• အပြောင်းအလဲအတွက် လူထုလိုသည်။
• ပြောင်းလဲချိန်တန်ပြီ။
• အပြောင်းအလဲ။

ပြောင်းလဲခြင်း ဂါထာတွေကို အတွင်အတွင်ရေရွတ်ပြီး၊ ဒီမိုကရေစီဆိုတာကို ကြွေးကြော်ခဲ့ကြတယ်။ အနာဂတ် ဟာ ဘယ်ဆီနေမှန်းမသိကြဘူး။ ဒါပေမယ့် မျှော်လင့်ချက် တစ်စုံတရာနဲ့ မဲပေးကြတယ်။ အပြောင်းအလဲကို လူထုမဲဆန္ဒနဲ့ ဆုံးဖြတ်နိုင်ကြလိမ့်မယ်လို့ လူထုက ထင်ခဲ့တယ်။ တကယ့်အဖြစ်မှာက အုပ်ချုပ်သူကိုပဲ ပြောင်းနိုင်ခဲ့တယ်။ အခြေအနေကို မပြောင်းနိုင်ခဲ့ဘူး။ အကန့်အသတ်တွေ ရှိနေလို့လို့ ပြောကြတယ်။ အပြောင်း အလဲကို ဘယ်အချိန်ထိ စောင့်နိုင်ကြမလဲ။ အပြောင်းအလဲဆိုတာ တဖြည်းဖြည်းချင်းနဲ့ ပြုပြင်ပြောင်းလဲယူကြရ မှာ မဟုတ်လား။

အစိုးရအပေါ်မှာချည်း မှီခိုချင်စိတ်ပြင်းပြနေတဲ့ ပြည်သူလူထု၊ စေတနာသာ ပဓာနအစိုးရ၊ အထိုင်မပျက်အောင် ကျောက်ချထားတဲ့စစ်တပ်၊ သူတစ်လူငါတစ်မင်း ဆူပူထကြွချင်တဲ့ လူမျိုးစုတွေ၊ ဝှက်ဖဲတစ်ချပ်ချင်းကို ထုတ် ကစားနေတဲ့ တရုတ်၊ သူ့အကျိုး သူ့လိုရာကို ဆွဲလို့မရရင် ကဖျက်ယဖျက်လုပ်တတ်တဲ့အနောက်နိုင်ငံတွေ… စသည်ဖြင့် မြန်မာပြည်က အခက်အခဲပေါင်းများစွာ ကြုံနေရတယ်။

ဆင်းရဲမွဲတေမှုရဲ့ အကြောင်းတရားက မြောက်မြားစွာ ရှိနေတယ်။ လူတစ်ဦးချင်းစီရဲ့ အကျင့်စရိုက်တွေက နှစ်မြို့ဖွယ် မရှိဘူး။ ပြီးကပစ်၊ ဖြစ်ကတတ်ဆန်း လုပ်တတ်ကြတယ်။ ပြီးစလွယ်လုပ်နေကြတယ်။ ပညာမဲ့ခြင်း အတွက် စနစ်တကျဖျက်ဆီးခဲ့တဲ့ အစိုးရဟောင်းတွေကို လက်ညှိုးထိုးလို့ရတယ်။ ယခုလေ့လာသင်ယူလို့ လွယ်နေတဲ့ခေတ်မှာ ပညာမဲ့နေခြင်း၊ ဆင်ခြင်တုံတရား မဲ့နေခြင်းကတော့ မြန်မာတွေ ပျင်းတယ်ဆိုတာ သက်သေပြနေတယ်။ လေ့လာဖို့၊ သင်ယူဖို့၊ စူးစမ်းဖို့၊ အပင်ပန်းခံ ဆည်းပူးဖို့ဆိုတာကို ကြိုးကြိုးကုပ်ကုပ် မလုပ် ချင်ကြတာတွေ့နေရတယ်။

အလွယ်တကူ ဘာရနိုင်သလဲဆိုတာ ချောင်းနေကြတာများတယ်။ နည်းနည်း အားထုတ်ရမယ်ဆိုရင်၊ အကျိုးအမြတ်ကို အရင်တွက်နေတယ်။ အားစိုက်ရင်းနှီးမြုပ်နှံထားဖို့ စိတ်မကူးကြဘူး။ ဆူလွယ်နပ်လွယ်အလုပ် မျိုးတွေကို ပိုသဘောကျနေကြတယ်။ အချောင်ရဖို့ပဲ ချောင်းနေကြတယ်။ မြန်မာတွေရဲ့ စိတ်နေစရိုက်တွေကို ဘယ်အရာတွေက လွှမ်းမိုး ပြုပြင်နေကြသလဲ။

