၈၈ သည် နာကျည်းစရာ ပန်းချီကား။
၈၈ သည် ပြီးစီးသည်အထိ မချယ်မှုန်းနိုင်သော ပန်းချီကား။
၈၈ သည် ဆေးရောင်တို့ မြူးကြွသည့် ပန်းချီကား။
၈၈ သည် စုတ်တံကြောင့် ကင်းဗတ်ပေါက်ခဲ့သော ပန်းချီကား။
၈၈ သည် စုတ်ချက်ကြောင့် ပုံပျက်ခဲ့သော ပန်းချီကား။
၈၈ သည် မင်အိုးမှောက်ခံရသည် ပန်းချီကား။
၈၈ သည် ရေးသူမဲ့ ပန်းချီကား။
၈၈ သည် လုရေးသည့် ပန်းချီကား။
၈၈ သည်…. ၈၈ သည်…. ၈၈ သည်…။
အရောင်တို့ဖြင့်၊ ချယ်သော ပန်းချီကား၌ အရောင်မဲ့မှုတို့ လိုအပ် / မလိုအပ်။

တကယ်တော့ ၈၈ ကို ကျနော် မသိလိုက်၊ မမှီလိုက်။ ကျနော်ပင်၊ မမွေးသေး။ သို့သော်… မိတ်ဆွေတော်တော် များများက ကျနော့်ကို သက်ကြီးစာရင်း၌၊ ထည့်ထားသည်။ အမြဲ နိုင်ငံရေးသက်ကြားအိုကြီးသဖွယ်၊ ကျနော့်ကို ဆက်ဆံလေ့ရှိသည်။ ယခင်က၊ အတော် စနိုးစနောင့်ဖြစ်သည်။ ယခု သည်လို့ ဆက်ဆံမှုကြောင့်၊ ကျနော့်မှာ စနိုးစနောင့် မဖြစ်တော့။ အတော် အသားကျသွားပြီ။

၈၈ ကို ကျနော် မမှီလိုက်ပေမယ့်၊ ၈၈ ကို ကျနော် စိတ်ဝင်စားသည်။ ၈၈ သမိုင်းတစ်ချို့ကို ကျနော် ကောက် လှန်ဖူးသည်။ တော်တော်များများက၊ ဘက်ကိုယ်စီ နှင့် ရေးကြ သားကြတာ တွေ့ရသည်။ အတော်အတန် သမာသမတ်ကျကျ၊ မျှမျှတတ သုံးသပ်ထားသည့်၊ စာအုပ်တစ်ချို့ ရှိနိုင်ကောင်းရဲ့လို့ ကျနော် တောင့်တဖူး သည်။ ဘက်စွဲအမြင် ပြင်းထန်သော လူ့အသိုင်းအဝိုင်းမှာ၊ ကျနော်တို့ အတ္တကို ပြုပြင် တည့်မတ်ရတာ၊ အတော်ပင်ပန်းသည်။ ကျနော့်မှာ၊ လွန်ဆွဲနေရသော အကြောင်းတရားများ မကြာခဏ ကြုံသည်။

ကျနော်က ပညာကို အတော်အားသန်သည်။ ပညာကို အမြဲ ပထမဦးစားပေးနေရာတွင် ထားလေ့ရှိသည်။ လုပ် သမျှ၊ လေ့လာသမျှ၊ သွားလာသမျှ၊ ဆွေးနွေးသမျှ အားလုံးသည် ပညာကို အထောက်အပံ့ပြုစေသော အကြောင်းကောင်းများဖြစ်စေလိမ့်မည်ဟု အမြဲ ရည်ရွယ်ရင်းရှိခဲ့သည်။

အစက၊ ပညာကို ကျနော်က အဖြူလို့ မြင်သည်။ နိုင်ငံရေးနယ်ပယ်၌၊ ပက်သက်လာတော့၊ အရောင်များ၏ သဘောသဘာဝကို ကျနော် သတိထား ချဉ်းကပ်ကြည့်မိသည်။ နိုင်ငံရေး၌၊ အရောင်ပေါင်း သောင်းခြောက် ထောင် ရှိသည်။ ဤသဘောကို အတော်နားလည်ရန်၊ ကျနော် လေ့ကျင့်မိသည်။ အရောင်တွေကို ကျနော် မမုန်း။ သို့သော်၊ ကျနော်ကိုယ်တိုင် အဖြူထည်ကို တပ်မက်လွန်းသည်။

ပညာနယ်၌၊ ကျင်လည်ကျက်စားမိသောအခါ၊ ပညာ၏ နဂိုမူလ ဓာတ်ခံကို ဖမ်းမိဖို့ ကြိုးစားခဲ့သည်။ ယခု နောက်ပိုင်း နားလည်ခဲ့သည်က၊ ပညာမှန်လျှင် အရောင်မဲ့ဖြစ်သည်။ ပညာသည် အဖြူ မဟုတ်။ အဖြူသည်ပင်၊ အရောင်ဖြစ်သည်။ အရောင်ရှိလျှင်၊ ပညာ၌ မပေါက်မြောက်ဟု ကျနော် နားလည်လိုက်သည်။ အရောင်မဲ့မှု သည် ပညာ၏ သဘောအနက် အခရာဖြစ်သည်။

အရောင်များဖြင့် ချယ်သော ….

