံ) များအဖြစ် လွတ်လပ်စွာ ရပ်တည်ရန် ရည်ရွယ်ခဲ့ခြင်းလည်း ဖြစ်သည်။ နေရူးသည် မြန်မာအစိုးရသစ်ရင်ဆိုင်နေရသော ကွန်မြူနစ်နှင့် လက်နက်ကိုင်အုပ်စုများ တွန်းလှန်ရန် လက်နက်များရောင်းချပေးခဲ့သည်။

ဦးနုက နိုင်ငံရေး ခိုလှုံခွင့်တောင်းခဲ့တုန်းကလည်း ကြည်သာစွာပေးခဲ့သည်။ ဦးနုနေထိုင်ရန်အတွက် နေရူး၏ သမီးဖြစ်သူ အိန္ဒိယသမ္မတ အိန္ဒီယာ ဂန္ဓီကပင် အိမ်တစ်လုံးစီစဉ်ပေးခဲ့ဖူးသည်။ ၁၉၆၀၌ အောင်ဆန်းစုကြည်၏ မိခင် ဒေါ်ခင်ကြည်သည် အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဖြစ်ခဲ့ဖူး သည်။ ဒေါ်အောင်ဆန်းစုကြည်သည်ပင် သူ၏ မိခင်နှင့်အတူ နေထိုင်ပြီး ဒေလီ၌ ၁၉၆၀ မှ ၆၄ ခုနှစ် အထိ အထက်တန်းကျောင်း၊ ကောလိပ်တက်ခဲ့ဖူးသည်။ သူမတက်ခဲ့ဖူးသည့် ကောလိပ်မှာ Lady Shriram College ဖြစ်သည်။ အောင်ဆန်းစုကြည်သည် အဆိုပါကောလိပ်၏ ကျောင်းသူဟောင်း တစ်ယောက်ဖြစ်သည်။ အဆိုပါ ကောလိပ်၌ မြန်မာ့နိုင်ငံရေး အစည်းအဝေးများ မကြာခဏ ပြုလုပ် လေ့ရှိသည်။ ကောလိပ်သည် အောင်ဆန်းစုကြည်နှင့် မြန်မာ့ဒီမိုကရေစီ လှုပ်ရှားမှုအတွက် ဖေးမ၊ ကူညီမှုများ ရှိခဲ့သည်။

လက်ရှိခန့်မှန်းချက်အရ၊ မြန်မာနိုင်ငံ၌ အိန္ဒိယလူမျိုးများ တစ်သန်းခန့်နေထိုင်ကြသည်။ မြန်မာနိုင်ငံ သည် လူဦးရေ ၅၁ သန်းရှိသည်။ ၁၉၆၀ နှစ်လည်လောက်တွင် ဦးနေဝင်းက မြန်မာစီးပွားရေး လုပ် ငန်းများကို နိုင်ငံတော်ပိုင်သိမ်းယူပြီးနောက် မြန်မာပြည်ဖွားမဟုတ်သည့် အိန္ဒိယလူမျိုး နှစ်သိန်းခန့် ကို ပြည်တော်ပြန်စေခဲ့သည်။ အိန္ဒိယ စီးပွားရေးလုပ်ငန်းရှင်များသည် လျှော်ကြေး တစ်စုံတစ်ရာ မရရှိခဲ့ပဲ၊ လက်ဗလာဖြင့် မူရင်းဇာတိသို့ ပြန်ခဲ့ရသည်။ ဇာတိမြေသို့ပြန်ရန် ဦးနေဝင်းအစိုးရက တစ် ဦးလျှင် ငွေကျပ် ၁၇၅ ကျပ်သာ ပေးခဲ့သည်။