ပူပြင်းတဲ့ဒေသ

မြေပြန့်ဒေသ၊ ဧရာဝတီ မြစ်ဝှမ်းဒေသတွေမှာ ဗမာတွေ အများစုနေကြတယ်။ ဗမာတွေကို လေ့လာရင်၊ သူတို့ နေထိုင်ရာဒေသနဲ့ဆက်စပ်နေတဲ့ စိတ်အခြေအနေမျိုးရှိတာကို တွေ့ရတယ်။ ဥပမာ – အညာဒေသ၊ အလယ်ပိုင်း ဒေသတွေမှာ ပူပြင်းတဲ့ ရာသီဥတု ရှိတယ်။ သည့်နောက်ပိုင်း အပူချိန်က လွန်လွန်ကဲကဲ ပူပြင်းနေ တယ်။ နွေရာသီဆိုရင် ပိုလို့တောင် ဆိုးရွားနေတယ်။ ရာသီဥတုအခြေအနေက သမမျှတတဲ့အခြေအနေမျိုး မဟုတ်တော့ဘူး။ အပူချိန်လွန်ကဲနေတယ်။ အပူချိန်လွန်ကဲနေလို့ စိတ်အခြေအနေတွေကလည်း ပြောင်းလဲလာ ကြတယ်။ ပူပြင်းတော့ စိတ်တိုလွယ်တယ်။ ဒေါသဖြစ်လွယ်တယ်။ စိတ်မရှည်ဘူး။ အေးအေးဆေးဆေး မတွေး ခေါ်နိုင်ဘူး။ ခေါင်းအေးအေးထား မစဉ်းစားနိုင်ဘူး။ အပူတပြင်း လုပ်ကြတယ်။ ရန်လိုစိတ်၊ တိုက်လိုခိုက်လိုစိတ် ထူပြောတယ်။ ဒါ့ကြောင့်များ ရေရှည်မအောင့်အီးနိုင်ကြပဲ ရေတိုသဘော၊ ဆူလွယ်နပ်လွယ်တွေ လုပ်တတ်ကြ သလားလို့ တွေးစရာဖြစ်နေပါတယ်။

ဒီဥပမာကတော့ နိုင်ငံရေးပထဝီဝင် ဘာသာရပ်တွေပါဝင်ပါတယ်။ လူ့စိတ်အခြေအနေတွေကို ရာသီဥတုက လွှမ်းမိုးပြုပြင် နိုင်တယ်ဆိုတဲ့ သဘောတရားကို ထုတ်ပြီးရေးလိုက်တာဖြစ်ပါတယ်။

ဗမာလူမျိုးစု

မြန်မာ့အပြောင်းအလဲဟာ ဗမာလူမျိုးစုတွေနဲ့ အဓိက သက်ဆိုင်နေတယ်။ အကြောင်းကတော့ ရှင်းရှင်းလေးပါ ပဲ။ လူမျိုးစုတွေထဲမှာ ဗမာလူမျိုးစုက အားကြီးတယ်။ အရေအတွက်လည်း များတယ်။ ပျံ့နှံ့နေထိုင်မှုလည်း ကျယ်တယ်။ နေရာတော်တော်များများရဲ့ ထိပ်ပိုင်း၊ ဦးပိုင်းနေရာတွေကို ရယူထားကြတယ်။ ဗမာ့အမှတ်သရုပ် တွေကို ရေးထွင်းနိုင်ထားကြတယ်။

မြန်မာပြည်ရဲ့နိုင်ငံရေးသမိုင်းကို ကြည့်ရင်၊ ဗမာတွေ အများစုက ဦးဆောင်နေတာတွေ့ရတယ်။ လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်းမှာ နိုင်ငံရေးခေါင်းဆောင်အများစုက ဗမာတွေဖြစ်တယ်။ တော်လှန်ရေးခေါင်းဆောင် အများစု ကလည်း ဗမာတွေ ဖြစ်တယ်။ တခြားလူမျိုးစုတွေလည်း ပါဝင်ကြတယ်။ သူတို့က တွန်းတွန်းတိုက်တိုက်၊ အုံလိုက်ကျင်းလိုက် ဖြစ်တယ်လို့ ပြောစရာ နည်းနေတယ်။ ပါလီမန်ခေတ်ပျက်သုဉ်းသွားပြီး စစ်အစိုးရတက် လာတယ်။ ၂၀၁၀ ခုနှစ်အထိ စစ်တပ်ဟာ အစိုးရအသွင်အမျိုးမျိုးဖမ်းပြီး အုပ်ချုပ်သွားတာပါပဲ။