အစိမ်းရောင်၊ အဝါရောင်၊ မိုးပြာရောင်၊ ရဲရဲတောက်၊ နီးဆွေးဆွေး၊ ပန်းရောင်…. စသော နိုင်ငံရေးဓာတ်ခံများက၊ ကျနော့် ဗီဇဖြင့် မအပ်စပ်။ သို့သော်… ပန်းချီကားဆိုတာ အရောင်များဖြင့်၊ ချယ်မှန်းရသည် မဟုတ်လား။ အရောင်များ၊ ဖရိုဖရဲဖြစ်လွန်းတော့လည်း စိတ်ညစ်ညူးဖွယ် ပန်းချီကားကို ရလိုက်ကြသည်။

တော်လှန်ရေးကို၊ ကျနော် လေ့လာဖြစ်သည်။ တည်ဆောက်ရေးကိုလည်း လေ့လာဖြစ်သည်။ တည်ဆောက် ရေးမှသည်၊ ဖွံ့ဖြိုးရေးဆီသို့ ဘယ်ဆီများမှ၊ ရောက်ပါမည်လည်း ဆိုတာကို တမ်းတဖူးသည်။ ကျနော်တို့က၊ ပန်းချီဆွဲဖို့ အချိန်ရောက်ပြီ။ သို့သော် သမိုင်းမှာ ကြုံခဲ့ရသည်က၊ ဒီပန်းချီကို ဘယ်သူ ဆွဲမလဲ ဆိုသည့် ပြဿနာ ကြုံသည်။ ခပ်ကြီးကြီး ကြုံသည်။ ထို့နောက်၊ စုပ်တံကို ဘယ်သူ စကိုင်မလဲ ဆိုတာ အငြင်းပွားသည်။ ပြီးနောက် မည်သည့်၊ အရောင်စသုံးမလဲ ဆိုတာ အငြင်းပွားပြန်သည်။ ယခုထက်ထိ၊ ဘယ်အရုပ်ကို၊ ဘယ်ကားချပ်ကို ပီပီ ပြင်ပြင်ရေးမလဲ ဆိုသည့် ငြင်းချက်က၊ ပြင်းထန်နေတုန်း။

၈၈ မှာ၊ ယုံကြည်မှု စက်ဝန်းတို့ အပြိုင်းအရိုင်း ကျိုးပြတ်ခဲ့သည်။ ထို့နောက်၊ အုပ်စုအသီးသီး၌၊ ယုံကြည်မှု တည်ဆောက်ရန် ပြန်လည် အားယူသည်။ ၈၈ နောက်ပိုင်း၊ အရောင် မျိုးကွဲ အသီးသီး၌၊ ယုံကြည်မှု အတွန်း အတိုက် ဖြစ်သည်။ အစိမ်းရောင် ထိပ်ပိုင်း၌၊ အာဏာ အကွဲအပြဲ တစ်စုံတစ်ရာ ရှိသည်။ အနီတို့က အင်အားစု သည်။ ယုံကြည်မှု တည်ဆောက်သည်။ စုဖွဲ့ရင်း၊ ပြင်ပနှင့် အားစမ်းမှုတို့ ပြုသည်။ အဖြူ အစိမ်း အင်အားစုက၊ တောတွင်းက ရင်သွေးငယ်တွေ ဖြစ်သွား ကြသည်။ သူတို့အတွင်းမှာလည်း၊ မြောက်ပိုင်းဇာတ်ခင်းမှု ကြုံသည်။ ဝမ်းနည်းစရာ ကောင်းလှသော၊ ဟင်္သာ ကိုးသောင်းဇာတ် ဖြစ်သွားသည်။ သမိုင်းအနာများက၊ ယခုထက်ထိ အငြိုးအတေးများဖြင့် ဗလပွ ထလျက်။