ရာဂျူး ဂန္ဓီ အိန္ဒိယဝန်ကြီးချုပ်တာဝန်ယူစဉ်၊ ၈၈၈၈ ဒီမိုကရေစီ အရေးတော်ပုံကို အပြည့်အဝ ထောက်ခံခဲ့သည်။ ရန်ကုန်၌ ရှိသော အိန္ဒိယသံရုံးက မြန်မာ့ကျောင်းသားတက်ကြွလှုပ်ရှားသူများ ကို ပြည်ပထွက်ခွာရန် ထောက်ပံ့စရိတ်များ ကူညီခဲ့သည်။ အိန္ဒိယအစိုးရက ဒုက္ခသည်စခန်းနှစ်ခုကို ပင် ဖွင့်ပေးခဲ့သည်။ တစ်ခုက မဏိပူရ တွင်ဖြစ်ပြီး တစ်ခုက မစ်ဇိုးရမ်းပြည်နယ်တွင် ဖြစ်သည်။ အိန္ဒိယရေဒီယိုများကလည်း မြန်မာ့ဒီမိုကရေစီလှုပ်ရှားမှုကို လေလှိုင်းကတစ်ဆင့် ထောက်ခံကြိုဆို ခဲ့သည်။ ထို့အပြင် ဝန်ကြီးချုပ်ဟောင်း ဦးနု၏ သမီး ဒေါ်သန်းသန်းနုကို ဒီမိုကရေစီ လှုပ်ရှားမှု အတွက် အသံလွှင့်ပေးခွင့်ပြုခဲ့သည် အထိ ထဲထဲဝင်ဝင် ကူညီအားပေးခဲ့သည်။

ရာဂျူး ဂန္ဓီက မြန်မာစစ်အစိုးရနှင့် အဆက်အဆံမလုပ်ရေး မူဝါဒကို အစပြုခဲ့သည်။ သို့သော် ၁၉၉၁ တွင် ရာဂျူး လုပ်ကြံခံခဲ့ရသည်။ ထို့နောက် မြန်မာ့စစ်အစိုးရနှင့် မိတ်ဖက်ဆက်ဆံရေးကို အိန္ဒိယက စတင်ခဲ့သည်။ သက္ကရာဇ် ၂၀၀၀ ၌ မြန်မာစစ်အစိုးရခေါင်းဆောင်များနှင့် အိန္ဒိယအကြီးတန်း အရာ ရှိများ အပြန်အလှန် ချစ်ကြည်ရေးခရီးစဉ် အမြောက်အမြားရှိလာသည် အထိ ဖြစ်ခဲ့သည်။

ယနေ့ မြန်မာအတွက် အိန္ဒိယ ပေါ်လစီ

၁၉၉၀ နှစ်လည်လောက်ကတည်းက၊ အိန္ဒိယသည် မြန်မာအပေါ် ဆက်ဆံရေးမူဝါဒ ပြောင်းလဲလာ ခဲ့သည်။ စစ်အစိုးရနှင့် ဆက်ဆံရေး ချောမွေ့စေသော မူဝါဒများ ချမှတ်လာခဲ့သည်။ အကြောင်းမှာ-

(၁) အိန္ဒိယအနေဖြင့် ၈၈ ဒီမိုကရေစီလှုပ်ရှားမှုသည် ခရီးဆုံးတိုင်မရောက်နိုင်တော့ချေ။ ထို့ကြောင့် အာဏာလက်ကိုင်ထားသူ အစိုးရနှင့် ပုံမှန်ဆက်ဆံရေး လုပ်ရန် လိုအပ်သည်ဟု အိန္ဒိယက ယူဆသည်။

