မြန်မာတွေကို ယေဘုယျခြုံကြည့်ရင် တစ်ခုခုကို အစဉ်တစိုက် မြုပ်နှံပြီး လုပ်နေသူ ရှားတယ်။ ဒီ့နောက်ပိုင်း လူတော်တော်များများကို ကြည့်လိုက်ရင် ဆူလွယ်နပ်လွယ် ကိစ္စတွေကိုပဲ လုပ်ကြတာများတယ်။ ဘယ်အရာ လွယ်မလဲဆိုတာပဲ ကြည့်နေတယ်။ ငွေပေါ်လွယ်တာက ဘာဖြစ်မလဲ။ အကျိုးအမြတ် အမြန်ဆုံးရနိုင်တာ ဘာဖြစ်မလဲ ဆိုတာတွေပဲ ကြည့်နေကြတယ်။ ပေါ်ပင်ကိစ္စတွေနောက် အာသာငမ်းငမ်း လိုက်နေကြတာတွေ့ ရတယ်။

ကိုယ်လုပ်တဲ့အလုပ်ဟာ ကိုယ့်စရိုက်နဲ့၊ ကိုယ့်ခံယူချက်နဲ့ ကိုယ်တကယ်လုပ်ချင်တာနဲ့ ကိုက်ရဲ့လားဆိုတာကို မစဉ်းစားမိကြတာများတယ်။ စဉ်းစားမိတယ်ပဲ ထားအုံး။ အခြေအနေကို မလွန်ဆန်နိုင်ကြတာများတယ်။ အခြေအနေက ကိုယ့်ကို ပြဌာန်းနေတယ်။ ကိုယ်ကအခြေအနေကို ပြဌာန်းတာ မဟုတ်ဘူး။

ကိုယ့်အလုပ်ကိုယ်လုပ်နေဖို့လို့ ကျနော် တိုက်တွန်းပြီးရေးတယ်။ ဒါက ဒုတိယအဆင့်ဖြစ်နေတယ်။ ပထမ အဆင့်မှာကို တစ်နေတဲ့ အနေအထားဖြစ်နေတယ်။ ပထမအဆင့်က ဘာလဲဆိုတော့၊ ကိုယ့်အလုပ်ဆိုတာ ဘာလဲ ဆိုတာကို ပြန်မေးယူရမယ့် အနေအထားကို ရောက်နေတယ်။ လူတွေက ကိုယ့်အလုပ်က ဘာလဲဆိုတာကို ပြတ်ပြတ်သားသား မသိကြဘူး။ ကိုယ့်စရိုက်ကို မသိဘူး။ ကိုယ့်ဝါသနာကို မမွေးဘူး။ ကိုယ့် ယုံကြည်ချက်ဆိုတာကို ပြတ်ပြတ်သားသားရှင်းရှင်းလင်းလင်း မမြင်ဘူး။ ဒီတော့ ကိုယ့်အလုပ်က ဘာဆိုတာကို လည်း ရှင်းရှင်းလင်းလင်း ဖြစ်မနေဘူး။


ကိုယ့်အလုပ်ဟာ ဘာလဲဆိုတာ သေသေချာချာ ဂဃဏန သိမနေလို့လည်း အလုပ်တိုင်းဟာ ကိုယ်နဲ့ဆိုင်တယ် လို့ ထင်နေတယ်။ အလုပ်တိုင်းကို ကိုယ်လုပ်လို့ ရတယ်လို့ ထင်နေတယ်။ လုပ်ရင်ဖြစ်မှာပဲလို့ ထင်နေတယ်။ တော်ရုံအားထုတ်လိုက်ရင် ဖြစ်သွားတာပဲလို့ ထင်နေတယ်။ အချိန်တန် နွားပိန်ကန်မယ်လို့ မြင်နေကြတယ်။ ဒီအမြင်က စပြီး မှားနေတယ်။


ခေတ်ကို ပြောင်းတာ လူထုကြီးကလို့ ပြောကြတယ်။ နိုင်ငံရေးသမားတွေ အပြောများတာဖြစ်မယ်။ နိုင်ငံရေး စိတ်သန်တဲ့ စာရေးဆရာတွေလည်း ပြောကြတာ တွေ့ဖူးတယ်။ ဟုတ်လို့လားလို့ မေးလိုက်ချင်တယ်။ သမိုင်းကို ဆန်းစစ်ကြည့်ရင် အဖြေပေါ်တယ်။ တစ်ဦးကောင်း တစ်ယောက်ကောင်းနဲ့ ခေတ်ကို ပြောင်းလိုက်နိုင်တာတွေ အများကြီး ရှိတယ်။ တစ်ဦးကောင်း တစ်ယောက်ကောင်းနောက်ကို အစုအဖွဲ့တွေ၊ အုပ်စုကြီးတွေက သူ့နေရာနဲ့ သူ ပံ့ပိုးပေးလိုက်လို့ ပြောင်းလဲသွားတာတွေ ရှိတယ်။

