• စာသင်ခန်းဟာ ဝါဒဖြန့်ချိရေးအခန်း မဟုတ်ဘူး။
• စာသင်ခန်းဟာ တရားသေဝါဒကို အုတ်မြစ်ချပေးတဲ့နေရာ မဟုတ်ဘူး။
• စာသင်ခန်းဟာ ငါတကောကောသူရဲ့ အင်ပါယာ မဟုတ်ဘူး။
• စာသင်ခန်း ဟာ ပြဌာန်းစာအုပ်မှာ တင် လမ်းဆုံးနေတဲ့ ဘူတာ မဟုတ်ဘူး။
• စာသင်ခန်းဟာ အဖြေတစ်ခုတည်းအတွက် သီးသန့်အခန်း မဟုတ်ဘူး။
• စာသင်ခန်းဟာ အာဂုံရွတ်ဆိုတဲ့ ခန်းမ မဟုတ်ဘူး။
• စာသင်ခန်းဟာ ကြက်တူရွေးတို့ရဲ့ လှောင်အိမ် မဟုတ်ဘူး။

စာသင်ခန်းဆိုတာ ပညာရှာရာ ရပ်ဝန်း၊ ပညာသင်ယူရာ ဌာန၊ ပညာဆည်းပူးရာ နေရာ။ နောက်….၊ စာသင်ခန်း ဆိုတာ စဉ်းစားတတ်ဖို့ လေ့ကျင့်ပေးတာ၊ တွေးခေါ်တတ်ဖို့ လမ်းပြပေးတာ၊ ဝေဖတ်ဆန်းစစ်တတ်ဖို့ သင်ကြား ပေးတာ…။ စာသင်ခန်းဆိုတာ အတွေးအကြံတို့ အတွေ့အကြုံတို့ ဖလှယ်ရာ နေရာ၊ ဌာန။

စာသင်ခန်းရဲ့ ရည်ရွယ်ချက်ကို ပြောလိုက်တာဖြစ်ပါတယ်။ စာသင်ခန်းထဲမှာ သင်ကြားသူရှိတယ်။ သင်ယူသူ ရှိတယ်။ မြန်မာ့ဓလေ့မှာတော့ ဆရာဆိုတာကို သင်ကြားသူ။ ကျောင်းသားကိုတော့ သင်ယူသူလို့ သတ်မှတ်ပါ တယ်။ ဒါဟာ မပြည့်စုံဘူး။ တရားသေ မှတ်ယူလို့ မရဘူး။ ဆရာဟာ တစ်ဖက်မှာ သင်ကြားသူဖြစ်သလို၊ ကျောင်းသားတွေဆီက သင်ယူသူလည်း ပြန်ဖြစ်ရတယ်၊ ပြန်ဖြစ်ရမယ်။ ဆရာဟာ အလုံးစုံကို တတ်သိနေသူ မဖြစ်နိုင်ဘူး။ ကျောင်းသားဟာလည်း ဆရာဆီမှာတင် သင်ယူသူ မဖြစ်ရဘူး။ ကျောင်းသားအချင်းချင်းဆီက နေလည်း သင်ယူတတ်ရတယ်။ တစ်ဖက်မှာလည်း သူ့ရဲ့လေ့လာအားထုတ်မှု၊ ဆွေးနွေးငြင်းခုန်မှုဟာ ဆရာ နဲ့ သူ့အတန်းဖော် ကျောင်းသားတွေကို ပြန်သင်ကြားပေးနေတာ ဖြစ်ရမယ်။ ပညာသင်ယူခြင်းဖြစ်စဉ်ဟာ တစ်လမ်းသွား မဖြစ်သင့်ဘူး။ လမ်းကြောင်းများစွာကို ဦးတည်နေရမယ်။ လမ်းကြောင်းများစွာကနေ စီးဆင်း လာရမယ်။ အသွားရော၊ အပြန်ရော။ ဗဟိုရော၊ ဆုံချက်ရော။ လားရာ ပေါင်းစုံရော… ဦးတည် ဖြာထွက်နေရ မယ်။ အပြန်အပြန် အလှန်လှန်ဖြစ်ရမယ်။ အထူးပြုရော၊ အထွေထွေရော….။ အဝေးရော၊ အနီးရော။