(၂) အိန္ဒိယအနေဖြင့် နိုင်ငံတွင်းစီးပွားရေး မူဝါဒကို ပြောင်းလဲခဲ့သည်။ နိုင်ငံပိုင် လုပ်ငန်းများ မှ ပုဂ္ဂလိကပိုင် လုပ်ငန်းများကို တိုးမြှင့်ပေးခဲ့သည် ဖြစ်ရာ ကုန်သွယ်ရေးအရလည်းကောင်း၊ ရင်းနှီးမြုပ်နှံမှုအရလည်းကောင်း တိုးတက်ရန် ပြည်ပနိုင်ငံများနှင့် ပိုမို ဆက်သွယ် လုပ် ဆောင်ရန် လိုအပ်သည်ဟု ယူဆခဲ့သည်။ အိန္ဒိယသည် “အရှေ့မျှော်မူဝါဒ” ကို အကောင် အထည်ဖော်ခဲ့သည်။ အိန္ဒိယနှင့် အရှေ့တောင်အာရှနိုင်ငံများအကြား အခြေခံအဆောက် အအုံများ တိုးမြှင့်တည်ဆောက်ရန် ရှေးရှုခဲ့သည်။ အခြေခံ အဆောက်အအုံများ၌ ကားလမ်း ရထားလမ်းနှင့် ဆိပ်ကမ်းများ တည်ဆောက်ရေးကို ဦးစားပေးသည်။ ထိုမှသာ အိန္ဒိယအနေ ဖြင့် အာရှနိုင်ငံများနှင့် ကုန်သွယ်ရေး လမ်းကြောင်းသစ်များ ပိုမို လုပ်ဆောင်နိုင်မည် ဖြစ် သည်ဟု ယူဆခဲ့သည်။

(၃) အရှေ့မျှော်မူဝါဒအရ ဆက်ဆံရေးတိုးမြှင့်လိုက်သောအခါ အိန္ဒိယလုပ်ငန်းရှင်များသည် မြန်မာနိုင်ငံတွင် ရင်းနှီးမြုပ်နှံရန် စိတ်ဝင်စားမှု မြင့်တက်လာခဲ့သည်။ ထို့နောက် နှစ်နိုင်ငံ လူထု အချင်းချင်း ပိုမို ထိတွေ့ဆက်ဆံမှု မြင့်တက်လာခဲ့သည်။ ထို့အပြင် ၎င်းတို့သည် မြန်မာစစ်အစိုးရနှင့် အိန္ဒိယ အစိုးရအကြား ကောင်းမွန်သော ဆက်ဆံရေးများ ရှိလာပြီ ဖြစ်ကြောင်း ထောက်ခံအားပေးခဲ့ပြန်သည်။

(၄) စီးပွားရေးတိုးတက်လာသည်နှင့်အမျှ အိန္ဒိယအနေဖြင့် စွမ်းအင်ကို ပိုမိုလိုအပ်လာ သည်။ အထူးသဖြင့် ဓာတ်ငွေ့နှင့် ရေနံကို ပိုမိုလိုအပ်လာသည်။ မြန်မာထံမှ စွမ်းအင် လောင်စာရရှိရန် ပိုမို ရှေးရှုလုပ်ဆောင်လုပ်သည်။ မြန်မာထံမှ အခြားနိုင်ငံများထက်စာလျှင် စွမ်းအင်များကို ဈေးပေါပေါ နှင့် လွယ်လွယ်ကူကူ ရရှိနိုင်သောကြောင့်လည်း ဖြစ်သည်။ အိန္ဒိယအနေဖြင့် ရွှေ သဘာဝဓာတ်ငွေ့စီမံကိန်းကို အထူးစိတ်ဝင်စားခဲ့သည်။ ရခိုင်ပြည် နယ်မှ အိန္ဒိယသို့ ဓာတ်ငွေ့ပိုက်လိုင်းဆက်သွယ်ရန် အဆိုပြုတင်ပြခဲ့သည်။