စစ်တပ်ထဲမှာကြည့်ရင်လည်း ဗမာအများစု လွှမ်းမိုးထားတာတွေ့ရတယ်။ ဒီလိုဖြစ်ရတဲ့ အကြောင်းတရားတွေ အများကြီးရှိနေပါတယ်။ အစချီရရင် တိုင်းရင်းသားလက်နက်ကိုင်တွေ တောခိုခြင်းက စရလိမ့်မယ်။ သည့် နောက်ပိုင်း လက်နက်ကိုင်အဖွဲ့အစည်းထဲမှာ သင်းကွဲစေတဲ့၊ ဂိုဏ်းကွဲစေမယ့် လုပ်ရပ်မျိုးတွေကို ဗမာစစ်ခေါင်း ဆောင်တွေ သတိထား ရှောင်ကျဉ်လာကြတယ်။ ဒီလိုနဲ့ ဗမာဗုဒ္ဓဘာသာတွေ ကြီးစိုးလွှမ်းမိုးတဲ့ စစ်တပ်ဖြစ်လာ တော့တာပဲ။

စစ်တပ်မျက်နှာကျက်

စစ်တပ် အုပ်ချုပ်တဲ့ခေတ်မှာလည်း ဌာနဆိုင်ရာအားလုံးကို စစ်တပ်မျက်နှာကျက် တပ်လိုက်ကြတယ်။ ဒါ့ကြောင့် ဌာဆိုင်ရာတွေအားလုံးဟာ တပ်ပုံစံတွေ ဖြစ်လာတယ်။ တပ်စရိုက်တွေ ဖြစ်လာတယ်။ တပ်ထဲမှာလည်း ဆရာ မွေး၊ တပည့်မွေး ကိစ္စတွေ အပြင် လူ/မူ ပြဿနာတွေလည်း ရှိနေတယ်။ ဌာနဆိုင်ရာတွေမှာလည်း အကျင့်ပျက် ဗျူရိုကရေစီစရိုက်က ကြီးထွားလာတယ်။ တပ်စရိုက်နဲ့ ဗျူရိုကရေစီစရိုက်ဆိုး ပေါင်းသွားတော့တယ်။ ဒီလိုနဲ့ ပြည်သူ့ဝန်ဆောင်မှု ယန္တရားဆိုတာ ဖြစ်မလာတော့ဘူး။ ပြည်သူ့အတွက် ဝန်ထုပ်ဝန်ပိုး သယ်ဆောင်လာတဲ့ ယန္တရားပဲဖြစ်လာတော့တယ်။

စင်ပြောင်း

၂၀၁၅ အထွေထွေ ရွေးကောက်ပွဲမှာ ပြည်သူ့မဲဆန္ဒတွေကို အတိုက်အခံ ပါတီက သိမ်းပိုက်နိုင်လိုက်တယ်။ ၂၀၁၆ မှာ အရပ်သား အစိုးရတက်လာတယ်။ အတိုက်အခံပါတီရဲ့ ရွေးကောက်ပွဲကြွေးကြော်သံဟာ ‘ပြောင်းလဲချိန်တန်ပြီ’ ဖြစ်ပါတယ်။ အပြောင်းအလဲလုပ်ဖို့ အားခဲတက်လာပေမယ့်၊ စင်မြင့်က မတူတော့ဘူး။ အရင်တုန်းက ရှိနေတာက အတိုက်အခံစင်မြင့်ပေါ်မှာ။ အခုက အုပ်ချုပ်မှု စင်မြင့်ပေါ်မှာ။ စင်ပြောင်းသွားတဲ့ အခါမှာ အမြင်ပါ ပြောင်းသွားတော့တယ်။ အရပ်သားအစိုးရသစ်ဟာ နိုင်ငံတော်အုပ်ချုပ်မှုယန္တရား ပုံမှန်လည် ပတ်အောင်ကို မနည်း ကြိုးစားလိုက်ရတယ်။ သည်လိုကြောင့် အစိုးရလုပ်ခြင်းအတတ်ပညာကို ကောင်းကောင်း မှန်းဆမိသွားတယ်။ လက်တွေ့မှာ တကယ်မလွယ်ဘူးဆိုတာ နားလည်လိုက်တယ်။


အတိုက်အခံအမြင်နဲ့ ပြောခဲ့တဲ့စကားတွေဟာ အုပ်ချုပ်သူအမြင်နဲ့ ပြောတဲ့စကားတွေနဲ့ မတူနိုင်ဘူး။ အုပ်ချုပ်သူ နေရာရောက်ပေမယ့် အတိုက်အခံဗီဇကို မဖျောက်နိုင်ခဲ့ဘူး။ ဒါ့ကြောင့် အစိုးရအလုပ်လုပ်နေပေမယ့် အတိုက်အခံစကားပြောနေတာကို ကြားခဲ့ရတယ်။ ဒါပေမယ့် အစိုးရသက်တမ်း (၃) နှစ်လောက်ကြာတဲ့အခါမှာ ဒီလိုပြောတာ ဆိုတာ နည်းသွားတယ်။