နိုင်ငံရေးဆိုတာ အကျိုးစီးပွားများကို၊ စီမံခန့်ခွဲခြင်းလို့ ကျနော် မှတ်ယူသည်။ အကျိုးစီးပွား ပျံ့နှံ့မှု ဘက်မညီ လျှင်၊ တည်ငြိမ်မှုမျှခြေပျက်သည်။ နောက်ဆုံး၊ အစိုးရတစ်ရပ် ပြုတ်ကျသည် အထိ၊ နိဂုံးသတ်သွားနိုင်သည်။ ၈၈ သည် သမိုင်းသာဓက တစ်ခုဖြစ်သည်။

သမိုင်းကောက်ချက်

အထွေထွေ စီးပွားရေး ချွတ်ခြုံကျမှုက၊ နိုင်ငံရေး မိုင်းဗုံးဖြစ်သည်။ ငွေကြေးဖျက်သိမ်းမှုက စနက်တံဖြစ်သည်။ ဖုန်းမော်ကိစ္စက၊ မီးစ ဖြစ်သည်။ ၈၈ ၌ နိုင်ငံရေးမိုင်းများ အကြီးအကျယ် ကွဲသည်။ လူမှုလူတန်းစား ပေါင်းစုံထိ တပြိုင်နက်တည်း၊ အထိနာသော နိုင်ငံရေးပုံကားချပ်ဖြစ်သည်။ လူထု အစာအိမ်ဆိုတာ နိုင်ငံရေး၏ အသက်လို့ မြင်တတ်ကောင်းရင်၊ အာဏာရှင်ကြီး သက်ဆိုးရှည်တန်ကောင်းရဲ့…

သို့သော် သူ့၏ နိုင်ငံရေး အမြော်အမြင်ကပင်၊ သူ့နိုင်ငံရေးဇာတ်၏ ကြမ္မာကို ဖန်တီးစီရင်လိုက်သည်။ အစိုးရ တိုင်းက၊ ပြည်သူ့အစာအိမ်ကို အမြဲ အကဲခတ် ကြည့်ဖို့ သတိရှိခဲ့ရင် ကောင်းမှာပဲ ဟု ကျနော် တွေးမိသည်။ ကလေးရော၊ ခွေးရော ဒီမိုကရေစီကို စွာကျယ်စွာကျယ် အော်လာခြင်းသည်၊ ဒီမိုကရေစီကို သိ၍ မဟုတ်။ မျှော် လင့်ချက် တစ်စုံတစ်ရာ ဖြစ်နိုင်ကောင်းရဲ့ ဆိုပြီး၊ အော်ခဲ့ကြခြင်းဖြစ်သည်။ မျှော်လင့်ချက်ပေးနိုင်သော သူက၊ လူထု၏ တပ်ဦးသို့ ရောက်လာသည်။

ဒီမိုကရေစီခေါင်းဆောင်သစ် သန္ဓေက၊ ၈၈ မှာ တည်သည်။ ထို့နောက် တဖြည်းဖြည်း အကြပ်အတည်းများ အကြားက မွေးဖွားလာသည်။ ကြပ်တည်းစွာ ရှင်သန်ရသည်။ တိုက်ခိုက်မှုများ၊ ထိုးနှက်မှုများ၊ နိုင်ငံရေး မိုးသက် မုန်တိုင်းများ အကြားမှာ၊ လူလားမြောက်အောင် လုပ်ခဲ့ရသည်။ လူလားမြောက်လာသောအခါ၌လည်း၊ လူ့ပတ် ဝန်းကျင်မှာ၊ လူလို သူလို ဆက်ဆံခံရအောင်၊ ရုန်းကန်ခဲ့ရသေးသည်။

နိုင်ငံရေးပန်းချီကားက၊ တိမ်ပြာပြင်သဖွယ်။
ပြောင်းလဲ ဖြစ်တည်မှု သာဓကပါ တကား…။
၈၈ သည် နာကျည်းစရာ ပန်းချီကား။
၈၈ သည် ပြီးစီးသည်အထိ မချယ်မှုန်းနိုင်သော ပန်းချီကား။
၈၈ သည် ဆေးရောင်တို့ မြူးကြွသည့် ပန်းချီကား။
၈၈ သည် စုတ်တံကြောင့် ကင်းဗတ်ပေါက်ခဲ့သော ပန်းချီကား။
၈၈ သည် စုတ်ချက်ကြောင့် ပုံပျက်ခဲ့သော ပန်းချီကား။
၈၈ သည် မင်အိုးမှောက်ခံရသည် ပန်းချီကား။
၈၈ သည် ရေးသူမဲ့ ပန်းချီကား။
၈၈ သည် လုရေးသည့် ပန်းချီကား။
၈၈ သည်…. ၈၈ သည်…. ၈၈ သည်…။