(၅) အိန္ဒိယအစိုးရအနေဖြင့် ပြည်တွင်းစစ်ကို အဆုံးသတ်ချင်သည်။ အကြောင်းမှာ အိန္ဒိယ အရှေ့မြောက်ဒေသ၌ တည်ငြိမ်မှ သယံဇာတကုန်စည်များ တင်သွင်းရာတွင် အဆင်ပြေ မည်။ မြန်မာနှင့် အိန္ဒိယအရှေ့မြောက်ဒေသ နယ်စပ်မျဉ်းသည် ကီလိုမီတာ ၁၆၀၀ (မိုင်ပေါင်း ၉၉၄) ထိစပ်နေသည်။ အရှေ့မြောက် လက်နက်ကိုင်အုပ်စုများသည် မြန်မာ ဘက်အခြမ်းကို ခြေကုတ်ယူ၍ စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်နေသည်။ အိန္ဒိယတပ်မတော် က စစ်ဆင်ရေးများ ပြုလုပ်လျှင် နယ်စပ်မျဉ်းကို အားသာချက်ယူ၍ တိမ်းရှောင်ကြသည်။ အရှေ့မြောက် လက်နက်ကိုင်အုပ်စုများ၏ လက်နက်များသည် တရုတ်-မြန်မာနယ်စပ်မှ အဓိက ဝင်ရောက်နေသည်ခြင်းကြောင့်လည်း ဖြစ်သည်။ အိန္ဒိယအစိုးရအနေဖြင့် မြန်မာ အစိုးရ လက်နက်ကိုင်များနှင့်ပက်သက်သော သတင်းအချက်အလက်များ ရယူလိုသည်။ အိန္ဒိယမြန်မာနယ်စပ်မျဉ်းတစ်လျှောက် ကျဉ်လည်နေသော အိန္ဒိယနိုင်ငံတွင်း လက်နက် ကိုင်အုပ်စုများအကြောင်းဖြစ်သည်။ အကယ်၍ မြန်မာ့တပ်မတော်နှင့် အိန္ဒိယတပ်မတော် အကြား စစ်ရေးအရပူးပေါင်းဆောင်ရွက်မှု ပြုလျှင် အိန္ဒိယနယ်စပ်ရှိ လက်နက်ကိုင် သောင်း ကြမ်းမှုများ ချေမှုန်းနိုင်မည်ဟု ယူဆသည်။ မကြာသေးမီ နှစ်အနည်းငယ်က စစ်ရေးအရ ပူးပေါင်းမှု ပြုလုပ်ခဲ့သေးသည်ဟု သိရသည်။

(၆) အိန္ဒိယတပ်မတော်နှင့် အိန္ဒိယအစိုးရသည် အာရှအတွင်း အင်အားကြီး တရုတ်ကို မဟာဗျူဟာသဘောအရ စိုးရိမ်မှုရှိသည်။ အိန္ဒိယနှင့်တရုတ်အကြား နယ်နိမိတ် အငြင်းပွား မှုသည် ယနေ့တိုင် ရှိနေသေးသည်။ အိန္ဒိယသည် ကက်ရှာမီးယားနှင့် အရှေ့မြောက်ဒေသ တစ်ဝိုက်အချို့ကို သူပိုင်ကိုယ်ပိုင် အငြင်းပွားမှု ဖြစ်နေသေးသည်။ တရုတ်အနေဖြင့် မြန်မာ အပေါ် ဩဇာညောင်းသည့် အတွက် အဆိုပါ ကိစ္စတွင် လွှမ်းမိုးမှု တစ်စုံတစ်ရာရှိထားသည်။ အိန္ဒိယအနေဖြင့် တရုတ်သည် မြန်မာဘက်မှနေ၍ အိန္ဒိယကို ခြိမ်းခြောက်လာနိုင်သည်ကို တွက်ဆထားသည်။ တရုတ်သည် အိန္ဒိယရေတပ်က အိန္ဒိယသမုဒ္ဒရာအတွင်း လွှမ်းမိုးမှုကို မြန်မာဘက်အခြမ်းမှ ရေတပ်ဆိပ်ကမ်းတည်ဆောက်မှု၌ အကူအညီများပေး၍ စွက်ဖက် လာနိုင်သည်ကို စိုးရိမ်သည်။ အိန္ဒိယအစိုးရအနေဖြင့် မြန်မာအစိုးရနှင့် ဆက်ဆံရေး တိုး တက်ကောင်းမွန်စေလိုသည်။ သို့မှသာ တရုတ်ဝင်ရောက်စွက်ဖက်မှုကို ပြန်လည်ထိန်း ကျောင်းနိုင်မည်ဟု ယူဆထားသည်။