အတိုက်အခံ အလုပ်နဲ့ အုပ်ချုပ်သူ အလုပ်ဟာ မတူပါဘူး။ အတိုက်အခံစင်မြင့်နဲ့ အုပ်ချုပ်မှုစင်မြင့်ကလည်း မတူ ပါဘူး။ အတိုက်အခံအမြင်နဲ့ အုပ်ချုပ်သူအမြင်ကလည်း မတူနိုင်ပါဘူး။ အင်္ဂလိပ် စာရေးဆရာ ရစ်ချက်ဘတ်ဝဲလ် ရေးတာဖတ်ဖူးတယ်။ သူက မြန်မာပြည်ပါလီမန်ခေတ် အခြေအနေကို ကြည့်ပြီး ပြောတာဖြစ်ပါတယ်။ ‘မြန်မာပြည်မှာ အတိုက်အခံကောင်း မရှိဘူး။ အစိုးရကလည်း မအုပ်ချုပ်တတ်ဘူး။ အတိုက်အခံကလည်း အတိုက်အခံ မလုပ်တတ်ဘူး’ လို့ ပြောဖူးတယ်။ အတိုက်အခံမလုပ်တတ်တဲ့သူက အစိုးရနေရာရောက်လာတဲ့ အခါမှာ အစိုးရကောင်းဖြစ်ဖို့ ပိုဝေးသွားတယ်လို့ ထင်တယ်။ ဒါ့ပေမယ့် စေတနာအရင်းခံနဲ့ မြေစမ်းခရမ်းပျိုးပြီး လုပ်တာကို တွေ့ရတယ်။ မြန်မာတွေကတော့ အစမ်းသပ်ခံရတဲ့ဘဝကနေ မလွတ်ကြသေးဘူး။

မှန်းစမ်း ခရမ်းပျိုးကြ

စစ်အစိုးရခေတ်မှာလည်း အစမ်းသပ်ခံကြရတယ်။ အရပ်သားအစိုးရလက်ထပ်မှာလည်း မြေစမ်းခရမ်းပျိုးခံကြရ တယ်။ နောက်ဆုံး ခံရတာက ပြည်သူဖြစ်နေတယ်။ ပြည်သူဘက်မှာလည်း အားနည်းချက်တွေ ရှိနေတယ်။ အခုနက ပြောခဲ့သလို၊ ပြည်သူတွေက ခွန်စိုက်အားစိုက် မလုပ်ကြဘူး။ လုံ့လရှိတယ်ဆိုရင်တောင် ဉာဏ်နဲ့ မတွဲ နိုင်ကြလို့ မြန်မာတွေ ကြီးပွားသင့်သလောက် မကြီးပွားဘူး။ ဉာဏ်ရှိတယ်လို့ ကိုယ့်ကို ကိုယ် ထင်နေတဲ့သူက လည်း အပေါ်ယံသိတွေသာ များတယ်။ တကယ်အလုပ်ဖြစ်အောင် မသိကြဘူး။ နက်နက်နဲနဲ တတ်သိထားတဲ့ သူ အင်မတန် နည်းတယ်။ မြန်မာတွေဟာ အပေါ်ယံတွေနဲ့ တင်းတိမ်နေကြတာများတယ်။

ကမ္ဘာကို လူပေါ်လူဇော်လုပ်ကြ

ကိုယ်စွမ်းကိုယ်စနဲ့ ကြီးပွားနေတဲ့ မြန်မာတွေလည်း ရှိပါတယ်။ ဒါပေမယ့် အမြင်တိုတာ၊ အမြင်နှပ်တာကို တွေ့ ရတယ်။ ကိုယ့်အဝန်းအဝိုင်းထဲက မထွက်နိုင်ကြဘူး။ ကမ္ဘာကြည့်မကြည့်နိုင်ကြဘူး။ ကိုယ်ကမ္ဘာထဲမှာ ကိုယ် ပျော်နေတယ်။ စွန့်စားဖို့၊ ဖောက်ထွက်ဖို့၊ ကိုယ့်ဒေသကို ကျော်ကြည့်ဖို့၊ ကိုယ့်နိုင်ငံနယ်နိမိတ်ကို ကျော်ဖို့ မစဉ်း စားကြဘူး။ ကိုယ့်ဥခွံထဲမှာ ကိုယ် ဘုရင်လုပ်နေကြတာများတယ်။ ဒါ့ကြောင့် ကိုယ်စွမ်းကိုယ်စ၊ ကိုယ့်ထူးကိုယ် ချွန် ကြီးပွားလာတဲ့ မြန်မာတွေရှိရင်တောင် ကိုယ့်နယ်မှာ ကိုယ်ဘုရင် လုပ်နေကြတာများတယ်။ ဖြန့်ကျက်ဖို့၊ ဖြန့်ထွက်ဖို့ စိတ်မကူးကြဘူး။ စွန့်စားခြင်း၊ စွန့်ဦးတီထွင်ခြင်းနဲ့ ကမ္ဘာကို လူပေါ်လူဇော်လုပ်ဖို့ ဆန္ဒ မရှိတာ များတယ်။ ဒါ့ကြောင့်လည်း ကိုယ့်နေရာမှာ ကျောက်ချနေရင်း ကြီးထွားသင့်သလောက် မကြီးထွားတာများ တယ်။