စာသင်ခန်းထဲမှာ ပညာဖြစ်ဖို့၊ ကျောင်းသားဟာ ကျင့်ထုံး တချို့ကို ကျင့်သုံးသင့်တယ်။

• အကောင်းမြင်သဘောထားကို မွေးမြူပါ။
• ဖွင့်ထားသောစိတ် ရှိပါ။
• အတန်းမှန်မှန်တက်ပါ။
• သင်ခန်းစာတွေ ကျေညက်ပါ။
• ဝေဖန်ပိုင်းခြား စိစစ်ပြီး တွေးပါ၊ နားထောင်ပါ။
• တခြားသူတွေရဲ့ဆွေးနွေးနေချိန် ဂရုတစိုက် နားထောင်ပါ၊ တက်တက်ကြွကြွ ဝင်ရောက်ဆွေးနွေးပါ။
• ထိထိမိမိ ပြောဆိုဆက်ဆံပါ။
• အုပ်စုဖွဲ့လေ့လာမှုတွေမှာ မခိုရ၊ မကပ်ရ။ လူတိုင်း အားထုတ်ရမယ်။
• အမှတ်ရရေးထက် တကယ့်လေ့လာသင်ယူရေးအတွက် ဖိဖိစီးစီးလုပ်ရမယ်။
• အခက်အခဲရှိရင် ဆရာ့ဆီက အကြံဉာဏ်တောင်းနိုင်တယ်။
• လူတိုင်းမှာ အားနည်းချက်၊ အားသာချက် ကိုယ်စီရှိတယ်။ အချင်းချင်း လေးစားပါ၊ ရိုင်းပင်းကူညီပါ။

စာသင်ခန်းဟာ ပညာအတွက် ရည်ရွယ်တာဖြစ်ပါတယ်။ စဉ်းစားတွေးခေါ်မှု ရင့်သန်စေဖို့၊ ရင့်ကျက်စေဖို့ ရည် ရွယ်တာဖြစ်ပါတယ်။ စာသင်ခန်းထဲမှာ ပေါင်းသင်းဆက်ဆံရေးအကြောင်း တတ်လာမယ်။ လူတွေနဲ့ ဘယ်လို ပူးပေါင်းလုပ်ဆောင်မလဲဆိုတာ သိလာမယ်။ သူ့အမြင်၊ ကိုယ့်အမြင် ချင့်ချိန်လာနိုင်မယ်။ လူ့သဘောထား တွေကို နားလည်လာနိုင်မယ်။ ဘက်စုံကြည့်မြင်တတ်မယ်။ အပြန်အပြန်အလှန်လှန် အမှီသဟဲပြုရင်း ရှင်သန် ရပ်တည်တတ်လာမယ်။ စာသင်ခန်းထဲက သင်ခန်းစာတွေက ပညာအတွက်၊ လုပ်ငန်းခွင်အတွက်၊ ဘဝ ရပ်တည်မှုအတွက်၊ လူမှုပေါင်းသင်းဆက်ဆံရေးအတွက်၊ အတွေးအခေါ် ဒဿနအတွက်၊ ခံယူချက်အမြင်တွေ အတွက်… ဆိုတာတွေကို လေ့ကျင့်ပေးရာနေရာဖြစ်ပါတယ်။