(၇) အိန္ဒိယသည် မြန်မာဘက်မှ မူးယစ်ဆေးဝါးများ အိန္ဒိယဘက်သို့ ပျံ့နှံ့မှု မြင့်မားလာမည် ကို စိုးရိမ်သည်။ ထို့အတွက် အိန္ဒိယက မြန်မာအစိုးရနှင့် လက်တွဲလုပ်ဆောင်ရမည်ဟု ယုံ ကြည်သည်။ အိန္ဒိယမြန်မာအကြား မူးယစ်ဆေးဝါးတိုက်ဖက်ရေးကို နှစ်ဖက် ပူးပေါင်း ဆောင်ရွက်မှသာ တိုက်ဖျက်နိုင်မည်ဟု ယုံကြည်သည်။

(၈) အိန္ဒိယ မူဝါဒချမှတ်သူအချို့တွင် စိုးရိမ်ချက် ရှိသည်။ ဒီမိုကရေစီအစိုးရတစ်ရပ်သည် နိုင်ငံတစ်ခုနှင့် တင်းတင်းကြပ်ကြပ် ပူးပေါင်းလုပ်ဆောင်မှု မပြုနိုင်ချေ။ အကယ်၍ မြန်မာမှ လူမျိုးစုငယ်အချို့က ခွဲထွက်ရေးလှုပ်ရှားမှုများ ပြုလုပ်ခဲ့သော် အိန္ဒိယ အရှေ့မြောက် ဒေသ တွင် ပဋိပက္ခများ ဖြစ်ပွားလာနိုင်သည်။ ဥပမာ – ချင်း (မီဇိုး) များ၏ လက်နက်ကိုင် အုပ်စု များရှိသည်။ အဆိုပါ လက်နက်ကိုင်များသည် အိန္ဒိယအရှေ့မြောက်ဒေသကို ခြေကုတ်ယူ ထားသည်။

မြန်မာအစိုးရနှင့် ဆက်ဆံရေးတိုးတက်လာခြင်းကြောင့် အိန္ဒိယ၏ အကျိုးရလဒ်


• မြန်မာ့တပ်မတော်ကို စစ်လက်နက်များ ရောင်းချလာနိုင်သည်။
• အိန္ဒိယနယ်စပ်မှ မြန်မာနိုင်ငံ အလယ်ပိုင်းအထိ လက်ဖောက်လုပ်မှုကို ထောက်ပံ့ နိုင်သည်။
• ရန်ကုန် – မန ္တလေး ရထားလမ်း အဆင့်မြှင့်တင်မှုကို ကူညီပေးနိုင်သည်။
• သတင်းနည်းပညာဖွံ့ဖြိုးတိုးတက်မှုအထောက်အပံ့နှင့် ဆက်သွယ်ရေး ပရောဂျက် များအတွက် ချေးငွေများထုတ်ချေးနိုင်ခဲ့သည်။
• မြန်မာကျောင်းသားများ အိန္ဒိယ၌ ပညာသင်ယူနိုင်ရန် စကော်လားရှစ်များ ပေးနိုင်ခဲ့ သည်။
• မြန်မာစစ်အစိုးရအား နိုင်ငံရေးပြုပြင်ပြောင်းလဲမှုပြုလုပ်ရန် တွန်းအားပေးနိုင်ခဲ့သည်

မြန်မာ့ဒီမိုကရေစီအရေးအတွက် အိန္ဒိယလူထု၏ အားပေးထောက်ခံမှုများ

အိန္ဒိယလူထုသည် မိမိတို့ ဒီမိုကရေစီနိုင်ငံသားဖြစ်ခြင်းကို ဂုဏ်ယူကြသည်။ ထို့အတူ မိမိတို့၏ ဒေသတွင်း နိုင်ငံများအား ဒီမိုကရေစီ စနစ် ကျင့်သုံးစေချင်သည်။ အိမ်နီးချင်းနိုင်ငံနှင့် ဒေသတွင်း နိုင်ငံများ ဒီမိုကရေစီစနစ် ယုတ်လျော့ခြင်းက အိန္ဒိယနိုင်ငံ၏ လုံခြုံရေးနှင့် စီးပွားရေး အကျိုးစီးပွား ကို ပဋပက္ခများ တိုးပွားစေခြင်း အကြောင်းကြောင့်လည်း ဖြစ်သည်။ အိန္ဒိယနှင့် မြန်မာအကြားတွင် သမိုင်းကြောင်း တစ်လျှောက် နီးကပ်သော ဆက်ဆံရေး ရှိခဲ့သည်။ အိန္ဒိယလူထုသည် ဒေါ်အောင်ဆန်းစုကြည်နှင့် အိန္ဒိပြည်တွင်း မြန်မာ့ဒီမိုကရေစီလှုပ်ရှားမှုများအား အားပေးထောက်ခံ ခဲ့သည့် သာဓကများ များစွာ ရှိနေခဲ့သည်။