အဆိုးကျော့သံသရာ

အရပ်သားအစိုးရ အကြီးအကျယ်ကြုံနေရတဲ့ အခက်အခဲတစ်ခု ရှိနေပါသေးတယ်။ ဒါကတော့ ဗျူရိုကရေစီ အကျပ်အတည်းဖြစ်ပါတယ်။ မြန်မာ့အုပ်ချုပ်မှုသမိုင်းဟာ အစိုးရကပဲနေရာယူ ဦးစီးပြီး လွှမ်းမိုးထားတဲ့ အုပ်ချုပ် မှု စနစ်ဖြစ်ခဲ့လေတော့၊ အစိုးရအခန်းကဏ္ဍက ကြီးမားနေတယ်။ အပြောင်းအလဲကာလမှာလည်း ဝန်ကြီးဌာန တွေကို ချုံ့ပစ်တယ်ဆိုပေမယ့်၊ ဝန်ကြီးအရေအတွက်သာ လျော့သွားတယ်။ ဝန်ထမ်း အရေအတွက်က လျော့ မသွားဘူး။ ဌာနတွေကလည်း ဆိုင်းဘုတ်တွေသာ ပေါင်းလိုက်ခြင်းဖြစ်တယ်။ ဌာနတွေလျော့သွားတာ မဟုတ် ဘူး။ အစိုးရအခန်းကဏ္ဍကြီးမားတော့၊ ဗျူရိုကရေစီရဲ့အခန်းကဏ္ဍကလည်း ကြီးမားနေတယ်။

အသွင်ကူးပြောင်းရေးကာလမှာ၊ ပြည်သူ့ရဲ့ အခန်းကဏ္ဍက နဂိုကထက် ပိုကျယ်လာတယ်။ သို့ပေမယ့် အစိုးရ ရဲ့ အခန်းကဏ္ဍက ကျုံ့မသွားဘူး။ ဗျူရိုကရေစီရဲ့အခန်းကဏ္ဍကလည်း ကျုံ့မသွားဘူး။ နဂိုမူလအနေအထား အတိုင်းမှာပဲ ရှိနေသေးတယ်။ စနစ်ဟောင်းကို ကြိုက်တဲ့၊ အသစ်ကို မလိုလားတဲ့ ဗျူရိုကရေစီနဲ့ ကြုံတယ်။ ဒါ့ ကြောင့် နိုင်ငံရေးဘက်အစွဲ၊ ကိုယ်ကျိုးစီးပွားအခံနဲ့ ပြုမူတဲ့ ဗျူရိုကရေစီရဲ့ ပညာပြတဲ့ဒဏ်ကို အရပ်သားအစိုးရ ခံရတယ်။ အစိုးရရဲ့မူဝါဒ အသက်ဝင်မှုဟာ အောက်ခြေပြည်သူထိ မရောက်ဘူး။ အကြောင်းက ဗျူရိုကရေစီ ခံနေလို့ ဖြစ်တယ်။

ဗျူရိုကရေစီရဲ့ အခန်းကဏ္ဍကို လျော့ချင်ရင် အစိုးရအခန်းကဏ္ဍကို လျော့မှရမယ်။ အစိုးရကလည်း အရပ်သား အစိုးရဆိုတော့ လုပ်ပြကိုင်ပြချင်တယ်။ ရွေးကောက်ပွဲနဲ့တက်လာတဲ့အစိုးရဆိုတော့ နောက်ရွေးကောက်ပွဲ အတွက် မျှော်လင့်ချက်လည်း ရှိနေပြန်တယ်။ ဒါ့ကြောင့် ပြည်သူ့ထောက်ခံမဲရဖို့လည်း လိုတယ်။ ပြည်သူ ချစ်ကြည်မှ မဲရနိုင်တာ ဖြစ်လေတော့ လုပ်ပြကိုင်ပြမှ၊ သက်သေပြနိုင်မှ မဲထပ်ရနိုင်မယ် မဟုတ်လား။ ဒီလို အနေအထားမှာ အစိုးရရဲ့အခန်းကဏ္ဍကို လျော့လိုက်ရင် လုပ်ဖို့ ကိုင်ဖို့ ခွင် မရှိတော့ဘူး။ နေရာကျုံ့သွားမယ်။ အစိုးရအခန်းကဏ္ဍနည်းသွားမယ်။ ဒီလိုဆိုရင် မဲရဖို့အတွက် အလုပ်လုပ်ပြရမယ့် လုပ်ပိုင်ခွင့်လျော့သွားမယ်။ ဒါ့ကြောင့် အစိုးရရဲ့အခန်းကဏ္ဍကို လျော့လို့ မရနိုင်ပြန်ဘူး။ နောက်တစ်ဖက်မှာလည်း အစိုးရကဏ္ဍကို မလျော့ ရင် ပြည်သူ့အခန်းကဏ္ဍက တိုးမလာနိုင်တာ ရှိနေသေးတယ်။ ပြည်သူလုပ်ရမယ့်နေရာမှာ အစိုးရက ဝင်ဝင် လုပ်နေလို့ ဝန်ပိတာလည်း ဖြစ်နိုင်သလို၊ မလိုလားတဲ့ အစိုးရရဲ့နေရာ ကျယ်လာတာလည်း ဖြစ်လာနိုင်တယ်။ အစိုးရက ဝင်လုပ်တာ ကြာလာရင်၊ ပြည်သူက အစိုးရကို ပြန်ပြီး မှီခိုချင်စိတ်လွန်ကဲသွားပြန်ရော။ သည်လိုတွေ ဖြစ်နေနိုင်တယ်။