တစ်ဦးချင်းကလည်း တန်ဖိုးရှိတယ်။ အများကလည်း တန်ဖိုးရှိတယ်။ တစ်ယောက်အားနဲ့ ယူသော် မရ၊ တစ်သောင်းအားနဲ့ ယူသော်ရ၏။ ဆိုတဲ့စကားက အထိုက်အလျောက်ပဲ မှန်တယ်။ အမြဲမမှန်ဘူး။ ပန်းချီဆရာ အယောက် တစ်ယောက်တစ်ထောင်ကို တကန့်စီခွဲပေးလိုက်လို့ မိုနာလီဇာ ပန်းချီကား ဖြစ်မလာဘူး။ အားလုံးဟာ သူ့အကန့်အသတ်နဲ့သူ ရှိနေတယ်။ တစ်ဦးချင်း ကိစ္စတွေဟာ လူ့အဖွဲ့အစည်းအနေနဲ့ ကြည့်ရင် သိပ်ကို အရေးကြီးတယ်။

တစ်ဦးချင်းက ဘယ်လို တွေးကြသလဲ။ တစ်ဦးချင်းက ဘယ်လို ပြုမူကြသလဲ။ တစ်ဦးချင်းရဲ့ ခံယူချက် အမြင်က ဘာလဲ။ ဒါတွေကို ဂဃနဏ ဆန်းစစ်ကြည့်သင့်တယ်။ တစ်ဦးချင်းကဏ္ဍဟာ လူ့အဖွဲ့အစည်းမှာ သိပ်ကို အရေးပါတယ်။ အထူးသဖြင့် အပြောင်းအလဲ၊ အချိုးအကွေ့တွေ၊ လမ်းဆုံလမ်းခွတွေမှာ သိပ်သိသာ တယ်။ လူအုပ်ကြီးနဲ့ လုပ်လို့ မရတဲ့ ကိစ္စတွေ အများကြီး ရှိတယ်။


မြန်မာ့လူ့အဖွဲ့အစည်းမှာ အလွယ်လိုက်တာတွေ၊ ဖြတ်လမ်းလိုက်တာတွေ အတော်အတွေ့ရများနေတယ်။ ဆူလွယ်နပ်လွယ် ကိစ္စတွေကို ဦးစားပေး စဉ်းစားကြတယ်။ ကြာရှည်၊ ရေရှည် ရင်းနှီးမြုပ်နှံပြီး လုပ်ရမယ့်ကိစ္စ တွေကို ကြောက်တယ်။ မရွေးချယ်ကြဘူး။ ငြင်းပယ်ကြတယ်။ ကိုယ်ခံအားလည်း မကောင်းကြဘူး။ မစောင့်နိုင်ဘူး။ မအောင့်အီးနိုင်ဘူး။ ရေရှည် စွဲစွဲမြဲမြဲ မမြုပ်နှံကြဘူး။ လတ်တလော ဘာခေတ်စားသလဲဆိုတာ ပဲ ကြည့်နေကြတယ်။ ခေတ်နောက်ကို အမှီလိုက်နေတယ်။ ခေတ်ရှေ့ပြေးဖို့ မစဉ်းစားဘူး။ မတွေးကြဘူး။ ခေတ်ကို ဦးဆောင်ဖို့၊ ခေတ်ကို ပြောင်းဖို့ မတွေးကြဘူး။

ဆူလွယ်နပ်လွယ် ကိစ္စတွေကို လုပ်ကြတာတင် မကသေးဘူး။ အပေါ်ယံတွေ သိပ်များလာတယ်။ ရုပ်ပြသက် သက်တွေ သိပ်များလာတယ်။ For Show တွေ များလာတယ်။ နိုင်ငံရေးစကားနဲ့ ပြောမယ်ဆိုရင် ဓာတ်ပုံနိုင်ငံရေး (Photo politics) တွေ များနေတယ်။ အခမ်းအနားနိုင်ငံရေးတွေများနေတယ်။ ceremonial politics လို့ ပြောလို့ ရမယ် ထင်တယ်။