ကိုယ့်အားကိုယ်ကိုးတတ်ဖို့။ ကိုယ့်တာဝန် ကိုယ်ယူတတ်ဖို့။ ကိုယ့်တာဝန် ကိုယ်ကျေဖို့။ အချင်းချင်း ဖေးမကူညီ တတ်ဖို့… ဆိုတာတွေကို လေ့ကျင့်သင်ကြားပေးတယ်။ စာသင်ခန်းတစ်ခုမှာ ယှဉ်ပြိုင်မှုဆိုတာ ရှိနိုင်ပါတယ်။ ယှဉ်ပြိုင်မှုကို ဇောင်းပေးရင်း တစ်ယောက်ကို တစ်ယောက် ကလိမ်ကကျစ်ကျမယ်။ ညစ်မယ်။ ခြေထိုးမယ်။ ဖေးမကူညီချင်ဖို့ဆိုတာထက် ဖျက်လိုဖျက်ဆီး လုပ်မယ်။ ပျက်စီးရာ ပျက်စီးကြောင်း တွေးဖို့ အားပေးနေမယ် ဆိုရင် ဒါဟာ စာသင်ခန်း မဟုတ်ဘူး။

စာသင်ခန်းဆိုတာ လူ့အဖွဲ့အစည်းကို ပိုပြီး ကောင်းသထက်ကောင်းအောင် လုပ်ဖို့ လေ့ကျင့်ပေးတာ၊ သင်ကြား ပေးတာဖြစ်တယ်။ လူလူချင်း စာနာတတ်အောင်၊ တစ်ယောက်သဘောထား တစ်ယောက်နားလည် အောင်၊ တစ်ယောက်စွမ်းရည် တစ်ယောက် အကဲခတ်လို့ရအောင်၊ အချင်းချင်း ပူးပေါင်း လုပ်ဆောင်တတ် အောင်၊ ကိုယ်လိုတာ သူဖြည့်၊ သူလိုတာ ကိုယ်ဖြည့်ပြီး အလုပ်လုပ်နိုင်ကြဖို့ လေ့ကျင့်ပေးတာဖြစ်ပါတယ်။

စာသင်ခန်းထဲက ယှဉ်ပြိုင်မှုတွေဟာ တစ်ယောက်ကို တစ်ယောက် မနာလိုစိတ်၊ ဝန်တိုစိတ် ဖြစ်အောင် အားပေးနေတာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ကျောင်းသားတွေဟာ စိတ်ဝမ်းကွဲလာမယ်။ မနာလိုလာမယ်။ ပူးပေါင်း ဖို့ တွန့်ဆုတ်လာမယ်။ မင်းဘာလဲ၊ ငါဘာလဲဖြစ်လာမယ်။ ရန်လိုလာမယ်။ တစ်ယောက်တိုးတက်မှာ တစ်ယောက် မလိုလားတာဖြစ်လာမယ်။ ဒီလိုဆိုရင် ပညာသင်ကြားရေး၊ လူ့အဖွဲ့အစည်းအတွက် မျိုးဆက်သစ် တွေကို စာသင်ကြားရေးဟာ တကယ့်ရည်ရွယ်ချက်ကို ဘယ်ရောက်တော့မလဲ။

စာသင်ခန်းတစ်ခုဟာ တကယ့်လက်တွေ့အတွက် လေ့ကျင့်ကွင်းဖြစ်ရမယ်။ အလုပ်အတွက်၊ ဘဝအတွက်၊ လူမှုပေါင်းသင်းဆက်ဆံရေးအတွက်၊ ဘဝအဓိပ္ပာယ်အတွက်၊ ဝါသနာအတွက်၊ ကိုယ့်ကျင့်တရားအတွက် လေ့ကျင့်ကွင်းဖြစ်နေရမယ်။ ဒါမှ စာသင်ခန်းဟာ တကယ့်စာသင်ခန်းနဲ့တူတာ ဖြစ်ပါတယ်။

မင်းသေ့
နေ့လယ် ၁၂ း ၅၄
၄ ၊ ဇွန် ၊ ၂၀၁၉ ။

Previous post နိုင်ငံရေးသမား
Next post ကျေးလက်တောရွာက ဆရာ ဆရာမတွေ…