ပြည်သူ

လုပ်ချင်ကိုင်ချင်စိတ် မရှိတဲ့ ပြည်သူတွေ ရှိတဲ့ တိုင်းပြည်ဟာ ဆင်းရဲတယ်။ ကိုယ့်အားကိုယ်ကိုးချင်စိတ် မရှိတဲ့ ပြည်သူတွေ ရှိတဲ့တိုင်းပြည်ဟာ မွဲတယ်။ အစိုးရကိုချည်း မှီခိုပြီး လက်ညှိုးထိုးနေတဲ့ ပြည်သူတွေရှိတဲ့တိုင်းပြည် ဟာ မချမ်းသာဘူး။ မကြီးပွားဘူး။ အစိုးရက ပြည်သူကို လုပ်ပိုင်ခွင့်မပေးတဲ့တိုင်းပြည်ကလည်း မတိုးတက်ဘူး။ မပြောင်ရောင်ဘူး။ စွမ်းအားရှိသလောက် လုပ်၊ လုပ်သလောက် မရတဲ့ တိုင်းပြည်ကလည်း မကြီးပွားဘူး။ မချမ်းသာဘူး။ မတိုးတက်ဘူး။ လုပ်ရင် လုပ်သလောက် ရမှ လုပ်အားရှိတယ်။ မက်လုံးရှိတယ်။ လုပ်အားနဲ့ မက်လုံးတွဲမှ အရည်အချင်းကလည်း တိုးတယ်။ တက်တယ်။ အရည်အချင်း ပိုထွက်မလာရင် မတိုးတက်ဘူး။ ဆုတ်ယုတ်နေမှာပဲ။

မူလအထိုင်မပျက်ရေး

တစ်ဖက်မှာ စစ်တပ်က သူ့ရဲ့မူလအထိုင် မပျက်ရေး ရှိနေပြန်တယ်။ တံခါးဖွင့်လိုက်တော့ နိုင်ငံတကာက ပါဝင်ပတ်သက်လာတယ်။ ဒီကြားထဲမှာ ဂုဏ်သိက္ခာအရေးကိုလည်း ထည့်တွက်ရတယ်။ နိုင်ငံတကာနှုန်းစံတွေ ကိုင်ပြီး ဝင်လာတဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေ၊ နိုင်ငံကြီးတွေလည်း ရှိလာတယ်။ သူတို့အကျိုးစီးပွားအတွက် နှုန်းစံတွေကို လက်နက်လုပ်ပြီး တိုက်ခိုက်တာကို စစ်တပ်က ခံရတယ်။ ပြည်တွင်းမှာ စစ်တပ်ရဲ့အကျိုးစီးပွား ရှိနေတယ်။ အဆင်ခြင်မဲ့ အရပ်သားအုပ်စုရဲ့ ထိုးနှက်မှုကြောင့် ဇာတ်သိမ်းမလှ ဖြစ်သွားတတ်တာမို့၊ တပ်က မူလ အထိုင်ကို မထိမခံဘူး။ ဒါ့ကြောင့် လွန်ဆွဲမှုတွေ အများအပြားပေါ်လာတယ်။ အကျပ်အတည်း၊ အကျဉ်း အကျပ်လည်း ကြုံနေရတယ်။ ခေါင်းဆောင်ပိုင်း ထိပ်တိုက်တွေ့မှုတွေကလည်း ကြမ်းကြမ်းရှရှ ဖြစ်လာတယ်။