အရောင်တို့ဖြင့်၊ ချယ်သော ပန်းချီကား၌ အရောင်မဲ့မှုတို့ လိုအပ် / မလိုအပ်။

ရေ

ရေသည် အရောင်မဲ့သည်။ အရောင်အားလုံး၌၊ ရေက ပေါင်းစပ်ပါဝင်နေသည်။ ဆေးရောင်အားလုံးသည် ဆေး ရည်အဖြစ်မှ၊ ကင်းဗတ်ပေါ်မှာ ကပြကြရသည်။ အရောင်မဲ့မှုဖြင့် ပေါင်းစပ်သော ဆေးရောင်တို့က၊ ကားချပ်ပေါ် မှာ ပီပီပြင်ပြင် ကနိုင်သည်။ အရောင်အဖြစ် သီးသန့်ဖြစ်တည်မှုသည်၊ စုတ်ချက်တို့၏ တော်ကောက်မှုကို မခံရ။ သို့ကြောင့်… ပါဝင် ကပြခွင့်မရ။
ရေ၏ စီးဆင်းမှု သဘော၊ ပေါင်းစပ်မှုသဘော၊ ကြည်လင်မှု သဘော၊ ဖွဲ့တည်မှု သဘော၊ ဖွဲ့စည်းမှုသဘော တို့ က ပန်းချီကိုအသက်ဝင်အောင် ဖန်တီးသည်။ ရေဆေး၊ ဆီဆေး မည်မျှပင် ကွာဟပါစေ၊ ရေ၏ သတ္တိအစွမ်းကို ကိုင်တွယ်နိုင်ဆုံးသူက၊ ဂန္တဝင်မြောက် ပန်းချီ ဖန်တီးသူ အဖြစ်ကို ရောက်သည်။

အရောင်မဲ့မှုက၊ ဆေးရောင်တို့ဖြင့် သီးသန့်ဖြစ်တည်ရာကာလ ကြာညောင်းလာလေလေ၊ အဟောသိကံဖြစ်မှု များလေလေဖြစ်သည်။ ၈၈ သည် မင်အိုးတို့ စုပြုံမှောက်ကျခဲ့ရသည့် ပန်းချီကား။

အလင်း/ အမှောင်မျှသာ

တကယ့် ပရမတ်သဘော၌၊ အရောင်မရှိဘူး ဆိုတာ သိကြရင်၊ သိပ်ကောင်းမှာပဲဟု ကျနော့် တောင့်တဖူးသည်။ အရောင်အားလုံးသည်၊ အလင်းလှိုင်းများ ကွာဟမှုကြောင့်သာ၊ ကွဲပြားသွားရခြင်းဖြစ်သည်။ အရှိတရား၌၊ အရောင်ဟူသည် မရှိ။ အလင်း အမှောင်သာ ရှိသည်။ အလင်း၊ အမှောင် ဖြစ်တည်မှုကို မြင်အောင်ကြည့်နိုင် သော ပန်းချီသမားများ များတန်ကောင်းရဲ့….

နိုင်ငံရေး၌၊ အလင်းလှိုင်းများ၏ အကွာအဟကို ကြည့်ပါ။
အလင်း၏ လှိုင်းအလျား တိုခြင်း၊ ရှည်ခြင်းသည် ပြဿနာ မဟုတ်။
အလင်းတို့ သမမျှတစွာ ဖြစ်တည်ခြင်းသည်သာ၊ လောကကောင်းကျိုးဖြစ်သည်။
ဟာမိုနီဖြစ်ခြင်း၊ အလိုက်သင့် အလျားသင့်၊ ပြေလျော့သွားခြင်းက၊ ပန်းချီသမားတို့၏ ပညာဖြစ်သည်။
စုတ်ချက် ကြမ်းကြမ်းဖြင့် အဆွဲခံခဲ့ရသော ၈၈ ကို ကျနော်တို့ သင်ခန်းစာ ယူရမည်။ အရှိတရားကိုမြင်အောင်၊ ကြည့်ဖို့ နောက်မျိုးဆက်ကို လက်တို့ သတိပေးရမည်။

အာဃာတတို့ လက်ဆင့်ကမ်းသူက၊ သမိုင်းတရားခံဖြစ်နိုင်သည်။
အရှိတရားကို မြင်အောင်ပြသူသာ လိုသည်။

နိုင်ငံရေးဟူသည် စုပေါင်းဆွဲသော ပန်းချီကား။
၈၈ သည် စုပေါင်းဖြဲသော ပန်းချီကား….

မင်းသေ့
နံနက် ၁ း ၁၈
၈ – ၈ – ၂၀၁၇

Previous post မျက်စိဆေးတွေနဲ့ …. ငါ
Next post စာအုပ်အညွှန်းများ