၁၉၉၅ ခုနှစ်တွင် ဒေါ်အောင်ဆန်းစုကြည်ကို အိန္ဒိယက နေရူးငြိမ်းချမ်းရေးဆု ပေးအပ်ခဲ့သည်။
အိန္ဒိယ ပါလီမန်အမတ်များဖြင့် ပြုလုပ်သည့် လွှတ်တော်ညီလာခံအား မြန်မာ့ဒီမိုကရေစီရေး အ တွက် ဆွေးနွေးဆုံးဖြတ်ခဲ့သည့် အချက်များရှိသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ထောက်ခံ အားပေးနိုင်ရန်အတွက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီက မြန်မာ့အရေး ဖြေရှင်းရန် ပါလီမန်အမတ် အားလုံးက လက်မှတ်ထိုးတောင်းခံလွှာ တင်ပြခြင်း အစီအစဉ်များ ချမှတ်ခဲ့သည်။ အိန္ဒိယအနေဖြင့် မြန်မာ့တက်ကြွလှုပ်ရှားသူများ ၎င်းတို့၏ နိုင်ငံရေးလှုပ်ရှားမှုများ လုပ်ဆောင်နိုင်ရန် အိန္ဒိယနိုင်ငံ အတွင်း နေထိုင်နိုင်အောင် ကူညီပေးခဲ့သည်။

အိန္ဒိယ မီဒီယာနှင့် မြန်မာ

• အိန္ဒိယ မီဒီယာသည် တောင်အာရှဒေသတွင်း နိုင်ငံများ၏ သတင်းများကို ပိုမိုအာရုံထား ဖော်ပြကြသော်လည်း မြန်မာနှင့်ပက်သက်သော သတင်းများအား အာရုံစိုက်ဖော်ပြခြင်း မရှိ ချေ။

အိန္ဒိယနိုင်ငံတွင်း မြန်မာ ဒုက္ခသည်များ

• နှစ်များစွာ ကြာပြီးနောက် မီဇီုးရမ်း ဒုက္ခသည် စခန်းများကို ပိတ်ခဲ့သည်။ ယခင်က မြန်မာ အများစုသည် ချင်းပြည်နယ်တွင် အတော်ကြာကြာနေထိုင်ခဲ့ကြသည်။ ဤဒေသတွင် စစ် ရေး သင်တန်းများ မရရှိခဲ့ချေ။ ထို့အပြင် အလွန်အထီးကျန်ဆန်စွာ နေထိုင်ခဲ့ရသည်။ ဤဒေသ၌ နိုင်ငံရေးသမားများကိုလည်း လက်ခံခြင်း မပြုခဲ့ချေ။
• ၁၉၉၀ တွင်၊ မြန်မာမှ ဒုက္ခသည်များ ဒေလီသို့ ရွေ့ပြောင်းခဲ့သည်။ ဒုက္ခသည် ၁၀၀၀ ကျော် ရှိရာ အများစုမှာ ချင်းပြည်နယ်၌ နေထိုင်၍ အချို့သည် ဒေလီ၌ နေထိုင်ကြသည်။
• ABSDF မိသားစု ၄၀ ခန့်သည် မဏိပူ စခန်းများ၌ နေထိုင်နေဆဲ ဖြစ်သည်။

မင်းသေ့

Previous post မူဝါဒ ဖြစ်စဉ်
Next post သီချင်းထဲက အဇ္ဈတများ