အပြောင်းအလဲ

အပြောင်းအလဲဆိုတာကို အပိုင်းနှစ်ပိုင်းတွေ့ခဲ့ရတယ်။ ပထမတစ်ပိုင်းက စနစ်အပြောင်းမှာ ယူနီဖောင်းလဲ တာဖြစ်ပါတယ်။ ဒုတိယအပိုင်းက လူပြောင်းပေမယ့် အလဲအကွဲဖြစ်နေတာ တွေ့ရပါတယ်။ တော်လှန်ရေး ခေါင်းဆောင်တွေဟာ တော်လှန်ရေးလွန်ကာလတွေမှာ အုပ်ချုပ်မှု မအောင်မြင်တာကို တွေ့ရပါတယ်။ ရှည် ရှည်ဝေးဝေး ဥပမာ ပေးနေစရာ လိုမယ် မထင်ပါဘူး။ လွတ်လပ်ပြီးခေတ် မြန်မာပြည်ကို ကြည့်ရင် သိနိုင်ပါတယ်။ ပါလီမန် ဒီမိုကရေစီဟာ အောင်မြင်ခဲ့သလား။ ဆိုရှယ်လစ်စနစ်ဟာလည်း အောင်မြင်ခဲ့သလား။ ဖိလစ်ပိုင်မှာလည်း အလားတူ ဥပမာ ရှိခဲ့ပါတယ်။

အပြောင်းအလဲဟာ ထင်ထားသလောက် ရွေ့ဖို့ လိုပါတယ်။ အရွေ့ဟာ အရှေ့ကိုလား အနောက်ကိုလားဆိုတာ သတိထားရမယ်။ ပညာမတတ်တဲ့လူတွေနဲ့ အပြောင်းအလဲကို လုပ်ဆောင်ရင် မအောင်မြင်နိုင်ဘူး။ အကျင့် စာရိတ္တ ပျက်ပြားနေတဲ့လူတွေနဲ့ အပြောင်းအလဲကို လုပ်ဆောင်ရင်လည်း မအောင်မြင်ဘူး။ ပညာမတတ်၊ အကျင့်ကောင်းသူတွေကလည်း အရာ မရောက်ဘူး။ မကျင့်မကောင်း ပညာတတ်တွေကလည်း အန္တရာယ်ဖြစ် စေပါတယ်။ နေရာအထားအသို လွဲနေတဲ့ စီမံခန့်ခွဲမှုဖြစ်နေရင်လည်း မရပါဘူး။ ဒူးနေရာ ဒူး၊ တော်နေရာ တော် ဖြစ်ဖို့ လိုတယ်။

အပြောင်းအလဲကို အခွင့်ကောင်းယူပြီး လှုံ့ဆော်နေကြတဲ့လူတွေကလည်း ရှိတယ်။ အနောက်ဘက် ရခိုင်ဒေသ မှာပဲ ကြည့်လိုက်ပါ။ ရခိုင်ဒေသမှာ အသံနှစ်သံ ထွက်နေပါတယ်။ နိုင်ငံတကာ အသိုက်အဝန်းက လူ့အခွင့် အရေး ဆိုတဲ့ အသံကို လွှင့်တယ်။ ရက္ခိုင့်လက်နက်ကိုင်တော်လှန်ရေးအုပ်စုက ကွန်ဖယ်ဒရေးရှင်း လေသံပစ် တယ်။

အောက်ခြေက အရှိတရား

အောက်ခြေပြည်သူလူထုက ဒီမိုကရေစီလည်း မသိဘူး။ ဖက်ဒရယ်လည်း နားမလည်ဘူး။ ကွန်ဖယ်ဒရေးရှင်း လည်း စိတ်မဝင်စားဘူး။ လူ့အခွင့်အရေးလည်း မသိချင်ဘူး။ သူတို့ သိတာက နေ့စဉ် စားဝတ်နေရေး ပြဿနာ။ အရပ်သားအစိုးရက ငြိမ်းချမ်းမှ စီးပွားရေးဖွံ့ဖြိုးနိုင်မယ်ဆိုတဲ့ အယူအဆကို ဆွဲကိုင်ထားရင်တော့၊ မြန်မာပြည် ဘယ်သောအခါမှ ဖွံ့ဖြိုးလာဖို့ မျှော်လင့်စရာ မရှိဘူး။ ငြိမ်းချမ်းရေးဆိုတာ မျှော်တော်ယောင်။ ဘယ်တော့ရမယ်ဆိုတာ မသေချာဘူး။ ဒါ့ကြောင့် စီးပွားရေးဖွံ့ဖြိုးမှုကို လုပ်ဖို့ ငြိမ်းချမ်းရေးကို စောင့်နေစရာ မလိုဘူး။ တစ်ဖက်မှာလည်း ငြိမ်းချမ်းရေးလုပ်ရမယ်။ တစ်ဖက်မှာလည်း စားဝတ်နေရေးကိစ္စကို လုပ်နေရမယ်။ စီးပွားရေးတိုးတက်မှုကို မတွန်းတင်နိုင်တဲ့ အစိုးရဟာ နောက်ရွေးကောက်ပွဲမှာ မဲရဖို့ ခက်လိမ့်မယ်။ အထူး သဖြင့် အခြေခံ စားဝတ်နေရေး ပြေလည်အောင်လုပ်ဖို့က အဓိက ဖြစ်ပါတယ်။