လုပ်နေကြတာတော့ အများကြီးပဲ။ ဒါပေမယ့် ဘာမှ မယ်မယ်ရရ မရှိကြဘူး။ ဘာမှ ဖြစ်ဖြစ်မြောက်မြောက် မတွေ့ရဘူး။ စီမံခန့်ခွဲမှုမှာဖြစ်ဖြစ်၊ ရူပဗေဒမှာပဲဖြစ်ဖြစ် လူတော်တော်များများ ပြောကြတဲ့ စကားလုံး ရှိတယ်။ Work done မဖြစ်ကြဘူး။ ပေးအားပေး၏ မရ။ ကျွေးကား ကျွေး၏ မဝ။ မလုပ် မဖြစ်။ အဖြစ် လုပ်နေကြတယ်။

သင်တန်းတွေ ပေါလာတယ်။ ကျောင်းတွေ ပေါလာတယ်။ တက္ကသိုလ်တွေ များလာတယ်။ ဆရာတွေများလာ တယ်။ နေရာတကာ ဆရာ၊ ဆရာ၊ ဆရာ၊ ဆရာ။ မြင်မြင်သမျှ ပါမောက္ခ။ တွေ့သမျှ လူ ပါရဂူ။ သုတေသန တွေဆိုတာလည်း ပေါမှ ပေါ များမှများ။ ဘွဲ့တွေ၊ ဒီဂရီတွေ၊ သင်တန်းဆင်းလက်မှတ်တွေလည်း အများကြီး။ ဒါပေမယ့် လောက်လောက်လားလား တတ်ကြတဲ့သူတွေ နည်းလာတယ်။ တကယ့်ပညာတတ်နည်းလာတယ်။ မြည်တတ် တွန်တတ်တဲ့လူကတော့ ပိုများလာတယ်။ တကယ် အလုပ်လုပ်ကြမယ်ဟေ့ ဆိုရင် ရှေ့မထွက်လာ တော့ဘူး။

အရင်တုန်းကလို လက်သီးလက်မောင်းတန်းတဲ့လူကတော့ သိပ်မရှားပါဘူး။ ဒါတောင် တကယ်ဖိနှိပ်တဲ့ ယန္တရား နဲ့ မကြုံဖူးသေးလို့။ တကယ့် စစ်ကြောရေး ဖြတ်ဖူးရင် ကုပ်သွားလိုက်မယ့် ဖြစ်ခြင်း။ အရင်တုန်းက ကိုယ်ခံအား မကောင်းတဲ့လူတွေတောင် အခုနေရာကောင်းတွေ ရနေတာ အများသား။ ဘာတဲ့…. ဘာတဲ့။ ကိုယ့်ပန်းကန်ကို တောင် ကိုယ်မဆေးချင်တဲ့ကောင်က ဝန်ကြီးတက်ဖြစ်တယ်…. ဆိုလား။ ထားတော့။

သည်တော့ တို့မြန်မာ့လူ့အဖွဲ့အစည်းမှာရှိနေတဲ့ တစ်ဦးချင်း အမူအကျင့်တွေကို အသေးစိတ် လေ့လာအကဲ ခတ်ဖို့လိုတယ်။ ဒီလိုလုပ်ဖို့အတွက် သုတေသနအကြီးစားတွေ မလိုပါဘူး။ ပရောဂျက်ကြီးတွေ၊ ကျမ်းကြီးကျမ်း ခိုင်တွေ သိပ်လိုမယ် မထင်ပါဘူး။ ကိုယ်နဘေးနားမှာ မြင်နေတွေ့နေရတဲ့ လူတွေကိုပဲ တစ်ချက်လောက် သတိထားပြီး ကြည့်လိုက်ပါ။ လူတွေဟာ အကောင်းဆုံး စာအုပ်ပါပဲ။

ဆူလွယ်နပ်လွယ် လုပ်တတ်လွန်းကြသူတွေကို မြင်နေတွေ့နေရလွန်းလို့ ရေးသားလိုက်ရပါတယ် ခင်ဗျား…..

မင်းသေ့
ည ၇ း ၂၈
၃၀ ၊ မေ ၊ ၂၀၁၉ ။
မန္တလေးမြို့။

Previous post တို့လူငယ်
Next post နိုင်ငံရေးသမား