ဗိုက်ဝမှ ယဉ်ကျေးတာ…. ဆိုတဲ့ စကားပုံရှိပါတယ်။ အခြေခံစားဝတ်နေရေး ပြေလည်အောင် လုပ်မပေးနိုင်ရင်၊ လူထုက တော်လှန်ရေးဆန်ဆန်၊ မိုက်ရူးရဲတောင်းဆိုမှုတွေ လုပ်လာကြမှာ ထုံးစံပါပဲ။ လက်ရှိမြန်မာပြည်မှာ ငတ်ပြတ်တာတော့ မရှိပါဘူး။ ကျပ်တည်းတာတော့ ရှိနေတယ်။ နေရာတိုင်းမှာ ရှိနေတယ်။ ကျပ်တည်းမှုကို ချောင်လည်မှုဖြစ်လာအောင် လုပ်ပေးဖို့ လိုတယ်။ ချောင်လည်အောင်ဆိုပြီး အလှူပေးလို့လည်း ရတဲ့အမျိုး မဟုတ်ဘူး။ အလှူပေးရမှာလည်း မဟုတ်ဘူး။ အလှူပေးစရာလည်း မလိုဘူး။ အစိုးရအလုပ်ဟာ အလှူပေးတဲ့ အလုပ်မဟုတ်ဘူး။ အလှူခံတဲ့အလုပ်လည်း မဟုတ်ဘူး။ ဒါပေမယ့် စေတနာထက်သန်နေတဲ့ အရပ်သားအစိုးရ က အလှူပေးချင်နေတယ်။ အလှူခံဖို့လည်း စိတ်အားထက်သန်နေတယ်။ တော်လှန်ရေးလွန်ကာလမှာ၊ တော်လှန်ရေးကာလတုန်းကလို ပရဟိတနိုင်ငံရေး နည်းနာနဲ့သွားလို့ မရတော့ဘူး။ သွားစရာလည်း မလိုဘူး။ ဒါဟာ အုပ်ချုပ်မှု စနစ်မှန် မဟုတ်ဘူး။

မြန်မာပြည်ရဲ့ အပြောင်းအလဲဟာ သက်ပြင်းချစရာတွေချည်းဖြစ်နေတယ်။ အခုလက်ရှိအခြေအနေမှာ အကောင်းဆုံးတစ်ခုတော့ ရှိနေတယ်။ ကိုယ့်အလုပ်ကို ကိုယ် တစိုက်မတ်မတ် လုပ်နေတဲ့လူတွေအဖို့တော့ အကောင်းဆုံးဟာ ကိုယ့်စီရောက်လာလိမ့်မယ်။ တစ်ခုခုမှာ ဝင်ယောင်နေရာ၊ ဝင်ငံနေတဲ့လူတွေအတွက် အကောင်းဆုံးတွေဟာ သူတို့နဲ့ မဆိုင်ဘူး။


နိုင်ငံရေးအကြောင်းတရားတွေကတော့ အမြဲတမ်းလိုလို ရွေ့လျား ပြောင်းလဲသွားနေမှာပါပဲ။ ဒါတွေကို အကြောင်းပြ၊ ဆင်ခြေပေးမနေဘဲ ကိုယ်လုပ်ရမယ့်အလုပ်ကို တစိုက်မတ်မတ် အကောင်းဆုံးလုပ်သွားတဲ့သူ တွေက တစ်နေ့နေ့ တစ်ချိန်ချိန်မှာ မြန်မာပြည်ကို ချီ,မ သွားကြလိမ့်မယ်။ ဒီလိုလူတွေကပဲ မြန်မာပြည်ကို ဦးဆောင်သွားကြလိမ့်မယ် လို့ ယုံကြည်တယ်။


အခုတွေ့နေရတဲ့ မြန်မာတွေက ကိုယ့်အလုပ်ကို ကိုယ်မလုပ်ကြဘူး။ ကိုယ်လုပ်ရမယ့်အလုပ်ကိုလည်း တစိုက် မတ်မတ် မလုပ်ချင်ကြဘူး။ ဒီလိုလူတွေများလာရင်တော့ မြန်မာပြည် ပျက်စီးမှုက သိပ်ကြာကြာစောင့်ရမယ် မထင်ပါဘူး။

မင်းသေ့
နံနက် ၉ း ၅၆
၂၅ ဧပြီလ ၂၀၁၉ ။

Previous post လူ၊ လူ့ပယောဂ နဲ့ အနာဂတ်ရေး
Next post အမျိုးသားရေးဝါဒ ဘယ်လိုလဲ…